← Chapters

အခန်း ၃၇၀

Vol. 19 Ch. 370

အခန်း ၃၇၀

Vol. 19 Ch. 370

အပိုင်း(၃၇၀) ကြယ်ရောင်လွှမ်းသောည

ဒီတစ်ကြိမ် စည်းဝါးလွတ် ကားပြိုင်ပွဲ၏ တိုက်ပွဲ ပြင်းထန်မှုမှာ ယခင် မြူခိုးမြို့နှင့် နတ်ဆင်ရွာတို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲနှစ်ခုနှင့် နှိုင်းယှဉ်လျှင် များစွာ လျော့နည်းနေသည်။

ထို့ကြောင့် ရရှိလာသော သတ်ဖြတ်မှတ်များမှာလည်း ယခင်အကြိမ်များနှင့် နှိုင်းယှဉ်လျှင် များစွာ နည်းပါးလှသည်။

အခြားသော အစွမ်းပိုင်ရှင်များနှင့် လက်ဆုံတိုက်ခိုက်ရာတွင်ပင် ပြိုင်ဘက်ကို နောက်ဆုတ်သွားအောင် ပြုလုပ်နိုင်ရုံမျှသာဖြစ်ပြီး ဒုတိယ အကွက်ကို ထုတ်သုံးရန် အခွင့်အရေးပင် အလွန်နည်းပါးခဲ့သည်။

ချန်းရီက စနစ်၏ လက်ရှိ သတ်ဖြတ်မှတ် လက်ကျန်ကို ကြည့်လိုက်ရာ နှစ်သောင်းကျော်လေးမျှသာ ရှိတော့သည်။

ဤသတ်ဖြတ်မှတ် ပမာဏလောက်က ချန်းရီ၏ လက်ရှိ အခြေအနေအတွက် သိပ်ပြီး ကြီးမားသော အကျိုးသက်ရောက်မှုမျိုး မပေးနိုင်ပေ။

ထိုအထဲတွင် ချန်းရီက ရွှီလင်းဟောင်အား တိုက်ခိုက်ခဲ့၍ ရရှိလာသော သတ်ဖြတ်မှတ်များစွာလည်း ပါဝင်နေသည်။

မည်သို့ပင်ဆိုစေ တစ်ဖက်လူမှာလည်း လမ်းစဉ် အဆင့် (၃) အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်နေသည် မဟုတ်ပါလော။

ထို့အပြင် ထိုအချိန်က အချိန်တိုတောင်းလွန်းလှသဖြင့် သတ်ဖြတ်မှတ် အများအပြားကို စုဆောင်းနိုင်ခဲ့ခြင်း မရှိချေ။

အကယ်၍ ထိုလင်းချင်းကောကိုသာ သတ်ပစ်ခဲ့မည် ဆိုပါက သတ်ဖြတ်မှတ်များ အတော်လေး ထိုးတက်သွားနိုင်ပေသည်။

ချန်းရီသည် လစွမ်းအင်ဝါးမြိုကျင့်စဉ်ကို ပိုမိုမြင့်မားသော အဆင့်အထိ တွက်ချက် မြှင့်တင်ကာ သူ၏ လေ့ကျင့်မှုနှုန်းကို ထပ်မံ အရှိန်တင်ချင်နေခဲ့သည်။

ကံမကောင်းစွာဖြင့် စနစ်ကို အနည်းငယ် မေးမြန်းကြည့်လိုက်သောအခါ သတ်ဖြတ်မှတ် နှစ်သိန်းတိတိ လိုအပ်မည်ဟူသော အဖြေကို ရရှိခဲ့သည်။

နတ်ဆင်ရွာကဲ့သို့ တိုက်ပွဲမျိုး နောက်တစ်ကြိမ် ထပ်မံကြုံတွေ့ရလျှင်တော့ တစ်မျိုးပေါ့လေ။

သတ်ဖြတ်မှတ် နှစ်သိန်းဆိုသည်မှာ လက်ရှိ ချန်းရီအတွက်တော့ အလွန်တရာ ဝေးကွာလွန်းလှသော ပစ်မှတ်တစ်ခုပင် ဖြစ်နေသည်။

လမ်းစဉ်အဆင့်များ မြင့်တက်လာသည်နှင့်အမျှ အစွမ်းများကို အဆင့်မြှင့်တင်တိုင်း လိုအပ်သော သတ်ဖြတ်မှတ်များကလည်း ပို၍ ပို၍ များပြားလာတော့သည်။

သို့သော် လက်ရှိ ရှိနေသော သတ်ဖြတ်မှတ် အနည်းငယ်မှာလည်း လုံးဝ အသုံးမဝင်သည်တော့ မဟုတ်ပေ။

အနည်းဆုံးတော့ မိစ္ဆာပစ်ကပ်ကားကို အနည်းငယ် ပြုပြင်မွမ်းမံ၍ ရနိုင်သေးသည်။

ဤပြိုင်ပွဲတွင် မိစ္ဆာပစ်ကပ်ကားသည် ၎င်း၏ အစွမ်းအစ အားလုံးကို အပြည့်အဝ ထုတ်ဖော်ပြသနိုင်ခဲ့ခြင်း မရှိပေ။

ဥပမာအားဖြင့် နောက်ဆုံးအဆင့်ဖြစ်သော မိစ္ဆာနယ်မြေဆိုလျှင် တင်းရှန်နှင့် လျှိုလီတို့အပေါ် ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော အသွင်အပြင်ကို မပြသနိုင်လိုက်မီမှာပင် ကျိုးရှောင်ရှောင်က ပထမနေရာကို ရယူသွားခဲ့လေသည်။

မိစ္ဆာပစ်ကပ်ကား၏ စိတ်ခံစားချက် သုံးမျိုးဆိုလျှင်လည်း လုံးဝကို အသက်ဝင်လာခြင်း မရှိခဲ့ချေ။

သို့သော် မိစ္ဆာပစ်ကပ်ကား၏ နာမည်ကတော့ အတော်လေး ကျော်ကြားသွားခဲ့ပြီ ဖြစ်သည်။

လူအများအပြားမှာ ဤကားကို မြင်လိုက်ရချိန်တွင် မနေနိုင်ဘဲ ထပ်ခါထပ်ခါ ကြည့်မိကြပြီး သူတို့၏ မျက်လုံးများထဲတွင် ကိန်းအောင်းနေသော ကြောက်ရွံ့မှုများမှာ ဟန်ဆောင်ထား၍ မရနိုင်ပေ။

သို့သော် ဤကားတွင် လက်ရှိအချိန်ထိ အားနည်းချက် အချို့တော့ ရှိနေသေးသည်။

ဥပမာ ကားမှန်များ ဆိုလျှင် အမြဲတမ်း ပြဿနာပေးတတ်သော အရာတစ်ခု ဖြစ်နေသည်။

ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားတိုင်း ကားမှန်များက အမြဲ ပျက်စီးသွားတတ်စမြဲပင်။

ယခင် လောင်ညိုတောင် လမ်းဟောင်းတွင် ရှိနေစဉ်ကတည်းက ကားမှန်များက အက်ကွဲနေခဲ့ပြီ ဖြစ်သည်။

ဤပြိုင်ပွဲ မတိုင်မီကလည်း အနည်းငယ်မျှသာ ပြုပြင်ထားနိုင်ခဲ့သည်။

သတ်ဖြတ်မှတ်များ မရှိသည့်အတွက် ဤကားမှန်များ တပ်ဆင်မှုမှာ သိပ်ပြီး အဆင်မပြေလှပေ။

ယခုအချိန်တွင် ချန်းရီ အလိုချင်ဆုံးအရာမှာ ကျည်ကာမှန်များပင် ဖြစ်သည်။

သို့သော် ထိုကဲ့သို့သော ကျည်ကာမှန်မျိုးကို ရှာဖွေရန်မှာ မလွယ်ကူလှချေ။

ထို့အပြင် ဘီးတာယာ ပြဿနာလည်း ရှိနေသေးသည်။

ဤပြိုင်ပွဲက မိစ္ဆာပစ်ကပ်ကား၏ တာယာများအပေါ် ထိခိုက်မှုမှာ တကယ်ကို ကြီးမားလွန်းလှသည်။

ကားအဖွဲ့မှ ပြုပြင်ရေးသမားများ၏ ခန့်မှန်းချက်အရ ဤတာယာလေးလုံးစလုံးမှာ အစွမ်းကုန် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကာ မည်သည့်အချိန်တွင် ပေါက်ထွက်သွားမည်ကိုပင် မသိနိုင်တော့ပေ။

ချန်းရီသည် ရွှီနန်ကို အရန်တာယာများအဖြစ် အသုံးပြုရန် တာယာအသစ် လေးလုံး သွားရောက်ရှာဖွေခိုင်းထားပြီး ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ဤတစ်ကြိမ်တွင် သူလည်း ရိက္ခာပစ္စည်းများစွာ ဝေစုရခဲ့သည် မဟုတ်ပါလော။

သက်တမ်းမကုန်သေးသော ရိက္ခာပစ္စည်းများမှာ အလွန်တရာ ရှားပါးပြီး အလိုရှိသူ များပြားလှသည်။

ရွှီနန်တစ်ယောက် လက်ဗလာဖြင့် ပြန်မလာလောက်ဟု သူ ယုံကြည်ထားသည်။

ထို့အပြင် အငြိုးနဂါး၏ အကြေးခွံလည်း ရှိနေသေးသည်။

စစ်ဆေးမှု စရိတ်က သတ်ဖြတ်မှတ် နှစ်သောင်းတိတိပင် လိုအပ်နေသည်။

ဘုရားရေ...

ဒါကြီးက တကယ်ကို ဘာပစ္စည်းကြီးမို့လို့လဲ။

ဘာလို့စစ်ဆေးမှု စရိတ်ကတောင် ဒီလောက်ထိ ဈေးကြီးနေရတာလဲ။

အငြိုးနဂါး၏ အကြေးခွံမှာ ယခုအချိန်တွင် ချူချယ်၏ လက်ထဲ၌ ရှိနေသည်။ ဤတစ်ကြိမ် သူ၏ လက်ထဲရှိ လမ်းစဉ်ဆေးထိုးအပ် ဝေစုကို လဲလှယ်ရယူရန်အတွက် တင်းတုံ၏ အငြိုးနဂါး အကြေးခွံ ဝေစုကို သူ့အား ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

အကယ်၍ သူသာ အငြိုးနဂါး အကြေးခွံကို ရယူလိုပါက။

ချူချယ်၊ စွန်းချန်းချန်းနှင့် ထယ်ရှီးတို့၏ လက်ထဲမှ ဝေစုများကိုပါ လဲလှယ်ရယူရန် လိုအပ်ပေလိမ့်မည်။

ဤကိစ္စက အနည်းငယ်တော့ ဒုက္ခများလှသည်။

ချူချယ်ဆိုသော လူက မျောက်တစ်ကောင်လို ပါးနပ်လွန်းလှသည်။

အနစ်နာခံပြီး အရင်းအနှီး အနည်းငယ် မထုတ်ဘဲနှင့်တော့ လဲလှယ်ရန် အလွန်ခက်ခဲပေလိမ့်မည်။

စွန်းချန်းချန်းမှာလည်း ကိုင်တွယ်ရ လွယ်ကူသူ မဟုတ်ပေ။

ထယ်ရှီးကို ဖြေရှင်းရန်ကတော့ လွယ်ကူပါသည်။

သို့သော် သူတစ်ယောက်တည်း၏ ဝေစုကို ရရုံဖြင့် ဘာမှ အသုံးဝင်မည် မဟုတ်ပေ။

ဒါနဲ့...

အငြိုးနဂါး အကြေးခွံကို ငှားယူလိုက်လျှင်ရော ရနိုင်မလား။

အိုအေစစ်မြို့တော်တွင် ကြီးမားသော အပြောင်းအလဲကြီးတစ်ခု သေချာပေါက် ဖြစ်ပေါ်လာတော့မည် ဖြစ်သည်။

ထိုအချိန်ကျမှ ဝိညာဉ်သွင်းခြင်း ပညာရပ်ကို အသုံးပြုပြီး အငြိုးနဂါးကို ဆင့်ခေါ်နိုင်မည် ဆိုပါက...

အငြိုးနဂါး၏ စွမ်းအား ဆယ်ပုံတစ်ပုံခန့်သာ ရရှိမည်ဆိုလျှင်ပင် လုံလောက်နေပြီ ဖြစ်သည်။

အကယ်၍ အိုအေစစ်မြို့တော်တွင် တကယ်ပဲ ပြဿနာကြီးတစ်ခု ပေါက်ကွဲဖြစ်ပေါ်လာခဲ့မည် ဆိုပါက။

မိမိ၏ အခြားသော နောက်ဆုံးဝှက်ဖဲများကိုပါ ထုတ်သုံးရပေလိမ့်မည်။

သွေးလမင်း သခင် လမ်းစဉ် အဆင့် (၃) ၏ သွေးကျိန်စာ အစွမ်းသည် သွေးလမင်း ကောင်းချီး တစ်ခုတည်းသာ ရှိသည်တော့ မဟုတ်ပေ။

မသိမသာဖြင့်ပင် သွေးရောင်လမင်းကြီးက ကောင်းကင်ယံအလယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ထိုအချိန်မှသာ ချန်းရီသည် သူ အတွေးလွန်နေခဲ့သည်မှာ အတော်လေး ကြာသွားပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။

ထို့ကြောင့် လစွမ်းအင်ဝါးမြိုကျင့်စဉ်ကို အလျင်အမြန် ပတ်လည်လှည့်လည်ကာ စတင် လေ့ကျင့်လိုက်တော့သည်။

မကြာမီမှာပင် ချန်းရီ၏ ခန္ဓာကိုယ်ပတ်လည်တွင် မှိန်ဖျော့ဖျော့ သွေးရောင်အလင်းတန်းလေးများ စတင် လွှမ်းခြုံလာသည်။

သွေးလမင်း၏ စွမ်းအင်များ ခန္ဓာကိုယ်တွင်းသို့ စီးဝင်လာသည်ကို ခံစားလိုက်ရပြီး သဘာဝလွန် အစွမ်းများအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားလေသည်။

သို့သော် လမ်းစဉ် အဆင့် (၂) တွင် ရှိစဉ်က လစွမ်းအင်ဝါးမြိုကျင့်စဉ်ကို လေ့ကျင့်ခဲ့သည့် တိုးတက်မှုနှုန်းနှင့် နှိုင်းယှဉ်လျှင်တော့ အနည်းငယ် နှေးကွေးနေဆဲပင်။

တကယ်ပဲ လစွမ်းအင်ဝါးမြိုကျင့်စဉ်ကို နောက်တစ်ကြိမ် အဆင့်မြှင့်တင်ဖို့ လိုအပ်နေသည့်ပုံပင်။

ခေါင်မိုးပေါ်တွင် ကင်းစောင့်နေကြသော အခြားသူများကလည်း ချန်းရီကို အံ့အားသင့်ကာ သံသယများဖြင့် လှမ်းကြည့်နေကြသည်။

ချန်းရီ၏ ယခု အခြေအနေမှာ အနည်းငယ်တော့ ထူးဆန်းလွန်းနေသည်။

ခြံဝင်းထဲရှိ ပန်းရောင်ဆံပင်နှင့် ကောင်မလေးကလည်း ပုံမှန်မဟုတ်သော အခြေအနေကို ရိပ်မိသွားသကဲ့သို့ မျက်လုံးများ ပွင့်လာသည်။

သူမ၏ လှပသော မျက်ဝန်းအိမ်လေးထဲတွင် ချန်းရီ၏ ပုံရိပ်က ထင်ဟပ်နေသည်။

ယခုအချိန်တွင် ချန်းရီ တစ်ကိုယ်လုံးမှာ မှိန်ဖျော့ဖျော့ သွေးရောင်လမင်း အလင်းရောင်များဖြင့် လွှမ်းခြုံနေလေသည်။

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက သွေးရောင်လမင်းကြီးဆီသို့ ခေါင်းလှည့်ကာ ကြည့်လိုက်သည်။

တစ်ချက်မျှသာ ကြည့်လိုက်မိသော်လည်း သူမ၏ စိတ်ဝိညာဉ်မှာ ညစ်ညမ်းသွားသကဲ့သို့ ခံစားလိုက်ရသည်။

ထို့ကြောင့် ကောင်မလေးက အလျင်အမြန် ခေါင်းလွှဲလိုက်ရသည်။

ချန်းရီရဲ့ လျှို့ဝှက်ချက်တွေက တကယ်ကို များလွန်းလှပါလား။

ကောင်မလေးမှာ စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။

လမ်းစဉ် အဆင့် (၃) သို့ ရောက်ရှိသွားပြီးနောက် သူမနှင့် ချူချယ်တို့က သူ့ကို မေးမြန်းခဲ့ကြချိန်တွင်လည်း သူက စကားလမ်းကြောင်း လွှဲသွားခဲ့ပြီး သူ့ပါးစပ်မှ အမှန်တရား တစ်ခွန်းမှ ထွက်မလာခဲ့ပေ။

ကြည့်ရသည်မှာ သူ ကူးပြောင်းသွားသော လမ်းစဉ်က သွေးရောင်လမင်းနှင့် အနည်းနှင့်အများ ပတ်သက်နေပုံရသည်။

သွေးရောင်လမင်းတဲ့လား...။

ကောင်မလေး၏ စိတ်ထဲတွင် အနည်းငယ် စိုးရိမ်ပူပန်သွားမိသည်။

ငါ့မှာ လုံလောက်တဲ့ အစွမ်းတွေ ရှိလာတဲ့ တစ်နေ့ကျမှသာ... ချန်းရီ ငါ့ကို လိုအပ်လာတဲ့ အချိန်မျိုးမှာ ဘာအခက်အခဲမှ မရှိဘဲ ကူညီပေးနိုင်လိမ့်မယ် ထင်တယ်။

ကောင်မလေးက ထိုသို့ တွေးတောလိုက်ပြီးနောက် သူမ၏ လှပသော မျက်လုံးလေးများကို ပြန်လည် မှိတ်ထားလိုက်သည်။

ထို့နောက် ပိုမို ကြိုးစားအားထုတ်ကာ လေ့ကျင့်မှုကို ဆက်လက် ပြုလုပ်နေတော့သည်။

ညဉ့်နက်ပိုင်း အချိန်သို့ ရောက်ရှိလာခဲ့သည်။

ချန်းရီမှာ အနည်းငယ် ပင်ပန်းနွမ်းနယ်လာသည်ဟု ခံစားရချိန်မှသာ မျက်လုံးများကို ဖွင့်လိုက်သည်။

ထယ်ရှီးတစ်ယောက် ဘေးဘက် ခေါင်မိုးပေါ်တွင် အူကြောင်ကြောင်ဖြင့် လှဲလျောင်းကာ ကြယ်များကို ကြည့်နေသည်ကို မြင်လိုက်ရသည်။

လူသားများ၏ ထုတ်လုပ်မှု လုပ်ငန်းစဉ်များ ရပ်တန့်သွားပြီးနောက်တွင်။

အကြီးမားဆုံးသော ပြောင်းလဲမှုကြီးမှာ ရာသီဥတုပင် ဖြစ်သည်။

မူလက ကမ္ဘာပျက်ကပ် မတိုင်မီ အချိန်တုန်းကဆိုလျှင် ကောင်းကင်ယံအပြည့် ကြယ်များလင်းလက်နေသည့် မြင်ကွင်းမျိုးကို မြင်တွေ့ရန်မှာ လုံးဝနီးပါး ခဲယဉ်းလှသည်။

မြို့ကြီးပြကြီးများတွင် မွေးဖွားလာကြသော ကလေးအချို့ဆိုလျှင် ကောင်းကင်အပြည့် ကြယ်များကို ရုပ်မြင်သံကြားထဲတွင်သာ မြင်တွေ့ဖူးကြသည်။

သို့သော် ယခုအခါတွင်မူ ခေါင်မိုးပေါ်တွင် အသာလေး လှဲလျောင်းလိုက်ရုံဖြင့် ခေါင်းအထက် ကောင်းကင်ယံ တစ်ခုလုံး ကြယ်များဖြင့် ပြည့်နှက်နေသည်ကို မြင်တွေ့နိုင်နေပြီ ဖြစ်သည်။

"ရှောင်ရီ... နိုးပြီလား... မင်း လေ့ကျင့်နေတာ တွေ့လို့ ငါ မနှောင့်ယှက်တော့တာ"

ဒီကောင်ကြီးက ခေါင်မိုးပေါ်တွင် လှဲလျောင်းလျက် ကောင်းကင်ပေါ်ရှိ ကြယ်များကို အေးအေးလူလူ ကြည့်နေပြီး လက်နှစ်ဖက်ကို ခေါင်းအောက်တွင် ခုထားကာ ခွန်ရှီး၏ ခေါင်းကြီးကတော့ မျက်လုံးမှိတ်၍ အိပ်ပျော်နေလေသည်။

ထယ်ရှီး၏ မျက်နှာပေါ်ရှိ အပြစ်ကင်းစင်သော အပြုံးလေးမှာ အလွန် ဖြူစင်လွန်းနေသည်။

အသက် သုံးဆယ်၊ လေးဆယ် အရွယ် လူကြီးတစ်ယောက်၏ မျက်နှာပေါ်တွင် ဤကဲ့သို့သော ဖြူစင်သည့် အပြုံးမျိုးကို မြင်တွေ့ရခြင်းက။

တကယ်ကို ရှားပါးလွန်းလှသည်။

"မင်း မအိပ်ဘူးလား"

"အိပ်မပျော်လို့ စောစောလေး တက်လာခဲ့တာ... မင်း လေ့ကျင့်နေလိမ့်မယ်လို့ မထင်ထားဘူး... ဒါနဲ့ပဲ မနှောင့်ယှက်တော့တာ"

"မင်းတောင် အိပ်မပျော်တဲ့ အချိန် ရှိသေးတာလား"

ချန်းရီ အနည်းငယ် အံ့သြသွားမိသည်။ ဤကောင်ကြီး၏ အိပ်စက်နိုင်စွမ်းကို သူ အမြဲတမ်း အားကျနေခဲ့ရသည် မဟုတ်ပါလော။

သွေးလမင်း သခင် လမ်းစဉ်သို့ ကူးပြောင်းပြီးနောက်ပိုင်း သူ ကိုယ်တိုင်လည်း ကောင်းကောင်း အိပ်မပျော်ခဲ့သည်မှာ အတော်လေး ကြာခဲ့ပြီ ဖြစ်သည်။

တခါတရံဆိုလျှင် တစ်ညလုံး မျက်လုံးကြောင်ကာ မိုးလင်းသွားသည်အထိ ဖြစ်တတ်သည်က ခဏခဏပင်။

"ကြယ်လေးတွေက သိပ်လှတာပဲနော်"

ထယ်ရှီးက ချန်းရီ၏ နောက်ပြောင်မှုကို ပြန်မဖြေဘဲ ကောင်းကင်ယံရှိ ကြယ်များကို ကြည့်ရင်း ပြောလိုက်သည်။

ချန်းရီက ခေါင်းလှည့်ကာ ထယ်ရှီး ကြည့်နေသော နေရာသို့ လိုက်ကြည့်လိုက်ရာ ကောင်းကင်အပြည့် လင်းလက်နေသော ကြယ်ရောင်များက မျက်စိကျိန်းလောက်အောင်ပင် ဖြစ်နေသည်။

ချန်းရီလည်း ငေးမောသွားပြီး "ကမ္ဘာပျက်ကပ် ရောက်ပြီးနောက်ပိုင်း... ဒါက တစ်ခုတည်းသော ကောင်းကျိုး ဖြစ်မယ် ထင်တယ်"

"ဟဲဟဲ... "

"ထယ်ရှီး... မင်းကို တစ်ခုလောက် မေးဦးမယ်... ခွန်ရှီးက အမြဲတမ်း ဒီလိုပဲ အိပ်နေတာ... ဘာမှမဖြစ်ဘူး မလား"

ထယ်ရှီး ဤလမ်းစဉ်ခွဲကို စတင် ရွေးချယ်ကတည်းက ခွန်ရှီးမှာ အချိန်အများစုတွင် မျက်လုံးမှိတ်ထားပြီး အိပ်ပျော်နေသကဲ့သို့ ဖြစ်နေတတ်သည်။

"ဘာမှမဖြစ်ပါဘူး... ပြဿနာရှိရင် သူ့ကို ခေါ်လိုက်ရုံပဲလို့ သူ ပြောထားတယ်"

"ဒါဆို မင်းနဲ့ ခွန်ရှီးက ဘယ်လို ပတ်သက်မှုမျိုးလဲ... ညီအစ်ကိုတွေလား... ဒါမှမဟုတ်... လင်မယားလား"

ထယ်ရှီးမှာ ချန်းရီ၏ စကားကို ကြားသောအခါ အနည်းငယ် ကြောင်အမ်းသွားပြီးနောက် ချန်းရီအား မကျေမနပ်ဖြင့် လှမ်းကြည့်လိုက်သည်။

ခဏကြာမှ သူက ဖြည်းညင်းစွာ ပြန်ပြောလိုက်သည်။ "မသိဘူး... သူက ငါပဲ... ငါကလည်း သူပဲလို့ ခံစားရတယ်"

"နောက်ထပ် မျက်နှာတစ်ခုလား"

"အင်း... ရှောင်ရီ... မင်းက တကယ် ဉာဏ်ကောင်းတာပဲ... သူက ငါ့ရဲ့ နောက်ထပ် မျက်နှာ တစ်ခုလိုပဲလို့ ငါ ခံစားရတယ်"

မည်သို့ပင်ဖြစ်စေ အိပ်မပျော်နိုင်တော့သဖြင့် ချန်းရီသည် ထယ်ရှီးနှင့် ခဏတဖြုတ် စကားစမြည် ပြောဆိုရန် ဆုံးဖြတ်လိုက်လေသည်။

ဆက်ရန်...

All Chapters