အခန်း ၃၇၁
Vol. 19 Ch. 371
အပိုင်း(၃၇၁) သာမန်လူတစ်ယောက်၏ ကမ္ဘာပျက်ကပ် ရုန်းကန်မှု
"ခေါ... ခေါ... ခေါ"
တကယ်ကို ထယ်ရှီး၏ အိပ်စက်နိုင်စွမ်းက မည်သူနှင့်မျှ ယှဉ်၍မရနိုင်ပေ။
သူတို့နှစ်ယောက် စကားဆယ်ခွန်းပင် မပြည့်သေးခင်မှာပင် ချန်းရီက ထယ်ရှီး၏ ဟောက်သံကို ကြားလိုက်ရသည်။
"မင်းကတော့လေ... အမြဲတမ်း အိပ်ရေးဝနေတာပဲ... တကယ် အားကျစရာကောင်းတယ်"
ရင်ဘတ်ထဲမှ ဆေးလိပ်တစ်လိပ်ကို စမ်း၍ ထုတ်ယူလိုက်သည်။
"ရှူး... ဟူး..."
ဆေးလိပ်ငွေ့တစ်ချက်ကို မှုတ်ထုတ်လိုက်သည်။
လက်ရှိတွင် ချန်းရီ၏ လက်ထဲ၌ ဆေးလိပ်အများကြီး မကျန်တော့သဖြင့် သူ ဆေးလိပ်သောက်သည့် အကြိမ်အရေအတွက်မှာလည်း များစွာ လျော့နည်းသွားခဲ့ပြီ ဖြစ်သည်။
သေချာသည်ကတော့ အန္တရာယ်ကို ရင်ဆိုင်ရဲမည် ဆိုပါက မြို့ကြီးပြကြီးများတွင် ရှာဖွေနိုင်သေးသည်။
အိုအေစစ် အနီးအနားတွင်တော့ မဖြစ်နိုင်တော့ပေ။
အိုအေစစ် အနီးအနားရှိ မြို့ရွာများကို အစွမ်းပိုင်ရှင်များက တစ်ကြိမ်မက ရှာဖွေ မွှေနှောက်ထားခဲ့ကြပြီး ဖြစ်သည်။
ကျိုးရှောင်ရှောင်ကလည်း ယနေ့တွင် ဤခြံဝင်းငယ်လေးထဲ၌ တည်းခိုနေသည်။
ဤအမျိုးသမီးသည် လမ်းစဉ်ဆေးထိုးအပ်ကို ထိုးနှံပြီးကတည်းက စိတ်လွင့်နေခဲ့သည်။
ခန္ဓာကိုယ်ပေါ်ရှိ မီးလောင်ဒဏ်ရာများကိုလည်း ရိုးရှင်းစွာ ကုသထားပြီး ဖြစ်သည်။
မိနစ်တိုင်းလိုလိုပင် ကျိုးရှောင်ရှောင်က သူမ၏ ခန္ဓာကိုယ်တွင်းမှ ပြောင်းလဲမှုများကို ခံစားကြည့်နေမိသည်။
ဝမ်းနည်းစရာကောင်းသည်မှာ မည်သည့် ထူးခြားမှုကိုမျှ မတွေ့ရခြင်းပင်။
ကျိုးရှောင်ရှောင်၏ စိတ်ထဲတွင် ပို၍ပို၍ ကြောက်ရွံ့လာခဲ့သည်။
လမ်းစဉ်ဆေးထိုးအပ်သည်လည်း ရာခိုင်နှုန်းပြည့် နိုးကြားအောင်မြင်နိုင်မည်ဟု အာမခံနိုင်ခြင်း မရှိပေ။
အချို့လူများသည် လမ်းစဉ်ဆေးထိုးအပ်ကို အသုံးပြုခဲ့လျှင်ပင် နိုးကြားနိုင်စွမ်း မရှိကြချေ။
ဤကဲ့သို့သော အခြေအနေမျိုးက အိုအေစစ်တွင် မရှိခဲ့သည်တော့ မဟုတ်ပေ။
သူမသည် လုံးဝ နိုးကြားနိုင်စွမ်းမရှိသော ခန္ဓာကိုယ်ဖွဲ့စည်းပုံမျိုး ဖြစ်နေမည်ကို သံသယဝင်နေမိသည်။
ယခုလက်ရှိ ကျိုးရှောင်ရှောင်၏ စိတ်အခြေအနေမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲပြီးနောက် အမှတ်စာရင်း စစ်ဆေးနေရသည့် စိတ်ခံစားချက်မျိုးနှင့် တူညီနေသည်။
အခြားတစ်ဖက်တွင်လည်း။
ရှုလီနာက လမ်းစဉ်ဆေးထိုးအပ်ကို ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းလိုက်သည်။
သေးငယ်သော စူးအောင့်သည့် နာကျင်မှုလေးက ဤအမျိုးသမီး၏ မျက်နှာအမူအရာကို ပြောင်းလဲသွားစေခြင်း မရှိပေ။
အပြာရောင် ဆေးရည်များ ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်း ဝင်ရောက်သွားသည်ကို ကြည့်နေရင်း။
ရှုလီနာ၏ မျက်နှာကလည်း စိုးရိမ်တကြီး ဖြစ်လာခဲ့သည်။
လမ်းစဉ်ဆေးထိုးအပ်အတွက် သူမသည်လည်း ကြိုးစားအားထုတ်မှု အနည်းငယ်မျှသာ လုပ်ဆောင်ခဲ့ရသည် မဟုတ်ပေ။
ဥပမာအားဖြင့် ဤအကန့်အသတ်မဲ့ ပြိုင်ပွဲတွင် သူမ မည်မျှ ကြောက်ရွံ့နေခဲ့ရကြောင်းကို သူမကိုယ်တိုင်သာ အသိဆုံး ဖြစ်သည်။
သို့သော် လမ်းစဉ်ဆေးထိုးအပ်အတွက်ဆိုလျှင် ယခုကြည့်ရသည်မှာ အရာအားလုံးက တန်ဖိုးရှိနေခဲ့ပြီ ဖြစ်သည်။
ဒါက နေ့စဉ်မှတ်တမ်းလား။
ခက်ထန်ကြမ်းတမ်းပုံရသော အစ်ကိုကောက်က နေ့စဉ်မှတ်တမ်း ရေးတတ်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
တကယ်ကို နည်းနည်းတော့ ထူးဆန်းနေသည်။
ပျင်းရိငြီးငွေ့နေသော ချန်းရီသည် မည်သို့ပင်ဖြစ်စေ အိပ်မပျော်နိုင်သည့်အဆုံး ယခင်က ချန်ဟောင် ထည့်ပေးလိုက်သော အစ်ကိုကောက်၏ နေ့စဉ်မှတ်တမ်းကို သတိရသွားသည်။
ယခုအချိန်တွင် ဝတ္ထုစာအုပ်များ မရှိတော့သလို ရုပ်ရှင်နှင့် ရုပ်မြင်သံကြားဆိုသည်မှာ ပို၍ပင် မရှိနိုင်တော့ပေ။
ထို့ကြောင့် ချန်းရီက ဤနေ့စဉ်မှတ်တမ်းစာအုပ်ကို ရှာဖွေ ထုတ်ယူလိုက်သည်။
အချိန်ဖြုန်းရန်အတွက် ကောင်းမွန်သော နည်းလမ်းတစ်ခုဟု ဆိုရပေမည်။
ဤနေ့စဉ်မှတ်တမ်းစာအုပ်မှာ အလွန် ရိုးရှင်းပုံရပြီး ကျောင်းရှေ့တွင် အလွယ်တကူ ဝယ်ယူနိုင်သော စာအုပ်မျိုးနှင့် တူညီနေသည်။
နေ့စဉ်မှတ်တမ်းစာအုပ်၏ ပထမဆုံး စာမျက်နှာကို လှန်လိုက်သည်။
"၂၀၃၀ ခုနှစ်၊ မည်သည့်လ၊ မည်သည့်ရက် မှန်းမသိ။ ရာသီဥတု - ခြောက်သွေ့သည်။ အလွန်ပူပြင်းသည်"
"ဒီနေ့က ဘယ်လ၊ ဘယ်ရက်ဆိုတာကို ငါ မသိသလို ဘယ်နေ့ဆိုတာကိုလည်း မသိဘူး... ဒါကြောင့် ဒီမှတ်တမ်းစာအုပ်ပေါ်မှာ ရက်စွဲကို ရေးမှတ်ထားနိုင်စွမ်း မရှိဘူး... မြို့ထဲကနေ ငါတို့ ထွက်ပြေးလွတ်မြောက်လာခဲ့တာကိုပဲ မှတ်မိတော့တယ်"
"ဟိုတုန်းကသာ သိပ်ပြီး မောက်မာလွန်းတာမျိုး မရှိခဲ့ရင် ငါလည်း ထောင်ထဲ ရောက်သွားမှာ မဟုတ်ဘူး"
"ဒီကမ္ဘာပျက်ကပ်ကြီးသာ မကျရောက်လာခဲ့ဘူးဆိုရင် ငါဟာ ထောင်ထဲကနေ စောစောစီးစီး လွတ်မြောက်လာပြီး အခုဆိုရင် ဘဝကို ဇိမ်ကျကျ ဖြတ်သန်းနေလောက်ပြီ"
"ဒီလောကကြီးမှာ တကယ်လို့ ဆိုတာ မရှိဘူး"
"အမှောင်ထုထဲမှာ ပုန်းအောင်းနေတဲ့ အရိပ်တွေက လူတွေကို အမှောင်ထဲ ဆွဲသွင်းသွားတဲ့အချိန်မှာပဲ ဒီကမ္ဘာကြီး ပြောင်းလဲသွားပြီဆိုတာကို ငါ သိလိုက်ရတယ်"
"ငါ့ရဲ့ ကိုယ်ပိုင်အရည်အချင်းတွေနဲ့ ဒီကမ္ဘာသစ်မှာ အရင်တုန်းကလို ကောင်းကောင်းမွန်မွန် ရပ်တည်နိုင်လိမ့်မယ်လို့ ငါ ထင်မှတ်ထားခဲ့မိတာ"
"အစွမ်းပိုင်ရှင်တွေကို မတွေ့ရခင်အချိန်အထိပေါ့"
"ငါလည်း အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်ချင်တယ်"
ဒါက နေ့စဉ်မှတ်တမ်းစာအုပ်၏ ပထမဆုံး စာမျက်နှာတွင် ရေးသားထားသော စာသားများ ဖြစ်သည်။
ဤအရာကို အစ်ကိုကောက် မည်သည့်နေ့က ရေးသားခဲ့သည်ကို ချန်းရီ မသိပေ။
ရက်စွဲ အတိအကျ ရေးမှတ်ထားခြင်း မရှိချေ။
ထင်ရှားသည်မှာ ကမ္ဘာပျက်ကပ်ပြီးနောက် လူအများစုသည် အတိအကျ ရက်စွဲကို မမှတ်မိကြတော့ဘဲ လူအများစုမှာ တစ်ရက်ပြီးတစ်ရက် ရှင်သန်နေကြရုံမျှသာ ဖြစ်သည်။
နဂိုက ဆောင်းရာသီတွင် နှင်းကျပြီး နွေရာသီတွင် နေပြင်းကာ နွေဦးတွင် ပန်းများပွင့်၍ ဆောင်းဦးတွင် သစ်ရွက်များ ကြွေကျတတ်သော ရာသီဥတု စည်းမျဉ်းများမှာ။
ကမ္ဘာပျက်ကပ်ကြီးပြီးနောက် လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် လူအများစုအတွက် ရက်စွဲ သတ်မှတ်ချက်မှာ ပို၍ပင် ဝေဝါးလာခဲ့သည်။
မည်သို့ပင်ဖြစ်စေ ပျင်းရိနေသဖြင့် ချန်းရီက အချိန်ဖြုန်းရန်အတွက်သာ သတ်မှတ်လိုက်သည်။
အချိန်ဖြုန်းရန်အတွက် ဤနေ့စဉ်မှတ်တမ်းကို ဆက်လက် ဖတ်ရှုလိုက်သည်။
"၂၀၃၀ ခုနှစ်၊ မည်သည့်လ၊ မည်သည့်ရက်မှန်းမသိ။ ရာသီဥတုက ဆက်လက် ပူပြင်းနေဆဲပဲ"
"အခု ငါတို့တွေ သဲကန္တာရထဲကို ရောက်နေကြပြီ... နေ့ဘက်မှာ အရမ်းပူပြင်းပြီး ညဘက်ကျတော့ လူသေနိုင်လောက်အောင် အေးခဲနေတယ်"
"ဒီနေ့ မနက်ပိုင်းတုန်းက အေးခဲပြီး တောင့်တင်းနေတဲ့ လူနှစ်ယောက်ကို ဦးလေးအားပေါင် မြေမြှုပ်နေတာကို ငါ တွေ့လိုက်ရတယ်"
"အဲဒီအထဲက တစ်ယောက်က မနေ့ညကတောင် ငါ့ဆီမှာ ဆေးလိပ် လာတောင်းသောက်သွားသေးတာ"
"၂၀၃၀ ခုနှစ်၊ မည်သည့်လ၊ မည်သည့်ရက်မှန်းမသိ"
"ဒီနေ့က ဘယ်လ၊ ဘယ်ရက်ဆိုတာကို ငါ အခုထိ မသိသေးဘူး"
"ဒုတိယကောင်၊ တတိယကောင်၊ စတုတ္ထကောင် အားလုံး သေကုန်ကြပြီ"
"သူတို့အပေါ်မှာ ငါ့အနေနဲ့ သံယောဇဉ် သိပ်မရှိပါဘူး... သေသွားတော့လည်း ပြီးတာပါပဲ"
"ဒီကမ္ဘာပျက်ကပ်ကြီးသာ မရှိခဲ့ရင် ဒီလူတွေက ငါ့ရဲ့ ညီအစ်ကိုတွေ ဖြစ်လာဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ"
"နဂိုက လူတချို့ကို စုစည်းပြီး ယာဉ်တန်းရဲ့ စီမံအုပ်ချုပ်ခွင့်ကို တဖြည်းဖြည်း လုယူဖို့ နောက်ဆုံး ကိုယ်ပိုင် နိုင်ငံတော်တစ်ခု တည်ထောင်ဖို့အထိ ငါ စဉ်းစားထားခဲ့တာ"
"ဒါပေမဲ့ အစွမ်းပိုင်ရှင်တွေရဲ့ အစစ်အမှန် စွမ်းအားကို မြင်တွေ့လိုက်ရပြီးတဲ့နောက်မှာတော့ ငါ့ရဲ့ အရင်အစီအစဉ်တွေက ဘယ်လောက်တောင် ရယ်စရာကောင်းနေလဲဆိုတာကို သိလိုက်ရတယ်"
"သာမန်လူတွေက အဲဒီ ထူးဆန်းတဲ့အရာတွေနဲ့ အစွမ်းပိုင်ရှင်တွေရှေ့မှာ ပုရွက်ဆိတ်တွေနဲ့ ဘာမှမကွာခြားဘူး"
"အဲဒီကားက အသက်ရှင်နေတဲ့ လူတစ်ယောက်ကို အရှင်လတ်လတ် မျိုချလိုက်တာကို ငါ့မျက်စိနဲ့တပ်အပ် မြင်တွေ့ခဲ့ရတယ်"
"ဟုတ်တယ် အသက်ရှင်နေတဲ့ လူတစ်ယောက်ပဲ"
"အဲဒီလူက ဒီကမ္ဘာကြီးပေါ်ကို တစ်ခါမှ ရောက်မလာခဲ့ဖူးတဲ့အတိုင်းပဲ ပျောက်ကွယ်သွားခဲ့တာ"
"အဲဒီလူ အရမ်းကို ကြောက်စရာကောင်းလွန်းတယ်"
ဒါက ငါ့အကြောင်း ပြောနေတာလား။
ချန်းရီက သူ့မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားလိုက်သည်။
ဤနေ့စဉ်မှတ်တမ်း အပိုင်းအနည်းငယ်ကို ဖတ်ကြည့်ခြင်းအားဖြင့် အစ်ကိုကောက်၏ စိတ်ခံစားချက် အပြောင်းအလဲများကို ရှင်းလင်းစွာ ခံစားသိရှိနိုင်ပေသည်။
ဤလူသည် ကမ္ဘာပျက်ကပ်ပြီးနောက်တွင် တကယ်တမ်း၌ လုံးဝ အရှုံးပေး လက်လျှော့သွားခဲ့ခြင်း မရှိပေ။
တစ်ချိန်က ယာဉ်တန်း၏ ခေါင်းဆောင်နေရာကိုပင် လုယူရန် ကြံစည်ခဲ့သေးသည်။
သို့သော် အစွမ်းပိုင်ရှင်များ၏ စွမ်းရည်များကို မြင်တွေ့ပြီးနောက်တွင်မူ အစ်ကိုကောက်၏ စိတ်နေသဘောထား ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။
ဤနေ့စဉ်မှတ်တမ်း တစ်အုပ်လုံးတွင် ရက်စွဲ ရေးမှတ်ထားခြင်း မရှိချေ။
ရှိနေသည်မှာ တိုတောင်းသော စကားစု အနည်းငယ်သာ ဖြစ်သည်။
ကြည့်ရသည်မှာ အစ်ကိုကောက်၏ စိတ်ခံစားချက်များကို အလွယ်တကူ ရေးမှတ်ထားသော မှတ်စုနှင့် တူညီနေသည်။
"ငါတို့တွေ ရုံမြို့ ကို ရောက်လာခဲ့ပြီ... ဒီနေရာကို ငါ အရင်က ရောက်ဖူးတယ်"
"ဒါပေမဲ့ ဒီလောက် ကြီးမားတဲ့ နှင်းကျတာမျိုးကိုတော့ တစ်ခါမှ မမြင်ဖူးဘူး"
"နှင်းတွေ အရမ်းကျနေပြီး ငါ အရမ်း ဗိုက်ဆာနေတယ်"
"အားလုံးလည်း ဗိုက်ဆာနေကြတယ်"
"မရဏနတ် ဂိုဏ်းက ငါတို့ကို စားစရာတွေ ပေးခဲ့တယ်... မလုံလောက်သေးပေမယ့် ယာဉ်တန်းထက်စာရင် အများကြီး သာပါသေးတယ်"
"လူအများစုက ဒီနေရာမှာပဲ နေချင်ကြတယ်... အားလုံးက ကမ္ဘာပျက်ကပ်မှာ ဟိုရွှေ့ဒီပြောင်း နေရတဲ့ ဘဝကို စိတ်ပျက်နေကြပြီ"
"တစ်ခါတလေမှာ အရင်တုန်းက ဘဝကို အိပ်မက်မက်တတ်သေးတယ်"
"ငါ့ရဲ့ ချစ်သူကို အိပ်မက်မက်သလို ငါ့ရဲ့ အိမ်ကြီးကိုလည်း အိပ်မက်မက်တယ်... အဲဒီ အိမ်ကြီးထဲမှာ စားလို့မကုန်နိုင်တဲ့ ဝက်သားနီချက်နဲ့ ဘဲကင်တွေ ရှိနေတယ်"
"ငါတစ်သက်လုံး စားခဲ့ရတဲ့ အရသာရှိလှတဲ့ အစားအစာတွေက မရေမတွက်နိုင်အောင် များပြားခဲ့ပေမယ့် အခုချိန်မှာတော့"
"ဝက်သားနီချက်နဲ့ ဘဲကင်ကို တစ်လုတ်လောက်ပဲ ဖြစ်ဖြစ် ငါ စားချင်နေမိတယ်"
ချန်းရီက လက်ထဲမှ မှတ်စုကို လှန်လိုက်သည်။
တွေးကြည့်ရလျှင် အစ်ကိုကောက် ဤနေရာသို့ ရေးသားသည့်အချိန်သည် ရုံမြို့ သို့ ရောက်ရှိနေသည့် အချိန်ဖြစ်လောက်ပေသည်။
မသေဆုံးမီက ထိုမျှလောက် ဩဇာတိက္ကမ ကြီးမားခဲ့သော ပုဂ္ဂိုလ်ကြီး တစ်ဦးအနေဖြင့် ထိုအချိန်က ဝက်သားနီချက်နှင့် ဘဲကင်ကိုသာ စားချင်နေခဲ့သည်တဲ့လား။
ဤအရာကို အပြင်တွင် သွားပြောလျှင်ပင် မည်သူကမျှ ယုံကြည်ကြမည် မဟုတ်ချေ။
ဤသည်ကို ကြည့်ခြင်းအားဖြင့် အစ်ကိုကောက်၏ ရင်ထဲမှ မာနတရားများလည်း တဖြည်းဖြည်း ပြိုကျပျက်စီးသွားခဲ့ပြီ ဖြစ်ကြောင်း သိရှိနိုင်သည်။
အစပိုင်းက ယာဉ်တန်း၏ ခေါင်းဆောင်နေရာကို လုယူချင်ခဲ့ရာမှ။
ယခုအခါတွင် အသားတစ်လုတ်သာ စားချင်တော့သည့် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
ဤမှတ်စုထဲတွင် ရေးမှတ်ထားသည်များက သာမန်လူတစ်ယောက်၏ ကမ္ဘာပျက်ကပ် ရုန်းကန်မှုပင် ဖြစ်ပေသည်။
ဆက်ရန်...