အခန်း ၃၇၂
Vol. 19 Ch. 372
အပိုင်း(၃၇၂) အစ်ကိုကောက်၏ နေ့စဉ်မှတ်တမ်း (အဆုံးသတ်)
"ငါက နံပါတ်(၆) ကားရဲ့ စီမံခန့်ခွဲသူ ဖြစ်လာခဲ့ပြီ... တစ်နေ့ကျရင် ကားတစ်စီးကို စီမံခန့်ခွဲရတာက ငါ့ကို ဒီလောက်တောင် ပျော်ရွှင်စေလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးခဲ့ဘူး"
"အရင်တုန်းက ငါ့ရဲ့ လုပ်ငန်းတွေအားလုံး ပေါင်းလိုက်ရင် လူသောင်းနဲ့ချီ ရှိခဲ့ပြီး ငါ့ကို သွယ်ဝိုက်မှီခိုပြီး အသက်ရှင်နေရတဲ့သူတွေက ပိုတောင် များသေးတယ်"
"ဒါပေမဲ့ အခုတော့"
အစ်ကိုကောက်၏ နေ့စဉ်မှတ်တမ်းထဲတွင် သူ့ကိုယ်သူ လှောင်ပြောင်သရော်မှုများဖြင့် ပြည့်နှက်နေသည်။
"အစွမ်းပိုင်ရှင် တစ်ယောက် မဖြစ်လာသရွေ့ အရာအားလုံးက အဓိပ္ပာယ်မဲ့နေမှာပဲ"
"ရှုလီနာဆိုတဲ့ အဲဒီမိန်းမက နံပါတ်(၇)ကားရဲ့ စီမံခန့်ခွဲသူ ဖြစ်လာခဲ့ပြီ"
"ဒီမိန်းမက ငါနဲ့ ဘယ်တော့မှ အဆင်မပြေခဲ့ဘူး သူနဲ့ ချန်းရီကြားက ရှိသလိုလို မရှိသလိုလို ဆက်ဆံရေးကိုသာ အားမကိုးထားဘူးဆိုရင် ဒီမိန်းမ အခုချိန်ထိ အသက်ရှင်နိုင်မှာ မဟုတ်ဘူး"
"ချန်းရီက သူ့အပေါ် သိပ်စိတ်မဝင်စားဘူးဆိုတာကို ငါ သိနေပေမယ့်လည်း ငါ လောင်းကြေးမထပ်ရဲဘူး"
"အစွမ်းပိုင်ရှင်တွေဆိုတာ သာမန်လူတွေရဲ့ ခေါင်းပေါ်မှာ ဖိချထားတဲ့ တောင်ကြီးတစ်လုံးနဲ့ တူတယ်"
"ချန်းရီရဲ့ သွေးရောင်မျက်လုံးကို မြင်တွေ့ရတိုင်း ငါက အချိန်မရွေး တွင်းနက်ကြီးထဲကို ပြုတ်ကျသွားနိုင်တယ်လို့ အမြဲတမ်း ခံစားရတယ်"
"ရယ်စရာကောင်းတာက အရင်က ငါဟာ သာမန်လူတွေကို စည်းရုံးပြီး အင်အားစုတစ်ခု တည်ထောင်ဖို့တောင် တွေးတောခဲ့မိသေးတယ်"
"အဲဒါက လုံးဝကို အချည်းနှီး စိတ်ကူးယဉ်မှု သက်သက်ပဲ"
"ကမ္ဘာပျက်ကပ်ကြီးရဲ့ အကြောင်းကို ပိုပြီး နားလည်လာတာနဲ့အမျှ"
"ငါက အစွမ်းပိုင်ရှင် တစ်ယောက် ပိုပြီး ဖြစ်ချင်လာခဲ့တယ်"
"သူတို့တွေက လုံးဝကို ကွဲပြားခြားနားတဲ့ လူသားတစ်မျိုးပဲ"
"တစ်ခါတစ်လေမှာ အဲဒီအစွမ်းပိုင်ရှင်တွေက တကယ်ပဲ လူသားစစ်စစ် ဟုတ်သေးရဲ့လားလို့တောင် ငါ တွေးမိတယ်"
"သာမန်လူတစ်ယောက်က ဘယ်လိုလုပ်ပြီး ခေါင်းနှစ်လုံး ထွက်နေနိုင်မှာလဲ"
"သာမန်လူတစ်ယောက်က ဘယ်လိုလုပ်ပြီး မျက်လုံးတွေက သွေးလို နီရဲနေနိုင်မှာလဲ"
"တကယ်လို့ အခွင့်အရေးသာ ရှိမယ်ဆိုရင် အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်လာစေမယ့် အခွင့်အရေးတစ်ခုအတွက် ငါ့ရဲ့ ပိုင်ဆိုင်မှု အရာအားလုံးကို ပေးဆပ်ဖို့ ဆန္ဒရှိပါတယ်"
ချန်းရီက ဆေးလိပ်ငွေ့များကို ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်သည်။
အစ်ကိုကောက်၏ နေ့စဉ်မှတ်တမ်းကို ဖတ်ရသည်မှာ လူကို အနည်းငယ် စိတ်မွန်းကျပ်သွားစေသည်။
ဤအရာက ကမ္ဘာပျက်ကပ်ကြီး အပြီးတွင် သာမန်လူများ ကြုံတွေ့နေရသော အမှန်တကယ် ရှင်သန်မှု အခြေအနေပင် ဖြစ်လောက်သည်။
တကယ်တော့ အစ်ကိုကောက်သည် ယာဉ်တန်းထဲတွင် အခြေအနေ အတော်လေး ကောင်းမွန်နေသေးသည်ဟု ဆိုနိုင်သည်။
အနည်းဆုံးတော့ နောက်ပိုင်းတွင် သူသည် ယာဉ်တန်း၏ စီမံခန့်ခွဲသူ တစ်ယောက် ဖြစ်လာခဲ့သည်။
ယာဉ်တန်းထဲရှိ ရိက္ခာပစ္စည်းများကို သူတို့ကဲ့သို့သော စီမံခန့်ခွဲသူများ၏ လက်ထဲသို့ အရင် ခွဲဝေပေးပြီးမှသာ အောက်ခြေသို့ ထပ်ဆင့် ခွဲဝေပေးခြင်း ဖြစ်သည်။
ရိက္ခာပစ္စည်း ခွဲဝေခွင့် အာဏာကို လက်ကိုင်ထားရသဖြင့် အနည်းဆုံးတော့ သူတို့၏ နေ့စဉ် ရိက္ခာဝေစုသည် အခြားသူများထက် သေချာပေါက် ပိုများနေပေလိမ့်မည်။
ဤကဲ့သို့သော အခွင့်ထူးငယ်လေးများအပေါ် ခေါင်းဆောင်ချူက ဝင်ရောက် စွက်ဖက်ခြင်း မရှိဘဲ တိတ်တဆိတ်ပင် ခွင့်ပြုပေးထားသည်။
အလွန်အကျွံ မဖြစ်သရွေ့၊ အခြား သာမန်လူများ၏ ဆန့်ကျင်ပုန်ကန်မှုကို မဖြစ်ပေါ်စေသရွေ့ ခေါင်းဆောင်ချူသည် ထိုကိစ္စများကို လုံးဝ ဂရုစိုက်မည် မဟုတ်ပေ။
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားပြီး ကောင်းကင်ယံမှ ကြယ်များနှင့် သွေးရောင်လမင်းကြီးတို့သည် အနောက်ဘက်သို့ ယိမ်းယိုင်သွားခဲ့ပြီ ဖြစ်သည်။
ချန်းရီသည် အစ်ကိုကောက်၏ နောက်ဆုံးရေးသားထားသော နေ့စဉ်မှတ်တမ်း တစ်ပုဒ်ကို မြင်တွေ့လိုက်ရသည်။
၎င်းမှာ အစ်ကိုကောက် ရှားရှားပါးပါး ရက်စွဲတပ်၍ ရေးသားထားသော မှတ်တမ်းတစ်ခု ဖြစ်သည်။
"၂၀၃၁ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်၊ ရာသီဥတု သာယာတယ်"
"ဘာကြောင့်လဲဆိုတော့ မနက်ဖြန် အောက်တိုဘာလ (၁၅) ရက်နေ့က အိုအေစစ်ရဲ့ စည်းဝါးလွတ် ကားပြိုင်ပွဲ ကျင်းပမယ့်ရက် ဖြစ်နေလို့ပဲ"
"ဒါကြောင့် ဒီနေ့ရက်စွဲကို ငါ သိနေတာ ဖြစ်တယ်"
"သာမန်လူတွေအတွက်တော့ ရက်စွဲကို သိနေတာကတင် အလွန် ဇိမ်ကျလွန်းလှတဲ့ ကိစ္စတစ်ရပ် ဖြစ်နေပြီ"
"ငါတို့ဆီမှာ လက်ပတ်နာရီတွေ မရှိဘူး မိုဘိုင်းဖုန်းတွေလည်း မရှိသလို လာပြောပြမယ့်သူတောင် မရှိခဲ့ဘူး"
"လူအချို့က နံရံပေါ်မှာ အမှတ်အသားတွေ ခြစ်ပြီး ရက်စွဲကို မှတ်သားကြတာကို ငါ မြင်ခဲ့ရတယ်... ဒါပေမဲ့ အမှတ်အသားတွေ တဖြည်းဖြည်း များပြားလာတဲ့အခါ သူတို့ကိုယ်တိုင်တောင် အရေအတွက်ကို မေ့လျော့သွားတတ်ကြတယ်"
"ငါက ရှုလီနာနဲ့ သဘောတူညီမှု တစ်ခု ပြုလုပ်ခဲ့တယ်... သူ ချန်းရီနဲ့ နီးစပ်နိုင်ဖို့ ငါ ကူညီပေးမှာ ဖြစ်ပြီး ယာဉ်တန်းကနေ လမ်းစဉ်ဆေးထိုးအပ် ရလာတဲ့ အချိန်ကျရင် သူက ငါ့အတွက် စကားတစ်ခွန်း ဝင်ပြောပေးဖို့ပဲ တောင်းဆိုခဲ့တယ်"
"တကယ်တော့ ချန်းရီရဲ့ မျက်လုံးထဲမှာ ရှုလီနာ အရေးပါ၊ မပါ ငါ ကောင်းကောင်း သိပါတယ်"
"သူကိုယ်တိုင် လမ်းစဉ်ဆေးထိုးအပ် ရနိုင်၊ မရနိုင် ဆိုတာတောင် မသေချာသေးတာမို့ ငါ့အတွက် တောင်းဆိုပေးဖို့ဆိုတာ ပိုပြီးတော့တောင် ဝေးကွာနေသေးတယ်"
"ဒါ့အပြင် သူမအနေနဲ့ လမ်းစဉ်ဆေးထိုးအပ်ကို ရခဲ့မယ် ဆိုရင်တောင် ငါ့အတွက် စကားဝင်ပြောပေးဖို့ မဖြစ်နိုင်ဘူး"
"ဒါပေမဲ့ ငါ့မှာ တခြား ရွေးချယ်စရာ နည်းလမ်း မရှိတော့ပါဘူး"
"ဝ.၀၁ ရာခိုင်နှုန်းလောက်ပဲ အခွင့်အရေး ရှိနေပါစေ ငါ စမ်းသပ်ကြည့်ချင်သေးတယ်"
"ကောင်းကင်ပေါ်ကနေ ကံကောင်းမှုတွေ အလိုလို ကျဆင်းလာမယ့် အချိန်ကို ဒီအတိုင်း ထိုင်စောင့်နေဖို့ဆိုတာ ငါ လုံးဝ မလုပ်နိုင်တဲ့ ကိစ္စပဲ"
"ဒါကို သူမကို ကြိုတင် ဖားယားထားတယ်လို့ပဲ သတ်မှတ်လိုက်ပါတော့မယ်"
"ဒီမိန်းမရဲ့ ချန်းရီအပေါ် ထားရှိတဲ့ ခံစားချက်တွေက အရမ်းကို ရှုပ်ထွေးလွန်းတယ်"
"သူမက ဒီအန္တရာယ်များတဲ့ လူကို တကယ်ပဲ သဘောကျနေတာလား... ဒါမှမဟုတ် အကာအကွယ် ရဖို့အတွက် သူ့အနားကို ကပ်ချင်ရုံ သက်သက်လား ဆိုတာကို ငါကိုယ်တိုင်တောင် နားမလည်နိုင်အောင် ဖြစ်ရတယ်"
"တကယ်ကို ရယ်စရာ ကောင်းတယ်... ငါ တကယ်ပဲ ရူးသွပ်သွားပြီး အဲ့မိန်းမဆီ အကူအညီ သွားတောင်းခဲ့မိတယ်"
"လုံးဝကို ဆင်ခြင်တုံတရား ကင်းမဲ့လွန်းတာပဲ"
"ဒါပေမဲ့ ငါ့မှာ တခြား ရွေးချယ်စရာ နည်းလမ်းလည်း မရှိတော့ဘူးလေ"
"ခေါင်းဆောင်ချူရဲ့ ဘေးမှာ ရွှီနန်နဲ့ ရှောင်ဖူတို့ ရှိနေတယ်... ခေါင်းဆောင်ချူရဲ့ ရင်ထဲမှာ အဲဒီနှစ်ယောက်က ငါ့ထက် ပိုပြီး အရေးပါနေတာ သိသာတယ်"
"ခေါင်းဆောင်ချူဆီ သွားရောက် အကူအညီ တောင်းဖို့ မဖြစ်နိုင်သလို... တောင်းဆိုခဲ့ရင်တောင် ဒီလူက သဘောတူမှာ မဟုတ်ဘူး"
"တင်းတုံရဲ့ အနားမှာလည်း ကျိုးရှောင်ရှောင် တစ်ယောက် ထပ်တိုးလာပြီ"
"ကျိုးရှောင်ရှောင် ဆိုတဲ့ အဲဒီကောင်မလေးက အခုချိန်မှာ ရူးသွပ်နေပြီ... သူက လမ်းစဉ်ဆေးထိုးအပ်ကို ငါ့ထက်တောင် ပိုပြီး လိုချင်နေတာ... သူမဆီ အကူအညီ သွား တောင်းဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး"
"ထယ်ရှီးလည်း ရှိသေးတယ် ... သူ့ကိုလည်း ငါ စမ်းကြည့်ပြီးသွားပြီ"
"ထယ်ရှီးမှာ လမ်းစဉ်ဆေးထိုးအပ် ရှိနေမယ်ဆိုရင်တောင် သူက လောင်လီကိုပဲ ပေးလိမ့်မယ်"
"သေချာတာကတော့ ငါ လောင်လီဘက်မှာလည်း မျှော်လင့်ချက်လေး ထားခဲ့သေးတယ်... ငါ အချိန်အကြာကြီး စုဆောင်းထားခဲ့တဲ့ ချောကလက်ပြား အနည်းငယ်ကို သူ့ဆီ ပေးခဲ့သေးတယ်"
"ပြီးတော့ နောက်တစ်ယောက်က ရှုလီနာပဲ"
"မျှော်လင့်ချက်က သုညနဲ့ အနီးစပ်ဆုံး ဖြစ်နေမှန်း ငါ သိပါတယ်... ဒါပေမဲ့ ငါ အစွမ်းကုန် ကြိုးစားဖို့ ဆုံးဖြတ်ထားခဲ့တယ်"
"အဲဒီဆေးလိပ်ကတ်ကို ငါ လုယူလာခဲ့တာ... ဒေသခံ လူမိုက်ခေါင်းဆောင် တစ်ယောက်ရဲ့ လက်ထဲကနေ လုယူလာခဲ့တာပဲ"
"အဲဒီလူက ငါ့ကိုတောင် သိနေသေးတယ်... သူက အရင်တုန်းက ငါ့ရဲ့ လက်အောက်က ကန်ထရိုက်တာ တစ်ယောက် ဖြစ်ခဲ့ဖူးတယ်လို့ ပြောတယ်... အရင် ကိုင်ဇာ ညကလပ် ဖွင့်ပွဲတုန်းက လူအုပ်ကြားထဲမှာ ငါ့ကို တစ်ချက် မြင်ဖူးခဲ့တယ်လို့ ဆိုတယ်"
"သောက်ကျိုးနည်း... ငါက သူ့ကို ဘယ်လိုလုပ် မှတ်မိမှာလဲ... အဲဒီအချိန်က ငါ့ရဲ့ လက်ထဲမှာ ဖျော်ဖြေရေး လုပ်ငန်းပေါင်း တစ်ရာ မရှိရင်တောင် ကိုးဆယ့်ကိုးခုလောက်တော့ သေချာပေါက် ရှိခဲ့တယ်လေ"
"သူ့လက်ထဲမှာ ဟွာဇီး ဆေးလိပ်တစ်ကတ် ရှိနေမှန်း သိလိုက်ရချိန်မှာတင် ငါ စိတ်လှုပ်ရှားသွားခဲ့တယ်"
"ဆရာ ချန်းရီက ဆေးလိပ်သောက်ရတာကို အရမ်းနှစ်သက်မှန်း ငါ သိထားတယ်... ဒါ့အပြင် သူ့ရဲ့ လက်ထဲမှာလည်း ဆေးလိပ် သိပ်မကျန်တော့တဲ့ပုံပဲ"
"တကယ်လို့ဒီဆေးလိပ်တစ်ကတ်ကိုသာ ငါ ရနိုင်ခဲ့မယ် ဆိုရင်"
"အဖိုးအခကြီးကြီးမားမား ပေးပြီးမှ ဒီဆေးလိပ်တစ်ကတ်ကို ငါ ရခဲ့တာ... အခုတော့ အဲဒီဆေးလိပ်ကတ်က ငါ့အပိုင် ဖြစ်သွားပြီ"
"ရှုလီနာက ငါပေးလိုက်တဲ့ ဆေးလိပ်ကတ်ကို ယူပြီး ခြံဝင်းငယ်လေးထဲကို ဝင်သွားတယ်"
"နောက်ဆုံးရလဒ်က ဘယ်လို ဖြစ်လာမယ်ဆိုတာ ငါ မသိတော့ဘူး... ငါ တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားခဲ့ပြီးပါပြီ"
"ဒီဆေးလိပ်တစ်ကတ်အတွက် ငါ အသက်တောင် သေလုနီးပါး ဖြစ်ခဲ့ရတယ်"
"သေချာတာကတော့ ဆေးလိပ်တစ်ကတ်တည်းနဲ့ လုံလောက်မှာ မဟုတ်ဘူး"
"ခေါင်းဆောင်ချူက သူ့ရဲ့ ကိစ္စတစ်ခုကို ကူညီပေးဖို့ ငါ့ကို ပြောလာတယ်"
"ခေါင်းဆောင်ချူရဲ့ အစီအစဉ်ကို ကြားလိုက်ရတော့ ကလေးဆန်လွန်းတယ်လို့ ငါ ခံစားခဲ့ရတယ်"
"ဒါပေမဲ့ အဲဒီတာဝန်ကိုလည်း ငါ လက်ခံလိုက်သေးတယ်"
"ဘယ်လိုပဲဖြစ်ဖြစ် ငါ လမ်းစဉ်ဆေးထိုးအပ် ရရှိနိုင်မယ့် အခွင့်အရေးကို တိုးပွားစေမယ့် ဘယ်လိုအရာကိုမဆို... တစ်သောင်းပုံ တစ်ပုံလောက်လေး အခွင့်အရေး တိုးလာမယ် ဆိုရင်တောင်မှ ငါ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရမှာပဲလေ"
"ငါ ထင်မှတ်မထားခဲ့တာက ခေါင်းဆောင်ချူ သွားရောက် ဖြန့်ဝေခိုင်းတဲ့ သတင်းက အံ့သြစရာ ကောင်းလောက်အောင် အသုံးဝင်နေတာပဲ"
"ဒါက အစွမ်းပိုင်ရှင်တစ်ယောက်ရဲ့ အရည်အချင်းပဲ"
"ဒါပေမဲ့ ငါ ဒုက္ခရောက်ခဲ့ရတယ်"
"ဒီကမ္ဘာပေါ်မှာ အရူးဆိုတာ မရှိဘူးလို့ ငါ အမြဲတမ်း ယုံကြည်ထားခဲ့တာ... သတင်းဖြန့်ဝေပြီးနောက် အိုအေစစ်မြို့ တစ်မြို့လုံး ဆူပူရှုပ်ထွေးသွားတယ်"
"ငါနဲ့အတူ ရှုလီနာလည်း ပါဝင်ခဲ့တယ်"
"ဒါပေမဲ့ ရှုလီနာက ငါနဲ့ မတူဘူး သူမက အတွင်းမြို့တော်ထဲကို ဝင်ရောက် နေထိုင်ခွင့် ရသွားတယ်"
"အဲဒီလူတွေက ရှုလီနာကို သွားမရှာကြဘဲ ငါ့ဆီကိုပဲ ရောက်လာကြတယ်"
"အိုအေစစ်မြို့ရဲ့ ဥပဒေထိန်းသိမ်းသူတွေသာ ဖြတ်မသွားခဲ့ရင် ငါ သေချာပေါက် သေဆုံးသွားလောက်ပြီ"
"ဒါပေမဲ့လည်း အခုချိန်မှာ ငါ့ရဲ့ အခြေအနေက ကောင်းမနေတော့ဘူး... ငါ့ရဲ့ နံရိုးတွေ အများကြီး ကျိုးကြေသွားပြီ"
"အိပ်ရာပေါ်မှာပဲ လှဲလျောင်းနေရတော့တယ်"
"ခေါင်းဆောင်ချူကို ငါ မမုန်းပါဘူး"
"ဘာကြောင့်လဲဆိုတော့ အခုချိန်မှာ ပြဿနာတွေကို ဖြေရှင်းနေတဲ့ ခေါင်းဆောင်ချူရဲ့ နည်းလမ်းတွေက အရင်တုန်းက ငါ့ရဲ့ နည်းလမ်းတွေနဲ့ အတူတူ ဖြစ်နေလို့ပဲ"
"ဒီလို ကိစ္စမျိုးကို အရင်တုန်းက ငါ အကြိမ်ပေါင်းများစွာ သူများကိုခိုင်းခဲ့ဖူးတယ်"
"အခုတစ်ကြိမ်မှာတော့ အဲဒါက ငါ့အလှည့် ဖြစ်လာခဲ့ရုံပဲ"
"ဒီနေ့စဉ်မှတ်တမ်းကို ရေးသားနေရင်း ငါ့ရဲ့ လက်တွေက ဘောပင်ကိုတောင် သေချာ မကိုင်နိုင်တော့ဘူး"
"ငါ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံး အရမ်းကို နာကျင်နေပြီး အချိန်သိပ်ကြာကြာ အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူးလို့ ခံစားနေရတယ်"
"ဒီနေ့စဉ်မှတ်တမ်းတွေကို ရေးသားရခြင်းရဲ့ အဓိပ္ပာယ်ကို အခုမှပဲ ငါ သဘောပေါက်သွားခဲ့ပြီ"
"ငါ့ကို လူတွေ မေ့သွားကြမှာ ကြောက်နေခဲ့မိလို့ပဲ"
"ငါ့ရဲ့ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေ အားလုံး အဲဒီကပ်ဘေးကြီးထဲမှာ သေဆုံးသွားခဲ့ကြတယ်... တစ်ခါတစ်လေမှာ သူတို့ကိုယ်စား ငါ အသက်ဆက်ရှင်သန်သွားရမယ်လို့ တွေးမိတယ်"
"လူသားတွေ သူတို့ရဲ့ မြို့ကြီးတွေကို ပြန်လည် သိမ်းပိုက်နိုင်မယ့် အချိန်အထိ ဆက်ပြီး ရှင်သန်သွားဖို့ပဲ"
"ဒါပေမဲ့... တကယ်လို့ ငါသာ သေဆုံးသွားခဲ့ရင် သူတို့ ဒီကမ္ဘာပေါ်မှာ တည်ရှိခဲ့ဖူးတယ် ဆိုတာကို ဘယ်သူမှ သိနိုင်တော့မှာ မဟုတ်ဘူး"
"ဒီနေ့စဉ်မှတ်တမ်း စာအုပ်လေး ဘယ်သူ့လက်ထဲ ရောက်သွားမလဲ ဆိုတာကိုတော့ ငါ မသိနိုင်ပါဘူး"
"ဒီမှတ်တမ်းကို ရေးသားခဲ့သူရဲ့ နာမည်ကိုတော့ သင် မှတ်မိပေးနိုင်ဖို့ မျှော်လင့်ပါတယ်"
"ငါ့ရဲ့ နာမည်က ကောက်ကျန်းချန်... အစ်ကိုကောက် ဆိုတဲ့ နာမည်ကိုတော့... ငါ့ကို ခေါ်မယ့်သူ အရမ်း ရှားသွားပြီ"
ဤနေရာသို့ ရောက်သောအခါမှသာ အစ်ကိုကောက်၏ နေ့စဉ်မှတ်တမ်းကို ဖတ်ရှုပြီးဆုံးသွားခဲ့သည်။
နောက်ပိုင်း ဇာတ်လမ်းများကိုတော့ အားလုံး ခန့်မှန်းမိပြီး ဖြစ်ပေလိမ့်မည်။
ချန်းဟောင် ရောက်ရှိလာခဲ့သည်။
ထို့နောက် အစ်ကိုကောက်သည် ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။
နောက်ဆုံးတွင် အစ်ကိုကောက် သေဆုံးသွားခဲ့သည်။
ထို့နောက် အစ်ကိုကောက်၏ ဈာပနတွင် ချန်းဟောင်က ခေါင်းဆောင်ချူကို ထိုးကြိတ်ခဲ့သည်။
အစ်ကိုကောက်ကို ပြိုင်ပွဲဝင်ခွင့်ပြုရန် ခေါင်းဆောင်ချူက အစကတည်းက သဘောတူခဲ့ပါက သူ သေဆုံးမည် မဟုတ်ဟု ချန်းဟောင် ထင်မြင်၍ မဟုတ်ပေ။
ချန်းဟောင်သည် အစ်ကိုကောက် အမှန်တကယ် ရသင့်ရထိုက်သော အရာများအတွက်သာ တိုက်ပွဲဝင်ပေးခဲ့ခြင်း ဖြစ်သည်။
ချန်းရီက အစ်ကိုကောက်၏ မှတ်တမ်းစာအုပ်ကို ပိတ်လိုက်ပြီး လက်ကို ဆန့်တန်းကာ အကြောလျှော့လိုက်သည်။
ခန္ဓာကိုယ်က အလွန် ပင်ပန်းနွမ်းနယ်နေသည်ဟု ခံစားရသော်လည်း ယခုအချိန် အိပ်ရာဝင်ပါက ရာခိုင်နှုန်းပြည့် အိပ်ပျော်မည် မဟုတ်ပေ။
မိုးကုပ်စက်ဝိုင်းဆီမှ အလင်းရောင် အနည်းငယ် ထွက်ပေါ်လာပြီး တိမ်တိုက်များကို ရွှေဝါရောင် သမ်းသွားစေသည်။
အလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး ဤအိမ်ဆီသို့ လျင်မြန်စွာ လျှောက်လာသည်ကို ချန်းရီ မြင်တွေ့လိုက်ရသည်။
ထိုမိန်းမကို ချန်းရီ သိသည်။
သူမသည်လည်း လမ်းပြသူ လမ်းစဉ် အဆင့် (၃) ဖြစ်ပြီး သူမ ရောက်ရှိလာမှုကြောင့် အိုအေစစ်၏ လျှို့ဝှက်အကာအကွယ်မှာ ပိုမို ကြီးမားကျယ်ပြန့်လာခဲ့သည်။
ထိုအမျိုးသမီးသည် အသက် လေးဆယ် သို့မဟုတ် ငါးဆယ် ဝန်းကျင်ခန့် ရှိမည်ဟု ခန့်မှန်းရပြီး လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ခေါင်းဆောင်ချူထံ မကြာခဏ လာရောက်လေ့ရှိသည်။
ဤအဒေါ်ကြီးသည် ခေါင်းဆောင်ချူအပေါ်တွင် တစ်စုံတစ်ခုသော စိတ်ဝင်စားမှုမျိုး ရှိနေသလားဟုပင် ချန်းရီ သံသယ ဝင်မိသည်။
မည်သို့ပင်ဖြစ်စေ ခေါင်းဆောင်ချူ၏ လက်ရှိ ထိပ်ပြောင်နေသော ပုံစံက သူ့ကို အနည်းငယ် ရင့်ကျက်တည်ငြိမ်သည့် အသွင်အပြင်မျိုး ဖြစ်ပေါ်စေသည် မဟုတ်ပါလော။
ဆက်ရန်...