← Chapters

အခန်း ၃၇၃

Vol. 19 Ch. 373

အခန်း ၃၇၃

Vol. 19 Ch. 373

အပိုင်း (၃၇၃) ခေါင်းဆောင်ချူ၏ အချစ်ရေးကံ

ခြံဝင်းငယ်လေးထဲရှိ လူအများစုမှာ အိပ်မက်ကမ္ဘာထဲတွင် နစ်မျောနေဆဲ အချိန်ပင် ဖြစ်သည်။

ခြံဝင်းတံခါးမှာ ကျယ်လောင်စွာ အခေါက်ခံလိုက်ရလေသည်။

ချန်းရီက ထယ်ရှီးကို ကြည့်လေရာ ထိုကောင်မှာ ဝက်သေကြီးတစ်ကောင်လို အိပ်မောကျနေဆဲ ဖြစ်သည်။

နောက်တစ်ကြိမ်ဆိုလျှင် သူကိုယ်တိုင် ညစောင့်တာဝန် ယူသင့်ပြီ။

ဒီကောင့်ကို ညစောင့်ခိုင်းထားလျှင် လူအဖမ်းခံရပြီး အရောင်းခံရလျှင်ပင် သိမည်မဟုတ်ပေ။

စွန်းချန်းချန်းကတော့ တံခါးကို အရင်ဆုံး သွားဖွင့်ပေးလေသည်။

ဒီအမျိုးသမီးက မနက် နှစ်နာရီ သုံးနာရီလောက်အထိ ညစောင့်ပြီးမှ အိပ်ရာဝင်ခဲ့ခြင်း ဖြစ်သည်။

မနက်စောစောစီးစီးတွင်လည်း ဓားရေးကျင့်ရန် အပြင်ထွက်သွားသေးသည်။

သူမ အခုလေးတင် ပြန်ရောက်လာချိန်နှင့် အချိန်ကိုက် ကြုံသွားခြင်း ဖြစ်သည်။

တကယ်တော့ မိုးလင်းသွားပြီးနောက် တင်းတုံက သမ်းဝေရင်း အိပ်ရာပြန်ဝင်သွားခဲ့ပြီ ဖြစ်သည်။

တံခါးပွင့်သွားသည်နှင့် အဒေါ်ကြီးစွန်းက ပြုံးဖြီးဖြီးဖြင့် အထဲဝင်လာသည်။

"ကောင်မလေး... မနက်စာ မစားရသေးဘူးမလား... လာ... ဒါ အဒေါ်ကြီး ပေးတာ... ခန္ဓာကိုယ် ဖွံ့ဖြိုးရမယ့် အရွယ်ဆိုတော့ များများစား"

စွန်းချန်းချန်းက လက်ထဲတွင် နွေးခနဲ ဖြစ်သွားပြီး ကြည့်ရာ ပြုတ်ထားသော ကြက်ဥတစ်လုံး ရောက်ရှိနေသည်ကို တွေ့မြင်ရသည်။

ကြက်ဥပြုတ်...။

သေစမ်း... ဒါက...။

သိပ်ကို တန်ဖိုးကြီးလွန်းနေပြီ မဟုတ်ပါလား။

သိထားရမည်မှာ... ယခုအချိန်တွင် ကြက်ဆိုသည်မှာ အရိပ်အယောင်ပင် မတွေ့ရတော့ဘဲ ကြက်ဥပြုတ်ကို ဘယ်နေရာမှ သွားရှာရမည်နည်း။

ချန်းရီမှာလည်း မျက်လုံးများ အရောင်လက်သွားသည်။

ယခင်ကဆိုလျှင် ကြက်ဥပြုတ်က အရသာရှိသော်လည်း ချန်းရီက သိပ်မနှစ်သက်ခဲ့ပေ။

သို့သော် ယခုအချိန်တွင်တော့ ကြက်ဥပြုတ်က သူအကြိုက်ဆုံး အစားအစာများထဲမှ တစ်ခု ဖြစ်နေလေပြီ။

ချန်းရီက အဒေါ်ကြီးစွန်းကို နောက်ထပ် မရှိတော့ဘူးလား ဟူသော အဓိပ္ပာယ်ဖြင့် မျှော်လင့်တကြီး စိုက်ကြည့်နေမိသည်။

ကျောက်ဟုန်မေးက လက်နှစ်ဖက်ကို ဖြန့်ပြလေသည်။ "ဒီကြက်ဥက အဒေါ်ကြီးဆီမှာလည်း တစ်လုံးတည်း ရှိတာ... နင်က နောက်ကျမှ ဆင်းလာတာကိုး"

စောစောက ချန်းရီက ခေါင်မိုးပေါ်မှ ခုန်ဆင်းလာရာ စွန်းချန်းချန်းထက် ခြေတစ်လှမ်း နောက်ကျသွားခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။

ချန်းရီက အဒေါ်ကြီးစွန်းကို မကျေမနပ်ဖြင့် တစ်ချက် ကြည့်လေသည်။

"စိတ်ချပါ... အဒေါ်ကြီးတို့ ယာဉ်တန်းမှာ ကြက်တွေ မွေးထားတယ်... ကြက်ဥသိပ်မရပေမဲ့ အဒေါ်ကြီး ပေးတာမို့ စားလိုက်ပါ"

ပန်းရောင်ဆံပင်နှင့် ကောင်မလေး ကြောင်အမ်းအမ်း ဖြစ်နေသည်ကို မြင်သောအခါ အဒေါ်ကြီးစွန်းက တိုက်ရိုက်ပင် ဆိုလေသည်။

"ဒါနဲ့... နင်တို့ ဦးလေးချူရော ရှိလား"

ချန်းရီက အနောက်ဘက်သို့ လက်ညှိုးထိုးပြသည်။

"အလယ်ခန်းမှာ"

အဒေါ်ကြီးစွန်းက ပျော်ရွှင်စွာဖြင့် ချန်းရီ၏ တင်ပါးကို ရိုက်ကာ ရယ်မောပြောဆိုသည်။

"နင်က တော်တော်တတ်တဲ့ ကောင်လေးပဲ... နောက်တစ်ခေါက် အဒေါ်ကြီး ယူလာခဲ့မယ်"

ချန်းရီမှာ အဒေါ်ကြီးစွန်း၏ အပြုအမူကြောင့် လုံးဝ ကြောင်အမ်းသွားရသည်။

နေပါဦး... ဒီ ပွင့်လင်းလွတ်လပ်တဲ့ အဒေါ်ကြီးက ဒီလောက်တောင် ပွင့်လင်းလွတ်လပ်တာလား။

စွန်းချန်းချန်းက ထိုမြင်ကွင်းကို ကြည့်ရင်း ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ဘဲ ဆောင်းဦးရေပြင်လို ကြည်လင်နေသော မျက်လုံးလေးများက လခြမ်းကွေးလေးများအဖြစ် ပြောင်းလဲသွားသည်အထိ တခစ်ခစ်ရယ်မောနေတော့သည်။

ချန်းရီ "..."

အချိန်က စက္ကန့်သုံးဆယ်ပင် မပြည့်လိုက်ပေ။

ခြံဝင်းငယ်လေး တစ်ခုလုံးတွင် သရဲတစ္ဆေများ ငိုကြွေးနေသလို၊ ဝံပုလွေများ ဟိန်းဟောက်နေသလို အော်သံကြီးများ ထွက်ပေါ်လာလေသည်။

ချူချယ်တစ်ယောက် အဝတ်အစားများ ဖရိုဖရဲဖြင့် အခန်းထဲမှ ခုန်ထွက်လာပြီး သူ၏ အခန်းကို ကြောက်လန့်တကြား လက်ညှိုးထိုးပြနေသည်ကို တွေ့မြင်ရသည်။

"သူ... သူ... သူ"

ချန်းရီက မကောင်းဆိုးဝါး တစ်ကောင်လို ရယ်မောရင်း ချူချယ်၏ ပခုံးကို ပုတ်ပေးလေသည်။

"စိတ်လျှော့ပါ... အဒေါ်ကြီးစွန်းက မနက်စောစောစီးစီး လာတာဆိုတော့ မင်းဆီမှာ ကိစ္စရှိလို့ နေမှာပေါ့"

ချူချယ်က ချန်းရီကို ဒေါသတကြီး စိုက်ကြည့်လေသည်။ သူက အခုလေးတင် အိပ်ရာမှ နိုးလာသည်ဆိုသော်လည်း ဤကိစ္စတွင် ဒီကောင် ချန်းရီက အရှက်ရစရာ အခန်းကဏ္ဍမှ ပါဝင်နေကြောင်းကို သူ သိနေသည်။

စောစောက သူ အကောင်းကြီး အိပ်ပျော်နေစဉ် ရုတ်တရက် အပြုံးပန်းတွေ ဝေဆာနေသော မျက်နှာကြီး တစ်ခုကို တွေ့မြင်ရခြင်း ဖြစ်သည်။

ချူချယ်၏ သရဲတစ္ဆေ ငိုကြွေးသံလို အော်သံကြီးကြောင့် ခြံဝင်းငယ်လေး တစ်ခုလုံးရှိ လူများလည်း နိုးသွားကြလေသည်။

သေချာသည်မှာ ခြံဝင်းငယ်လေးထဲတွင် နေထိုင်သူများအားလုံးက အစွမ်းပိုင်ရှင်များနှင့် သူတို့၏ လက်ထောက်များ ဖြစ်ကြသည်။

ဒေါက်တာကျိုး၊ ရွှီနန်၊ ရှောင်ဖူ စသူတို့ကတော့ ခြံဝင်းထဲတွင် မရှိကြပေ။

နိုမို့ဆိုလျှင် ခြံဝင်းလေးထဲတွင် လူဆံ့မည်ပင် မဟုတ်ချေ။

အဒေါ်ကြီးစွန်းက ချူချယ် အိပ်နေခဲ့သော အခန်းထဲမှ ပျော်ရွှင်ကြည်နူးနေသော မျက်နှာဖြင့် ထွက်လာသည်။

"အစ်ကိုချူ... မနက်က အစ်ကို့အတွက် ဝက်သားနုပ်စဉ်းခေါက်ဆွဲ တစ်ပွဲ လုပ်လာတယ်... စားကြည့်မလား"

အစ်ကိုချူ ဟုတ်လား။

ယခင်က ချူချယ်သည် သူမ၏ အခေါ်အဝေါ်ကို ပြင်ပေးရန် အချိန်မရခဲ့ပေ။ အဓိကအားဖြင့် ရှင်းပြရသည်မှာ အလွန် ရှုပ်ထွေးသောကြောင့် ဖြစ်သည်။

ဒီအခေါ်အဝေါ်က ဒီလိုနဲ့ပဲ အတည်ဖြစ်သွားလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့မိချေ။

စကားအဆုံးတွင် အဒေါ်ကြီးစွန်းက သူမ ယူဆောင်လာသော ခြင်းတောင်းလေးကို ထုတ်ယူလေသည်။

ခြင်းတောင်းထဲမှနေ၍ မွှေးပျံ့နေသော ဝက်သားနုပ်စဉ်းခေါက်ဆွဲ တစ်ပွဲကို ထုတ်ယူလေသည်။

ပန်းကန်ထဲတွင် ကြက်ဥကျက်တဝက်ကြော် နှစ်လုံးပါ ပါသေးသည်။

ဒီအရာကတော့ တကယ်ကို...

ချန်းရီသည် သူ၏ တံတွေးမြိုချသံကိုပင် သူ ပြန်ကြားနေရလေသည်။

ဝက်သားနုပ်စဉ်းခေါက်ဆွဲက သောက်ကျိုးနည်းအောင် စားချင်စရာ ကောင်းနေသည် မဟုတ်ပါလား။

သိထားရမည်မှာ... ယာဉ်တန်းထဲတွင် ပုံမှန်အားဖြင့် ခေါက်ဆွဲပြုတ်လျှင် ရေနွေးကြမ်းဖြင့်သာ ပြုတ်လေ့ရှိကြသည်။

အများဆုံးဆိုလျှင် ဆားအနည်းငယ် ထည့်ကာ ဆလတ်ရွက်များနှင့် အာလူးအနည်းငယ် ထည့်ကြခြင်း ဖြစ်သည်။

ယခုအချိန်တွင် ရိက္ခာသွားရောက်ရှာဖွေပါက အသားအများစုမှာ ပုပ်ဟောင်းနေပြီး ပုံမှန်အတိုင်းပင် မရှိတော့ပေ။

သေချာသည်မှာ ကောင်းစွာ သိမ်းဆည်းထားသော အသားခြောက် အချို့လည်း ရှိသေးသည်။

သို့သော် ထိုကဲ့သို့သော အသားခြောက်မျိုးက တောင်းတ၍ မရနိုင်ဘဲ ကံကောင်းမှသာ ကြုံတွေ့နိုင်သည့် အရာမျိုး ဖြစ်သည်။

ဘေးနားရှိ စွန်းချန်းချန်းကလည်း တံတွေးများကို တိတ်တဆိတ် မျိုချနေမိသည်။

ဒီဝက်သားနုပ်စဉ်းခေါက်ဆွဲ တစ်ပွဲကို သူမလည်း စားချင်နေမိသည်။

ယာဉ်တန်းထဲတွင်တော့ အသားစား ပိုးကောင်များကို စတင် မွေးမြူနေကြပြီ ဖြစ်သည်။

ပထမဆုံးအကြိမ် မွေးမြူခြင်း ဖြစ်သောကြောင့် အနည်းငယ် အတွေ့အကြုံ မရှိသေးသည်လည်း ဖြစ်နိုင်လေသည်။

မိခင်ပိုးကောင် နှစ်ကောင်က ပိုးကောင်ပေါက်လေးများ မွေးဖွားပေးခဲ့ကြသည်။

ထိုပိုးကောင်ပေါက်လေးများ ကြီးထွားလာမှသာ စားစရာ အသားစား ပိုးကောင်များ ရရှိမည် ဖြစ်သည်။

ထို့ကြောင့် သူတို့အားလုံး အသားမစားရသည်မှာ အတော်ကြာပြီ ဖြစ်သည်။

ထယ်ရှီးက ခေါင်မိုးပေါ်တွင် နှာခေါင်းကို ရှုံ့ကာ အနံ့ခံလေပြီး နှာခေါင်းဖျားတွင် မွှေးပျံ့သော အနံ့များ ဝဲပျံနေသည်ဟု ခံစားရကာ နှုတ်ခမ်းများကို လျှာဖြင့် ရူးသွပ်စွာ လျက်နေသည်။

ချူချယ်က ပါးစပ်ကို ဟလိုက်သော်လည်း ဒီခေါက်ဆွဲပန်းကန်ရှေ့တွင် အချို့သော စကားများကို ဘယ်လိုမှ ပြောထွက်မလာတော့ပေ။

နောက်ဆုံးတွင် သူသည် စားပွဲရှေ့၌ အသာတကြည် ထိုင်လိုက်ပြီး ထိုခေါက်ဆွဲပန်းကန်ကို မ ယူရတော့သည်။

ဘာ အားနာတာတွေ၊ ဘာ ယဉ်ကျေးတာတွေလဲ...

အခုအချိန်မှာတော့ ဒါတွေကို ဂရုစိုက်နေလို့ မရတော့ချေ။

အဒေါ်ကြီးစွန်းက ချူချယ်ကို ပြုံး၍ ကြည့်ရင်း သူ့ဘေးတွင် ဝင်ထိုင်လိုက်သည်။

ထိုအမူအရာလေးက...

ချန်းရီက မျက်လုံးများကို ကလဲ့ကစားလုပ်ရင်း ရယ်မောကာ မေးလိုက်သည်။

"အဒေါ်ကြီးစွန်း... ခင်ဗျား ကျွန်တော်တို့ ဦးလေးချူကို သဘောကျနေတာတော့ မဟုတ်ပါဘူးနော်"

ဦးလေးချူ ဟုတ်လား။

ချူချယ်မှာ ချန်းရီ၏ အခေါ်အဝေါ်ကြောင့် ဆက်တိုက် ချောင်းဆိုးသွားလေတော့သည်။

"ဖြည်းဖြည်းစားပါ... ဖြည်းဖြည်းစား... ဘယ်သူမှ လုမစားပါဘူး"

အဒေါ်ကြီးစွန်းက ချူချယ်၏ ကျောကို အလျင်အမြန် ပုတ်ပေးလေသည်။

"နင်က မျက်စိလျှင်သားပဲ... ဟုတ်တယ်... အဒေါ်ကြီးစွန်းက နင်တို့ ဦးလေးချူကို သဘောကျနေတာ"

"အဟွတ်... အဟွတ်"

ဒီစကားတစ်ခွန်းက အနည်းငယ် သက်သာသွားသော ချူချယ်ကို လိပ်ပြာလွင့်မတတ် လန့်သွားစေပြီး အဆက်မပြတ် ချောင်းဆိုးသွားစေတော့သည်။

ခေါက်ဆွဲဖတ် တစ်ဖတ်က သူ့နှာခေါင်းပေါက်ထဲမှ တိုက်ရိုက်ပင် ပန်းထွက်လာသည်။

ဒီတစ်ကြိမ်တွင်တော့ အဒေါ်ကြီးစွန်းက ချူချယ်ကို ကျောပုတ်မပေးတော့ပေ။

ယင်းအစား သူမက ပုံမှန်ကိစ္စတစ်ခုလိုမျိုး ပြောဆိုလေသည်။ "အစ်ကိုချူ... အစ်ကိုလည်း အသက်ငယ်တော့တာ မဟုတ်ဘူးနော်"

"ကျွန်မက ဒီနှစ် ၅၃ နှစ် ပြည့်ပြီ... အစ်ကို့ကို စတွေ့ကတည်းက လူကောင်းတစ်ယောက်လို့ မြင်မိတယ်"

"ကြည့်လေ... အစ်ကိုကလည်း လမ်းပြသူ လမ်းစဉ်... ကျွန်မကလည်း လမ်းပြသူ လမ်းစဉ်ပဲ"

"ကမ္ဘာကြီးကလည်း ဒီလိုအခြေအနေ ဖြစ်နေပြီ... အဆင်ပြေရင် ကျွန်မတို့ အတူတူ နေကြရအောင်... တစ်နေ့ အသက်ရှင်ရလည်း တစ်နေ့စာပေါ့"

"ကျွန်မတို့ ယာဉ်တန်းဘက်မှာလည်း အစွမ်းပိုင်ရှင် သုံးယောက် ရှိတယ်... အစ်ကိုတို့ ယာဉ်တန်းက အစွမ်းပိုင်ရှင်တွေနဲ့ပါ ပေါင်းလိုက်ရင် ကျွန်မတို့ ယာဉ်တန်းရဲ့ အင်အား တော်တော်လေး ကြီးသွားမှာ သေချာတယ်"

"ကျွန်မက ငယ်ငယ်ကတည်းက ပွင့်ပွင့်လင်းလင်း နေတတ်သူပါ... သဘောကျရင် ကျတယ်... မကျရင် မကျဘူးပေါ့"

"ဘာမှ ဖုံးကွယ်ထားစရာ မရှိပါဘူး"

"ဒီနေ့ပဲ ပြတ်ပြတ်သားသား အဖြေပေးပါ... အဆင်ပြေမလား... မပြေဘူးလား"

"အဆင်ပြေရင် အတူတူ နေကြမယ်... ကျွန်မ အခုပဲ ပြောင်းလာခဲ့မယ်"

ချန်းရီ "..."

စွန်းချန်းချန်း "..."

အခန်းထဲမှ အခုလေးတင် ထွက်လာသော တင်းတုံ "..."

ပြာနှမ်းနေသော မျက်နှာဖြင့် ကျိုးရှောင်ရှောင် "..."

အိပ်ရာမှ အခုလေးတင် နိုးလာသော်လည်း ဆွဲဆောင်မှုအပြည့်ရှိနေဆဲဖြစ်သော ရှုလီနာ "..."

လုံးဝ ကြောင်အမ်းနေသော ရှောင်ယွီ "..."

ထယ်ရှီးကတော့ ခေါင်မိုးပေါ်တွင် အိပ်နေဆဲဖြစ်ပြီး နှုတ်ခမ်းများ ဖြူဖျော့သွားသည်အထိ လျက်နေလေသည်။

အဒေါ်ကြီးစွန်းက ဒီလောက်ထိ ပွင့်လင်းလိမ့်မည်ဟု ချန်းရီ ထင်မှတ်မထားခဲ့မိပေ။

သို့သော် တစ်ချိန်တည်းမှာပင် ဒီလို ပွင့်လင်းလွတ်လပ်သော အဒေါ်ကြီးကို သူ အလွန် အထင်ကြီးလေးစားသွားမိသည်။

ဒီအမျိုးသမီးက အသက် ငါးဆယ့်သုံးနှစ် ရှိနေပြီဖြစ်သော်လည်း ပျော်ရွှင်မှုကို ရှာဖွေရန် သတ္တိရှိနေဆဲ ဖြစ်သည်။

ထို့ပြင် အလွန်ကို ပွင့်လင်းမြင်သာလွန်းလှပြီး သဘောကျလျှင် သဘောကျသည်၊ မကျလျှင် မကျဘူးဟု ရှင်းလင်းစွာ ပြောဆိုဝံ့သည်။

ဟန်ဆောင်ပန်ဆောင် လုပ်နေခြင်း မရှိသလို အကောက်ကြံခြင်းမျိုးလည်း မရှိချေ။

သိထားရမည်မှာ... ကမ္ဘာပျက်ကပ် မတိုင်မီက သာမန် အချစ်ရေးတစ်ခု တည်ဆောက်ရန် ဆိုသည်မှာ မည်မျှ ခက်ခဲခဲ့သနည်း။

စွန်းချန်းချန်းမှာလည်း လေးစားအားကျသည့် အမူအရာဖြင့် ဘေးနားရှိ ချန်းရီကို မသိမသာ ခိုးကြည့်မိသည်။ ဒီအကြည့်လေးက အလွန် လျှို့ဝှက်လွန်းလှပြီး သူမမှလွဲ၍ ဒီအကြည့်ထဲမှ အဓိပ္ပာယ်ကို မည်သူမျှ သိနိုင်မည် မဟုတ်ပေ။

"ဖြောင်း... ဖြောင်း... ဖြောင်း"

စွန်းချန်းချန်းက မသိစိတ်ဖြင့် လက်ခုပ်တီးမိသည်။

"အဒေါ်ကြီးစွန်း... တကယ် မိုက်တယ်"

"ဖြောင်း.. ဖြောင်း... ဖြောင်း"

အခြားသူများလည်း လက်ခုပ်လိုက်တီးကြလေသည်။

သူတို့အားလုံးက မိမိ၏ ပျော်ရွှင်မှုကို ရဲဝံ့စွာ ရှာဖွေရဲသော ဒီအသက် ငါးဆယ့်သုံးနှစ်အရွယ် အဒေါ်ကြီးကို လေးစားသွားကြခြင်း ဖြစ်သည်။

ပွင့်ပွင့်လင်းလင်း ရှိလှပြီး လူဒီလောက်များသည့်ရှေ့တွင် မိမိ၏ အတွေးများကို ရဲရဲဝံ့ဝံ့ ထုတ်ပြောရဲပေသည်။

ဒီလို သတ္တိမျိုးက...

ချန်းရီတို့လို လူငယ်တွေပင်လျှင် ဤမျှလောက် ရဲဝံ့ကြမည် မဟုတ်ချေ။

ထို့ပြင် ဤအဒေါ်ကြီးစွန်းက မိမိ၏ အတွေးများကို တိုက်ရိုက် ထုတ်ပြောသော်လည်း လုံးဝ စိတ်အနှောင့်အယှက် ဖြစ်စရာ ခံစားချက်မျိုး မပေးစွမ်းခဲ့ပေ။

ချူချယ်ကတော့ လုံးဝကို ကြောင်အမ်းနေလေပြီ။

အသက် ငါးဆယ့်သုံးနှစ်တဲ့လား။

ဒီအသက်အရွယ်က ငါ့အမေအရွယ်လောက် ရှိနေပြီကို... အခုတော့... ငါ့ကောင်မလေး လုပ်ချင်နေတယ်ပေါ့။

မဟုတ်သေးဘူးလေ... ငါ့ကိုယ်ငါ ဒီရက်ပိုင်း ဆံပင်ကျွတ်တာ များနေတယ်ဆိုတာ သိပေမဲ့ ဒီအဒေါ်ကြီးကတော့ ပါးစပ်ဟလိုက်တာနဲ့ အစ်ကိုကြီး... အစ်ကိုကြီးနဲ့...

ဒါက... အထင်လွဲမှု အကြီးကြီးပဲ။

"မဟုတ်ဘူးလေ... အဒေါ်ကြီးစွန်း... ကျွန်တော်က... ခင်ဗျား အထင်လွဲနေပြီ"

ချူချယ်က ရှင်းပြရန် ဟန်ပြင်လေသည်။

ချန်းရီက ခြေတစ်လှမ်းဖြင့် အရှေ့သို့ တိုးလာကာ ချူချယ်၏ ပါးစပ်ကို တိုက်ရိုက် ပိတ်ထားလေသည်။

ထို့နောက် အဒေါ်ကြီးစွန်းဘက်သို့ လှည့်ကာ ပြုံးဖြီးဖြီးဖြင့် ပြောလေသည်။

"အဒေါ်ကြီး... ဒီကိစ္စက သေးတဲ့ကိစ္စမှ မဟုတ်တာ... ကျွန်တော်တို့ ဦးလေးချူက အချစ်ရေးနဲ့ ပတ်သက်လာရင် တော်တော်လေး အလေးအနက်ထားတတ်တဲ့ သူဆိုတော့... သူ့ကို နှစ်ရက်လောက် စဉ်းစားခွင့်ပေးလိုက်ရင် မကောင်းဘူးလား"

ဆက်ရန်...

All Chapters