← Chapters

အခန်း ၃၇၄

Vol. 19 Ch. 374

အခန်း ၃၇၄

Vol. 19 Ch. 374

အပိုင်း (၃၇၄) ခေါင်းဆောင်ချူ၏ အလှသုံးမြှူဆွယ်သည့် အစီအစဉ်

အဒေါ်ကြီးစွန်း ထွက်သွားသည်အထိ စောင့်နေလိုက်ကြသည်။

ထို့နောက်မှ ချန်းရီက ချူချယ်၏ လက်ကို လွှတ်ပေးလိုက်ပြီး သူ၏ လက်ဝါးထဲမှ ဆီများနှင့် တံတွေးများကို ခေါင်းဆောင်ချူ၏ ကိုယ်ပေါ်သို့ အသာလေး သုတ်ပစ်လိုက်သည်။

ချူချယ်က ချန်းရီကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

"ချန်းရီ... ဒါ မင်း မွှေတဲ့ ကိစ္စပဲ"

ချန်းရီက လုံးဝ ဒေါသမထွက်ဘဲ တဟီးဟီး ရယ်မောနေသည်။

"ခေါင်းဆောင်ချူ... ဒေါသမထွက်ပါနဲ့... ဒါက ကောင်းတဲ့ကိစ္စပါ... မင်း ရဲ့ ဆွဲဆောင်မှု ဘယ်လောက် ကြီးမားလဲဆိုတာကို ပြနေတာပဲလေ"

ဘေးနားရှိ စွန်းချန်းချန်းကမူ ရယ်ချင်စိတ်ကို မနည်းအောင့်အည်းထားရသည်။

တင်းတုံ၏ မျက်နှာကလည်း တစ်မျိုးကြီး ဖြစ်နေသည်။

ကျန်သည့် သူများကတော့ မျက်နှာအမူအရာ မျိုးစုံ ဖြစ်နေကြတော့သည်။

"ဒါက ကောင်းတဲ့ကိစ္စ ဟုတ်လား... အဒေါ်ကြီးစွန်းက ငါ့အမေ အရွယ်လောက်တောင် ရှိနေပြီကွ"

ချူချယ်က အလွန်အမင်း ဒေါသထွက်နေသည်။

ချန်းရီကမူ လေးနက်တည်ကြည်သော မျက်နှာထားဖြင့်...

"ခေါင်းဆောင်ချူ... မင်း အဲဒီလို တွေးတာ မမှန်ဘူးလေ... အသက်ကြီးတော့ရော ဘာဖြစ်လဲ... အသက်ကြီးတဲ့သူက သေဖို့ပဲ ထိုင်စောင့်နေရမှာလား"

"ဒါ့အပြင် အဒေါ်ကြီးစွန်းက အသက်နည်းနည်း ကြီးတာပဲ ရှိတာ... ဘာအပြစ်မှ လုပ်ထားတာ မဟုတ်ဘူးလေ"

"မင်းတို့ နှစ်ယောက်လုံးက လူလွတ်တွေပဲ... ဘာဖြစ်လို့ အတူတူ တွဲနေလို့ မရရမှာလဲ"

"ယောက်ျားကလည်း လူလွတ်... မိန်းမကလည်း လူလွတ်... ဥပဒေနဲ့လည်း မငြိစွန်းဘူး... လူ့ကျင့်ဝတ်နဲ့လည်း မဆန့်ကျင်ဘူး... ဘာများ မှားနေလို့လဲ"

"အသက်ကြီးတဲ့သူတွေကရော ပျော်ရွှင်မှုကို ရှာဖွေပိုင်ခွင့် မရှိတော့ဘူးလား"

"ငါ့အမြင်တော့ အဒေါ်ကြီးစွန်းက တော်တော်လေး ကောင်းပါတယ်... အနည်းဆုံးတော့ သူ့ရဲ့ ပွင့်လင်းတဲ့ စရိုက်လေးကို ငါ သဘောကျတယ်... ကြိုက်ရင် ကြိုက်တယ်... မကြိုက်ရင် မကြိုက်ဘူး... ဘာမှ ဖုံးကွယ်ထားတာမျိုး မရှိဘူး"

"ချန်းရီ... မင်းကိုတော့ ငါ သတ်ရမှ ကျေနပ်မယ်"

"ဝုန်း"

"ဖြည်းဖြည်း လုပ်ပါဟ"

"သေစမ်း... ချူချယ်... မင်း တကယ် လုပ်နေတာလား"

မည်သို့ပင်ဖြစ်စေ ဤမနက်ခင်းတွင်တော့ ခြံဝင်းငယ်လေးမှာ အလွန်တရာ ဆူညံပွက်လောရိုက်နေတော့သည်။

အကယ်၍ ခေါင်းဆောင်ချူသာ ထိပ်ပြောင်မနေခဲ့လျှင် ယခုကဲ့သို့သော လွဲချော်မှုမျိုး ဖြစ်ပေါ်လာမည် မဟုတ်ပေ။

ထိုသေနတ်၏ ဘေးထွက်ဆိုးကျိုးကြောင့် ခေါင်းဆောင်ချူ၏ ခေါင်းပေါ်မှ ဆံပင်များမှာ တစ်နေ့တခြား နည်းပါးလာခဲ့သည်။

မူလက အသက်သုံးဆယ်ပင် မပြည့်သေးသော်လည်း ယခု ကြည့်ရသည်မှာ အနည်းငယ် ရင့်ရော်နေသကဲ့သို့ ဖြစ်နေသည်။

မည်သို့ဆိုစေ ထိပ်ပြောင်ခြင်းဟူသည် မည်သူ့ကိုယ်ပေါ်တွင်မဆို ကျရောက်လာပါက အသက်ကို ဆယ်နှစ်ခန့် အလိုလို ကြီးသွားစေတတ်သည် မဟုတ်ပါလော။

ထို့အပြင် ကမ္ဘာပျက်ကပ်ကြီး ကျရောက်လာပြီးကတည်းက လူတိုင်းကလည်း ပိန်ချုံးနွမ်းနယ်နေကြသည်။

ဥပမာအားဖြင့် ခေါင်းဆောင်ချူဆိုလျှင် တစ်နှစ်ပတ်လုံး လေထဲမိုးထဲတွင် အိပ်ကာစားကာ နေထိုင်ရပြီး မျက်နှာသစ်၊ သွားတိုက်ခြင်းမျိုးပင် ပုံမှန် မလုပ်ဖြစ်သည့်အပြင် မျက်နှာပေါ်သို့ အလှပြင်ပစ္စည်းများလည်း လုံးဝ မလိမ်းကျံခဲ့ပေ။

ရှုလီနာတို့ မိန်းကလေးတစ်သိုက်ကတော့ အနည်းငယ် တော်သေးသည်။ သူတို့သည် ရိက္ခာရှာဖွေရန် ထွက်သွားတိုင်း အလှပြင်ပစ္စည်းများကို တွေ့လျှင် အနည်းအကျဉ်းတော့ ယူဆောင်လာတတ်ကြသည်။

ယန်ကျိုးတွင် ရှိနေစဉ်ကဆိုလျှင် သူတို့သည် တစ်နှစ်ပတ်လုံး သဲကန္တာရထဲတွင်သာ နေထိုင်ခဲ့ကြရသည်။

ဤအချက်များကြောင့် ခေါင်းဆောင်ချူကို သူ၏ မူလအသက်ထက် ဆယ်နှစ်ခန့် ပို၍ အိုမင်းသွားစေခဲ့သည်။

သူက အသက်ငါးဆယ်ကျော်နေပြီဟု ပြောလျှင်ပင် ယုံမည့်သူ သေချာပေါက် ရှိပေလိမ့်မည်။

အချိန်အတော်ကြာပြီးနောက်တွင် ချူချယ်နှင့် ချန်းရီတို့ နှစ်ယောက်လုံး အမောတကောဖြင့် ခုံတန်းပေါ်တွင် ထိုင်ချလိုက်ကြပြီး တစ်ယောက်ကိုတစ်ယောက် ရန်သူများအလား စိုက်ကြည့်နေကြသည်။

ချူချယ်က မတ်တတ်ထရပ်လိုက်သည်။

"မဖြစ်ဘူး... ငါ သွားပြီး ရှင်းပြမှ ရမယ်... ဒီကိစ္စက အထင်လွဲတာ အရမ်းကြီးသွားပြီ"

ချန်းရီက လှောင်ပြုံး ပြုံးလိုက်သည်။

"မင်း အခု သွားရှင်းပြလိုက်ရင် မနက်ဖြန်မနက်အတွက် ဝက်သားခေါက်ဆွဲပြုတ် မစားရဘဲနေမှာပေါ့"

"မင်း..."

ချူချယ်၏ ခြေလှမ်းများ တုံ့ဆိုင်းသွားသည်။

ဝက်သားခေါက်ဆွဲပြုတ် ဆိုပါလား...။

ချန်းရီက ဆက်လက်၍ ပြောလိုက်သည်။

"အိုအေစစ်ရဲ့ လက်ရှိအခြေအနေအရ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာ ခန့်မှန်းရခက်တယ်... အဒေါ်ကြီးစွန်းက ဦးဆောင်ပြီး ယာဉ်တန်းနှစ်ခုကို ပေါင်းစည်းလိုက်မယ်ဆိုရင် အနည်းဆုံးတော့ ဘာမှန်းမသိတဲ့ တခြားယာဉ်တန်းတွေနဲ့ ပေါင်းရတာထက် အများကြီး ပိုကောင်းတယ်"

"တကယ်လို့ တစ်ခုခု ဖြစ်လာခဲ့ရင်တောင် အဒေါ်ကြီးစွန်း ရှိနေရင် စကားပြောရတာ ပိုလွယ်တာပေါ့... အနည်းဆုံးတော့ အခုမှ အပြင်ထွက်ပြီး လူသစ်ရှာရတာထက် ယုံကြည်ရမှုက ပိုမြင့်တယ်လေ"

ချူချယ်က ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

အရူးမဟုတ်လျှင် မည်သူမဆို အိုအေစစ်တွင် ပြဿနာတစ်ခုခု ရှိနေပြီ ဆိုသည်ကို သိကြသည်။

အထူးသဖြင့် လမ်းပြသူများပင် ဖြစ်သည်။

သူကိုယ်တိုင် အန္တရာယ်ရှိနေသည့် ခံစားချက်မျိုးကို ခံစားနေရသလို စွန်းဟုန်မေကလည်း ထိုသို့ ခံစားနေရမည်ဟု သူ ယုံကြည်သည်။

သူမ ယခု ဤနေရာသို့ ရောက်လာခြင်းကလည်း သူနှင့် အတွေးတူနေသောကြောင့် ဖြစ်ပေလိမ့်မည်။

ထို့ပြင် သူမက အချစ်ရူး တစ်ယောက်လို အချစ်တစ်ခုတည်းကိုသာ တွေးနေမည် မဟုတ်သည်မှာတော့ သေချာသည်။

ချန်းရီက လှောင်ပြုံးများဖြင့် ဆက်ပြောလာသည်။

"ဒါ့အပြင် အဒေါ်ကြီးစွန်း ခုနကမှ ပြောသွားသေးတယ်... သူတို့ ယာဉ်တန်းမှာ ကြက်တွေ ရှိတယ်တဲ့... မင်း ခုနက စားလိုက်တဲ့ ကြက်ဥကြော်က သူတို့ယာဉ်တန်းက ကြက်တွေ ဥထားတာပဲ"

"သာမန် ကြက်ဖြစ်နေရင်တောင်မှ ငါတို့ဆီက ရိက္ခာတွေနဲ့ သွားလဲလို့ ရတာပဲ... နောက်ဆိုရင် ကြက်ဥကို မကြာခဏ စားလို့ရပြီပေါ့... ဒါကို မင်း မလိုချင်ဘူးလား"

ဤစကားတစ်ခွန်းက အတိအကျပင် အဆုံးသတ် တိုက်ကွက် ဖြစ်သွားခဲ့သည်။

စွန်းချန်းချန်းနှင့် တင်းတုံတို့ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် အကဲခတ်လိုက်ကြပြီးနောက် တွေဝေနေသော ချူချယ်ကို အလျင်အမြန် ပြန်ဆွဲထားလိုက်ကြသည်။

ချူချယ်၏ မျက်နှာပေါ်တွင် မချိတင်ကဲ ဖြစ်နေသော အမူအရာများ ထင်ဟပ်နေသည်။

စွန်းချန်းချန်းက သူမ၏ လက်ထဲတွင် ပြုတ်ထားသော ကြက်ဥတစ်လုံးကို ကိုင်ထားဆဲဖြစ်ပြီး သူမ၏ မျက်လုံးများက အလွန်အမင်း တောက်ပနေသည်။

"ခေါင်းဆောင်ချူ... ဘယ်လိုပဲဖြစ်ဖြစ် ရက်ပိုင်းလေးပဲ လိုတော့တာပါ... အဒေါ်ကြီးစွန်းနဲ့ အရင်ဆုံး ဆက်ဆံရေး ကောင်းအောင် လုပ်ထားလိုက်ပါ"

"ကျွန်မတို့လည်း အဒေါ်ကြီးစွန်းဆီက ကြက်တွေကို အလကား ယူမှာမှ မဟုတ်တာ... ရိက္ခာတွေနဲ့ လဲမှာပဲဟာ"

တင်းတုံကလည်း အလျင်အမြန် ခေါင်းညိတ်ထောက်ခံလိုက်သည်။

"ဟုတ်တယ်... ဟုတ်တယ်... ခေါင်းဆောင်ချူ... သေချာ စဉ်းစားကြည့်ပါဦး... ဒါတွေ အားလုံးက ယာဉ်တန်းအတွက် ကောင်းဖို့ချည်းပဲလေ"

"ဒီကြက်တွေက အသားပိုးကောင်တွေလို မဟုတ်ဘူး... သေချာ မွေးထားရင် နောက်ဆို နေ့တိုင်း ကြက်ဥ စားရတော့မှာ"

"ကြက်ကနေ ဥဥ... ဥကနေ ကြက်ပြန်ပေါက်... နောက်ဆို စားစရာတွေ အများကြီး ဖြစ်လာတော့မှာ"

"ဒါ့အပြင် ကျွန်မတို့ ယာဉ်တန်းမှာ လူတွေက အများကြီးပဲ... သူတို့ကို ကြက်စာ သွားရှာခိုင်းလိုက်ရင် လူတော်တော်များများလည်း အလုပ်ရသွားတာပေါ့"

"ဟုတ်တယ်... ဟုတ်တယ်..."

ဘေးနားရှိ လူများကလည်း တစ်ယောက်တစ်ပေါက် ဝင်ရောက် ထောက်ခံနေကြသည်။

ရှုလီနာနှင့် ကျိုးရှောင်ရှောင်တို့ ကိုယ်တိုင်ပင် ထိုစကားများကြောင့် အနည်းငယ် သွေးဆောင်ခံလိုက်ရသည်။

သူတို့၏ စကားများကြောင့် ချူချယ်မှာ ခေါင်းမူးနောက်သွားတော့သည်။

"တော်ကြတော့... တော်ကြတော့... မင်းတို့တွေက... မင်းတို့တွေက ချန်းရီဆီကနေ အကုန် သင်ထားကြတာလား... ဘာဖြစ်လို့ ဒီလောက်တောင် အရှက်မရှိ ဖြစ်နေကြရတာလဲ"

မည်သို့ပင်ဆိုစေ ခေါင်းဆောင်ချူ မည်မျှပင် ကန့်ကွက်နေပါစေ၊ ဤကိစ္စကိုတော့ ဤအတိုင်းပင် ဆုံးဖြတ်လိုက်ကြပြီ ဖြစ်သည်။

အလှသုံးမြှူဆွယ်သည့် အစီအစဉ်ကို စတင် အကောင်အထည် ဖော်လိုက်တော့သည်။

ထိုအစီအစဉ်တွင် မြှူဆွယ်မည့် အလှရှင်မှာ အခြားသူမဟုတ်ဘဲ ချူချယ် ကိုယ်တိုင်ပင် ဖြစ်နေချေတော့သည်။

မည်သို့ပင်ဖြစ်စေ အဒေါ်ကြီးစွန်းဆီမှ ကြက်များကို လဲလှယ်သည့်အခါ အလကား သက်သက် ယူ၍ မရနိုင်ဘဲ ရိက္ခာပစ္စည်းများနှင့် လဲလှယ်ရမည်သာ ဖြစ်သည်။

ယာဉ်တန်း အများအပြား၏ လက်ထဲတွင် ကောင်းမွန်သော ပစ္စည်းအချို့ ရှိနေသေးသည်။

သို့သော် ထိုပစ္စည်းများကို ဆန်းယွဲ့လမ်းနှင့် အရှေ့တံခါးလမ်းမကြီးပေါ်တွင် သွားရောက် လဲလှယ်ရန်ကိုမူ သူတို့ နှမြောနေကြဆဲ ဖြစ်သည်။

ခေါင်းဆောင်ချူနှင့် အဒေါ်ကြီးစွန်းတို့၏ ဆက်ဆံရေးကို အသုံးချမှသာ ထိုပစ္စည်းများကို လဲလှယ်နိုင်မည့် အခွင့်အရေး ရှိပေလိမ့်မည်။

...

အိုအေစစ် မြို့တော်၏ လေထုမှာ တစ်နေ့တခြား ထူးဆန်းကျောချမ်းဖွယ် ကောင်းလာသည်။

လမ်းမပေါ်တွင် သိကျွမ်းသူ နှစ်ဦး ဆုံမိလျှင်ပင် အကြည့်ချင်း ဖလှယ်ရုံမှလွဲ၍ ဘာစကားမှ မပြောကြတော့ပေ။

အစပိုင်းက စည်းဝါးလွတ် ကားပြိုင်ပွဲ၏ အရှိန်အဝါအောက်တွင် နစ်မျောနေခဲ့ကြသော သာမန် ပြည်သူများပင် အခြေအနေ တစ်ခုခု မှားယွင်းနေပြီ ဆိုသည်ကို သတိထားမိလာကြသည်။

အစောပိုင်းက စည်ကားသိုက်မြိုက်နေခဲ့သော ပွဲတော် လေထုမှာလည်း လျင်မြန်စွာ အေးစက်သွားခဲ့ပြီ ဖြစ်သည်။

အင်းဆိုင် တံခါးဝတွင်။

ယူကိုသည် တံခါးဝတွင် ရပ်ကာ လမ်းမကြီး၏ အဆုံးထိ လှမ်းမျှော်ကြည့်နေသည်။

မိန်းကလေး၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက် ကင်းမဲ့နေသော အရိပ်အယောင်များ ပိုမို ထင်ဟပ်လာခဲ့သည်။

ရက်အနည်းငယ်မျှ အချိန်အတွင်းမှာပင် ချန်းရီ သူမကို အရင်က တွေ့ခဲ့စဉ်ကထက်စာလျှင် မိန်းကလေးမှာ သိသိသာသာ ပိန်ချုံးသွားခဲ့လေပြီ။

မူလက ပြည့်ဖောင်းနေခဲ့သော ပါးပြင်လေးမှာလည်း အနည်းငယ် ချိုင့်ဝင်နေသည်။

ဤမျက်နှာလေးသည် အင်တာနက်ပေါ်တွင်ဆိုလျှင် ပရိသတ် သန်းချီ၍ ရရှိနိုင်လောက်အောင် ချစ်စရာကောင်းသော မျက်နှာလေး ဖြစ်ပါလျက်။

ယခုအခါတွင်မူ အလွန်တရာ ဆင်းရဲဒုက္ခ ရောက်နေသည့် အသွင်ပေါ်နေလေသည်။

ပြီးခဲ့သော အကြိမ်က သူမသည် အလွန်ကြီးမားသော အန္တရာယ်ကို စွန့်စား၍ ထိုစာကို ပေးပို့ခဲ့သည်။

ထိုအမျိုးသားက သူမ၏ စာကို လျစ်လျူရှုထားမည်ဟု သူမ မတွေးမိခဲ့သည်တော့ မဟုတ်ပေ။

သို့သော် သူမသည် နောက်ဆုံး မျှော်လင့်ချက်လေး တစ်ခုကို ဖက်တွယ်ကာ ဤကိစ္စကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် ရလဒ်ကတော့...

ရက်အတော်များများ ကြာသွားခဲ့ပြီ ဖြစ်သည်။

မည်သည့် တုံ့ပြန်မှုမှ ရရှိမလာခဲ့ချေ။

ထိုအမျိုးသားကလည်း အင်းဆိုင်သို့ ထပ်မံ ရောက်ရှိလာခြင်း မရှိတော့ပေ။

အင်းဆိုင်၏ ဝန်ထမ်းတစ်ဦး ဖြစ်နေသည့်အတွက် ယူကို၏ ခံစားချက်က အခြားသူများထက် ပို၍ သိသာ ထင်ရှားနေသည်။

အင်းဆိုင်ထဲရှိ ဝန်ထမ်းများထဲတွင် ပုံမှန်မဟုတ်သော အခြေအနေများ တစ်နေ့တခြား ပိုများလာသည်။

ထိုသူတို့၏ မျက်နှာပေါ်တွင် အတုအယောင် အပြုံးများကို ဆင်မြန်းထားကြပြီး ညဘက် အိပ်ချိန်များတွင်လည်း ကုတင်ပေါ်တွင် လှဲလျောင်းကာ မိုးလင်းသည်အထိ မျက်လုံးကြီးများ ပြူး၍ နေတတ်ကြသည်။

နေ့ဘက် ရောက်သည့်အခါတွင်မူ သူတို့နှင့် အတူတကွ အလုပ်လုပ်ကြသည်။

အရာအားလုံးက မည်သို့မျှ ထူးခြားမှု မရှိသကဲ့သို့ ပုံမှန်အတိုင်းပင် ဖြစ်နေသည်။

သို့သော် ထိုသူများသည် မူလက သူမ သိကျွမ်းခဲ့သော လူများ မဟုတ်တော့ပြီ ဆိုသည်ကိုတော့ သူမ ကောင်းကောင်း သိထားသည်။

မနေ့ကစပြီး သူမ၏ သူငယ်ချင်းကောင်း ကိုယ်တိုင်ပင်လျှင် သူတို့ထဲသို့ ရောက်ရှိသွားကာ ထိုအဖွဲ့ဝင် တစ်ဦး ဖြစ်သွားခဲ့လေပြီ။

ဤနေရာမှ သူမ ထွက်မသွားချင်သည်တော့ မဟုတ်ပေ။

သို့သော် ထွက်ပြေးရန် ကြိုးစားသည့် အကြိမ်တိုင်းတွင် လူများ၏ ဖမ်းဆီးခြင်းကိုသာ ခံခဲ့ရသည်။

ယူကို အလွန် ကြောက်လန့်နေမိသည်။

တစ်နေ့တခြား ပို၍ပင် ကြောက်လန့်လာခဲ့မိတော့သည်။

......

တရားမျှတရေး ယာဉ်တန်းနှင့် ဟုန်မေ့ ယာဉ်တန်းမှ အစွမ်းပိုင်ရှင်များသည် နောက်ဆုံးတွင် တွေ့ဆုံသွားခဲ့ကြပြီ ဖြစ်သည်။

ချန်းရီ မျှော်လင့်မထားခဲ့သည့် အရာမှာ အဒေါ်ကြီးစွန်း၏ ယာဉ်တန်းမှ အစွမ်းပိုင်ရှင် သုံးဦးသည် တကယ်တမ်းတွင် သူတို့ ဖြစ်နေလိမ့်မည်ဟုပင် ဖြစ်သည်။

အဒေါ်ကြီးစွန်း တစ်ယောက် ဤမျှအထိ နှိမ့်ချနေထိုင်လိမ့်မည်ဟု မည်သူကများ ထင်မှတ်ထားခဲ့မိမည်နည်း။

ဆက်ရန်...

All Chapters