← Chapters

အခန်း ၃၇၆

Vol. 19 Ch. 376

အခန်း ၃၇၆

Vol. 19 Ch. 376

အပိုင်း(၃၇၆) ဥဩသံ

ဤသို့ဖြင့် အဒေါ်ကြီးစွန်း၏ ယာဉ်တန်းနှင့် တရားမျှတရေး ယာဉ်တန်းတို့ အချင်းချင်း ရင်းနှီးသွားကြတော့သည်။

ခေါင်းဆောင်ချူကလည်း တရားမျှတရေး ယာဉ်တန်းထဲရှိ လူတစ်ယောက်ချင်းစီကို မိတ်ဆက်ပေးလိုက်သည်။

အဒေါ်ကြီးစွန်း ယာဉ်တန်း၏ အမည်မှာ "ပျော်ရွှင်သော မိသားစု" ဖြစ်သည်။

ယာဉ်တန်းတစ်ခုလုံးတွင် လူသုံးဆယ်ကျော်ခန့်သာ ရှိသည်။

လူတစ်ရာကျော်ရှိသော တရားမျှတရေး ယာဉ်တန်းနှင့် နှိုင်းယှဉ်လျှင် အသေးစား ယာဉ်တန်းလေးတစ်ခုဟု ဆိုနိုင်သည်။

သို့သော် ယာဉ်တန်း၏ လေထုကတော့ မဆိုးလှပေ။

လူတိုင်းကို အံ့အားသင့်စေခဲ့သည့် အချက်မှာ အဒေါ်ကြီးစွန်း၏ ယာဉ်တန်းက ကြက်အကောင် နှစ်ဆယ်ကျော်ခန့် မွေးမြူထားခြင်းပင် ဖြစ်သည်။

အကောင် နှစ်ဆယ်ကျော်တဲ့လား။

ယခုအချိန်သည် ကမ္ဘာပျက်ကပ် ကာလဖြစ်ကြောင်း သတိရရမည်။

အကောင်နှစ်ဆယ်ကျော် ဆိုသည်ကို ထားလိုက်ဦး။

သာမန်ယာဉ်တန်းများအတွက် ကြက်နှစ်ကောင်၊ သုံးကောင်ခန့် မွေးမြူရန်ပင် အလွန် ခက်ခဲလှသည်။

အမြဲတစေ ရွှေ့ပြောင်းသွားလာနေရသော ဘဝများက လူသားတို့၏ ထုတ်လုပ်မှု လုပ်ငန်းစဉ်များအတွက် အလွန် ကြီးမားသော စိန်ခေါ်မှုကြီး တစ်ရပ် ဖြစ်စေခဲ့သည်။

တရားမျှတရေး ယာဉ်တန်းကလည်း ယခင်က အသားဓာတ် ဖြည့်ဆည်းနိုင်ရန်အတွက် မွေးမြူရေးအချို့ လုပ်ဆောင်ရန် စဉ်းစားခဲ့ဖူးသည်။

ပထမအချက်မှာ ထိုအရာများကို ရှာဖွေရန် မလွယ်ကူခြင်း ဖြစ်သည်။

ဒုတိယအချက်မှာ မိမိတို့ပင် ဝမ်းဝအောင် မစားရချိန်တွင် အိမ်မွေးတိရစ္ဆာန်များကို အစာကျွေး မွေးမြူရန်ဆိုသည်မှာ အမှန်တကယ် လက်တွေ့မကျသောကြောင့် ဖြစ်သည်။

တတိယအချက်မှာ ယာဉ်တန်းထဲတွင် တိရစ္ဆာန်မွေးမြူရေး လမ်းစဉ် ပါဝင်ခြင်း မရှိသောကြောင့်ပင်။

သေချာ လေ့လာစုံစမ်းကြည့်ပြီးနောက်မှသာ ဤကြက်များ အသက်ရှင်သန်နိုင်ပြီး ယခုလို ဘဝမျိုးနှင့် အသားကျနေခြင်းမှာ အကြောင်းရင်း ရှိနေကြောင်း သိလိုက်ရသည်။

အရာအားလုံးက ပိုးကောင်မွေးမြူသူ လမ်းစဉ်ကြောင့်ပင် ဖြစ်သည်။

ပိုးကောင်မွေးမြူသူက တိရစ္ဆာန်မွေးမြူရေး လမ်းစဉ် မဟုတ်သော်လည်း သာမန်လူများ နားလည်ရန် ခက်ခဲသည့် ပိုးမွှားများနှင့် နက်ရှိုင်းသော ဆက်နွှယ်မှုမျိုး ရှိနေသည်။

လူကြောက်တတ်သော ပိုးကောင်မွေးမြူသူ၏ အဆိုအရ သူသည် ပိုးတောင်မာ အမျိုးအစားတစ်မျိုးကို ပျိုးထောင်ထားပြီး ထိုပိုးကောင်များကို ကြက်စာအဖြစ် ဖြည့်စွက် ကျွေးမွေးနိုင်ကြောင်း သိရသည်။

နေ့စဉ် ကြက်များကို ထိုပိုးကောင် အနည်းငယ် ကျွေးမွေးပေးခြင်းဖြင့် ကြက်များ၏ ကျန်းမာရေးကို တိုးတက်စေကာ ဥဥနှုန်းကို မြင့်တက်စေပြီး ရွှေ့ပြောင်းသွားလာရသည့် ဘဝနှင့်လည်း အသားကျစေသည်။

ထို့အပြင် ထိုပိုးကောင်များ၏ မျိုးပွားနှုန်းမှာလည်း အလွန် အံ့မခန်း ဖြစ်ပေသည်။

ကြက်တစ်ကောင်အတွက် ထိုပိုးကောင် အကောင်တစ်ရာခန့်သာ လိုအပ်ပြီး ဂေဟစနစ် မျှတမှုကို ရရှိစေနိုင်သည်။

ထိုပိုးကောင်များကို မွေးမြူရသည့် နည်းလမ်းမှာလည်း အလွန် လွယ်ကူရိုးရှင်းလှသည်။

သာမန် ပိုးစာကောင်များ မွေးမြူသည့် နည်းလမ်းအတိုင်း မွေးမြူရုံသာ ဖြစ်သည်။

နေ့စဉ် မနက်တိုင်း လတ်ဆတ်သော သစ်ရွက်များကို အစာအဖြစ် ကျွေးမွေးရသည်။

သေချာသည်မှာ ထိုအစာကျွေး ပိုးကောင်များက ပိုးစာရွက်ကိုသာ စားသုံးခြင်း မဟုတ်ပေ။

လတ်ဆတ်နုနယ်သော သစ်ရွက်များစွာကိုလည်း စားသုံးနိုင်ကြသည်။

ထို့အပြင် ယာဉ်တန်းက နေ့စဉ် သာမန်လူများကို ပိုးကောင်အချို့ ရှာဖွေခိုင်းပြီး ကြက်များကို ကျွေးမွေးစေသည်။

ပိုးကောင်မွေးမြူသူက မှတ်စုစာအုပ် တစ်အုပ်ဖြင့်ပင် သီးသန့် မှတ်တမ်းတင်ထားသေးသည်။

မည်သည့် ပိုးကောင်များကို ကြက်စာအဖြစ် ကျွေးနိုင်ပြီး မည်သည့် ပိုးကောင်များတွင် အဆိပ်ပြင်းထန်သဖြင့် မကျွေးသင့်ကြောင်း ရေးမှတ်ထားခြင်း ဖြစ်သည်။

ချန်းရီတို့ လူစုက အဒေါ်ကြီးစွန်း ယာဉ်တန်းထဲရှိ ကြက်များသည် အမှန်တကယ်ပင် သာမန်နှင့် မတူဘဲ ကွဲပြားနေကြောင်း သတိထားမိလိုက်ကြသည်။

အနည်းဆုံးတော့ ခန္ဓာကိုယ် အရွယ်အစားမှာ အခြားကြက်များထက် များစွာ ပိုမို ကြီးမားနေသည်။

အဒေါ်ကြီးစွန်း၏ ကြက်များသည် ယာဉ်တန်းထဲတွင် ထူးခြားဆန်းကြယ်သော ဂေဟစနစ် မျှတမှု တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

လူများက မနက်ခင်းတွင် သစ်ရွက်များ ခူးဆွတ်၍ အစာကျွေး ပိုးကောင်များကို ကျွေးမွေးကြသည်။

ထိုပိုးကောင်များက မျိုးပွားပြီး ကြက်များကို ပြန်လည် ကျွေးမွေးသည်။

ထိုကြက်များက ဥများကို အုပြီး ထိုကြက်ဥများကို လူများက စားသုံးကြခြင်း ဖြစ်သည်။

ချန်းရီတို့ လူစုမှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြသည်။

တကယ်ကို ခေါင်းဆောင်ချူ၏ ပေးဆပ်မှုက အရာထင်ခဲ့ပြီ ဖြစ်သည်။

မကြာသေးမီက ခေါင်းဆောင်ချူနှင့် အဒေါ်ကြီးစွန်းတို့၏ ဆက်ဆံရေး ပိုမို ကောင်းမွန်လာခြင်းသာ မရှိခဲ့လျှင်...

ချန်းရီတို့အနေဖြင့် အဒေါ်ကြီးစွန်း၏ ယာဉ်တန်းတွင် ဤကဲ့သို့သော ကိစ္စမျိုး ရှိနေမည်ကို လုံးဝ သိနိုင်မည် မဟုတ်ပေ။

မည်သို့ပင်ဆိုစေ ယခုအချိန်က ကမ္ဘာပျက်ကပ် ကာလကြီး မဟုတ်ပါလော။

လူတိုင်းတွင် ပစ္စည်းကောင်းများ ရှိနေပါက သူတစ်ပါး လောဘတက်မည်ကို စိုးရိမ်သဖြင့် တိတ်တဆိတ် ဖုံးကွယ်ထားတတ်ကြစမြဲပင်။

သင့်ထံတွင် ပစ္စည်းကောင်း ရှိနေမှန်း သိသွားပါက သူတစ်ပါးထံမှ မကောင်းဆိုးဝါး စိတ်ကူးများ ပေါ်ထွက်မလာနိုင်ကြောင်း မည်သူက အာမခံနိုင်မည်နည်း။

ယခင်က မိုဟိုင်ရမ် ဆိုသည်မှာ သက်သေသာဓကပင် ဖြစ်ကြောင်း သတိရရမည်။

နောက်ဆုံးတွင်တော့ တရားမျှတရေး ယာဉ်တန်းက ပြီးပြည့်စုံသည့် မျိုးစေ့ အချို့ကို ထုတ်ယူကာ အဒေါ်ကြီးစွန်းထံမှ ကြက်များနှင့် အစာကျွေး ပိုးကောင်များကို လဲလှယ်လိုက်ကြသည်။

အာလူးနှင့် ဆလတ်ပင် ဟူသော ပြီးပြည့်စုံသည့် မျိုးစေ့ နှစ်မျိုးကို...

အဒေါ်ကြီးစွန်းက အလွန် ဝမ်းမြောက်ဝမ်းသာဖြင့် လဲလှယ်ပေးခဲ့သည်။

သို့သော် နှစ်ဖက် လဲလှယ်မည့် အချိုးအစားနှင့် ပတ်သက်၍ အနည်းငယ် ငြင်းခုံခဲ့ကြရသည်။

သို့တိုင်အောင် အဒေါ်ကြီးစွန်း၏ စိတ်သဘောထားက အလွန် ကောင်းမွန်လှသည်။

နှစ်ဖက် အရောင်းအဝယ် လုပ်ကြချိန်တွင် အဒေါ်ကြီးစွန်းက သူမ၏ အခွင့်အရေးအတွက် အပြင်းအထန် ငြင်းခုံခဲ့သည်။

သို့သော် အရောင်းအဝယ် ပြီးဆုံးသွားချိန်တွင်မူ ဘာမှ မဖြစ်ခဲ့သကဲ့သို့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။

ယခင်က ခေါင်းဆောင်ချူနှင့် မျက်နှာကြီးနီရဲသည်အထိ ငြင်းခုံနေခဲ့သူမှာ သူမ မဟုတ်ဘဲ အခြားလူတစ်ယောက်အလားပင်။

နောက်ဆုံး၌ တရားမျှတရေး ယာဉ်တန်းက ကြက်မ လေးကောင်နှင့် ကြက်ဖ တစ်ကောင်ကို ရရှိခဲ့သည်။

ထို့အပြင် ပိုးကောင်မွေးမြူသူ ပျိုးထောင်ထားသော အစာကျွေး ပိုးကောင် အကောင်ငါးရာကိုပါ ရရှိလိုက်သည်။

အဒေါ်ကြီးစွန်း၏ ယာဉ်တန်းကမူ အရည်အသွေးမီသော ပြီးပြည့်စုံသည့် မျိုးစေ့ စုစုပေါင်း တစ်ပြည်ကျော်ခန့်ကို ရရှိသွားခဲ့သည်။

အဒေါ်ကြီးစွန်း၏ ဈေးဆစ်သည့် စွမ်းရည်က အလွန် အစွမ်းထက်လှကြောင်း ဝန်ခံရပေမည်။

တရားမျှတရေး ယာဉ်တန်းဘက်တွင် ခေါင်းဆောင်ချူ တစ်ယောက်တည်းကသာ အဒေါ်ကြီးစွန်းနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်။

အခြားလူများမှာမူ အဒေါ်ကြီးစွန်း၏ ပြိုင်ဘက် လုံးဝ မဟုတ်ကြချေ။

ထို့အတွက်ကြောင့် တင်းတုံမှာ အလွန် မကျေမနပ် ဖြစ်နေရသည်။

အရည်အသွေးမီသော အာလူးနှင့် ဆလတ်ပင် တစ်ပင်ချင်းစီတိုင်းသည် သူမ၏ သွေးချွေးများ ရင်းနှီးထားရခြင်း ဖြစ်ကြောင်း သတိရရမည်။

ယခုအခါ ဤအမျိုးသမီးမှာ ထိုမျိုးစေ့များနှင့်အတူ နေ့စဉ် တွဲဖက် နေထိုင်ချင်နေတော့သည်။

သေချာသည်မှာ အရောင်းအဝယ် အောင်မြင်သွားသည့်အပေါ် အနည်းငယ် နှမြောတသ ဖြစ်မိသော်လည်း သူမသည် နာကျင်မှုကို မြိုသိပ်ကာ သဘောတူ လက်ခံလိုက်ခြင်းပင်။

အသစ် လဲလှယ်ရရှိလာသော ကြက်များကို ယနေ့မှစ၍ ရှောင်ဖူက အပြည့်အဝ တာဝန်ယူ စောင့်ရှောက်ရမည် ဖြစ်သည်။

နောက်ဆုံးတွင် အမရှန်၏ အကြံပြု တောင်းဆိုချက်အရ ကားနံပါတ် ခြောက်၏ နောက်ဘက်၌ ကြက်ခြံတစ်ခု ဆောက်လုပ်ရန် ဆုံးဖြတ်လိုက်ကြသည်။

နေ့စဉ် အမရှန် ဦးဆောင်သော လူအချို့က ကြက်များကို တာဝန်ယူ ကျွေးမွေးရမည် ဖြစ်သည်။

ယခင်က အသားပိုးကောင်များကိုလည်း ယခုအခါ ကားနံပါတ် ခုနစ်၏ နောက်ဘက်သို့ ပြောင်းရွှေ့လိုက်ကြသည်။

ယာဉ်တန်း၏ ပိုင်ဆိုင်မှုများ တိုးပွားလာသည့်အတွက် မပျော်ရွှင်သူဟူ၍ တစ်ဦးတစ်ယောက်မျှ မရှိပေ။

မည်သို့ပင်ဆိုစေ အစားအစာ ရွေးချယ်စရာ နောက်ထပ် တစ်မျိုး တိုးလာခြင်း ဖြစ်သည် မဟုတ်ပါလော။

ဤကြက်များသည် မျိုးရိုးဗီဇ ပြုပြင်ထားသော မျိုးစိတ်များ မဟုတ်သဖြင့် ကြီးထွားနှုန်းမှာလည်း အတော်လေး နှေးကွေးလှသည်။

သို့သော် ထိုကြက်များ၏ မျိုးပွားနှုန်းမှာမူ သာမန်ကြက်များနှင့် သိပ်မကွာခြားလှပေ။

နောက်ထပ် ခြောက်လ၊ တစ်နှစ်ခန့် ကြာလာလျှင် ဤကြက်ငါးကောင်မှ အကောင်တစ်ရာအထိ တိုးပွားလာနိုင်ချေ ရှိပေသည်။

ထိုအချိန်သို့ ရောက်လျှင် ယာဉ်တန်း၏ အစားအစာ ပြတ်လပ်မှု အကျပ်အတည်းကို ကြီးမားစွာ ဖြေရှင်းပေးနိုင်မည်မှာ သေချာလှသည်။

ထိုအခါ နေ့စဉ် လူသူကင်းမဲ့သော တားမြစ်နယ်မြေများသို့ သွားရောက်ကာ ရိက္ခာရှာဖွေရန် စဉ်းစားနေစရာ လိုတော့မည် မဟုတ်ပေ။

ချန်းရီက ကားနံပါတ် ခြောက်နှင့် ခုနစ်တို့၏ နောက်ဘက်တွင် ခြံများ တပ်ဆင်နေကြသော အသက်ရှင်ကျန်ရစ်သူ အချို့ကို ကြည့်ရင်း မေးစေ့ကို ပွတ်သပ်နေကာ သူ၏ မျက်ဝန်းများမှာလည်း တလက်လက် တောက်ပနေသည်။

"ခေါင်းဆောင်ချူ... အိုအေစစ်ဘက်မှာ စိုက်ပျိုးရေး စခန်းတစ်ခု ရှိတယ်လို့ ကြားတယ်... အဲဒီမှာ ပြီးပြည့်စုံတဲ့ မျိုးစေ့တွေ အများကြီး ရှိတဲ့ပုံပဲ"

ချန်းရီ ထိုသို့ ပြောသည်ကို ကြားလိုက်ရသောအခါ...

ခေါင်းဆောင်ချူ၏ မျက်နှာမှာ စိမ်းကားသွားပြီး "ချန်းရီ... ငါ မင်းကို သတိပေးလိုက်မယ်... အိုအေစစ်ကို သွားပြီး မဆင်မချင်မလုပ်နဲ့"

"စိုက်ပျိုးရေး စခန်းဘက်မှာ နေ့တိုင်း အစွမ်းထက်တဲ့ လမ်းစဉ်ပိုင်ရှင်တွေက အစောင့်အကြပ် ချထားတာ"

"မင်းက စည်းဝါးလွတ် ကားပြိုင်ပွဲမှာ နိုင်လိုက်တာနဲ့ ငါတို့ ယာဉ်တန်းက နံပါတ်တစ် ဖြစ်သွားပြီလို့ ထင်နေတာလား"

"ငါတို့ရဲ့ အခု လက်ရှိ တာဝန်က ဒီနေရာကနေ အန္တရာယ်ကင်းကင်း ထွက်ခွာသွားနိုင်ဖို့ပဲ"

"တခြား အပို ပြဿနာတွေ မရှာတာ အကောင်းဆုံးပဲ"

ချန်းရီက တဟီးဟီး ရယ်မောလိုက်ပြီး ခေါင်းဆောင်ချူ၏ စိုးရိမ်နေသော ပုံစံကို ကြည့်ကာ အလျင်အမြန် လက်ကာပြလိုက်သည်။

"ခေါင်းဆောင်ချူ... ဒီတိုင်း ပြောကြည့်ရုံပါ... ခေါင်းဆောင်ကလည်း စိုးရိမ်လွန်းနေပြီ"

"ဒါပေမဲ့ အိုအေစစ် စိုက်ပျိုးရေး စခန်းမှာ မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ စပါးမျိုးစေ့တွေ ရှိတယ်လို့ ကြားထားတယ်"

"ဟဲဟဲ... စိတ်ချပါ... မကောင်းတဲ့ အကြံအစည်တွေ လုံးဝ မတွေးပါဘူး"

"ကိုယ်နဲ့ မသက်ဆိုင်တဲ့ ပစ္စည်းဆို လုံးဝ မလိုချင်ပါဘူး"

"အင်း... နေ့တိုင်း ထမင်းဖြူလေး စားရမယ်ဆိုရင် နတ်စည်းစိမ်နဲ့တောင် လဲနိုင်မှာ မဟုတ်ဘူး"

"မင်း..."

ခေါင်းဆောင်ချူမှာ ချန်းရီ၏ ပြောင်းပြန် ပြောစကားများကြောင့် ဒေါသထွက်ကာ ဘာပြန်ပြောရမှန်းပင် မသိတော့ချေ။

ယာဉ်တန်းထဲရှိ ဤလူယုတ်မာများမှာ တစ်ယောက်မှ အလွယ်တကူ ကိုင်တွယ်ရမည့်သူများ မဟုတ်ကြပေ။

သူ၏ ယာဉ်တန်း ခေါင်းဆောင်ဘဝမှာလည်း အမှန်တကယ်ပင် ပင်ပန်းဆင်းရဲလှသည်။

သို့သော် အိုအေစစ် စိုက်ပျိုးရေး စခန်းတွင် မျိုးရိုးဗီဇ ပြုပြင်ထားသော စပါးမျိုးစေ့များ ရှိနေကြောင်း ကြားလိုက်ရသဖြင့် ခေါင်းဆောင်ချူ ကိုယ်တိုင်လည်း နှုတ်ခမ်းကို သပ်လိုက်မိသည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ယာဉ်တန်းတွင် စားသောက်နေရသည်များမှာ စည်းဝါးလွတ် ကားပြိုင်ပွဲမှ အနိုင်ရရှိခဲ့သော သက်တမ်းမလွန်သေးသည့် ဆန်နှင့် ဂျုံမှုန့်များပင် ဖြစ်သည်။

ယခင်က နေ့စဉ် စားသောက်နေကျ အစားအစာများ ဖြစ်သော်လည်း...

ဤရက်ပိုင်းအတွင်း အလွန်တရာ အရသာရှိလှသည်ဟု ခံစားနေရသည်။

ယခုအချိန်တွင် ခေါင်းဆောင်ချူကို သက်တမ်းလွန်ပြီး အနံ့အသက်များ ရောနှောနေသော အစားအစာများကို ပြန်လည် စားသောက်ခိုင်းပါက လည်ချောင်းမှ မျိုချနိုင်ရန်ပင် ခဲယဉ်းနေပေလိမ့်မည်။

"ခေါင်းဆောင်ချူ... ဆရာချန်း... အသားပိုးကောင်တွေ... အသားပိုးကောင်တွေ စားလို့ရပြီ"

ချန်းရီ မကောင်းသော အကြံအစည်များ စဉ်းစားနေချိန်မှာပင်...

ရွှီနန်က သတင်းကောင်းကို သူတို့နှစ်ဦးထံ လာရောက် ပြောကြားခဲ့သည်။

"တကယ်လား... သွားကြည့်ရအောင်"

အသားပိုးကောင်များ စားသုံး၍ ရပြီဖြစ်ကြောင်း သတင်းက အဖွဲ့တစ်ဖွဲ့လုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

တင်းတုံ၊ စွန်းချန်းချန်းနှင့် ထယ်ရှီး တို့လည်း သတင်းကြားပြီး ရောက်ရှိလာကြသည်။

ကားနံပါတ် ခုနစ်၏ နောက်ဘက်တွင် လှောင်အိမ် အတော်များများ ရှိနေသည်။

ထိုအထဲမှ အကြီးဆုံး လှောင်အိမ်ထဲတွင် အလွန် ဝဖြိုးနေသော အသားပိုးကောင် သုံးကောင်ကို ထည့်လှောင်ထားသည်။

၎င်းတို့မှာ ယခင်က ဓားသွေးသမား လမ်းစဉ် ပိုင်ရှင်ထံမှ လဲလှယ်ယူလာခဲ့ခြင်း ဖြစ်သည်။

ထိုစဉ် ယူဆောင်လာခဲ့ချိန်က ဤအသားပိုးကောင် သုံးကောင်မှာ အနည်းငယ် ပိန်လှီနေပုံပေါ်ခဲ့သည်။

ယခုအခါ အခြေအနေ များစွာ ကောင်းမွန်နေပြီး ပိုးကောင် တစ်ကောင်လုံးမှာ ဝဖြိုးနေကာ တစ်ကိုယ်လုံး အဖြူရောင် ရှိပြီး ပိုးတောင်မာ အကောင်ကြီးများနှင့်ပင် တူနေသည်။

ပိုးကောင်မွေးမြူသူထံမှ လဲလှယ်ရရှိထားသော အစာကျွေး ပိုးကောင်များထက်ပင် ပို၍ ချစ်စရာ ကောင်းနေသေးသည်။

အခြား လှောင်အိမ်များထဲတွင် မွေးမြူထားသော အသားပိုးကောင် အချို့မှာမူ ခန္ဓာကိုယ် အရွယ်အစား အနည်းငယ် သေးငယ်နေပုံပေါ်သည်။

ထိုအသားပိုးကောင်များမှာ မျိုးပွားနိုင်စွမ်း မရှိသော အမျိုးအစားများ ဖြစ်ကြသည်။

ထို့ကြောင့် ဤကဲ့သို့သော အသားပိုးကောင်များကို ယာဉ်တန်း၏ ရိက္ခာအဖြစ် အသားဓာတ် ဖြည့်ဆည်းပေးရန်သာ အသုံးပြုနိုင်သည်။

အသားပိုးကောင်များကို ကြည့်ရသည်မှာ ချစ်စရာကောင်းနေသော်လည်း စွန်းချန်းချန်းကတော့ မျက်မှောင်ကြုတ်နေဆဲ ဖြစ်ပြီး ဤကဲ့သို့သော အသားပိုးကောင်များကို စားသုံးရန် ကြီးကြီးမားမား စိတ်ကူးမရှိကြောင်း သိသာလှသည်။

ထိုနေ့ ညနေတွင် တရားမျှတရေး ယာဉ်တန်း၏ ညစာမှာ ဤအသားပိုးကောင်များပင် ဖြစ်သည်။

စားသုံးရန် သတ်မှတ်ချက်နှင့် ကိုက်ညီသော အသားပိုးကောင် နှစ်ကောင် ရှိနေသည်။

ခေါင်းဆောင်ချူက တစ်ကောင်ကို ချန်ထားပြီး ကျန်တစ်ကောင်ကို စားသုံးရန် စီစဉ်လိုက်သည်။

အသားပိုးကောင်ကို ပထမဆုံးအကြိမ် စားသုံးခြင်း ဖြစ်သဖြင့် မည်သည့် အတွေ့အကြုံမျှ မရှိကြပေ။

ထိုအသားပိုးကောင်များဖြင့် ချက်ပြုတ်ထားသော အသားဟင်းချို ရောက်ရှိလာချိန်တွင်...

လူတိုင်းက မိမိတို့၏ စိတ်ကို အနည်းငယ် ကြိုတင် ပြင်ဆင်ထားခဲ့ရသည်။

မည်သို့ပင် ပြောစေကာမူ ၎င်းသည် ပိုးကောင်ပင် ဖြစ်သည် မဟုတ်ပါလော။

အသားပိုးကောင်များဖြင့် ပြည့်နှက်နေသော ပန်းကန်လုံးကြီး တစ်လုံးကို သယ်ဆောင်လာခဲ့ပြီး ၎င်းမှာ အာလူးနှင့် အသားပိုးကောင်များကို အတူတကွ ပေါင်းစပ် ချက်ပြုတ်ထားခြင်း ဖြစ်သည်။

လူအများမှာ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြပြီး ခဏကြာသည်အထိ မည်သူကမျှ အရင် တူမနှိုက်ရဲကြချေ။

ထယ်ရှီးကသာ အရင်ဆုံး စတင် လှုပ်ရှားလိုက်ပြီး သစ်အယ်သီး အရွယ်အစားရှိသော အသားတုံး တစ်တုံးကို ညှပ်ကာ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။

နှစ်စက္ကန့်ခန့် ဝါးပြီးနောက် တစ်လုတ်တည်း မျိုချလိုက်သည်။

"အရသာက ဘယ်လိုနေလဲ"

ချန်းရီက သိချင်စိတ်ဖြင့် ထယ်ရှီးကို ကြည့်လိုက်သည်။

ရွှီနန်တို့ကလည်း စူးစမ်းချင်စိတ်ဖြင့် ထယ်ရှီးကို ကြည့်နေကြသည်။

ထယ်ရှီးက ပါးစပ်ကို သပ်လိုက်ပြီး အနည်းငယ် အားနာသောဟန်ဖြင့် ပြောလိုက်သည်။

"အမြန်စားလိုက်မိလို့ အရသာ မသိလိုက်ဘူး"

ချန်းရီ "... "

ဒုတိယမြောက် တူနှိုက်သူမှာ ရွှီနန် ဖြစ်သည်။

ယနေ့ညနေမှာ အဖွဲ့လိုက် စုဝေးစားသောက်ခြင်း ဖြစ်သဖြင့် သဘာဝလွန် အစွမ်းပိုင်ရှင်များနှင့် သက်ဆိုင်ရာ လက်ထောက်များအားလုံး ပါဝင်ခဲ့ကြသည်။

ရွှီနန်သည် ယာဉ်တန်း၏ ရုပ်အဆိုးဆုံးလူ ဖြစ်လာပြီးနောက်ပိုင်း ကိစ္စတော်တော်များများမှာ သိပ်ပြီး စိုးရိမ်ပူပန်စရာ မရှိတော့ပေ။

ရွှီနန်က အရသာခံကြည့်ပြီးနောက် ပြောလိုက်သည်။ "အရသာက ပြောပြရခက်တယ်... ဝက်သားနဲ့လည်း မတူဘူး... အမဲသား အရသာမျိုးလည်း မဟုတ်ဘူး"

"အတင်းပြောရမယ်ဆိုရင် ကြက်သားနဲ့ မြက်စိမ်းတွေ ရောနှောနေတဲ့ အရသာမျိုးနဲ့ နည်းနည်း ဆင်တယ်"

"အင်း... ခင်ဗျားတို့ စမ်းကြည့်ကြမလား"

ချန်းရီနှင့် ခေါင်းဆောင်ချူတို့က ပန်းရောင်ဆံပင်နှင့် ကောင်မလေး၊ ရှုလီနာ၊ ရှောင်ယွီ၊ ကျိုးရှောင်ရှောင်နှင့် တင်းတုံတို့ထံသို့ အကြည့်ကို ရွှေ့လိုက်ကြသည်။

မိန်းကလေးများအနေဖြင့် ဤကဲ့သို့သော အရာများကို ငြင်းဆန်မည်မှာ သိသာလှပေသည်။

ရှုလီနာက ခန္ဓာကိုယ်ကို လှည့်ကာ ချန်းရီ၏ နောက်ကျောဘက်သို့ ဝင်ပုန်းလိုက်သည်။

ရှောင်ယွီက ဒေါသထွက်နေသော မျက်နှာဖြင့် သူတို့နှစ်ဦးကို ပြန်လည် စိုက်ကြည့်လိုက်သည်။

ကျိုးရှောင်ရှောင်ကမူ မည်သည့် တုံ့ပြန်မှုမျှ မပြပေ။

တင်းတုံကလည်း အလွန် တည်ငြိမ်အေးဆေးနေသော ပုံစံမျိုး ရှိနေသည်။

တင်းတုံသည် မကြာသေးမီက ဘာဖြစ်သွားမှန်း မသိဘဲ သက်သတ်လွတ် စတင် စားသုံးလာခဲ့သည်။

ထို့ကြောင့် လူလည်ကြီး နှစ်ဦးက သူမကို အဆိပ်စမ်းသပ်ရန် မျှော်လင့်မနေတော့ချေ။

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ချန်းရီနှင့် ခေါင်းဆောင်ချူတို့ကို မျက်စောင်းထိုး ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် အံကြိတ်ကာ မျက်စိမှိတ်ပြီး တစ်ဖတ်မြည်းစမ်းကြည့်လိုက်သည်။

ပါးစပ်လေး တစ်ဖောင်းဖောင်းနှင့် ဝါးနေပြီးနောက် နောက်ဆုံးတွင် ခေါင်းကို ဖြည်းညင်းစွာ ညိတ်လိုက်သည်။

"မဆိုးပါဘူး... စားလို့ရတယ်"

ရှုလီနာက ချန်းရီကို တစ်ချက် ကြည့်လိုက်ပြီး အံကြိတ်ကာ တစ်တုံး ညှပ်ယူလိုက်ပြီးနောက် မျက်နှာပေါ်ရှိ အမူအရာမှာလည်း သိပ်ပြီး ခံရခက်နေပုံ မပေါ်တော့ပေ။

ထို့နောက်တွင်တော့ ရှောင်ယွီ ဖြစ်သည်။

ရှောင်ယွီက သူတို့နှစ်ဦးကို ရွံရှာသော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်ပြီးမှ တူကို လှမ်းနှိုက်လိုက်သည်။

လူတိုင်း စားသောက်ပြီးကြ၍ အဆိပ်သင့်သည့် လက္ခဏာ မတွေ့ရသည်ကို မြင်လိုက်ရမှသာ ချန်းရီနှင့် ခေါင်းဆောင်ချူတို့က တူကို လှမ်းနှိုက်လိုက်ကြသည်။

ချန်းရီ တူလှမ်းနှိုက်လိုက်သည့် အချိန်မှာပင်...

အိုအေစစ် မြို့တော် တစ်ခုလုံး၏ ကောင်းကင်ယံတွင် လေကြောင်းရန် ကာကွယ်ရေး ဥဩသံများ ထွက်ပေါ်လာခဲ့သည်။

လေကြောင်းရန် ကာကွယ်ရေး ဥဩသံများက မြို့တော် တစ်ခုလုံး၏ ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားတော့သည်။

ဆက်ရန်...

All Chapters