← Chapters

အခန်း ၃၇၇

Vol. 19 Ch. 377

အခန်း ၃၇၇

Vol. 19 Ch. 377

အပိုင်း(၃၇၇) အခြေအနေက ထင်ထားသည်ထက် ပို၍ ဆိုးရွားနေခြင်း

လေကြောင်းရန်ကာကွယ်ရေး သတိပေးဥဩသံ ထွက်ပေါ်လာသည့် တစ်ခဏမှာပင် တစ်မြို့လုံးသည် မီးရှို့ခံလိုက်ရသော ယမ်းအိုးကြီးတစ်လုံးပမာ ဖြစ်သွားခဲ့သည်။

မျက်တောင်တစ်ခတ်စာ အချိန်လေးအတွင်းမှာပင် မူလက ချန်းရီ ရပ်နေခဲ့သော နေရာ၌ မီးခိုးငွေ့တစ်အုပ်သာ ကျန်ရစ်နေခဲ့တော့သည်။

နောက်တစ်စက္ကန့်တွင် ချန်းရီက အိမ်ခေါင်မိုးပေါ်၌ ပေါ်လာခဲ့သည်။

ခေါင်မိုးပေါ်မှ ရပ်ကြည့်လိုက်ရာ ပတ်ဝန်းကျင် တစ်ခုလုံးမှာ အမှောင်အတိ ကျနေပြီး လမ်းမပေါ်၌ တစ်တိုင်ပြီးတစ်တိုင် လင်းထိန်လာသော လမ်းမီးတိုင်များကိုသာ မြင်တွေ့နေရသည်။

ဤလမ်းမီးများသည် ယခင်က စည်းဝါးလွတ် ကားပြိုင်ပွဲ ပြီးဆုံးသွားသည့် ညတွင်သာ လင်းခဲ့ဖူးခြင်း ဖြစ်ပေသည်။

သို့သော် ယခုအခါ မြို့တစ်မြို့လုံးရှိ လမ်းမီးတိုင် အားလုံးမှာ လင်းထိန်နေခဲ့ပြီ ဖြစ်သည်။

လမ်းမီးတိုင်များ တစ်တိုင်ပြီးတစ်တိုင် လင်းလက်လာခဲ့သည်။

အိုအေစစ်မြို့ တစ်ခုလုံးကို လင်းထိန်သွားစေသည်။

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက အိမ်ခေါင်မိုး၏ ပိုမြင့်သောနေရာတွင် ဓားရှည်ကို ကိုင်ဆောင်ကာ ရပ်နေပြီး သူမ၏ လှပသော မျက်ဝန်းများက ထက်မြက်သော ဓားသွားတစ်လက်ပမာ အရပ်မျက်နှာ အားလုံးသို့ အကဲခတ် ကြည့်ရှုနေသည်။

ဘေးနားရှိ ခြံဝင်းတစ်ခု၏ ခေါင်မိုးပေါ်တွင်လည်း တစ်ကိုယ်လုံးကို အနက်ရောင်ဝတ်ရုံ လွှမ်းခြုံထားသော လူရိပ်တစ်ခု ရပ်နေလေသည်။

ထိုသူမှာ အခြားသူမဟုတ်ဘဲ ပိုးကောင်မွေးမြူသူ လမ်းစဉ်မှ ရှောင်ချုံပင် ဖြစ်သည်။

ထိုသူ၏ ကိုယ်ပတ်လည်တွင် မရေမတွက်နိုင်သော ပိုးကောင်ငယ်လေးများ ပျံဝဲနေကြသည်။

ကိုယ်အောက်ပိုင်းမှာ ပိုးကောင်အုပ်ကြီးထဲတွင် တဖြည်းဖြည်း ပုံပေါ်လာနေသည်။

ဤသူသည်လည်း မီးခိုးငွေ့အဖြစ် ပြောင်းလဲနိုင်သော အစွမ်းမျိုး ရှိနေကြောင်း သိသာလှပေသည်။

သို့သော် သူ၏ မီးခိုးငွေ့ ပုံဖော်ခြင်းလောက်တော့ လျင်မြန်မှု ရှိမည်မဟုတ်ပေ။

တရားမျှတရေး ယာဉ်တန်းနှင့် ပျော်ရွှင်သော မိသားစုတို့၏ ဆက်ဆံရေးမှာ ပိုမို ရင်းနှီးလာခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် ပျော်ရွှင်သော မိသားစုက ယာဉ်တန်း၏ ဘေးနားရှိ ခြံဝင်းတစ်ခုသို့ ပြောင်းရွှေ့ နေထိုင်ခဲ့ကြသည်။

သူတို့သုံးယောက် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

"ခင်ဗျားတို့... ဘာတွေများ မြင်လိုက်လဲ" အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာသည်။

ချန်းရီက ခေါင်းခါပြလိုက်သည်။

"ထူးဆန်းတဲ့အရာတွေပဲ"

ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ချူချယ်က မည်သည့်အချိန်ကတည်းက ခြံဝင်းထဲသို့ ရောက်နေမှန်း မသိရဘဲ သူ၏ မျက်နှာအမူအရာမှာလည်း အလွန် ပျက်ယွင်းနေလေသည်။

"မြို့အပြင်ဘက်မှာ... ထူးဆန်းတဲ့အရာတွေ အများကြီးပဲ"

နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာသည်။ အဒေါ်ကြီးစွန်း၏ အသံပင် ဖြစ်သည်။

ထိုအချိန်တွင် အဒေါ်ကြီးစွန်းက သူတို့၏ ခြံဝင်းထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ခြံဝင်းနှစ်ခုမှာ နံရံတစ်ချပ်သာ ခြားထားသဖြင့် နှစ်ဖက်စလုံးမှ အသံများကို ရှင်းလင်းပြတ်သားစွာ ကြားနေရပေသည်။

ချန်းရီက ချက်ချင်းပင် ဒေါသထွက်သွားခဲ့သည်။

"နေပါဦး... ဒီလောက်များတဲ့ ထူးဆန်းတဲ့အရာတွေကို ခင်ဗျားတို့က အရင်ကတည်းက ကြိုမသိခဲ့ကြဘူးလား"

"ချန်းရီ"

ချန်းရီ ဆက်ပြောမည့် စကားကို ချူချယ်က မစဉ်းစားဘဲနှင့်ပင် သိနေသည်။

ချူချယ် စကားမဆုံးမီမှာပင် အဒေါ်ကြီးစွန်းက ဝင်ပြောလိုက်သည်။

"မသိတာ မဟုတ်ဘူး... လုံးဝကို အာရုံမခံမိခဲ့တာ... အရင်တုန်းက အိုအေစစ်မြို့ထဲမှာ ထူးဆန်းတဲ့အရာတွေရဲ့ အငွေ့အသက်ကို သတိထားမိခဲ့ပေမယ့် ဒီလောက်ကြာအောင် ရှာတာတောင် ဘာမှမတွေ့ခဲ့ရသလိုမျိုးပဲ"

ယခင်က အိုအေစစ်မြို့ထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သော ထူးဆန်းသည့် အရာများ၏ အငွေ့အသက်ကြောင့် လမ်းပြသူလမ်းစဉ်မှ လူအများအပြား သတိထားမိခဲ့ကြသည်။

ချူချယ်ဖြစ်စေ၊ အဒေါ်ကြီးစွန်းဖြစ်စေ သူတို့၏ လက်အောက်ငယ်သားများကို စုံစမ်းခိုင်းခဲ့ဖူးသည်။

သို့သော် ဤအချိန်အထိ မည်သည့် သတင်းအစအနမျှ မရရှိခဲ့ပေ။

ချူချယ်က သက်ပြင်းချလိုက်သည်။

"ဟူး... အရင်တုန်းက ဒီကနေ ထွက်သွားဖို့ တွေးလိုက်တိုင်း ဘာလို့ ပြင်းထန်တဲ့ အန္တရာယ်အငွေ့အသက်ကို ခံစားရလဲ ဆိုတာ အခုမှပဲ ငါ သဘောပေါက်တော့တယ်"

အဒေါ်ကြီးစွန်း၏ မျက်နှာမှာလည်း အနည်းငယ် မည်းမှောင်သွားပြီး ချူချယ်၏ စကားကို ဆက်ပြောလိုက်သည်။

"အဲဒါက... အဲဒီအချိန်ကတည်းကစပြီး အိုအေစစ်မြို့ကြီးက ထူးဆန်းတဲ့အရာတွေရဲ့ ဝိုင်းရံတာကို ခံထားရလို့ပဲ"

ချူချယ်က ဆက်ပြောသည်။ "ငါတို့ အပြင်ထွက်တာနဲ့... သေဖို့ကလွဲပြီး တခြားလမ်း မရှိဘူး"

"ဒီအိုအေစစ်မြို့က ထူးဆန်းတဲ့အရာတွေရဲ့ ပစ်မှတ်ထားတာကို ခံနေရတာ ကြာလောက်ပြီ... မြို့ပြင်က ထူးဆန်းတဲ့အရာတွေမှာ ငါတို့ရဲ့ အာရုံတွေကို လှည့်စားနိုင်တဲ့ နည်းလမ်းတွေ ရှိနေတယ်"

ချန်းရီက ကိုယ်ရောင်ဖျောက် အင်း ကို ချက်ချင်း သတိရသွားသည်။

ထိုအရာက လူတွေရဲ့ အငွေ့အသက်ကို ဖုံးကွယ်ထားနိုင်သလို ထူးဆန်းတဲ့အရာတွေရဲ့ အငွေ့အသက်ကိုလည်း သေချာပေါက် ဖုံးကွယ်ထားနိုင်ပေမည်။

ဤအချက်ကို ယခင်ကတည်းက ဆွေးနွေးခဲ့ပြီး ဖြစ်သည်။

အဒေါ်ကြီးစွန်းက ဆက်ပြောလိုက်သည်။ "ဒီအိုအေစစ်မြို့တော့... ပြဿနာ အကြီးကြီး တက်ပြီပဲ"

ချန်းရီက သူတို့နှစ်ဦးကို ကြည့်ကာ ဝင်ပြောလိုက်သည်။ "ခင်ဗျားတို့ နှစ်ယောက်က လင်မယားတွေလိုပဲ တော်တော် အချိတ်အဆက် မိကြတာပဲ"

ချူချယ်က ချန်းရီကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

တောက်... ဘယ်လိုအချိန်ကြီး ရောက်နေတာကို ဒီကောင်က နောက်ပြောင်နေနိုင်သေးသည်။

အခြားသူများ၏ မျက်နှာပေါ်ရှိ အမူအရာများမှာလည်း အနည်းငယ် ပေါ့ပါးသွားကြသည်။

အဒေါ်ကြီးစွန်းကမူ စိတ်မဆိုးသည့်အပြင် ဟားတိုက် ရယ်မောလိုက်သေးသည်။

"ချူချယ်... ဒီကိစ္စတွေ ပြီးသွားလို့ ကျွန်မတို့နှစ်ယောက်စလုံး မသေဘဲ အသက်ရှင်နေသေးရင် အတူတူ နေကြရအောင်... ဘယ်လိုလဲ"

"ဒီအရွယ်ရောက်နေပြီပဲ... ဖြစ်သလိုလေး နေလိုက်ကြတာပေါ့"

အဒေါ်ကြီးစွန်း၏ ပွင့်လင်းမှုက လူတိုင်း၏ ရင်ထဲတွင် ဖိစီးနေသော မည်းမှောင်သည့် တိမ်တိုက်များကို အနည်းငယ် ကင်းစင်သွားစေခဲ့သည်။

ချူချယ်၏ မျက်နှာကြီးမှာမူ ဒယ်အိုးမည်းကြီး တစ်လုံးပမာ မည်းမှောင်နေလေသည်။

ချန်းရီက ပြဿနာ ပိုကြီးသွားအောင် မြှောက်ပင့်လိုက်သည်။

"အဒေါ်ကြီးစွန်း... ဒီကိစ္စအတွက် ဦးလေးချူ ကိုယ်စား ကျွန်တော်က သဘောတူလိုက်ပြီဗျ"

"မင်းက ဝင်ရှုပ်နေရသလား... ဒီအခြေအနေကို အရင်ကျော်ဖြတ်နိုင်အောင် ကြိုးစားစမ်းပါဦး"

ချူချယ်က ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

"အဒေါ်... ဒီတစ်ခေါက်တော့ မြို့ပြင်က ထူးဆန်းတဲ့အရာတွေတင် မကလောက်ဘူးနော်... မြို့ထဲမှာလည်း မနည်းဘူး ရှိနေနိုင်တယ်"

ဤတစ်ကြိမ် စကားပြောလာသူမှာ စွန်းဟုန်မေ့၏ တူမကြီးဖြစ်ပြီး ရပ်ကွက်ထဲမှ ညီမလေးတစ်ယောက်ကဲ့သို့ ဝတ်ဆင်ထားသော လင်းချင်းကော ပင် ဖြစ်သည်။

သူမသည် အမြဲတမ်း အဖြူရောင်ဂါဝန်လေးနှင့် ရော်ဘာဖိနပ်လေးကို ဝတ်ဆင်ထားကာ ဆံပင်အမည်းရောင် အရှည်ကို ဖြောင့်စင်းအောင် ထားရှိလေ့ရှိသည်။

ယခု သူမ၏ လက်ထဲတွင် ငွေရောင် တလက်လက် တောက်ပနေသော မိုက်ခရိုဖုန်း တစ်လုံးကို ကိုင်ဆောင်ထားသည်။

"ဟုတ်တယ်... ဒီတစ်ခေါက်တော့ ပြဿနာက တော်တော်ကြီးတယ်... ငါ့ရဲ့ အာရုံခံစားမှုအရဆိုရင် မြို့ပြင်က ထူးဆန်းတဲ့အရာတွေက အရမ်းများလွန်းတယ်... ငါတို့ ဘယ်လိုပဲ ဖောက်ထွက်ဖို့ ကြိုးစားကြိုးစား ခက်ခဲလိမ့်မယ်... ပြီးတော့ မြို့ထဲမှာလည်း သေချာပေါက် ထူးဆန်းတဲ့အရာတွေ မနည်းဘူး ရှိနေလိမ့်မယ်"

ချူချယ်က လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

ထိုအချိန်မှာပင် အသံချဲ့စက်မှ အသံများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

လူအားလုံးက အသံလာရာဆီသို့ လှည့်ကြည့်လိုက်ကြသည်။

အိုအေစစ်မြို့ ဗဟိုချက်ရှိ အကြီးဆုံး အဆောက်အအုံ၏ ခေါင်မိုးပေါ်တွင် ပိန်ပိန်ပါးပါး အဘိုးအိုတစ်ဦးက အသံချဲ့စက်ကြီး တစ်လုံးကို ကိုင်ဆောင်ကာ ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။

ထိုအသံချဲ့စက်မှာ ယခင်က စည်းဝါးလွတ် ကားပြိုင်ပွဲတွင် အစီအစဉ် တင်ဆက်သူ အသုံးပြုခဲ့သော အသံချဲ့စက်ပင် ဖြစ်သည်။

"အားလုံးပဲ... ကျွန်တော်ကတော့ အိုအေစစ်မြို့ရဲ့ မြို့တော်ဝန် ချဝူ ပါ"

အသံက သိပ်မကျယ်လောင်သော်လည်း လူတိုင်း၏ နားထဲသို့ ရှင်းလင်းပြတ်သားစွာ ရောက်ရှိလာသည်။

"ခင်ဗျားတို့လည်း အာရုံခံမိကြမယ်လို့ ယုံကြည်ပါတယ်... ကျွန်တော်တို့ရဲ့ အိုအေစစ်မြို့ကြီးက အခု ထူးဆန်းတဲ့အရာတွေရဲ့ ဝိုင်းရံတာကို ခံနေရပါပြီ"

"အခုအချိန်ဟာ... မြို့တည်ထောင်ခဲ့တဲ့ အချိန်ကစပြီး အန္တရာယ်အများဆုံး အချိန်ပါပဲ"

"ကျွန်တော့်အနေနဲ့ ခင်ဗျားတို့ရဲ့ အကူအညီ လိုအပ်ပါတယ်"

"အိုအေစစ်မြို့ကြီးကိုသာ မကာကွယ်နိုင်ခဲ့ရင်... လူသားတွေရဲ့ မျှော်လင့်ချက်တွေလည်း အပြီးတိုင် ပျက်သုဉ်းသွားပါလိမ့်မယ်"

"ထူးဆန်းတဲ့အရာတွေ ပေါ်လာတဲ့အတွက် ကျွန်တော်တို့ဟာ ရင်းနှီးကျွမ်းဝင်နေတဲ့ အိမ်တွေကို စွန့်ခွာခဲ့ကြရတယ်"

"ဒီရက်တွေမှာ"

ဘလာဘလာ...

ချဝူ ဟုခေါ်သော အဘိုးအိုက တစ်စုံတစ်ရာကို မရပ်မနား ပြောဆိုနေလေသည်။

အိုအေစစ်မြို့သည် ကမ္ဘာပျက်ကပ်ပြီးနောက် လူသားတို့၏ ပထမဆုံးသော အိမ်ဂေဟာ ဖြစ်ကြောင်း ပြောဆိုနေခြင်းမျှသာ ဖြစ်သည်။

အားလုံးကို ကျန်ရစ်နေခဲ့ပြီး မိမိတို့၏ အိမ်ကို ကာကွယ်ပေးကြရန် မျှော်လင့်ကြောင်းများပင် ဖြစ်သည်။

အဘိုးအို၏ စကားများက သွေးဆူချင်စရာ ကောင်းသော်လည်း ချန်းရီ နားထောင်လေလေ ရင်ထဲတွင် ပို၍ အေးစက်လာလေလေ ဖြစ်သည်။

သူတို့ အိုအေစစ်မြို့သို့ ရောက်လာခဲ့စဉ်က မြို့၏ နောက်ကွယ်ရှိ လျှို့ဝှက်ချက်များကို စူးစမ်းလေ့လာလိုစိတ် မရှိခဲ့ပေ။

အိုအေစစ်မြို့တွင် အနည်းငယ်မျှ အနားယူပြီးနောက် ခရီးဆက်ရန်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

သူနှင့် ချူချယ်တို့သည် အိုအေစစ်မြို့ကြီး အချိန်ကြာမြင့်စွာ ရပ်တည်နိုင်လိမ့်မည်ဟု ဘယ်သောအခါမှ မထင်မှတ်ထားခဲ့ပေ။

အဘိုးအိုသည် ယခုဆိုလျှင် သူတို့လို သာမန် အစွမ်းပိုင်ရှင်များကိုပင် လှုံ့ဆော် စည်းရုံးနေပြီ ဖြစ်သည်။

ကိစ္စရပ်များက တော်တော်လေး ခေါင်းခဲစရာ ဖြစ်နေပြီဆိုသည်မှာ သိသာလှသည်။

သို့သော် ထိုအချိန်မှာပင် စကားပြောနေသော အဘိုးအို၏ အသံမှာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

ခေါင်မိုးပေါ်ရှိ ပိန်လှီလှီ အဘိုးအိုသည် မလှုပ်မယှက် ရပ်နေလေတော့သည်။

ချန်းရီ၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည်။ "မဟန်တော့ဘူး"

သူ၏ ဘယ်ဘက် မျက်လုံးရှိ သွေးမျက်လုံးမှာ သွေးရောင်များ အပြင်းအထန် တောက်ပလာပြီး အမှောင်ထုထဲတွင် လင်းလက်နေသော မီးတောက်နီနီလေး တစ်ခုပမာ ဖြစ်သွားသည်။

ချန်းရီက ထူးဆန်းသောအရာ ရှိနေကြောင်းကို ခံစားလိုက်ရသည်။

လက်ဖမိုးပေါ်ရှိ မွေးညင်းများက ချက်ချင်းပင် ထောင်တက်သွားသည်။

ရင်ထဲမှ ထိတ်လန့်တုန်လှုပ်မှုက တစ်ကိုယ်လုံးသို့ ပြန့်နှံ့သွားခဲ့သည်။

ဒါ... ထူးဆန်းတဲ့အရာက အရမ်းကို နီးကပ်နေပြီပဲ။

ယခင်က ချူချယ်နှင့် အဒေါ်ကြီးစွန်းတို့ ခန့်မှန်းခဲ့သည့်အတိုင်း မြို့ပြင်တွင်သာမက မြို့ထဲတွင်ပါ ထူးဆန်းတဲ့အရာများ ရှိနေခဲ့သည်။

ပြီးတော့ ဒီလောက်တောင် နီးကပ်နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက အန္တရာယ်ကို အာရုံခံမိသော ကြောင်မလေးတစ်ကောင်ပမာ ချက်ချင်း ကိုယ်ကိုကိုင်းလိုက်ပြီး ဘယ်လက်ဖြင့် မီးနဂါးဓား၏ အိမ်ကို ဆုပ်ကိုင်ကာ ညာလက်ဖြင့် ဓားရိုးကို ကိုင်ထားလိုက်သည်။

ချန်းရီက ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ အနောက်တွင် ရပ်လျက် ညာဘက်လက်က ခါးနောက်ရှိ အမုန်းတရား ဆီသို့ လှမ်းကိုင်လိုက်သည်။

ထယ်ရှီး ကလည်း မည်သည့်အချိန်က ခြံဝင်းအလယ်သို့ ရောက်နေမှန်း မသိရပေ။

ခွန်ရှီး၏ ခေါင်းကလည်း နိုးထလာခဲ့ပြီဖြစ်ပြီး ခြံဝင်းတံခါးဝတွင် ရက်စက်ကြမ်းကြုတ်သော မျက်နှာထားဖြင့် စောင့်ကြပ်နေသည်။

တင်းတုံ ကလည်း ချူချယ်၏ ဘေးတွင် စောင့်ကြပ်နေသည်။

ချူချယ်၏ မျက်နှာမှာ အလွန် ပျက်ယွင်းနေသည်။

အခြား သာမန်လူအချို့ကလည်း ခြံဝင်းထဲတွင် စုရုံးနေကြသည်။ ကံကောင်းသည်မှာ ယနေ့ည စားသောက်ပွဲ ရှိနေသဖြင့် ယာဉ်တန်း လက်ထောက်များအနေဖြင့် သူတို့အားလုံး ပါဝင်နေကြခြင်း ဖြစ်သည်။

လူတိုင်းက လက်ထဲတွင် လက်နက်များကို ကိုင်ဆောင်ထားကာ ကျောချင်းကပ်လျက် ရပ်နေကြပြီး သူတို့၏ မျက်နှာပေါ်ရှိ အမူအရာများမှာလည်း အလွန် လေးနက်နေကြလေသည်။

ဆက်ရန်...

All Chapters