← Chapters

အခန်း ၃၇၈

Vol. 19 Ch. 378

အခန်း ၃၇၈

Vol. 19 Ch. 378

အပိုင်း(၃၇၈) အန္တရာယ်နှင့် ကြုံတွေ့ရချိန် ပထမဆုံး ရွေးချယ်မှု

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက မလှုပ်မယှက် ရပ်နေသော ချဝူကို စူးစိုက်ကြည့်နေသည်။

ထိုလူ့ကိုယ်မှ ထွက်ပေါ်နေသော ထူးဆန်းသည့် အငွေ့အသက်များက သူမကိုပင် ကြက်သီးမွေးညင်း ထစေသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် စက္ကန့်အနည်းငယ်က လူသားတစ်ဦး ဖြစ်ခဲ့သော ထိုသတ္တဝါသည် ယခုအခါ လုံးဝ ရင်းနှီးမှုမရှိတော့သည့် အရာတစ်ခုအဖြစ် ပြောင်းလဲသွားပြီဖြစ်ကြောင်း ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ခံစားလိုက်ရသည်။

ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ နဖူးဆီမှ ချွေးစေးတစ်ပေါက် စီးကျလာသည်။

သူမကိုပင် ထိတ်လန့်သွားစေနိုင်သည့် အရာတစ်ခုအား ယခု လက်ရှိ ယာဉ်တန်း၏ လူအင်အား အနည်းငယ်ဖြင့် ရင်ဆိုင်နိုင်မည် မဟုတ်သည်မှာ သေချာလှသည်။

ပန်းရောင်ဆံပင်နှင့် ကောင်မလေးကပင် ထိုသို့ ခံစားနေရလျှင် ချန်းရီအတွက်မူ ပို၍ပင် ရင်ထဲ အေးစက်နေတော့သည်။

နှုတ်ခမ်းထောင့်ရှိ ဆေးလိပ်ကို မည်သည့်အချိန်က မီးညှိလိုက်မှန်းပင် သူ မသိလိုက်ပေ။

ဆေးလိပ်ငွေ့များက ခန္ဓာကိုယ်ပတ်လည်တွင် လွင့်ဝဲနေသည်။

သူသည် အစွမ်းကို အသုံးပြုရန် အချိန်မရွေး အသင့်ပြင်ထားလိုက်သည်။

ယခုအချိန်တွင် ချူချယ်နှင့် အဒေါ်ကြီးစွန်းတို့ နှစ်ဦး၏ နဖူးမှ ချွေးစေးများမှာ ပန်းရောင်ဆံပင်နှင့် ကောင်မလေးထက်ပင် ပို၍ များပြားနေသည်။

သူတို့၏ အာရုံခံနိုင်စွမ်းထဲတွင် မြို့ပြင်ကို ဆိုထားနှင့်ဦး၊ အိုအေစစ်မြို့အတွင်း၌ပင် မရေမတွက်နိုင်သော ထူးဆန်းသည့် အငွေ့အသက်များ ရှိနေပြီး ထိုအထဲမှ အချို့သော အငွေ့အသက်များကို ခံစားကြည့်ရုံမျှဖြင့်ပင် မျှော်လင့်ချက် ကင်းမဲ့သွားစေသည်။

ချူချယ်က တံတွေးတစ်ချက် မျိုချလိုက်သည်။

"အခု ဆုတ်လို့ မရသေးဘူး"

ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ အသံမှာ အနည်းငယ် ခြောက်ကပ်နေသည်။

"ခေါင်းဆောင်ချူ... "

ချန်းရီက ခါးကို ကိုင်းထားပြီး ညာဘက်လက်က အမုန်းတရား ဓားရိုးကို ဆုပ်ကိုင်ထားကာ တံတွေးမြိုချလိုက်သည်။

ထို့နောက်မှ သူက စကားဆိုလိုက်သည်။

"အခု... ထွက်သွားလို့ မရသေးဘူး"

ထယ်ရှီးသည် ချန်းရီနှင့် ချူချယ်တို့ ဘာကြောင့် ဤသို့ပြောသည်ကို နားမလည်နိုင် ဖြစ်နေသော်လည်း သူက ချူချယ်နှင့် ချန်းရီ၏ ဆုံးဖြတ်ချက်ကို သစ္စာရှိရှိပင် လိုက်နာနေခဲ့သည်။

အဒေါ်ကြီးစွန်းနှင့် သူမ၏ မိသားစုမှာမူ လက်ရှိအခြေအနေတွင် ချန်းရီတို့ဘက်ထက် သာလွန်နေခြင်း မရှိပေ။

လူသုံးယောက်က အဒေါ်ကြီးစွန်းကို အလယ်တွင် ဝိုင်းဝန်းကာကွယ်ထားကြသည်။

ဤအချိန်တွင် မည်သူကမျှ မလှုပ်ရှားရဲကြပေ။

ပန်းရောင်ဆံပင်နှင့် ကောင်မလေး၊ တင်းတုံ နှင့် အခြားသူများသည် ယခု ဘာကြောင့် မထွက်ခွာရသေးသည်ကို နားမလည်ကြသော်လည်း ချူချယ်နှင့် ချန်းရီ၏ ဆုံးဖြတ်ချက်ကို လိုက်နာခဲ့ကြသည်။

အဒေါ်ကြီးစွန်းတို့ဘက်တွင်မူ။

အဒေါ်ကြီးစွန်းက စိုးရိမ်တကြီးဖြင့် တံတွေးမျိုချလိုက်ပြီး သူမကိုယ်တိုင်လည်း ဘာကြောင့် မထွက်ခွာရသည်ကို သိပ်နားမလည်ပေ။

ပါးစပ်ဟ၍ မေးချင်သော်လည်း မျက်စိရှေ့ရှိ ဘီလူးကြီးကို လန့်နိုးသွားစေမည်ကို ကြောက်ရွံ့နေသည်။

သို့သော် ဤအချိန်မှာပင်။

"ဝုန်း... "

ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

ချဝူ ရပ်နေခဲ့သော နေရာသည် မျက်တောင်တစ်ခတ်အတွင်း ပြိုကျသွားသည်ကို တွေ့လိုက်ရသည်။

အိုအေစစ်မြို့တစ်မြို့လုံးတွင် အကြီးဆုံးနှင့် အမြင့်ဆုံးဖြစ်သော ထိုသုံးထပ်အဆောက်အအုံငယ်ဆီမှ ထူထပ်သော ဖုန်တောမီးခိုးလုံးကြီးများ ရုတ်တရက် လွင့်ပျံတက်လာသည်။

ဧရာမ အင်အားကြီးတစ်ခုက အတွင်းမှနေ၍ အပြင်သို့ ပေါက်ကွဲထွက်လာသည့်အလား ဖြစ်နေသည်။

မရေမတွက်နိုင်သော အုတ်ခဲကျိုးများနှင့် ကြွေပြားစများက အရပ်မျက်နှာအနှံ့ လွင့်စဉ်ထွက်သွားသည်။

ချန်းရီတို့ဘက်ရှိ အမိုးပေါ်သို့ ထိုအရာများ ကျရောက်လာကာ ဝုန်းဒိုင်းကျဲ အသံများ ထွက်ပေါ်လာသည်။

ချန်းရီက သူ့ရှေ့တွင် မြူခိုးအကာအကွယ် တစ်ခုကို ဖန်တီးလိုက်ပြီး စွန်းချန်းချန်းနှင့် သူ့ကိုယ်သူ ကာကွယ်လိုက်သည်။

ဤမြူခိုးအကာအကွယ်၏ ကာကွယ်နိုင်စွမ်းမှာ အကန့်အသတ် ရှိသော်လည်း လွင့်စဉ်လာသော အုတ်ခဲများနှင့် ကြွေပြားစများကိုမူ ကောင်းစွာ ကာကွယ်ပေးနိုင်စွမ်း ရှိသည်။

မြေပြင်ဆီမှ အမြီးပါသော သွေးရောင်လူရိပ်တစ်ခုက ကောင်းကင်ယံသို့ ထိုးတက်လာပြီး ထိုလူ၏ တစ်ကိုယ်လုံးတွင် သွေးကဲ့သို့ နီရဲသော မီးတောက်များ လောင်ကျွမ်းနေသည်။

၎င်းမှာ တင်းရှန်ပင် ဖြစ်သည်။

ယခုအချိန်တွင် တင်းရှန်၏ တစ်ကိုယ်လုံး၌ အနက်ရောင် သံချပ်ကာများ ဖုံးလွှမ်းနေပြီး မျက်နှာဖုံးမှာလည်း အနက်ရောင်သက်သက် ဖြစ်ကာ မျက်လုံးနေရာတွင်သာ သေးငယ်သော အက်ကွဲကြောင်းလေး တစ်ခု ရှိနေသည်။

ယခုလက်ရှိ တင်းရှန်သည် လွန်ခဲ့သော နှစ်ရက်က စည်းဝါးလွတ် ကားပြိုင်ပွဲကွင်းထဲမှ တင်းရှန်နှင့် အလွန် ကွာခြားနေခဲ့ပြီ ဖြစ်သည်။

အရှိန်အဝါကို ကြည့်ရုံဖြင့် ယခုလက်ရှိ ဒုတိယမြို့တော်ဝန်တင်းသည် ထိုနေ့က စည်းဝါးလွတ် ကားပြိုင်ပွဲကွင်းထဲတွင် ရှိနေချိန်ထက် မရေမတွက်နိုင်အောင် ပိုမို အစွမ်းထက်နေသည်။

တင်းရှန်၏ လက်ထဲတွင် မြင်းခုတ်ဓားမကြီး တစ်လက်ကို ဆုပ်ကိုင်ထားသည်။

ထိုမြင်းခုတ်ဓားမကြီး၏ ဓားသွားမှာ (၁၀) ပေနီးပါး ရှည်လျားပြီး ဓားသွားပေါ်တွင် သွေးနီရဲရဲ အချွဲအကျိများ ရစ်ပတ်နေကာ အသက်ဝင်နေသည့်အလား ဓားသွားပေါ်၌ စီးဆင်းလှုပ်ရှားနေသည်။

ချန်းရီ၏ မျက်တောင်များ ရုတ်တရက် ကျုံ့ဝင်သွားသည်။

တင်းရှန်၏ ကိုယ်ပေါ်မှ အလွန် ပြင်းထန်သော သွေးလမင်း အငွေ့အသက်များကို သူ ခံစားလိုက်ရသည်။

"အိုအေစစ်မြို့က အစွမ်းပိုင်ရှင်တွေ အားလုံး... ထူးဆန်းတဲ့အရာတွေကို သတ်ဖို့ ငါ့နောက်က လိုက်ခဲ့ကြ... မလိုက်တဲ့သူ မှန်သမျှကို သတ်ပစ်မယ်"

"အစွမ်းပိုင်ရှင်တို့... ဒီနေရာက အိုအေစစ်မြို့ပဲ"

"ဒီနေရာကိုတောင် မကာကွယ်နိုင်ရင် မင်းတို့က ဘယ်ကိုသွားချင်နေကြသေးတာလဲ"

သို့သော် ထိုစကားကို ပြောလိုက်ပြီးသည်နှင့် တစ်ပြိုင်နက်။

ချန်းရီနှင့် အဖွဲ့သည် ရင်းနှီးနေသော ဧရာမ စက်လုံးပုံသဏ္ဌာန် သတ္တဝါကြီးတစ်ကောင်က ခြောက်ခြားဖွယ် ရယ်မောသံကြီးနှင့်အတူ ခေါင်မိုးပေါ်သို့ တွားသွား တက်လာသည်ကို မြင်လိုက်ရသည်။

ထိုဧရာမ စက်လုံးပုံသဏ္ဌာန် သတ္တဝါကြီးကို မြင်လိုက်ရချိန်တွင် ချန်းရီတို့ အားလုံး အသက်ရှူမှားသွားကြသည်။

၎င်းမှာ ချူချယ်၏ ခေါင်းဆောင်မှတ်စုထဲတွင် မှတ်တမ်းတင်ထားသော "ရစ်ပတ်နေသော လူအုပ်ကြီး" ပင် ဖြစ်သည်။

ယခင်က သူတို့အဖွဲ့ ရှီးနင်မြို့လေးတွင် ကြုံတွေ့ခဲ့ဖူးသည်။

သို့သော် ယခုအခါတွင် ဤအကောင်... ဤထူးဆန်းသည့်အရာသည် ယခင်ကထက် များစွာ ပိုမို ကြီးမားနေသည်။

အချင်းချင်း ရစ်ပတ်တွယ်ကပ်နေကြသော ထိုလူအုပ်ကြီးသည် ထူးဆန်းသော အင်အားတစ်ခု၏ ချုပ်နှောင်ခြင်းကို ခံထားရသည့်အလား ဖြစ်နေသည်။

ချန်းရီသည် ထိုအထဲမှ ရင်းနှီးနေသော မျက်နှာအချို့ကိုပင် မြင်တွေ့လိုက်ရသေးသည်။

လူငယ်အသံ။

"ဟုတ်တယ်... မင်းတို့ လူသားတွေ ဒီနေရာကလွဲရင် ဘယ်ကိုသွားနိုင်မှာလဲ"

မိန်းကလေးအသံ။

"ဒီမှာပဲ နေခဲ့... ငါ့ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်လာခဲ့စမ်း"

သက်ကြီးရွယ်အိုအသံ။

"ဒီမှာပဲ နေခဲ့ပါ... "

စကားတစ်ခွန်းစီတိုင်းက မတူညီသော လေယူလေသိမ်းများဖြင့် ထွက်ပေါ်လာပြီး ကြားရသူတိုင်းကို ကြက်သီးမွေးညင်း ထစေသည်။

ကလေးငယ်အသံ။

"တင်းရှန်... ငါ့ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်လာလိုက်ပါလား"

မိန်းကလေးအသံ။

"နင်တို့အတွက် ဆုတ်လမ်း မရှိတော့ဘူး... သူတို့တွေ အကုန် ရောက်လာကြပြီ... အကုန် ရောက်လာပြီ"

ဆယ်ကျော်သက်အသံ။

"အများကြီးပဲ... မင်းတို့ အကုန်လုံး သေရမယ်... အကုန် သေရမယ်... "

ထိုစကားများကို ပြောပြီးနောက် ရစ်ပတ်နေသော လူအုပ်ကြီးသည် တင်းရှန်ဆီသို့ လိမ့်ဆင်းကာ ပြေးဝင်သွားပြီး ထိုအထဲမှ လူအချို့၏ မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့နေသည့် အမူအရာများ ပေါ်လွင်နေသည်။

ထိုလူများသည် ဤလူအုပ်ကြီး၏ ရစ်ပတ်ချုပ်နှောင်မှုမှ ရုန်းထွက်ရန် ကြိုးစားနေကြသည့်အလား အသည်းအသန် ရုန်းကန်နေကြဆဲ ဖြစ်သည်။

သို့သော် ထိုအထဲမှ အများစုမှာမူ လောဘရမ္မက်နှင့် မျှော်လင့်တကြီး ဖြစ်နေသော အမူအရာများ ပေါ်လွင်နေသည်။

သူတို့၏ မျက်လုံးများက တင်းရှန်ဆီသို့ ပြိုင်တူ စိုက်ကြည့်နေကြသည်။

တင်းရှန်က အံကြိတ်လိုက်သည်။

"အပိုတွေ ပြောမနေနဲ့... ငါက သေသွားရင်တောင် မင်းရဲ့ အစိတ်အပိုင်း တစ်ခု လုံးဝ မဖြစ်နိုင်ဘူး"

ပြောပြီးသည်နှင့် တင်းရှန်က လက်ထဲရှိ ဓားရှည်ကြီးကို မြှောက်လိုက်ရာ တစ်ကိုယ်လုံး၌ သွေးရောင်မီးတောက်များ စတင် လောင်ကျွမ်းလာသည်။

ကောင်းကင်ထက်မှ သွေးရောင်လမင်းကြီးမှာ ပို၍ပင် နီရဲလာသကဲ့သို့ ထင်ရသည်။

ကောင်းကင်တွင် သွေးစွန်းနေသည့် အကွက်ကြီးတစ်ခု ချိတ်ဆွဲထားသည့်အလား နီရဲနေသည်။

"မခုခံပါနဲ့ တင်းရှန်... ငါတို့ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်လာရင်... မင်း ပိုပြီးတော့ အစွမ်းထက်လာလိမ့်မယ်"

ထိုအချိန်မှာပင် တင်းရှန်က ဧရာမ မြင်းခုတ်ဓားမကြီးကို တရွတ်တိုက် ဆွဲကာ ရစ်ပတ်နေသော လူအုပ်ကြီးဆီသို့ တိုက်ရိုက် ပြေးဝင်သွားတော့သည်။

တစ်ချိန်တည်းမှာပင် မြို့တွင်းရှိ အခြားနေရာများမှလည်း ကျယ်လောင်သော ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာသည်။

မကျေမချမ်း အော်ဟစ်သံများ ပါဝင်သကဲ့သို့ သေခါနီး ကြောက်လန့်တကြား အော်ဟစ်သံများလည်း ပါဝင်သည်။

ထို့အပြင် ဖော်ပြ၍မရနိုင်သော ထူးဆန်းသည့် အော်ဟစ်သံများပင် ပါဝင်နေသေးသည်။

ဧရာမ အရိပ်ကြီးတစ်ခုက လမ်းမကြီးပေါ်မှ တိုက်ရိုက် ဖြတ်သန်း ပြေးလွှားသွားသည်။

ထိုသူ၏ ခန္ဓာကိုယ် အရွယ်အစားကို ကြည့်ရုံဖြင့် ဒုတိယမြို့တော်ဝန်တင်း၏ လက်ရုံးဖြစ်သူ၊ ရှုံပ ဟုခေါ်သော သွေးသား တိုက်တန် ပင် ဖြစ်ကြောင်း သိသာနိုင်သည်။

သို့သော် ယခုအချိန်တွင် သူက ချန်းရီတို့ကို ဂရုစိုက်ရန် အချိန်မရှိပေ။

ထိုလူ၏ လက်မောင်းနှစ်ဖက်လုံးတွင် မျက်လုံးများ အပြည့် ပေါက်နေပြီး လက်နှစ်ဖက်ဖြင့် ခံစားချက်ကင်းမဲ့နေသော သာမန်လူတစ်ယောက်စီကို ဆွဲမထားကာ လူနေအိမ်များဆီသို့ ပြေးဝင်သွားသည်။

လက်မောင်းပေါ်ရှိ မျက်လုံးများအားလုံးက အဖြူရောင်အလင်းတန်းများ လင်းလက်နေပြီး မျက်စိဖြင့် မမြင်နိုင်သော စွမ်းအားစက်ကွင်း တစ်ခု ရှိနေသည့်အလား ဖြစ်နေသည်။

သို့သော် ဆွဲမခံထားရသော ထိုလူနှစ်ဦးမှာမူ ဂရုမစိုက်သည့် အမူအရာဖြင့် ရှုံပကို ကြည့်ကာ ခြောက်ခြားဖွယ်ရာ ခပ်ဟဟ ရယ်မောနေကြသည်။

၎င်းသာမကသေး။

ချန်းရီနှင့် ချူချယ်တို့ နှစ်ဦးသည် ကောင်းကင်ယံမှ ပျံသန်းသွားသော အရိပ်တစ်ခုကို မြင်လိုက်ရသည်။

အတောင်ပံနှစ်ဖက် ပါရှိသော အစွမ်းပိုင်ရှင်တစ်ဦးက ကောင်းကင်သို့ ပျံတက်သွားပြီး ထွက်ပြေးရန် ရည်ရွယ်ထားပုံရသည်။

ထိုသူသည် သားရဲလူသား လမ်းစဉ် ဖြစ်ဟန်တူသည်။

ယခင်က စည်းဝါးလွတ် ကားပြိုင်ပွဲတွင် မြင်တွေ့ခဲ့ဖူးသည်။

ထိုလူက သူ့တွင် အတောင်ပံရှိသည်ကို အားကိုးခဲ့သော်လည်း နောက်ဆုံးတွင် ချူချယ်၏ တိုက်ရိုက် ဖယ်ရှားခြင်းကို ခံခဲ့ရသည်။

ဘေးဘက် ခြံဝင်းထဲတွင် မီးခိုးရောင် အရိပ်နှစ်ခုက ထူးဆန်းသော ရယ်မောသံများ ပြုလုပ်ကာ အပေါ်သို့ ထိုးတက်သွားကြသည်။

ချန်းရီနှင့် ချူချယ်တို့ နှစ်ဦးက အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

"သွားမယ်"

ထိုစကားလုံး ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက်။

တရားမျှတရေး ယာဉ်တန်း တစ်ခုလုံးရှိ လူများသည် မျက်တောင်တစ်ခတ်အတွင်း စတင် လှုပ်ရှားလိုက်ကြသည်။

ဤအချိန်တွင် လူအများက ချူချယ်နှင့် ချန်းရီတို့ နှစ်ဦး ဘာကြောင့် ခဏစောင့်နေခဲ့ရသည်ကို နားလည်သွားကြပြီ ဖြစ်သည်။

တကယ်တော့ ဤဉာဏ်များသော သူနှစ်ဦးသည် အခြေအနေ ရှုပ်ထွေးမှုကို အခွင့်ကောင်းယူရန် ကြံစည်နေခဲ့ခြင်း ဖြစ်သည်။

သူတို့နှစ်ဦးက အခြားလူများကို အိမ်မြှောင်၏ အမြီးအဖြစ် သဘောထားခဲ့ကြသည်။

ထိုလူများကို အသုံးပြု၍ ထူးဆန်းသည့် အရာများ၏ အာရုံကို ဆွဲဆောင်ကာ သူတို့ကိုယ်တိုင်ကမူ အခွင့်အရေးကို အသုံးချ၍ ထွက်ပြေးရန် ဖြစ်သည်။

စွန်းချန်းချန်း၏ စိတ်ထဲတွင် စကားတစ်ခွန်း ဖြတ်ပြေးသွားသည်။

"ရှင်တို့ နှစ်ယောက်ကတော့ တကယ့် ဉာဏ်များတဲ့ ကောင်တွေပဲ"

ဤအချိန်တွင် အဒေါ်ကြီးစွန်းလည်း နားလည်သွားခဲ့ပြီ ဖြစ်သည်။

သူမက တရားမျှတရေး ယာဉ်တန်းမှ လူများနှင့်အတူ ချက်ချင်း ထွက်ခွာလာခဲ့သည်။

လင်းချင်းကော၊ ရှောင်ချုံးနှင့် ကြက်အမောက်ဆံပင်နှင့် လူငယ်တို့လည်း အသီးသီး လိုက်ပါလာကြသည်။

ချူချယ်နှင့် ချန်းရီတို့ နှစ်ဦးကြားတွင် ကိစ္စတစ်ခုနှင့် ပတ်သက်၍ အလွန်တရာ နားလည်မှု ရှိကြသည်။

ဥပမာအားဖြင့် အန္တရာယ်နှင့် ကြုံတွေ့ရချိန်တွင် ထိုသူနှစ်ဦး၏ အတွေးမှာ တိုက်ရိုက် သွားရောက် ရင်ဆိုင်ရန် မဟုတ်ဘဲ ထွက်ပြေးရန်သာ ဖြစ်သည်။

ရင်ဆိုင်တိုက်ခိုက်ခြင်းဆိုသည်မှာ ထွက်ပြေး၍ မလွတ်နိုင်တော့မည့် အခြေအနေမျိုးတွင်မှသာ ပြုလုပ်မည့် ရွေးချယ်မှု ဖြစ်သည်။

သူတို့နှစ်ဦး၏ လွှမ်းမိုးမှုကြောင့်ပင် စွန်းချန်းချန်းနှင့် တင်းတုံတို့၌လည်း ထိုကဲ့သို့သော ခံယူချက်မျိုး ရှိလာခဲ့ကြသည်။

ဤသည်မှာ တရားမျှတရေး ယာဉ်တန်းအနေဖြင့် ယခုအချိန်အထိ လူအင်အား သိသိသာသာ လျော့ကျသွားခြင်း မရှိရသည့် အဓိက အကြောင်းရင်းလည်း ဖြစ်သည်။

သေချာသည်ကတော့ ထယ်ရှီးကမူ ချွင်းချက် ဖြစ်သည်။

ဤကောင်သည် မည်သည့် အခြေအနေမျိုးနှင့် ကြုံတွေ့ရပါစေ၊ ပထမဆုံး အတွေးမှာ "ချမယ်" ဟူ၍သာ ဖြစ်သည်။

တိုက်ခိုက်၍ နိုင်မည်လား၊ မနိုင်ဘူးလား ဆိုသည်မှာတော့ အခြား ပြဿနာတစ်ခုသာ ဖြစ်သည်။

သို့သော် ကံကောင်းသည်မှာ ချန်းရီတို့၏ တားဆီးထိန်းကွပ်မှုများ ရှိနေသဖြင့် သူသည် လက်ရှိတွင် အခြားသော လမ်းစဉ်တူသူများနှင့် နှိုင်းယှဉ်ပါက အသက်ရှင်သန်မှု အခြေအနေ ပိုမို ကောင်းမွန်နေသည်ဟု ဆိုနိုင်ပေသည်။

ယခုလက်ရှိ လူအများ လုပ်ဆောင်ရမည့်အရာမှာ အပြင်မြို့တော်သို့ သွားရောက်၍ ယာဉ်တန်း၏ အခြားအဖွဲ့ဝင်များကို ရှာဖွေကာ ဤနေရာမှ ထွက်ခွာရန်ပင် ဖြစ်သည်။

ယခင်ကတည်းက ချူချယ်သည် ရွှီနန်ကို ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားရန် စေခိုင်းထားခဲ့သည်။

အရာအားလုံး အဆင်ပြေချောမွေ့နေသရွေ့ ဤနေရာမှ ထွက်ခွာရန်မှာ ပြဿနာ တစ်ရပ် မဟုတ်ပေ။

ဆက်ရန်...

All Chapters