← Chapters

အခန်း ၃၇၉

Vol. 19 Ch. 379

အခန်း ၃၇၉

Vol. 19 Ch. 379

အပိုင်း(၃၇၉) အရာအားလုံး အဆင်ပြေရဲ့လား

ထိုအချိန်တွင် အပြင်မြို့တော်သည် တစ်ခဲနက် ရှုပ်ထွေးပရမ်းပတာ အခြေအနေသို့ သိသိသာသာ ကျရောက်နေခဲ့ပြီ ဖြစ်သည်။

စူးစူးဝါးဝါး အော်ဟစ်သံများ၊ ငိုကြွေးသံများနှင့် တောင်းပန်သနားခံသံများက ရောထွေးဆူညံနေသည်။

မျက်စိတစ်ဆုံး မြင်တွေ့နေရသမျှ နေရာတိုင်းတွင် မျှော်လင့်ချက် ကင်းမဲ့မှုများနှင့် ဆင်းရဲဒုက္ခများသာ ဖုံးလွှမ်းနေသည်။

နားထဲတွင် ကြားနေရသမျှသည်လည်း ရှိုက်ငိုသံများနှင့် ပူဆွေးသောက အသံများသာ ဖြစ်သည်။

မှောင်ရိပ်များကြားထဲတွင်မူ မသင်္ကာဖွယ် အရိပ်အယောင်များစွာက ဟိုဟိုဒီဒီ ဖြတ်သန်းသွားလာနေကြသည်။

"ကိုချောင်... ကိုချောင်... ရှင် ဘယ်မှာလဲ"

အကြောက်တရားများ ဖုံးလွှမ်းနေသော မျက်နှာလေးနှင့် မိန်းကလေးတစ်ဦးက လူအုပ်ကြီးကြားထဲတွင် ရပ်ကာ သူမ ချစ်သူ၏ နာမည်ကို ထိတ်လန့်တကြား အော်ဟစ်ခေါ်ဝေါ်နေသည်။

သူတို့နှစ်ဦးက ကမ္ဘာပျက်ကပ်ကြီး ကျရောက်ပြီးနောက်မှ သိကျွမ်းခဲ့ကြသူများ ဖြစ်ပြီး အတူတကွ မိသားစုဘဝလေးတစ်ခု တည်ဆောက်ကြရန် မူလက ကတိကဝတ် ပြုထားခဲ့ကြသည်။

စည်းဝါးလွတ် ကားပြိုင်ပွဲ ပြီးဆုံးသွားချိန်တွင် မြို့တော်ဝန်ကို သွားရောက်ရှာဖွေပြီး သူတို့၏ မင်္ဂလာပွဲလေးကို ဦးစီးကျင်းပပေးရန် အကူအညီတောင်းဖို့ပင် ရည်ရွယ်ထားခဲ့ကြသေးသည်။

သို့သော် ယခုအခါတွင်မူ...

ရင်းနှီးနေသယောင် ရှိသော်လည်း အေးစက်စက်နိုင်လှသော အသံတစ်သံက မိန်းကလေး၏ ကျောဘက်ဆီမှ ထွက်ပေါ်လာသည်။

"မန်မန်... ကိုယ် မင်းနောက်မှာ ရှိနေတယ်လေ... လှည့်ပြီး ကိုယ့်ကို ကြည့်ပါဦး"

မိန်းကလေးက ဝမ်းသာအားရဖြင့် နောက်သို့ လှည့်ကြည့်လိုက်သည်။ ထို့နောက် အလင်းနှင့် အမှောင် ဖြတ်သန်းရာ နယ်စပ်မျဉ်းတွင် ရပ်နေသော ရင်းနှီးသယောင်နှင့် စိမ်းသက်နေသော အရိပ်အယောင်တစ်ခုကို မြင်လိုက်ရသည်။

ထိုရင်းနှီးနေသော မျက်နှာကြီး၏ တစ်ဝက်မှာ မီးရောင်အောက်တွင် ရှိနေပြီး ကျန်တစ်ဝက်မှာမူ အမှောင်ထုထဲတွင် ရောက်ရှိနေကာ အလင်းအမှောင် ရောယှက်နေသည်။

မိန်းကလေးက အလွန်ဝမ်းသာသွားပြီး ရှေ့သို့ ခြေနှစ်လှမ်းခန့် တိုးသွားလိုက်သည်။ ထို့နောက် ရုတ်တရက် ရပ်တန့်သွားပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး တသိမ့်သိမ့် တုန်ရီလာလေတော့သည်။

"ရှင်... ရှင် ကိုချောင် မဟုတ်ဘူး... ရှင် ဘယ်သူလဲ"

မိန်းကလေး၏ အသံထဲတွင် အဆုံးမဲ့သော ထိတ်လန့်မှုများ ပါဝင်နေသည်။ သူမ နောက်လှည့်၍ ထွက်ပြေးချင်သော်လည်း ခန္ဓာကိုယ်ကြီးမှာ အားအင်ကုန်ခမ်းကာ ပျော့ခွေနေပြီး ထိန်းချုပ်၍ မရနိုင်လောက်အောင် တုန်ယင်နေခဲ့သည်။

"ဟီးဟီး... မန်မန်... ကိုယ် ဘယ်သူလဲဆိုတာ မင်းပဲ ပြောကြည့်လေ"

အလင်းနှင့် အမှောင် ကြားတွင် ရပ်နေသော အရိပ်ကြီးထံမှ ကြက်သီးထဖွယ်ရာ အေးစက်စက် ရယ်မောသံကြီး ထွက်ပေါ်လာသည်။

မိန်းကလေး၏ နောက်ကျောဘက်တွင်မူ မျက်နှာသေနှင့် လူတစ်ယောက်က အသံတိတ် ရုတ်တရက် ပေါ်လာခဲ့သည်။

ထိုသူ၏ မျက်ခုံးနှစ်ခုကြားမှ စတင်၍ အောက်ဘက်သို့ ဆင်းသွားသော အနက်ရောင် မျဉ်းဖြောင့်တစ်ကြောင်း ရှိနေသည်။ ထိုမျဉ်းဖြောင့်ကြီးသည် မတ်တတ်ရပ်ကာ ပွင့်လန်းလာသော ပန်းတစ်ပွင့်အလား ဖြည်းညင်းစွာ ဟဟလာသည်။

မိန်းကလေး၏ အသံတွင် အဆုံးမဲ့သော မျှော်လင့်ချက်ကင်းမဲ့မှုများနှင့် အကြောက်တရားများ အပြည့်အဝ ပါဝင်နေသည်။

"ကိုချောင်... ကိုချောင် ကျွန်မကို... ကျွန်မကို ပြောဖူးတယ်"

"ရှင်တို့... ရှင်တို့က... အတုအယောင်လူသားတွေ"

"ဟိုတစ်ခေါက် ကိုချောင် အင်းဆိုင်ကို သွားတုန်းက..."

မိန်းကလေး၏ နှုတ်မှ "အတုအယောင်လူသား" ဟူသော စကားလုံး ထွက်ပေါ်လာချိန်မှာပင်။

သူမ နောက်ကျောဘက်ရှိ ခြောက်ကပ်နေသော အရိပ်ကြီးသည် အပိုင်းပိုင်းကွဲထွက်ကာ အပြည့်အဝ ပွင့်အာသွားလေတော့သည်။

အမှောင်နှင့် အလင်းကြားတွင် ရပ်နေသော အရိပ်ကြီးက ပို၍ ကျေနပ်အားရစွာ ရယ်မောလိုက်သည်။

"ဟုတ်တယ်... ငါတို့က အတုအယောင်လူသားတွေ ဆိုတာကို သိထားတော့ ပိုပြီး လွယ်ကူသွားတာပေါ့"

"သာမန်လူတစ်ယောက် သက်သက်ပဲ ဆိုပေမယ့်... အဖော်တစ်ယောက် တိုးလာတာလည်း ကောင်းတာပါပဲ"

"အင်း... ငါတို့ မျိုးနွယ်က ဘာမဆို ကောင်းပေမယ့်... ပြဿနာတစ်ခုကတော့... ငါတို့ ရှိနေမှန်း မသိတဲ့ သူတွေအတွက်ဆိုရင် ငါတို့က လုံးဝ အန္တရာယ် မပေးနိုင်ဘူး"

"ဒါပေမဲ့ ငါတို့ ရှိနေမှန်း သိသွားတဲ့ သူတွေအတွက်တော့... ငါတို့က အဆိုးရွားဆုံး အိပ်မက်ဆိုးကြီးပဲ"

"ဟီးဟီး... သိပ်ကောင်းတာပဲ"

"ငါ ဒီစည်းမျဉ်းကို သိပ်သဘောကျတာပဲ"

မိန်းကလေး၏ မျက်နှာပေါ်ရှိ ထိတ်လန့်မှုများ အားလုံးက မျှော်လင့်ချက်မဲ့ခြင်းများအဖြစ်သို့ ပြောင်းလဲသွားသည်။

ကိုချောင်သည် ယခင်က အစွမ်းပိုင်ရှင် အချို့အတွက် အလုပ်လုပ်ပေးခဲ့သူ ဖြစ်သည်။

တစ်ခါတစ်ရံတွင် ကိုချောင်က သူ သိထားသော ကိစ္စအချို့ကို သူမအား ပြန်လည် ပြောပြတတ်သည်။

မနေ့ကမှ ကိုချောင်က အတုအယောင်လူသားများနှင့် ပတ်သက်သော ဇာတ်လမ်းတစ်ပုဒ်ကို သူမအား ပြောပြခဲ့ခြင်း ဖြစ်သည်။

ထိုဇာတ်လမ်းသည် အင်းဆိုင်ဘက်မှ ထွက်ပေါ်လာခြင်း ဖြစ်ပုံရသည်။

ထိုအကြောင်းကြောင့် သူမသည် မနေ့ညက တစ်ညလုံး အိပ်မက်ဆိုးများ ဆက်တိုက် မက်နေခဲ့ရသည်။

ယနေ့တွင် အတုအယောင်လူသားများနှင့် တကယ် ရင်ဆိုင်ရလိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ပေ။

ဒါက ပုံပြင်ဇာတ်လမ်းတစ်ခု မဟုတ်ဘူး။ တကယ် လက်တွေ့ကြီးပဲ။

မိန်းကလေး၏ နောက်ထပ် စကားတစ်ခွန်းပင် မထွက်ပေါ်လာနိုင်သေးမီမှာပင် မတ်တတ်ရပ်ကာ ပွင့်လန်းလာသော သွေးရောင်ပန်းပွင့်ကြီးက မိန်းကလေး၏ ခန္ဓာကိုယ်တစ်ခုလုံးကို အတင်းအဓမ္မ ရစ်ပတ်ဖုံးလွှမ်းသွားလေတော့သည်။

မိန်းကလေးက ရူးသွပ်မတတ် ရုန်းကန်နေသည်။

သို့သော် နောက်ဆုံးတွင် မည်သို့မျှ အသုံးမဝင်ခဲ့ပေ။

ဤကမ္ဘာမြေပေါ်တွင် မိန်းကလေး တည်ရှိနေခဲ့သည့် နောက်ဆုံးသော သဲလွန်စလေးပင် ပျောက်ကွယ်သွားသောအခါ။

ခုနက မိန်းကလေးနှင့် တစ်ပုံစံတည်း တူညီလုနီးပါး ရှိသော မိန်းကလေးအသစ် တစ်ဦး ထိုနေရာတွင် ပေါ်လာခဲ့သည်။

မိန်းကလေးအသစ်က သူမ၏ ခေါင်းကို ဘယ်ညာ ယမ်းလိုက်ပြီး တောင့်တင်းနေသော ခြေလက်များကို စတင် လှုပ်ရှားလိုက်သည်။

လူတစ်ယောက်က အဝတ်အစားအသစ် တစ်စုံကို ဝတ်ဆင်လိုက်ပြီး ထိုအဝတ်အစားက မိမိနှင့် ကိုက်ညီမှု ရှိမရှိ စမ်းသပ်နေသည့်အလားပင်။

"အင်းဆိုင်က... တော်တော်လေး ကောင်းကောင်း လုပ်ပေးလိုက်တာပဲ"

"သူတို့တွေသာ မဟုတ်ရင်... ငါတို့တွေ... ဒီလောက် အများကြီး... အဖော်တွေ ရလာမှာ မဟုတ်ဘူး"

ခန္ဓာကိုယ်အသစ်ကို ယခုမှ ရရှိထားခြင်းကြောင့် အသားမကျသေး၍ ဖြစ်မည်။ စကားပြောရာတွင် ထစ်ငေါ့ကာ အဆင်မပြေမှု အနည်းငယ် ရှိနေသေးသည်။

အလင်းနှင့် အမှောင်ကြားတွင် ရပ်နေခဲ့သော အရိပ်ကြီးက ကျေနပ်စွာ ရယ်မောလိုက်သည်။

"ဟုတ်တယ်... လူတွေ အများကြီးက ငါတို့ ရှိနေတယ်ဆိုတာကို သိသွားကြပြီ"

"ငါတို့ အကြောင်းကို သိတဲ့သူ များလာလေလေ... ငါတို့ မျိုးနွယ်တွေ ပိုများလာလေလေပဲ"

"ငါတို့ကို စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ တစ်ခုတည်းသော အရာကတော့... ဒီမြို့ထဲမှာ ငါတို့နဲ့ မသက်ဆိုင်တဲ့ ညစ်ပတ်တဲ့ အကောင်တွေ အများကြီး ရှိနေသေးတာပဲ"

"တောက်... စိတ်ပျက်စရာပဲ"

မလှမ်းမကမ်းရှိ လူနေအိမ်များဆီမှ မီးတောက်ကြီးများ လောင်ကျွမ်းလာသည်။

တဖျပ်ဖျပ် လင်းလက်နေသော မီးရောင်များက လူပုံစံပေါက်နေသည့် ဘီလူးနှစ်ကောင်၏ မျက်နှာပေါ်သို့ ကျရောက်နေသည်။

ထိုအချိန်မှာပင် အမှောင်ထုထဲမှ အလားတူ အရိပ်အယောင်များစွာက တဖွဲဖွဲ ထွက်ပေါ်လာကြသည်။

မှိန်ပျပျ အလင်းရောင်အောက်တွင် လူအယောက် တစ်ရာခန့် ရှိမည်ဟု ခန့်မှန်းရသည်။

အချို့မှာ လူ့ခန္ဓာကိုယ်ကို ယခုမှ အသစ်ရရှိထားသော ထူးဆန်းသည့် အရာများနှင့် တူနေသည်။

ထိုထူးဆန်းသည့် အရာများ၏ ရပ်တည်နေပုံကလည်း တစ်ကောင်နှင့် တစ်ကောင် မတူညီဘဲ ထူးဆန်းနေကြသည်။

အချို့က ပခုံးများကို စောင်းထားကြပြီး အချို့မှာမူ ခေါင်းကြီးက ပခုံးပေါ်သို့ တိုက်ရိုက် ကျိုးကျနေသည်။

သို့သော် အချို့မှာမူ များစွာ သဘာဝကျနေပြီး သာမန်လူများနှင့် ဘာမှ ကွာခြားမှု မရှိပေ။

ထိုသူများသည် "ကိုချောင်" ဟုခေါ်သော ထူးဆန်းသည့် အရာ၏ နောက်ကျောဘက်တွင် ပေါ်လာကြပြီး မည်သည့်စကားမျှ မပြောဘဲ တိတ်ဆိတ်နေကြသည်။

ရုတ်တရက် မိန်းကလေးက "ကိုချောင်" ဟု ခေါ်ဝေါ်ခဲ့သော ဘီလူးကြီး၏ နှုတ်ခမ်းထောင့်မှ အပြုံးကြီးက ပိုမို ပုံကြီးချဲ့လာကာ ကျယ်ပြန့်လာသည်။

ပါးစပ်ကြီးက နားရွက်နောက်အထိ တိုက်ရိုက် ပြဲဟသွားပြီး မျက်နှာပေါ်ရှိ အပြုံးကြီးက တွန့်လိမ်ကာ အလွန်တရာ ခြောက်ခြားဖွယ် ကောင်းနေသည်။

"ကိုချောင်" ၏ ခေါင်းကြီးက ရုတ်တရက် ဒီဂရီ (၁၈၀) လှည့်ထွက်သွားသော်လည်း ခန္ဓာကိုယ်ကြီးကမူ မူလ အနေအထားအတိုင်း ရပ်နေဆဲ ဖြစ်သည်။

ရုပ်ဆိုးအကျည်းတန်နေသော မျက်နှာကြီးက ကျောဘက်တွင် တိုက်ရိုက် ပေါ်လာပြီး မလှမ်းမကမ်းရှိ လမ်းထောင့်တစ်ခုကို စိုက်ကြည့်နေလေသည်။

ငရဲပြည်မှ ထွက်ပေါ်လာသည့်အလား အေးစက်ခြောက်ခြားဖွယ် အသံကြီးဖြင့် အကျည်းတန်စွာ ရယ်မောလိုက်သည်။

"ငါတို့တွေ ရှိနေတယ် ဆိုတာကို လူတွေကို ငါတို့ဘက်က စပြီး ပြောပြလို့ မရဘူး ဆိုပေမယ့်လည်း..."

"မင်းတို့ဘာသာမင်းတို့ ရှာတွေ့သွားတာ ဆိုရင်တော့ ငါတို့နဲ့ မဆိုင်တော့ဘူးလေ"

"သိပ်ကောင်းတာပဲ... ငါတို့ ရှိနေတာကို သိတဲ့သူ နောက်ထပ် ရှိနေပြန်ပြီ"

လမ်းထောင့်ဆီမှ မည်သည့် လှုပ်ရှားမှုမျှ ထွက်ပေါ်လာခြင်း မရှိပေ။

ထိုနေရာတွင် မည်သူမျှ မရှိခဲ့ဖူးသည့်အလား တိတ်ဆိတ်ငြိမ်သက်နေသည်။

"ကိုချောင်" က အေးစက်စက် ရယ်မောလိုက်သည်။

"လူသားတွေဆိုတာ... ဒီလောက်တောင် တုံးအကြတာလား"

မည်သည့် တုံ့ပြန်မှုမျှ မရှိသေးပေ။

"ကိုချောင်" က မျက်မှောင်ကြုတ်လိုက်ပြီး ခြေနှစ်ဖက်ကို အားပြုကာ ခန္ဓာကိုယ် တစ်ခုလုံး နောက်သို့ ခြေလှမ်းကျဲကြီးများဖြင့် စတင် ဆုတ်ခွာသွားသည်။

လူတစ်ယောက်၏ မျက်နှာကို မြင်နေရသလို နောက်ကျောနှင့် တင်ပါးကိုလည်း တစ်ပြိုင်နက်တည်း မြင်တွေ့နေရသည့် အနေအထားမျိုး ဖြစ်သည်။

ထို့နောက် ထိုလူက သင့်ဆီသို့ နောက်ဆုတ်ကာ ခြေလှမ်းကျဲကြီးများဖြင့် "ပြေး" လာနေခြင်းပင်။

လမ်းထောင့် နေရာသို့ ရောက်ရှိသွားသည့်တိုင်အောင်။

"ကိုချောင်" သည် မည်သူ့ကိုမျှ မတွေ့ရသေးပေ။

ကိုချောင်၏ မျက်နှာပေါ်ရှိ အမူအရာက နောက်ဆုံးတွင် ဖော်ပြ၍ မရနိုင်လောက်အောင် ထူးဆန်းသော အနေအထားသို့ ပြောင်းလဲသွားသည်။

သတ်ဖြတ်လိုသော အရိပ်အယောင်များ ပါဝင်နေသလို၊ ဘာလုပ်ရမှန်း မသိသော အခြေအနေမျိုးလည်း ပါဝင်နေပြီး လှောင်ပြောင်ခံလိုက်ရသဖြင့် ထွက်ပေါ်လာသော ဒေါသများလည်း ရောယှက်နေသည်။

တစ်ချိန်တည်းမှာပင် "ကိုချောင်" ၏ နောက်ကျောဘက်တွင် လူအုပ်ကြီး တစ်အုပ် ပေါ်လာခဲ့သည်။

ထိုသူများထဲမှ အချို့မှာ ရှေ့သို့ "နောက်ဆုတ်" ၍ ပြေးလာကြသည်။

အချို့မှာမူ ပုံမှန်လူသားများနှင့် ဘာမျှမကွာခြားပေ။

"သူတို့ သိပ်ဝေးဝေး မပြေးနိုင်လောက်သေးဘူး... လိုက်ကြ"

"အစွမ်းပိုင်ရှင်တွေရဲ့ အနံ့ကို ငါ ရနေတယ်... အများကြီးပဲ"

"ဒီလို အနံ့မျိုးက... တကယ်ကို သာယာယစ်မူးစရာပဲ"

...

ဤ "အတုအယောင်လူသား" များ လိုက်လံ ဖမ်းဆီးနေသော သူများမှာ အခြားသူများ မဟုတ်ပေ။ ချန်းရီတို့ အဖွဲ့ပင် ဖြစ်သည်။

ထိုသူများသည် အတွင်းမြို့တော်မှ ယခုလေးတင် ထွက်လာခဲ့ကြခြင်း ဖြစ်ပြီး ရွှီနန်၏ လမ်းညွှန်မှုအရ နောက်ထပ် လမ်းဆုံနှစ်ခုကို ကွေ့လိုက်ရုံဖြင့် ယာဉ်တန်းရှိ အခြားသူများကို မြင်တွေ့နိုင်မည် ဖြစ်သည်။

နောက်ဆုံးမှ ရေတွက်လျှင် တတိယမြောက် လမ်းဆုံကို ကွေ့တော့မည့် အချိန်လေးမှာပင်။

ချူချယ်နှင့် အဒေါ်ကြီးစွန်းတို့က ယာဉ်တန်းကို ရပ်တန့်စေခဲ့သည်။

သူတို့နှစ်ဦးလုံး၏ မျက်နှာအမူအရာမှာ အလွန် ထူးဆန်းနေကြသည်။

သူတို့၏ အာရုံခံစားမှုများအရ ဤလမ်းဆုံကို ကွေ့လိုက်သည်နှင့် ထူးဆန်းသည့် အရာအချို့ကို ရင်ဆိုင်ရမည် ဖြစ်သည်။

အချို့သော ထူးဆန်းသည့် အရာများ၏ အငွေ့အသက်မှာ အလွန် အားနည်းနေသော်လည်း အချို့မှာမူ အလွန် အားကောင်းနေကြသည်။

သေချာသည်ကတော့ ထိုအထဲမှ အစွမ်းထက်ဆုံးသော အရာသည်ပင်လျှင် ယခင်က တွေ့ခဲ့ရသော "ရစ်ပတ်နေသည့် လူအုပ်ကြီး" နှင့် ယှဉ်နိုင်မည် မဟုတ်ပေ။

အခြားလမ်းကြောင်းများနှင့် ယှဉ်လျှင် ဤလမ်းကြောင်းက အချိန်ကုန် လူပန်းသက်သာဆုံး ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

မည်သို့ပင်ဖြစ်စေ ယာဉ်တန်းထဲတွင် လမ်းစဉ် အဆင့် (၃) အစွမ်းပိုင်ရှင်များ အများအပြား ရှိနေသဖြင့် ရိုးရှင်းသော ထူးဆန်းသည့် အရာများကို ဖြေရှင်းနိုင်စွမ်း ရှိပေသည်။

သို့သော်... ဤထူးဆန်းသည့် အရာများ၏ အငွေ့အသက်က များစွာ ထူးဆန်းလွန်းနေသည်။

ထို့ကြောင့် လူအနည်းငယ်က လမ်းထောင့်တွင် မသင်္ကာဖွယ် ပုန်းကွယ်ကာ ဤဘက်သို့ လှမ်းကြည့်နေခဲ့ကြခြင်း ဖြစ်သည်။

ထိုအချိန်တွင် အတုအယောင်လူသား "ကိုချောင်" နှင့် "မန်မန်" တို့၏ ကိစ္စရပ်ကို သူတို့ မြင်တွေ့သွားခဲ့ကြသည်။

ဤအချိန်တွင် အရူးတစ်ယောက်ပင်လျှင် ဘာတွေ ဖြစ်ပျက်နေသည်ကို နားလည်နိုင်ပေလိမ့်မည်။

ဥပမာအားဖြင့် ထယ်ရှီးလို ငတုံးကြီးပင်လျှင် ပြဿနာကြီးကြီးမားမားနှင့် ရင်ဆိုင်နေရပြီ ဆိုတာကို သိရှိသွားခဲ့လေပြီ။

ဆက်ရန်...

All Chapters