← Chapters

အခန်း ၃၈၀

Vol. 19 Ch. 380

အခန်း ၃၈၀

Vol. 19 Ch. 380

အပိုင်း(၃၈၀) ဘာတွေ ဟန်လုပ်နေတာလဲ

တရားမျှတရေး ယာဉ်တန်း၏ စည်းမျဉ်းတွင် တရားမျှတခြင်းအပြင် ထွက်ပြေးခြင်းလည်း ပါဝင်လေသည်။

တိုက်ခိုက်ရေး၌ အလွန်ကျွမ်းကျင်လှပါသည်ဆိုသော ယာဉ်တန်းများအားလုံးသည် ထူးဆန်းသောအရာများနှင့် တိုက်ခိုက်ကြရင်း သေပွဲဝင်သွားခဲ့ကြပြီ ဖြစ်သည်။

ထူးဆန်းသောအရာများနှင့် တိုက်ခိုက်ရသည်မှာ တစ်ယောက်ချင်း ယှဉ်ပြိုင်တိုက်ခိုက်ရခြင်းမျိုး လုံးဝ မဟုတ်ပေ။

တောရိုင်းထဲ၌ပင်လျှင် ထူးဆန်းသောအရာများကို ကြုံတွေ့ရချိန်တွင် အလျင်အမြန် အဆုံးမသတ်နိုင်ပါက...

တိုက်ပွဲကြောင့် ဖြစ်ပေါ်လာသော အငွေ့အသက်များကို အခြားသော ထူးဆန်းသည့်အရာများက လျင်မြန်စွာ သတိထားမိသွားပြီး ထိုနေရာသို့ ချက်ချင်း ပြေးလာကြမည် ဖြစ်သည်။

အကယ်၍ တိုက်ပွဲကြာချိန်သာ လုံလောက်စွာ ရှည်ကြာမည်ဆိုပါက သီအိုရီအရ ကမ္ဘာပေါ်ရှိ ထူးဆန်းသောအရာ အားလုံးကို ဆွဲဆောင်ခေါ်ယူလိုက်သကဲ့သို့ ဖြစ်သွားနိုင်ပေသည်။

ယခုဆိုလျှင် အိုအေစစ်မြို့တော်၏ အတွင်းအပြင် တစ်ခွင်လုံး၌ ထူးဆန်းသောအရာ မည်မျှရှိနေမည်ကိုပင် မည်သူမျှ မသိနိုင်တော့ချေ။

တရားမျှတရေး ယာဉ်တန်းက တရားဝင် ထုတ်ပြန်ထားခြင်း မရှိသော်လည်း လူတိုင်းကမူ ကောင်းစွာ သဘောပေါက်ထားကြသည်။

ထူးဆန်းသောအရာများနှင့် ကြုံတွေ့ရချိန်တွင် ပထမဆုံး ဦးစားပေးရမည့် စည်းမျဉ်းမှာ "ပြေးနိုင်လျှင် ပြေးမည်၊ လုံးဝ ပြေးမလွတ်တော့မှသာ တိုက်ခိုက်မည်" ဟူ၍ပင် ဖြစ်သည်။

ထိုထူးဆန်းသောအရာသည် ကြည့်ရုံဖြင့် အလွန်အမင်း အစွမ်းထက်သည့်ပုံ မပေါ်လျှင်တောင်မှ ထိုစည်းမျဉ်းကို လိုက်နာရမည် ဖြစ်သည်။

ဥပမာအားဖြင့် ခုနက မြင်တွေ့ခဲ့ရသော အတုအယောင်လူသားများ ကဲ့သို့ပင်တည်း။

ထိုအတုအယောင်လူသားများ၏ ကိုယ်ပေါ်မှ ထွက်ပေါ်နေသော ထူးဆန်းသည့် အငွေ့အသက်များသည် "ရစ်ပတ်နေသော လူအုပ်ကြီး" နှင့် နှိုင်းယှဉ်လျှင် ဘာမျှ မဟုတ်တော့ပေ။

၎င်းတို့၏ တစ်ခုတည်းသော အားသာချက်မှာ ကြောက်မက်ဖွယ်ကောင်းမှု အဆင့်က "ရစ်ပတ်နေသော" လူအုပ်ကြီးနှင့် မတိမ်းမယိမ်း ရှိနေခြင်းနှင့် လူအရေအတွက် များပြားလွန်းလှခြင်းပင် ဖြစ်သည်။

ပို၍ ထိတ်လန့်စရာကောင်းသည်မှာ ဤကောင်များသည် "စည်းမျဉ်းသတ်မှတ်ချက်ရှိသော ထူးဆန်းသည့် အရာများ" ဖြစ်နေခြင်းပင်။

မိမိတို့ဘက်တွင် အစွမ်းပိုင်ရှင် ကိုးယောက်ထက်မက ရှိနေလျှင်ပင် အခြေအနေက မလွယ်ကူလှချေ။

ချန်းရီနှင့် ချူချယ်တို့ နှစ်ယောက်၏ ပထမဆုံးသော တုံ့ပြန်မှုမှာ ထွက်ပြေးရန်သာ ဖြစ်သည်။

လင်းချင်းကော၏ မျက်နှာထက်တွင်မူ မည်သည့် ခံစားချက်မှ ပေါ်လွင်နေခြင်း မရှိပေ။ ဤအမျိုးသမီးက ချန်းရီတို့၏ ရွေးချယ်မှုကို များစွာ ထောက်ခံနေပုံရသည်။

အဒေါ်ကြီးစွန်းကလည်း ထိတ်လန့်တကြားဖြင့် ချူချယ်၏ ဘေးတွင် ကပ်၍ လိုက်လာသည်။

သို့သော် ကြက်မောက်သီးဆံပင်နှင့် ခေါင်းမာသော ဆယ်ကျော်သက် ကောင်လေးကမူ အလွန်ပင် အထင်သေးနေဟန် ရှိသည်။

သူ၏ မျက်နှာအမူအရာက "ခင်ဗျားတို့ တော်တော် သတ္တိကြောင်တာပဲ" ဟု ပြောနေသကဲ့သို့ ရှိနေသည်။

ထိုကောင်လေးက အစွမ်းပိုင်ရှင် ဖြစ်လာသည်မှာ မကြာသေး၍လော သို့မဟုတ် အသက်အရွယ် ငယ်ရွယ်လွန်းသေး၍လော မသိနိုင်ပေ။

ယခင်က သာမန်လူတစ်ယောက် အနေဖြင့် ထူးဆန်းသောအရာများနှင့် ကြုံတွေ့ရချိန်တွင် ထွက်ပြေးခြင်းက ရှက်စရာ မဟုတ်ခဲ့ပေ။

မည်သို့ပင်ဆိုစေကာမူ ထူးဆန်းသောအရာများနှင့် သာမန်လူတို့အကြား ကွာဟချက်က အလွန်တရာ ကြီးမားလွန်းလှသည် မဟုတ်ပါလော။

ယခု အစွမ်းပိုင်ရှင်များ ဖြစ်လာသည့်တိုင်အောင် ထွက်ပြေးနေကြဆဲ ဖြစ်သည်။

၎င်းသည် အစွမ်းပိုင်ရှင်များ၏ ဂုဏ်သိက္ခာကို ချနေခြင်းပင် ဖြစ်သည်ဟု...

ကောင်လေးက သူ၏ စိတ်ထဲတွင် ထိုသို့ တွေးတောနေခဲ့ခြင်း ဖြစ်သည်။

ပိုးကောင်မွေးမြူသူ ရှောင်ချုံးအာ ဆိုသူမှာမူ လမ်းတစ်လျှောက်လုံး စကားတစ်ခွန်းမျှ မဟခဲ့ပေ။ သူ၏ အဒေါ်ကြီး ပြောခဲ့သကဲ့သို့ပင် ဤကောင်လေးသည် လူကြောက်ရောဂါ အနည်းငယ် ရှိနေပုံရသည်။

သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ...

ပြဿနာများက တစ်ဖန် ထပ်မံ ပေါ်ပေါက်လာခဲ့ပြန်သည်။

အစွမ်းပိုင်ရှင်များ၏ ခြေလှမ်းများက တဖြည်းဖြည်း ရပ်တန့်သွားကြသည်။

ထူးဆန်းကျောချမ်းဖွယ် လေထုတစ်ရပ်က လေဟာပြင်ထဲတွင် ပျံ့နှံ့လာသည်။

ယခုအချိန်တွင် "တရားမျှတရေး ယာဉ်တန်း" နှင့် "ပျော်ရွှင်သော မိသားစု ယာဉ်တန်း" တို့သည် လမ်းကြားလေး တစ်ခုထဲ၌ ရောက်ရှိနေကြသည်။

လမ်းကြား၏ အရှေ့နှင့် အနောက်တွင် မည်သည့်အချိန်ကတည်းက လူများ ပြည့်နှက်နေခဲ့မှန်း မသိနိုင်တော့ပေ။

ကြက်ပျံမကျ စည်ကားပြည့်နှက်နေပြီး အရေအတွက် မည်မျှရှိမည်ကိုပင် မခန့်မှန်းနိုင်ချေ။

ထိုမျှသာမက လမ်းကြား နှစ်ဖက်ရှိ အမိုးများပေါ်တွင်လည်း လူရိပ်များက ပြည့်ကျပ်နေကြသည်။

လမ်းကြား နှစ်ဖက်ရှိ အိမ်များ၏ ပြတင်းပေါက်များတွင်ပင်လျှင် လူခေါင်းများဖြင့် ပြည့်နှက်နေသည်။

ချန်းရီ၏ သူငယ်အိမ်များက ချက်ချင်း ကျုံ့ဝင်သွားသည်။

သူက အရှေ့ဘက်ရှိ လူအုပ်ကြီးထဲတွင် ရင်းနှီးနေသော လူရိပ်တစ်ခုကို မြင်တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

ထိုသူမှာ ချစ်စရာကောင်းသော မျက်နှာဝိုင်းဝိုင်းလေးနှင့် ကောင်မလေး တစ်ယောက် ဖြစ်လေသည်။

ကောင်မလေး၏ မျက်နှာက အနည်းငယ် ဖြူရော်နေသော်လည်း မျက်နှာအမူအရာမှာမူ အလွန် ထူးဆန်းနေသည်။

တောင့်တင်းနေသော ထိုမျက်နှာလေးထက်တွင် အပြုံးတစ်ခု ပေါ်လွင်နေပြီး ချန်းရီကို စိုက်ကြည့်ကာ ပြုံးနေခြင်း ဖြစ်သည်။

ထိုအပြုံးက အချိန်အကြာကြီး မတွေ့ရသော သူငယ်ချင်းဟောင်း တစ်ယောက်နှင့် တူနေလေသည်။

ထို့အပြင် ချန်းရီက ထိုကောင်မလေး၏ ဘေးတွင် အခြားသော ရင်းနှီးနေသည့် အရိပ်အယောင်တချို့ကိုပါ မြင်တွေ့လိုက်ရသေးသည်။

ထိုသူများမှာ ယာဉ်တန်းထဲမှ သာမန် အသက်ရှင်ကျန်ရစ်သူများပင် ဖြစ်ကြသည်။

ချန်းရီ တစ်ယောက်တည်း မြင်တွေ့ခဲ့ရခြင်း မဟုတ်ဘဲ ချူချယ်နှင့် စွန်းချန်းချန်းတို့ကလည်း မြင်တွေ့ခဲ့ကြသည်။

"ပျော်ရွှင်သော မိသားစု" ယာဉ်တန်းမှ အစွမ်းပိုင်ရှင် အချို့ကပင်လျှင် ထိုအထဲ၌ သူတို့နှင့် ရင်းနှီးသော သူများကို မြင်တွေ့လိုက်ကြရသည်။

လူတိုင်း၏ မျက်နှာများမှာ လုံးဝ မကောင်းတော့ပေ။

"၁... ၂... ၃"

ကျဉ်းမြောင်းပြီး တိတ်ဆိတ်နေသော လမ်းမပေါ်တွင် တိုးညင်းသော ရေတွက်သံတစ်ခု ထွက်ပေါ်လာသည်။

"၉... ဟီးဟီး... တကယ်ကောင်းတာပဲ... အစွမ်းပိုင်ရှင် ကိုးယောက်တောင်"

"အစွမ်းပိုင်ရှင်တွေက ဒီအမှိုက်တွေထက် အများကြီး ပိုအစွမ်းထက်တယ်... ဟိုလူကောင်ကြီးက ငါ့အပိုင်ပဲ... ဘယ်သူမှ လာမလုကြနဲ့"

မျက်နှာပေါ်တွင် ကျောချမ်းဖွယ် အပြုံးတစ်ခု ချိတ်ဆွဲထားသော ရှေ့ဆုံးမှ ကောင်က ထယ်ရှီးကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

ချစ်စရာကောင်းသော မျက်နှာဝိုင်းဝိုင်းလေးနှင့် ကောင်မလေးကမူ ချန်းရီကို စိုက်ကြည့်ရင်း နှုတ်ခမ်းများ လှုပ်ရှားသွားသည်။

"ကျွန်မက ဒါလေးကို လိုချင်တာ"

ချန်းရီက သက်ပြင်းတစ်ချက် ချလိုက်သည်။

သူက အိုအေစစ်မြို့တော်ထဲတွင် ဤထူးဆန်းသောအရာများနှင့် အမှန်တကယ် စစ်မခင်းချင်ခဲ့ပေ။

ဖြစ်နိုင်မည်ဆိုပါက သူသည် လုံးဝပင် မတိုက်ခိုက်ချင်ခဲ့ချေ။

မည်သို့ပင်ဖြစ်စေ တိုက်ခိုက်ခြင်းဆိုသည်မှာ သေဆုံးနိုင်ချေ ရှိသည်ကို ကိုယ်စားပြုနေသည် မဟုတ်ပါလော။

သို့သော် ရှောင်လွှဲ၍ မရနိုင်တော့လျှင်မူ တစ်မျိုး စဉ်းစားရပေတော့မည်။

ချန်းရီက လက်လှမ်းကာ အင်္ကျီရင်ဘတ်ထဲမှ ဟွာဇီး ဆေးလိပ်တစ်လိပ်ကို ထုတ်ယူလိုက်သည်။

"ထောက်"

မီးခြစ်ဆံမှ လိမ္မော်နီရောင် မီးတောက်လေးက ချန်းရီ၏ မျက်နှာတစ်ခြမ်းနှင့် သွေးရောင်လွှမ်းနေသော မျက်လုံးတစ်ဖက်ကို လင်းထိန်သွားစေသည်။

"ရှူး... ဖူး"

ဆေးလိပ်ငွေ့များကို မှုတ်ထုတ်လိုက်သည်။

"ခေါင်းဆောင်ချူ... တခြားနည်းလမ်းမှ မရှိတော့တာ... ချကြတာပေါ့... ဘာပဲဖြစ်ဖြစ် အနှေးနဲ့အမြန် ကြုံရမယ့် ကိစ္စပဲကို"

ချူချယ်၏ မျက်နှာပေါ်တွင်လည်း မတတ်သာတော့သည့် အမူအရာတစ်ခု ပေါ်လွင်လာသည်။

"အခု အခြေအနေအရဆိုရင်... ငါတို့ ခုနက လုပ်ခဲ့တာတွေက တော်တော်လေး အရူးဖြစ်နေသလိုပဲ"

"ဟားဟားဟား... အဲဒီလိုလည်း မဟုတ်ပါဘူး... မင်းပဲ ကြည့်လေ... ခုနက ကောင်းကင်ပေါ် ပျံတက်သွားတဲ့ တိရစ္ဆာန်မွေးမြူရေး လမ်းစဉ်က ကောင်ဆိုရင်... အခုလောက်ဆို အရိုးတောင် ကျန်တော့မယ် မထင်ဘူး"

"အခု ငါတို့ သေသွားရင်တောင်... အနည်းဆုံးတော့ မိနစ်အနည်းငယ်လောက် ပိုပြီး အသက်ရှင်ခွင့် ရလိုက်သေးတယ်လို့ ပြောလို့ရတာပေါ့"

"အကြောင်းပြချက် ခိုင်လုံတာပဲ"

ချန်းရီနှင့် ချူချယ်တို့ နှစ်ယောက်က အမေးအဖြေ လုပ်နေကြသည်။

ဘေးနားဆီမှ စိတ်မရှည်သော အသံတစ်ခုက ဝင်ရောက်ဆဲဆိုလာသည်။

"ခင်ဗျားတို့ နှစ်ယောက်... ဘာတွေ ဟန်လုပ်နေတာလဲ... မချကြသေးဘူးလား... ကျုပ်ကတော့ ဒီကောင်တွေကို ကြည့်မရဖြစ်နေတာ ကြာပြီ"

"အမှောင်ထု နတ်ဘုရား... ကျွန်တော့်ကို ခွန်အားတွေ ပေးသနားတော်မူပါ"

ကြက်မောက်သီးဆံပင်နှင့် ခေါင်းမာသော ဆယ်ကျော်သက် ကောင်လေးက အော်ဟစ်ကာ ဘေ့စ်ဘောတုတ်ကို ဝှေ့ယမ်းရင်း ရှေ့သို့ ပြေးထွက်သွားလေသည်။

ဘေ့စ်ဘောတုတ်ထက်တွင် အနက်ရောင် မီးတောက်များ လောင်ကျွမ်းနေသည်။

ပိုးကောင်မွေးမြူသူက သူ၏ ပါးစပ်မှ ထူးဆန်းသော ပိုးကောင်အော်သံများကို ထုတ်လွှတ်လိုက်ပြီး အနက်ရောင်ဝတ်ရုံထဲမှနေ၍ ပိုးကောင်တိမ်တိုက်များက မျက်စိတစ်မှိတ်အတွင်း ထွက်ပေါ်လာကြသည်။

အနက်ရောင်ဝတ်ရုံအောက်တွင် ဖုံးကွယ်ထားသော မျက်နှာ၌ မျက်နှာအင်္ဂါရပ်များကို ရှင်းလင်းစွာ မမြင်ရသော်လည်း မရေမတွက်နိုင်သော သေးသွယ်ရှည်လျားသည့် ကြိုးပိုးကောင်များက ထွက်ပေါ်လာကြသည်။

ထိုပိုးကောင်များ၏ တစ်ဖက်စွန်းက အနက်ရောင်ဝတ်ရုံအောက်ရှိ အမှောင်ထုနှင့် ဆက်သွယ်နေပြီး အခြားတစ်ဖက်စွန်းကမူ ပါးစပ်များကို ဟကာ ထူးဆန်းသောအရာများဆီသို့ အော်ဟစ် ဟိန်းဟောက်နေကြလေသည်။

စွန်းချန်းချန်းက မီးနဂါးဓားကို ကိုင်ဆောင်ထားပြီး သူမ၏ အကြည့်များက ယခင်ကအတိုင်း စူးရှထက်မြက်နေသည်။

ထယ်ရှီးမှာလည်း စောစောကတည်းက သတိရနေခဲ့ပြီဖြစ်ပြီး ခုနက သူ့ကို လက်ညှိုးထိုးခဲ့သော "အတုအယောင်လူသား" ကို ခက်ထန်စွာ ပြုံးရင်း စိုက်ကြည့်နေသည်။

ချန်းရီက အမုန်းတရား ဓားရိုးကို ကိုင်ဆောင်ထားပြီး သူ၏ ကိုယ်ပေါ်တွင် မှိန်ဖျော့ဖျော့ သွေးငွေ့များက ပျံ့လွင့်လာသည်။

သွေးရောင်လမင်း၏ အလင်းရောင်များက သူ၏ အနီးသို့ တိတ်တဆိတ် စုစည်းလာကြသည်။

သွေးလမင်း သခင်က တကယ်ပဲ သူ့ကိုယ်သူ ထုတ်ဖော်ပြသတော့မည်လော။

ဆက်ရန်...

နောက်အပိုင်းတွေမှာတော့... ချန်းရီက သွေးလမင်းသခင် အစွမ်းကို တကယ်ပဲ ထုတ်သုံးတော့မှာလား၊ အဲဒီအစွမ်းကဘယ်လောက်တောင် စွမ်းအားကြီးတာလဲ၊ ရစ်ပတ်နေတဲ့လူအုပ်ကြီး လို့ခေါ်တဲ့ ထူးဆန်းတဲ့အရာနဲ့ သွေးလမင်းသားတော်တို့ရဲ့တိုက်ပွဲကရော ဘယ်လိုဖြစ်သွားမှာလဲ၊ ချန်းရီက အဲဒီသွေးလမင်းသားတော်ဆီကနေ အစွမ်းရဦးမှာလား၊ ဒီမြို့ကနေရော သူတို့လွတ်နိုင်ပါ့မလား၊ ဘယ်လို ထူးဆန်းတဲ့အရာတွေ မိစ္ဆာတွေနဲ့ ရင်ဆိုင်ရဦးမှာလဲ၊ မြို့အပြင်က ဝိုင်းထားတဲ့ ထူးဆန်းတဲ့အရာတွေကိုရော ဘယ်လိုကျော်ဖြတ်ကြမှာလဲ၊ သူတို့အဖွဲ့သားတွေထဲကရော လူအကုန်လွတ်နိုင်ပါ့မလား၊ တကယ့်အိုအေစစ်ကိုရော သူတို့ဆက်ရှာကြမှာလား၊ ချူချယ်ကို လှမ်းဖိတ်ခေါ်ထားတဲ့ မြို့အဝင်စီမံကိန်းဆိုတာကိုရော သူတို့သွားမှာလား စတာတွေကို ဆက်ပြီးစောင့်မျှော်ဖတ်ရှုကြပါဦးနော်။

All Chapters