← Chapters

အခန်း ၁၆၅၁

Vol. 111 Ch. 1651

အခန်း ၁၆၅၁

Vol. 111 Ch. 1651

အဓိပတိအင်မော်တယ်သခင် စာစဉ် (၁၁၁)

ဘာသာပြန်သူ နေဇင်။

အခန်း (၁၆၅၁) နတ်ဘုရားမဂိုဏ်း

ချင်ယွင်သည် အလွန်သိချင်သွားမိသည်။ သူကိုယ်တိုင်က ဘယ်လိုလူမျိုးလဲ။ ရွှဲ့ခိုင်၏ လေသံပင် ပြောင်းသွားခဲ့သည်။ သူသည် ရွှဲ့ခိုင်ပြောလာမည့် အဆင့်သတ်မှတ်ချက်က လူတွေအကြောင်းကို စောင့်မျှော်နေမိပါသည်။

"ဒီဒုတိယမြောက်လူကိုတော့ နဂါးဓားလို့ ခေါ်တယ်။ သူက အလွန်အစွမ်းထက်တဲ့ ဓားသမားတစ်ဉီးပဲ။ သူတစ်ယောက်တည်း ခရီးသွားရတာ နှစ်သက်ပြီး မောက်မာပြီး ဝင့်ကြွားတဲ့ စိတ်နေသဘောထား ရှိတယ်။ သူ့ရဲ့ဓားရေးစွမ်းရည်က အရမ်းမြင့်တယ်လို့ ပြောလို့ရတယ်။ သူ့ရဲ့ အစစ်မှန် အဓိပ္ပါယ် နားလည်သဘောပေါက်မူကလည်း ဓားပညာနဲ့ သက်ဆိုင်နေတယ်။ သူက ထူးထူးခြားခြား အစွမ်းထက်လွန်းပြီး ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်မှာ အဆင့် (၆၈) ရှိတယ်။" ရွှဲ့ခိုင်က ပြောသည်။

"ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်မှာ အဆင့် ၆၈ လား။

ချင်ယွင်၏စိတ်နှလုံးသည် ပြင်းထန်စွာ တုန်လှုပ်သွားသည်။ နဂါးဓားသည် အဆင့် ၈၀ မှ ၉၀ အတွင်း ရှိမည်ဟု မူလက တွေးတောပြီး၊ သူ့ကိုယ်သူ ပြင်ဆင်ထားသော်လည်း ထိုလူသည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် အဆင့် ၆၈ ဖြစ်နေမည်ဟု မထင်ခဲ့ပေ။

"ဒါဆို ပထမနေရာက ဘယ်အဆင့်လဲ။" ချင်ယွင်က စိတ်မရှည်စွာ မေးလိုက်သည်။

ဤဒုတိယမြောက်လူကပင် အရမ်းကို အစွမ်းထက်နေခဲ့ပြီ။ ထိုသို့ဖြစ်လျှင် ထိုပထမနေရာ ကလူသည် ကောင်းကင်ဘုံကို ပို၍ပင် အံတုနေမည် မဟုတ်ပါလော။

သို့သော်လည်း ရွှဲ့ခိုင်သည် ချင်ယွင်၏စကားကို ကြားသောအခါတွင် သူက ချက်ချင်း ပြန်မဖြေပေ။ ယင်းအစား သူက ရယ်မောလိုက်သည်။

"သခင်လေး၊ ဒီပထမလူရဲ့အဆင့်က ဘာလဲဆိုတာ သခင်လေး ဘာလို့ မခန့်မှန်းကြည့်တာ လဲ။" ရွှဲ့ခိုင်က ပြုံးပြီး မေးသည်။

"အဆင့် ၅၀ လောက် ရှိသင့်တယ်" ချင်ယွင် မှန်းဆလိုက်သည်။

ရွှဲ့ခိုင်က ပြုံးပြီး ခေါင်းယမ်းလိုက်သည်။

ချင်ယွင် မှင်သက်သွားပြီး "ဒီထက်မြင့်လား, ဒါမှမဟုတ် ဒီထက်နိမ့်လား" ဟု မေးလိုက် သည်။

"မြင့်တယ်" ရွှဲ့ခိုင်က ရယ်လိုက်သည်။

ချင်ယွင် အံ့သြသွားသည်။ ၅၀ မြောက်နေရာကပင် တကယ်ကို မြင့်မားနေပြီ။ ဤပထမလူ သည် မည်မျှ သန်မာနေမည်နည်း။

ချင်ယွင်၏ ထိတ်လန့်တုန်လှုပ်သော အမူအရာကို မြင်လိုက်ရတော့ ရွှဲ့ခိုင်သည် ချင်ယွင် အတွက် အခက်အခဲများကို မလုပ်ဆောင်တော့ပေ။ သူက ပြုံးပြီး ပြောသည် "ဒီပထမလူက ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်မှာ အဆင့် ၂၄ နေရာမှာရှိပြီး သူ့နာမည်က ရန်ချန်းဖန်တဲ့။ သူ့ အစစ်မှန် အဓိပ္ပာယ်က ဘာလဲဆိုတာ ကျွန်တော် မသိပေမယ့် သူ့ရဲ့ ခွန်အားက သံသယဖြစ်စရာမရှိဘူး။ ဒီကမ္ဘာထဲမှာတော့ သူက နံပါတ်တစ်ပုဂ္ဂိုလ်ပဲ"။

"၂၄ လား" ချင်ယွင်သည် တံတွေးတစ်လုတ်ကို မျိုချလိုက်မိသည်။ ဤပထမလူသည် အလွန်အားကောင်းမည်ဟု သူ အချိန်အတော်ကြာကတည်းက မျှော်လင့်ထားခဲ့သော် လည်း အမှန်တကယ်တွင် သူသည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် အဆင့်၂၄ မှ လူတစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ထိုကဲ့သို့ ကျွမ်းကျင်သူမျိုးသည် အနှိုင်းမဲ့ အစွမ်းထက်သည့် တည်ရှိမှုတစ်ခု ဖြစ်နေမည်မှာ သေချာပါသည်။ ဤမဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင်တွင် ပြိုင်ဘက် မရှိနိုင်ပေ။

"သူတို့နှစ်ယောက်ရော ဒီတစ်ကြိမ် ကောင်းကင်နတ်ဆိုးသစ်သီးအတွက် ယှဉ်ပြိုင်ပွဲမှာ ပါဝင်ကြမှာလား။" ချင်ယွင်က မေးသည်။

သူအစိုးရိမ်ဆုံးက ဤကိစ္စဖြစ်သည်။ အကယ်၍, ဤလူနှစ်ယောက်ထဲက တစ်ယောက် တစ်ယောက်သာ ကောင်းကင်နတ်ဆိုးသစ်သီးအတွက် ယှယ်ပြိုင်ပွဲမှာ ပါဝင်လာခဲ့ပါက၊ သူ တွေးတောင်တွေးနိုင်သည့်အရာ မဖြစ်နိုင်တော့။ သူ့အလှည့်ရောက်ရန် လုံးဝ မဖြစ်နိုင်ပေ။

"စိတ်ချပါ သခင်လေး, ဒီလူနှစ်ယောက်က တိုက်ခိုက်လေ့ မရှိတတ်ကြဘူး။ နောက်ပြီး သူတို့နှစ်ယောက်စလုံးက အင်မော်တယ်တောင်ကို ဝင်သွားပြီလို့ ပြောကြတယ်။ အင်မော်တယ်တောင်ကို ဝင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတာ သခင်လေးလည်း သိထားရ မယ်။ အဲဒီတုန်းက ကျွန်တော်တောင် အင်မော်တယ်တောင် အနားကို လျှောက်သွားရုံနဲ့ ပြုတ်ကျလုနီးပါး ဖြစ်သွားရတာ။ ဒါကြောင့် သခင်လေးက သူတို့ ကောင်းကင်နတ်ဆိုး သစ်သီးအတွက် ယှဉ်ပြိုင်ဖို့ ထွက်လာမှာကို သေချာပေါက် စိုးရိမ်နေစရာမလိုဘူး။ ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ဧရာမနတ်ဘုရားနန်းတော်တို့ကတော့ ပါဝင်နိုင်ခြေအရှိဆုံး ပဲ"

ချင်ယွင်သည် ချက်ချင်း သက်ပြင်းချလိုက်သည်။ ဤလူနှစ်ယောက် မပါဝင်သရွေ့တော့ သူ့မှာ မျှော်လင့်ချက် သီသီလေး ရှိနေဆဲပင်။ ကျန်သည့် လူလေးယောက်သည် ရင်ဆိုင်ရ အရမ်းကို ခက်ခဲနိုင်သော်လည်း သူတို့နှစ်ယောက်ထက်တော့ အများကြီး ပိုကောင်းနေပါ သေးသည်။

"မြန်မြန် သွားကြည့်ကြစို့၊ နတ်ဘုရားမဂိုဏ်းက ဒီမှာရောက်နေပြီ။ နတ်ဘုရားမဂိုဏ်းရဲ့ သူတော်စင်မိန်းမပျို ကိုယ်တိုင် လာတာလို့ ပြောကြတယ်။"

"တကယ်လား၊ နတ်ဘုရားမဂိုဏ်းရဲ့ သူတော်စင်မိန်းမပျိုက ပြိုင်ဘက်ကင်း အလှပိုင်ရှင် တစ်ယောက်ပဲ။ သူမကို မြင်နိုင်မယ်ဆို အနှစ်တစ်သောင်း ကျင့်ကြံဖို့တောင် ဆန္ဒရှိတယ်လို့ ပြောဆိုကြတယ်”။

"ဒါဆို, ငါတို့ ဘာကိုစောင့်နေတာလဲ။ မြန်မြန်သွားကြစို့လေ။ အရမ်းနောက်ကျသွားရင်, မတွေ့ရဘဲဖြစ်သွားလိမ့်မယ်"

…

ပတ်ဝန်းကျင်မှ အချက်ပေးသံများ အစီအရီ ဆက်တိုက် ထွက်ပေါ်လာသည်။ ထိုနောက်၊ ထိုနတ်ဘုရားတို့သည် တိကျသော ဦးတည်ရာဆီသို့ အဆက်မပြတ် ပျံသန်းသွားကြပြီး၊ ထိုလမ်းကြောင်းလည်း လူများ ပိုများလာသည်။

"ရွှဲ့ခိုင်၊ နတ်ဘုရားမဂိုဏ်းရဲ့ သူတော်စင်မိန်းမပျိုက ဘာလဲ" ချင်ယွင်က စိတ်ဝင်တစား မေးသည်။

ရွှဲ့ခိုင်သည် ထိုစကားကို ကြားလိုက်တဲ့အခါ သူ့မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာသည်။ "သခင်လေး, သခင်လေး မသိသေးဘူးပဲ။ ဒီနတ်ဘုရားမဂိုဏ်းက မဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင်ထဲမှာ အထူးတည်ရှိမူ တစ်ခုဖြစ်ပြီး၊ မဟာနတ်ဆိုးနတ်ဘုရား အကျဉ်း ထောင်ထဲမှာ သူတို့ရဲ့အဆင့်အတန်းကလည်း တော်တော်လေး မြင့်မားတယ်။ ဧရာမ နတ်ဘုရားနန်းတော်နဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းတို့ကတောင် သူတို့ကို လွယ်လွယ်နဲ့ မနှောင့်ယှက်ရဲကြဘူး။"

"အိုး? အရမ်းအစွမ်းထက်တာပဲ။ နတ်ဘုရားမဂိုဏ်းရဲ့ ဦးဆောင်သူက အဲဒီခြောက်ယောက် ထဲက တစ်ယောက်များ ဖြစ်နိုင်မလား" ချင်ယွင်က စိတ်ဝင်တစား မေးသည်။

ရွှဲ့ခိုင်က ပြုံးပြီး ခေါင်းယမ်းကာ ပြောသည် "မဟုတ်ဘူး၊ ဒီနတ်ဘုရားမဂိုဏ်းရဲ့ ဂိုဏ်းခေါင်း ဆောင်က အဲဒီလောက် တန်ခိုးကြီးတာ မဟုတ်ဘူး။ သူမက ငါ့ရဲ့ ခွန်အားအဆင့်လောက်ပဲ ရှိသေးတယ်။ ပင်လယ်နတ်ဆိုးဘုရင်ကိုတောင် မမှီဘူး"

"ဒါဆို ကောင်းကင်နတ်ဆိုးဂိုဏ်းနဲ့ ဧရာမနတ်ဘုရားနန်းတော်ကတောင် ဘာလို့ ကြောက်နေရတာလဲ။" ချင်ယွင်က အံ့သြပြီး ဝေခွဲမရ ဖြစ်သွားခဲ့သည်။

"ဒါက နတ်ဘုရားမဂိုဏ်းကို ထူးခြားမူကြောင့်ပဲ။" ရွှဲ့ခိုင်က ပြုံးလိုက်သည်။

ချင်ယွင်သည် ရုတ်တရက် ပို၍ပင် စိတ်ရှုပ်ထွေးလာသည်။ ဤနတ်ဘုရားမဂိုဏ်း၏ ထူးခြားချက်က မည်သည့်အရာဖြစ်သည်ကို သူ တကယ် သိချင်လာမိသည်။

ရွှဲ့ခိုင်သည် ချင်ယွင်၏ တက်ကြွပြီး အလွန်မင်း သိချင်စိတ်ပြင်းပြလာသည်ကို မြင်သော အခါ, သူက ပြုံးပြီး ရှင်းပြသည် "နတ်ဘုရားမဂိုဏ်း အတွင်းမှာရှိတဲ့ တပည့်တွေဟာ မိန်းမသားတွေချည်းပဲ။ တပည့်တွေ စုဆောင်းဖို့အတွက် နတ်ဘုရားမဂိုဏ်းရဲ့ စံသတ်မှတ် ချက်တွေက ပါရမီအရည်အချင်းနဲ့ ကျင့်ကြံမှုတွေ မဟုတ်ဘူး။ ရုပ်ရည်အသွင်ပြင်နဲ့ ရွေးချယ်ကြတယ်။ ဒါကြောင့် နတ်ဘုရားမဂိုဏ်းရဲ့ တပည့်တွေအားလုံးကလည်း ကောင်းကင်နတ်သမီးတွေလို မိန်းမလှလေးတွေချည်းပဲ။ တကယ်တော့, ကောင်းကင် နတ်ဘုရား အဆင့်သတ်မှတ်ချက်မှာ အဆင့် ၂၄ နေရာမှာရှိတဲ့ ရန်ချန်းဖန်က နတ်ဘုရားမ ဂိုဏ်းရဲ့ အရေးကြီးဆုံးပုဂ္ဂိုလ်ပဲ။ ဒါကြောင့်လည်း မဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင် နယ်မြေမှာ နတ်ဘုရားမဂိုဏ်းက အထူးတည်ရှိမူ ဖြစ်နေတာ။ ဖြစ်သည်။ ဒါကြောင့် ဘယ်အဖွဲ့စည်းကမှ သူ့ကို ရန်မရဲဘူးလေ”။

ချင်ယွင်သည် ရုတ်တရက် ခေါင်းညိတ်လိုက်သည်။ ထိုသို့ဆိုလျှင်ပင်, သူသည် မကြာခင်မှာ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားမိသေးသည်။ အမျိုးသမီးများသည် နတ်ဘုရားနယ်ပယ် သို့ ဝင်ရောက်ပြီးနောက် သူမတို့၏ ရုပ်ရည်အသွင်အပြင်ကို ပြန်လည်တည်ဆောက်နိုင် သည် မဟုတ်ဘူးလား။ ဤအချက်အရ, နတ်ဘုရားနယ်ပယ်သို့ ဝင်ရောက်နိုင်သည့် အမျိုးသမီးအားလုံး နတ်ဘုရားမဂိုဏ်းထဲ ဝင်နိုင်သည်ဟု ဆိုလိုရာ မရောက်ပေဘူးလား။

ရွှဲ့ခိုင်သည်လည်း ချင်ယွင်၏သံသယများကို မြင်နိုင်ပုံရသည်။ သူက ပြုံးပြီး တုန့်ပြန်လာ သည် “သခင်‌လေး တွေးသလောက် ဘယ်ရိုးရှင်းပါ့မလဲ။ နတ်ဘုရားမဂိုဏ်းထဲမှာ ဘိုးဘေး နတ်ဘုရားပစ္စည်းတစ်ပိုင်းအဆင့် နတ်ဘုရားပစ္စည်း ကြေးမုံတစ်ချပ် ရှိတယ်။ ဒီကြေးမုံက လူတစ်ယောက်ရဲ့ အစစ်မှန် ရုပ်ရည်အသွင်အပြင်ကို ထွင်းဖောက် မြင်နိုင်တယ်။ ဒီကြေးမုံရဲ့ စမ်းသပ်မှုကို ကျော်ဖြတ်နိုင်မှသာ နတ်ဘုရားမဂိုဏ်းထဲ ဝင်ရောက်နိုင်တာ။ ဒါ့ကြောင့် ဒီနတ်ဘုရားမဂိုဏ်းရဲ့ အလှပိုင်ရှင်တွေက သဘာဝအလှပိုင်ရှင်တွေချည်းပဲ”။ (နတ်ဘုရားပစ္စည်းအတုကို နတ်ဘုရားပစ္စည်းတစ်ပိုင်းအဆင့်ဟု ပြောင်းလဲသုံးနှုန်းပါမည်)။

ထိုစကားကို ကြားသည်နှင့်, ချင်ယွင်သည် ကူကယ်ရာမဲ့ ခေါင်းကိုသာ ခါယမ်းလိုက်မိ သည်။ ဤအရာက သန့်စင်သောသဘာဝနှင့် မသန့်စင်သော သဘာဝတိုကို ကွဲခြားခြင်း သည်။ နတ်ဘုရားနယ်ပယ်သို့ ဝင်ရောက်ပြီးနောက် နတ်ဘုရားခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်ခြင်းသည် ဘဝအသစ်ကို ရရှိခြင်းနှင့် ညီမျှသည်။ ၎င်းသည် ရှန်တန်အလှပိုင် ရှင်များနှင့် မတူပေ။

သို့သော် နတ်ဘုရားမဂိုဏ်းသည် ထိုကဲ့သို့ ပြုလုပ်ခြင်းအတွက် သဘာဝအတိုင်း ၎င်းတို့၏ ကိုယ်ပိုင် အကြောင်းပြချက်များ ရှိနေခဲ့သည်။ သူတို့သည် အမျိုးသားထုကြီး၏ စိတ်နှလုံး ကို ဖမ်းစားနိုင်ရန် ထိုကဲ့သို့ ပြုလုပ်ခဲ့ပြီး၊ အမျိုးသားများကို အမှန်အကန် ပြီးပြည့်စုံသည့် ထိုရှန်တန်အလှပိုင်ရှင်များကို ခံစားခွင့်ပြုပေးသည်။

"ဒါဆို နတ်ဘုရားမဂိုဏ်းရဲ့ သူတော်စင်မိန်းမပျိုဆိုတာကရော” ချင်ယွင်က ဆက်မေး သည်။

"နတ်ဘုရားမဂိုဏ်းရဲ့ သူတော်စင်မိန်းမပျို" ဆိုတာက ဂိုဏ်းထဲမှာ အလှဆုံး အမျိုးသမီးပဲ။ သူမက နတ်ဘုရားမဂိုဏ်းရဲ့ နောင်တက်မယ့် ခေါင်းဆောင်လည်း ဖြစ်တယ်။ နတ်ဘုရားမ ဂိုဏ်းရဲ့ လက်ရှိခေါင်းဆောင်ကလည်း ယခင်မျိုးဆက်ရဲ့ သူတော်စင်မိန်းမပျိုတစ်ဦး ဖြစ်တယ်။ လွန်ခဲ့တဲ့ တစ်နှစ်လောက်က နတ်ဘုရားမဂိုဏ်းကို အမျိုးသမီးအသစ် တစ်ယောက် ရောက်ရှိလာတယ်လို့ ပြောကြတယ်။ သူမက ထူးထူးခြားခြား လှပလွန်းပြီး၊ ပြင်းထန်တဲ့ ညှို့ငင်အားနဲ့ မွေးဖွားလာသူတဲ့။ သူမက အမျိူးသားတွေအတွက်တော့ အဆိပ် ဖြစ်တယ်။ သူမကို နတ်ဘုရားမဂိုဏ်းရဲ့ သူတော်စင်မိန်းမပျိုအဖြစ် လွန်ခဲ့တဲ့ တစ်နှစ်ခန့်က မှည့်ခေါ်ခဲ့တာပဲ”။ ရွှဲ့ခိုင်က ပြောနေရင်း၊ သူ့စကားတွေက စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေခဲ့သည်။

"ပြင်းထန်တဲ့ ညှို့ငင်အားကို ပိုင်ဆိုင်ထားတဲ့ ကောင်းကင်နတ်ဘုရားမ တစ်ပါးလား။ ယောက်ျားတွေအတွက် အဆိပ်လား။ အဲဒါ သူမများ ဖြစ်နိုင်မလား?" ချင်ယွင်သည် တိုးတိုး ရေရွတ်သော်လည်း သူ့မျက်ခုံးက အနည်းငယ် ရှုံ့သွားခဲ့သည်။ ရွှဲ့ခိုင်၏ စကားများက သူ့ကို လူတစ်ဦးကို သတိရစေခဲ့သည်။

ထိုလူသည် တစ်ချိန်က သူနှင့် ပတ်သက်ခဲ့ဖူးပြီး ပျောက်ကွယ်သွားခဲ့သည်။ ထိုလူသည် ပြင်းထန်သည့် ညှို့ငင်ခြင်းစွမ်းအားကို ပိုင်ဆိုင်ထားသလို၊ သဘာဝရှန်းတန် ညို့ငင်ခြင်း ခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်ထားသည်။

ထိုလူမှာ ယွမ်ရှီရှီ ဖြစ်သည်။

All Chapters