အခန်း ၁၇၃၁
Vol. 116 Ch. 1731
အခန်း (၁၇၃၁) ကောင်းကင်အင်ပါယာမြို့တော်။
လုံယွန်သည် ချင်ယွင်၏စကားကြောင့် သူ့သတိထားမူကို အလွယ်တကူ လွှတ်ချထားခြင်း မပြုခဲ့ပေ။ နောက်ဆုံးတွင် သူသည် ကလေးတစ်ယောက် မဟုတ်ပါဘူး။ တဖက်လူ၏ ပြောစကားကို အလွယ်တကူ ယုံကြည်ဖို့က သူ့အတွက် မဖြစ်နိုင်ပါဘူး။
ချင်ယွင်က ပြုံးလိုက်သည်။ သူသည် ဤကိစ္စနှင့်ပတ်သက်ပြီး အရစ်ရှည်မနေတော့ပေ။ ယင်းအစား သူ့လက်ဖဝါးကို လှန်ပြလိုက်ပြီး၊ သူ့လက်ထဲမှာ အနက်ရောင်ကျောက်တုံး တစ်ခု ပေါ်လာပါသည်။
"ဒါက မင်းတို့ စောစောက ဆွေးနွေးခဲ့တဲ့ အနက်ရောင် ကျောက်တုံးမဟုတ်လား" ချင်ယွင် က လုံယွန်ကို ကြည့်ကာ မေးသည်။
ချင်ယွင်က အနက်ရောင် ကျောက်တုံးကို ထုတ်ယူလိုက်သည်ကို လုံယွန် မြင်လိုက်ရသည့် အခိုက် သူ့အမူအရာက လုံးဝ ပြောင်းသွားသည်။ သူက အံ့သြသည့် အမူအရာဖြင့် ပြောသည် "ဟုတ်တယ်၊ ဒီအနက်ရောင် ကျောက်တုံးပဲ။ မင်းမှာလည်း ဒီလိုကျောက်တုံးမျိုး ရှိနေမယ်လို့ ငါ မမျှော်လင့်ထားဘူး"
"ဒါဆို မင်းမှာ အနက်ရောင် ကျောက်တုံးရှိလား" ချင်ယွင်က ထပ်မေးသည်။
"လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က ငါ ဒီလို အနက်ရောင်ကျောက်တုံးတစ်တုံးကို ပိုင်ဆိုင်ခဲ့ ပေမဲ့ အခုတော့ အဲဒီအနက်ရောင် ကျောက်တုံးက ဘယ်မှာလဲဆိုတာ ငါ မသိတော့ဘူး" လုံယွန်က စိတ်လှုပ်ရှားစွာ ပြောသည်။
"ဘာတွေ ဖြစ်ခဲ့လို့လဲ" ချင်ယွင်က ကမန်းကတန်း မေးလိုက်သည်။
"ဒါက ဒီလိုပါ။ လွန်ခဲ့တဲ့ အနှစ်တစ်ထောင်လောက်ကပေါ့, ငါ ရှေးဟောင်းအပျက်အစီး နယ်မြေတစ်ခုထဲကနေ အဲဒီအနက်ရောင် ကျောက်တုံးကို ရခဲ့တာ။ နောက်ပိုင်း ပတ်ပတ် လည် စုံစမ်းကြည့်တော့ ဒီအနက်ရောင် ကျောက်တုံးရဲ့ နောက်ကွယ်မှာ လျှို့ဝှက်ချက်ကြီး တစ်ခု ရှိတယ်ဆိုတာ သိလိုက်ရတယ်။ ဒါနဲ့ ငါလည်း အဲဒီလျှို့ဝှက်ကို ရှာကြည့်တော့ ရှာမတွေ့ဘူး။ ဒါကြောင့် ငါ လက်လျှော့လိုက်တာ။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်က အဲဒီအနက်ရောင် ကျောက်တုံးကို ဘိုးဘေးနတ်ဘုရားတစ်ပိုင်းအဆင့် ပစ္စည်းတစ်ခုနဲ့ လဲလှယ်ဖို့ ဆန္ဒရှိသူတစ်ယောက်နဲ့ ငါ တွေ့ခဲ့တယ်။ အဲဒါနဲ့ ငါလည်း လဲလှယ်လိုက်တယ်။ ငါ့အတွက် ဒီအနက်ရောင် ကျောက်တုံးကို သိမ်ထားတာက အသုံးမဝင်ဘူးလေ” လုံယွန်က ပြန်ဖြေသည်။
ချင်ယွင် မျက်မှောင်ကြုတ်လိုက်သည်။
မူလက သူသည် အနက်ရောင်ကျောက်တုံး၏ နေရာကို ရှာတွေ့ပြီဟု ထင်ခဲ့သော်လည်း မစတင်ခင်ကပင် သူ့မျှော်လင့်ချက်အိပ်မက် ဖျက်ဆီးသွားမည်ဟု မမျှော်လင့်ခဲ့ပေ။ ဟုတ်ပါသည်, ဤအရာက သဲလွန်စမရှိဘဲ ကမ္ဘာအနှံ့ ရှာဖွေနေခြင်းထက်တော့ ပိုကောင်းပါသည်။
"ဒါဆို အဲဒီလူက ဘယ်သူလဲ သိလား" ချင်ယွင်က ဆက်မေးသည်။
"ငါ မသိဘူး။ အဲဒီလူက အဖြူရောင်မုတ်ဆိတ်ရှည်နဲ့ အဘိုးကြီးတစ်ဦးပဲ။ ငါ့မျက်လုံးထဲ မြင်ရသလောက် နည်းနည်းအောက်တန်းကျတဲ့ အဘိုးကြီးတစ်ဦးပဲ။ သူက ဘိုးဘေး နတ်ဘုရားတစ်ပါး ဖြစ်နိုင်ဖွယ်ရှိတယ်။ ဘာလို့ဆို သူ့စွမ်းအားကို ငါ မမြင်နိုင်လို့ပဲ” လုံယွန် က အမှန်အတိုင်း ပြန်ဖြေသည်။
ချင်ယွင်က ပို၍ပင် မျက်မှောင်ကြုတ်သွားသည်။ အကယ်၍, ထိုအနက်ရောင်ကျောက်တုံး ကို ဘိုးဘေးနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးမှ အမှန်တကယ် သိမ်းသွားပါက၊ ၎င်းကို ထပ်မံရှာဖွေရန် ပိုမိုခက်ခဲမည် ဖြစ်သည်။
ထို့အပြင်၊ လုံယွန် ရည်ညွှန်းသည့် ထိုအဘိုးကြီးဆိုသူသည် ထိုလူကိုယ်တိုင် ဖန်တီးထား သည့် လှည့်စားမှုတစ်ခု ဖြစ်သည်။ သူ ထိုလူ၏ ရုပ်ရည်အသွင်အပြင်ကို သိနေရင်တောင် အသုံးမဝင်ပေ။
"ဒါဆို, အဲဒီတုန်းက မင်း အဲဒီအဘိုးကြီးကို ဘယ်မှာ တွေ့ခဲ့တာလဲ။" ချင်ယွင်က သူ့နောက်ဆုံး မျှော်လင့်ချက်ဖြင့် မေးလိုက်သည်။
"သြော်၊ ငါ သူ့ကို ကောင်းကင်အင်ပါယာမြို့တော်မှာ တွေ့ခဲ့တာ။ ဒါပေမယ့် နှစ်တစ်ရာ ကျော်သွားပြီ။ အဲဒီလူလည်း ထွက်သွားပြီးသား ဖြစ်လောက်ပြီ။" လုံယွန်က ကူကယ်ရာမဲ့ ပြောသည်။
ချင်ယွင် ခေါင်းညိတ်လိုက်သည်။ သူ ကောင်းကင်အင်ပါယာမြို့တော်ကို သွားရင်တောင် ထိုလူကို ရှာတွေ့ရန် အရမ်းခက်ခဲမည်ကို သူ သိပါသည်။ သို့သော်, သူ ကြိုးစားကြည့်ချင် တုန်းပင်။
နောက်ဆုံးတွင်, သူ့မှာ အနက်ရောင်ကျောက်တုံး ၁၁ ခု ရှိနေပြီ။ နောက်ဆုံးတစ်ခုကို တွေ့သည်နှင့်, သူသည် အနက်ရောင် ကျောက်တုံးများ၏ နောက်ကွယ်က လျှို့ဝှက်ချက်ကို သူ ဖော်ထုတ်နိုင်လိမ့်မည်။ ထို့ကြောင့် သူ လက်မလျှော့ချင်သေးပေ။
"မင်း ကောင်းကင်အင်ပါယာမြို့တော်ကို သွားဖို့ စီစဉ်နေတာလား။" လုံယွန်က ချင်ယွင်၏ အတွေးတွေကို မြင်ပုံရပြီး မေးလိုက်သည်။
"အင်း" ချင်ယွင်က ဘာမှ ဖုံးကွယ်မထားဘဲ ခေါင်းညိတ်လိုက်သည်။
"ဒါဆို ငါ မင်းနဲ့အတူ လိုက်ခဲ့မယ်။ ငါလည်း ကောင်းကင်အင်ပါယာမြို့တော်ကို သွားခါနီး အခုလိုအဖြစ်မျိုး ဖြစ်သွားရတာ။ မကြာခင်က ကောင်းကင်အင်ပါယာမြို့တော်မှာ ကြီးကြီး မားမား ဖြစ်ပျက်ကြီးတစ်ခု ဖြစ်ပျက်ခဲ့တာကို မင်း မသိမှာ စိုးရတယ်။ ကျွမ်းကျင်သူတွေ အားလုံးက ကောင်းကင်အင်ပါယာမြို့တော်ဆီ အပြေးအလွှား သွားနေကြပြီ။ ရှေးခေတ် နတ်ဘုရားကမ္ဘာရဲ့ အဓိကအင်အားစုကြီးတွေ အားလုံး ရောက်နေလောက်ပြီ။" လုံယွန်က ပြုံးပြီး ပြောသည်။
"ကြီးကြီးမားမား အဖြစ်ပျက်တစ်ခုခုလား၊ ဘယ်လိုအဖြစ်ပျက်ကြီးလဲ" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
"သေချာတာက, အဲဒါက စတုတ္ထမြောက် ကောင်းကင်ဘုံတံဆိပ်ကြောင့်ပဲ။ ပထမနဲ့ ဒုတိယ ကောင်းကင်ဘုံတံဆိပ်တွေ ပျောက်ကွယ်သွားပြီးကတည်းက တတိယမြောက် ကောင်းကင်ဘုံ တံဆိပ်ဟာ လွန်ခဲ့တဲ့ ငါးနှစ်လောက်က ထွက်ပေါ်လာခဲ့ပြီး၊ နောက်ဆုံးမှာ ချီယွန်ဘိုးဘေးဘုရားရဲ့ ပထမတပည့်ကြီးက သိမ်းယူသွားခဲ့တယ်။ နောက်ဆုံးမှာတော့ စတုတ္ထမြောက် ကောင်းကင်တံဆိပ်ရဲ့ သတင်းတွေ ထွက်ပေါ်လာတာပဲ။" လုံယွန်က ပြန်ဖြေသည်။
"အိုး…, စတုတ္ထမြောက် ကောင်းကင်ဘုံတံဆိပ်နဲ့ ပတ်သက်တဲ့ သတင်းလား" ချင်ယွင်က သူ့စိတ်နှလုံးထဲတွင် အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ သူသည် ဆယ်နှစ်ကြာအောင် တံခါးပိတ် ကျင့်ကြံပြီးနောက် တတိယမြောက် ကောင်းကင်ဘုံတံဆိပ် ထွက်ပေါ်ပြီး ဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
သို့သော် ချင်ယွင်က ဂရုမစိုက်ပေ။ ကောင်းကင်ဘုံတံဆိပ် အားလုံးကို ရယူရန် သူ မမျှော်လင့်ပေ။ ကောင်းကင်ဘုံတံဆိပ် တစ်ခုရှိသရွေ့ သူသည် ကောင်းကင်ဘုံတံခါးဝသို့ ဝင်ရောက်နိုင်ပြီ။ ထို့အပြင်, အခု သူ့လက်ထဲမှာ နှစ်ခုရှိနေပြီ။ ထို့ကြောင့်၊ သူသည် ကောင်းကင်ဘုံတံဆိပ်ကို လုယူသည်ဖြစ်စေ၊ မယူသည်ဖြစ်စေ သူ့အပေါ် များစွာ သက်ရောက်မှုရှိမည် မဟုတ်ပေ။
"မင်း မသိဘူးသေးလား။ စတုတ္ထမြောက် ကောင်းကင်ဘုံတံဆိပ်ရဲ့ သတင်းက ရှေးခေတ် နတ်ဘုရားကမ္ဘာ တစ်ခုလုံးကို ပြန့်နှံ့နေပြီလေ။ စတုတ္ထမြောက် ကောင်းကင်ဘုံတံဆိပ်က ကောင်းကင်အင်ပါယာမြို့တော် နယ်မြေပိုင်နက်အတွင်း ကောင်းကင်ဘုံကျောက်တုံး တစ်ခုထဲမှာ ရှိတယ်လို့ ပြောနေကြတယ်။ ဒါပေမယ့် ဒီကောင်းကင်ဘုံကျောက်တုံးက ထူးထူးခြားခြား မာကြောပြီး ဘယ်သူမှ ဘာမှမလုပ်နိုင်ဘူး။ ဘိုးဘေးနတ်ဘုရားအဆင့် ကျွမ်းကျင်သူတွေတောင် တိုက်ရိုက် တိုက်ခိုက်နိုင်စွမ်း မရှိကြဘူး။ ဒါကြောင့်, သူတို့က ဒီကျောက်တုံးကို အတူတူဖွင့်ဖို့ လူစုနေကြတာ .." လုံယွန်က ရှင်းပြသည်။
ချင်ယွင် ခေါင်းညိတ်လိုက်သည်။ ၎င်းတို့အားလုံးသည် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများ ဖြစ်ကြပြီး၊ သူတို့လက်ကို မြှောက်လိုက်ရုံဖြင့် ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးနိုင်ကြသော်လည်း, သူတို့မဖျက်ဆီးနိုင်သည့်အရာအချို့ အမှန်တကယ် ရှိနေပါ သေးသည်။
ဥပမာ၊ ချင်ယွင်၏လက်ထဲက အနက်ရောင်ကျောက်တုံး ဖြစ်သည်။ ချင်ယွင်သည် သူ့ခွန်အား အားလုံးကို အသုံးပြုခဲ့လျှင်ပင်, အနက်ရောင်ကျောက်တုံးပေါ်မှာ ခြစ်ရာလေး ပင် မချန်ရစ်နိုင်ပါဘူး။ ဤသည်မှာ စကြဝဠာတစ်ခု၏ အံ့ဖွယ်များပင်။
"ဒါဆို အတူတူသွားရအောင်" ချင်ယွင်က လုံယွန်ကို ပြောသည်။
"ကောင်းပြီ၊ ငါတို့ မတိုက်ခိုက်မချင်း ငါတို့အချင်းချင်း သိကြမှာ မဟုတ်ဘူး။ ဒါပေမယ့် ငါ မင်းကို သတိပေးပါရစေ။ မင်းက ကျောင်းချင်းကို သတ်ထားတော့, သူ့ဆရာက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး။ နောက်ပြီး, သူ့မှာ အရမ်းအစွမ်းထက်တဲ့ စီနီယာအစ်ကို ဝူရှင်း ဆိုတာ ရှိတယ်။ သူက အလွန်အစွမ်းထက်ပြီး ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ် ချက်မှာ အဆင့် ၉ ရှိတယ်။ မင်း သတိထားရမယ်။" လုံယွန်က ချင်ယွင်ကို ပြောသည်။
"ဝူရှင်းလား" ချင်ယွင်သည် ဤအမည်ကို တိတ်တဆိတ် မှတ်သားခဲ့ပြီး၊ သူသည် လုံယွန်နောက်မှလိုက်ပါရင်း ကောင်းကင်အင်ပါယာမြို့တော်ဆီသို့ ဦးတည်သွားခဲ့သည်။
လမ်းတစ်လျှောက်တွင် ချင်ယွင်သည်လည်း လုံယွန်နှင့် စကားများစွာ ပြောခဲ့သည်။ သူသည် လုံယွန်ထံမှ ရှေးခေတ်နတ်ဘုရားကမ္ဘာ၏ အင်အားစုများ ခွဲဝေခြင်းအကြောင်းကို လေ့လာခဲ့ရသည်။
ရှေးခေတ်နတ်ဘုရားကမ္ဘာတွင်၊ ဘိုးဘေးနတ်ဘုရားအသီးသီးသည် ၎င်းတို့၏ ကိုယ်ပိုင် တိုက်ပွဲများကို ကိုယ်ပိုင်စွမ်းအားဖြင့် ဆင်နွှဲခဲ့ကြသော်လည်း၊ အချို့သော ဘိုးဘေး နတ်ဘုရားများသည် အင်အားများကို ပူးပေါင်းရန် ရွေးချယ်ခဲ့ကြပြီး၊ စုစုပေါင်း ထိပ်တန်း အင်အားစုကြီး သုံးခုရှိလာခဲ့သည်။
ထိုအင်အားစုကြီး သုံးခုမှာ ကောင်းကင်ဘုံရှင်နန်းတော်၊ ကျယ်ပြောကောင်းကင် နန်းတော်နှင့် နဂါးကောင်းကင်နန်းတော်တို့ ဖြစ်သည်။
၎င်းတို့အနက်မှ ကောင်းကင်ဘုံ ရှင်နန်းတော်နှင့် ကျယ်ပြောကောင်းကင် နန်းတော်တို့ သည် လူသားမျိုးနွယ် ဘိုးဘေးနတ်ဘုရားများဖြင့် ဖွဲ့စည်းထားသည့် အင်အားစုဖြစ်ပြီး၊ နဂါးကောင်းကင်နန်းတော်သည် နတ်ဘုရားသားရဲ ဘိုးဘေးနတ်ဘုရားများဖြင့် ဖွဲ့စည်းထားသည့် အင်အားစု ဖြစ်သည်။
၎င်းတို့အထဲတွင် ချင်ယွင်သည်လည်း ကောင်းကင်ဘုံရှင်နန်းတော်နှင့် ဆက်ဆံခဲ့ဖူးသည်။ ယခင်က လင်းထျန်းသည် ကောင်းကင်ဘုံရှင်နန်းတော်၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ ကောင်းကင်ဘုံရှင်နန်းတော်၏ နောက်ကွယ်မှာ ဘိုးဘေးနတ်ဘုရား အယောက် ၃၀ ကျော် ရှိသည်ဟု ဆိုကြသည်။ သို့သော် ချင်ယွင်သည် မည်သည့်ဘိုးဘေးများ ပါဝင်သည်ကို အတိအကျ မသိခဲ့ပေ။ သို့ရာတွင်၊ သူ့ကိုသတ်ဖြတ်လိုသော ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားသည် ကောင်းကင်ဘုံရှင်နန်းတော်တွင် ရှိနေကြောင်း သူ သေချာသည်။
ထို့အပြင်၊ ကျောင်းချင်း၏ဆရာဖြစ်သည့် ရွှေတိမ်တိုက်ဘိုးဘေးနတ်ဘုရားသည်လည်း ကောင်းကင်ဘုံရှင်နန်းတော်၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။
ချင်ယွင်၏ဆရာသခင်၊ လေဟာနယ်ဘိုးဘေးနတ်ဘုရားနှင့် အချိန်ဘိုးဘေးနတ်ဘုရားတို့ အနေဖြင့်မူ, ၎င်းတို့သည် မည်သည့်အင်အားစုနှင့်မျှ မပူးပေါင်းကြပေ။ ၎င်းတို့သည် သီးခြားအဖွဲ့ခွဲတစ်ခု ဖြစ်သည်။
ချင်ယွင်သည် ဤကိစ္စကို သိပ်ပြီး မတွေးချင်ပါဘူး။ ကြီးကျယ်ခမ်းနားသော ထိုနတ်ဘုရား နန်းတော်ကြီး သုံးခုသည် သူ့ကို မနှောင့်ယှက်သရွေ့၊ သူသည် သူတို့ကို အရင်ဆုံး ပြဿနာ ရှာမည် မဟုတ်ပေ။ သေချာည်မှာ, အကယ်၍, ကြီးကျယ်ခမ်းနားသော နတ်ဘုရား နန်းတော်ကြီး သုံးခုသည် သူ့ကို အရင်ဆုံး ပြဿနာလာရှာလျှင်, ၎င်းတို့ကို ဇောက်ထိုး လှန်ပစ်ရမည်ဆိုလျှင်လည်း စိတ်ထဲမထားပေ။
ဤနတ်ဘုရားနန်းတော်ကြီးသုံးခုက လုပ်ဆောင်လာခဲ့လျှင်, ဘာဖြစ်မလဲ။ မည်သို့ပင်ဆို စေကာမူ ဤကာလအတွင်း ဘိုးဘေးနတ်ဘုရားအဆင့် ကျွမ်းကျင်သူများကို တိုက်ခိုက်ရန် ခွင့်မပြုပေ။ ရလာဒ်အနေဖြင့် သူ့ကို ခြိမ်းခြောက်နိုင်လူက အနည်းငယ်သာ ရှိပါသည်။
ဆယ်ရက်ကြာ ခရီးထွက်ပြီးနောက် ချင်ယွင်နှင့် လုံယွန်တို့သည် နောက်ဆုံးတွင် ကောင်းကင်အင်ပါယာမြို့တော်သို့ ရောက်ရှိလာခဲ့သည်။
ဤသည်မှာ အနှိုင်းမဲ့ကြီးမားသော နတ်ဘုရားမြို့ကြီးတစ်မြို့ ဖြစ်သည်။ ၎င်းသည် မြေပြင်ပေါ်တွင် တွားသွားနေသော ရှေးဟောင်းသားရဲတစ်ကောင်နှင့် တူသည်။ မြို့တစ်မြို့လုံး၏ အဆောက်အဦများကို နတ်ဘုရားကမ္ဘာမှ အနှိုင်းမဲ့ မာကျောသော အနက်ရောင် ကျောက်တုံးများဖြင့် ဆောက်လုပ်ထားသည်။ ယင်းကြောင့် တစ်မြို့လုံးသည် ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်ကဲ့သို့ပင် လူအများ၏ စိတ်နှလုံးထဲတွင် ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေသည်။