← Chapters

အခန်း ၁၇၄၁

Vol. 117 Ch. 1741

အခန်း ၁၇၄၁

Vol. 117 Ch. 1741

အဓိပတိအင်မော်တယ်သခင် စာစဉ် (၁၁၇)

ဘာသာပြန်သူ နေဇင်။

အခန်း (၁၇၄၁) ချင်ယွင်လှုပ်ရှားခြင်း။

ချင်ယွင်လည်း အနည်းငယ် အံ့သြသွားသည်။ ဤအမှောင်ရှေးဟောင်းမီးလျှံသည် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အခြားစွမ်းအင်ကိုပင် လောင်ကျွမ်းနိုင်မည်ဟု သူ မမျှော်လင့်ထားပေ။

အနက်ရောင်မီးတောက်များ ဆက်လက်လောင်ကျွမ်းလာသည်နှင့်အမျှ မုယွီ၏ပုံရိပ်သည် လည်း ဆက်လက်၍ ရှေ့တိုးသွားသည်။

ဆယ်မီတာ၊ ငါးဆယ်မီတာ။ ထိုကဲ့သို့ပင်၊ ထူးဆန်းသောစွမ်းအင်သည် အနက်ရောင် မီးလျှံများဖြင့် လောင်ကျွမ်းနေခဲ့သည်။

ဤမြင်ကွင်းကို အနီးပတ်ဝန်းကျင်ရှိ လူတိုင်း မြင်လိုက်ရပြီး သူတို့မျက်လုံးများက အံ့အားသင့်ခြင်းများဖြင့် ပြည့်နေခဲ့သည်။

ဤအနက်ရောင်မီးလျှံသည် ကြောက်မက်ဖွယ်ကောင်းသည်ဟု သူတို့ကြားဖူးသည်မှာ ကြာလှပြီ ဖြစ်သော်လည်း ဤမျှထိတ်လန့်ဖွယ်ကောင်းမည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြ ပေ။

လုံယွန်လည်း အံ့အားသင့်သည့် အမူအရာကို ဖော်ပြလာသည်။ သူ့ခုခံကာကွယ်မှုပင်လျှင် ဤအမှောင်ရှေးဟောင်းမီးလျှံကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

မုယွီသည် လျင်မြန်စွာပင် ကြီးမားသော သွေးကျောက်တုံးကြီးရှေ့သို့ ရောက်ရှိလာသည်။ အားလုံး၏ အကြည့်များသည် မုယွီအပေါ်သို့ ကျရောက်သွားသည်။ မုယွီ၏ အမှောင် ရှေးဟောင်းမီးလျှံသည် ဤကြီးမားလှသော ကျောက်တုံးကြီးကို အရည်ပျော်နိုင်ပါ့မလား ဟု သူတို့ သိချင်နေကြသည်။

မုယွီသည် ကျောက်တုံးကြီးရှေ့သို့ လျှောက်သွားရင်း သူမရှေ့ရှိ ကျောက်တုံးကြီးကို လှမ်းကြည့်လိုက်သည်။ သူမ၏အေးစက်နေသော မျက်လုံးများတွင် အအေးဓာတ် အငွေ့အသက်က ထွက်ပေါ်လာသည်။

ဘန်း…။

ကြောက်မက်ဖွယ်ကောင်းသော မီးတောက်မီးလျှံများသည် ဧရာမ အနက်ရောင်ဖီးနစ်ကြီး အသွင် ဖြစ်ပေါ်လာသည်။ ဖီးနစ်ကြီးသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး အနက်ရောင် ကျောက်တုံးဆီသို့ ပြင်းပြင်းထန်ထန် ရိုက်ချိုးလိုက်သည်။

"ဘုန်း.."

ကျယ်လောင်သည့် တုန်ခါအသံတစ်ခု ထွက်ပေါ်လာသည်။ မီးလျှံဖီးနစ်သည် ကြီးမားသော သွေးကျောက်တုံထဲသို့ ထိုးကျသွားသော်လည်း မည်သည့်လှုပ်ရှားမှုမှ မရှိခဲ့ပေ။ သွေးကျောက်တုံးကြီး၏ မျက်နှာပြင်ကို အနည်းငယ်မျှပင် ထိခိုက်ခြင်း မရှိပေ။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ? အမှောင်ရှေးဟောင်းမီးလျှံတောင် ဒီဧရာမကျောက်တုံးကြီး ကို မလှုပ်ခါနိုင်ဘူးလား"

ဤကျောက်တုံးကြီး မည်မျှကြောက်စရာကောင်းကြောင်း စိတ်လှုပ်ရှားစွာဖြင့် ကွင်းပြင်ထဲ မှာ ဆွေးနွေးသံများ ထွက်ပေါ်လာသည်။

မုယွီ၏မျက်နှာသည် အလွန်အံ့သြသွားသည့် အမူအရာတစ်ခုကို ပေါ်လွင်နေပြီး၊ ထို့နောက် မကျေနပ်သည့် အရိပ်အယောင်များ သူမမျက်နှာပေါ်တွင် ပျံ့နှံ့လာခဲ့သည်။

ထို့နောက် သူမ၏ခန္ဓာကိုယ်မှ ကြီးကျယ်ခမ်းနားသော အနက်ရောင် မီးတောက်တစ်ခု ထွက်ပေါ်လာသည်။ ဤအနက်ရောင်မီးလျှံသည် ဧရာမကျောက်တုံးကြီးတစ်ဝိုက်တွင် ရစ်ပတ်နေသည့် ဧရာမမီးတောက်နက်နဂါးကြီးအဖြစ်သို့ တိုက်ရိုက် ပြောင်းသွားခဲ့သည်။

သို့သော်လည်း ကျောက်တုံးကြီးသည် လုံး၀ ထိခိုက်မူမရှိသေးဘဲ ကျောက်တုံး၏ မျက်နှာပြင်ပေါ်ရှိ အပူချိန်သည် လွန်စွာ မြင့်တက်ခြင်းလည်း မရှိခဲ့ပေ။

မုယွီသည် အနက်ရောင်မီးတောက်များကို ပြန်ရုပ်သိမ်းလိုက်ပြီး အကူအညီမဲ့သည့် အမူအရာ ဖော်ပြလာသည်။

"ငါ့ကို ကူညီခွင့်ပြုပါ။”

ထိုအချိန်တွင် ကောင်းကင်ဘုံရှင်နန်းတော်မှ ကျောင်းထျန်းက ဒေါသတကြီး အော်ပြောပြီး သူ့လက်ထဲတွင် မိုးကြိုးဓားတစ်လက် ပေါ်လာသည်။

"ဘုန်း.."

ကောင်းကင်ယံမှ ကြောက်မက်ဖွယ် မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာပြီး သူ့လက်ထဲက မိုးကြိုးဓားသည် လူတိုင်း၏စိတ်နှလုံးကို ချောက်ခြားစေသည့် ကြောက်မက်ဖွယ် လျှပ်စီးအလွှာတစ်ခုဖြင့် ဖုံးလွှမ်းသွားသည်။

"ချိုးဖျက်လိုက်စမ်း"

ကျောင်းထျန်းသည် သူ့ဓားကို ဝှေ့ယမ်းလိုက်ပြီး ကြောက်မက်ဖွယ် လျှပ်စီးများက ချက်ချင်းပင် ပြိုကျလာကာ ဧရာမကျောက်တုံးကြီးဆီသို့ ပြင်းထန်စွာ ထိုးဖောက် ဝင်ရောက်သွားသည်။

"ဘုန်း"

ကြောက်စရာကောင်းသည့် လျှပ်စီးများသည် ကျောက်တုံးကြီးကို ရိုက်ခတ်သွားပါသည်။

ကျောက်တုံးကြီးသည် မလှုပ်မယှက်ဖြစ်နေပြီး, နောက်ကွယ်မှာ ခြစ်ရာတစ်ချက်မျှပင် မကျန်ရစ်ခဲ့ပေ။

ပတ်ဝန်းကျင်က လူတွေအားလုံး အထိတ်တလန့် အော်ဟစ်ကြသည်။ ထိုကျောက်တုံးကြီး ၏ မာကျောမှုက သူတို့စိတ်ကူးကို ကျော်လွန်သွားခဲ့ပါပြီ။

"ဟား…၊ ဟား…။ ငါလည်း လာခဲ့မယ်" လုံဟန် ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။

ထိုသို့ပြောပြီးနောက် သူသည် ချင်ယွင်အနားမှ ထွက်သွားကာ ကျောက်တုံးကြီးဆီသို့ လျှောက်သွားလိုက်သည်။

ကျောက်တုံးအပြင်ဘက်က စွမ်းအင်တွေကို မုယွီက လောင်ကျွမ်းစေခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် လုံဟန်သည် အတားအဆီးမရှိဘဲ ကျောက်တုံးကြီး ရှေ့သို့ လျှောက်သွားခဲ့ သည်။

"ဘုန်း"

လုံဟန်က ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး ကျောက်တုံးကြီး၏ မျက်နှာပြင်ကို သူ့လက်သီးဖြင့် ထိုးလိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသော်လည်း ကျောက်တုံးကြီးကတော့ မလှုပ်မယှက် ဖြစ်နေဆဲပင်။

ကွင်းပြင်ရှိလူတိုင်း တုန်လှုပ်ခြောက်ခြားစွာဖြင့် အော်ဟစ်လိုက်ကြသည်။ တိုက်ခိုက်သူ သုံးဦးစလုံးသည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် ထိပ်တန်း ကျွမ်းကျင်သူဆယ်ဦး ဖြစ်ကြပြီး၊ ထိုကဲ့သို့ ကျွမ်းကျင်သူများသည်ပင် ဤကျောက်တုံးကြီး ကို တစ်စုံတစ်ရာ မလုပ်ဆောင်နိုင်ခဲ့ပေ။

လုံဟန်နှင့် အခြားသူများလည်း အံ့အားသင့်သည့် အမူအရာကိုယ်စီ ဖော်ပြလာကြသည်။ သူတို့ တိုက်ခိုက်မှုအားလုံးက အသုံးမဝင်ပါဘူး။

ဘန်း…။

ထိုအခိုက်တွင် ကျောက်တုံးကြီးပေါ်မှ ရုတ်ချည်း လှုပ်ရှားသွားသည်။ ၎င်းသည် အနည်းငယ် လှုပ်ခါသွားသည်။ လောင်ကျွမ်းနေသည့် ထူးဆန်းသော စွမ်းအင်တစ်ခုက ကျောက်တုံးကြီးကနေ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့ပြီး မုယွီ၊ ကျောင်းထျန်းနှင့် လုံဟန်တို့ကို လွင့်ပျံသွားစေခဲ့သည်။

သူတို့ သုံးယောက်စလုံးသည် သူတို့ခန္ဓာကိုယ်ကို မရပ်တန့်နိုင်ခင် အမြင့်ပေ ထောင်ချီပြီး လွင့်ပျံသွားကြသည်။ သူတို့ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။

ကျောက်တုံးပေါ်ရှိ စွမ်းအင်သည် အမှန်ပင် အလွန်ကြောက်စရာကောင်းသည်။ သူတို့ သုံးယောက်၏ ခွန်အားနှင့်ပင် ကျောက်တုံးကို မတိုက်ခိုက်နိုင်ပေ။

"ဟင်း…၊ ငါ ကျရှုံးသွားပြီ။ ကြည့်ရတာ ဒီကျောက်တုံးကြီးက တကယ်ကို လှုပ်ခါလို့ မရဘူးထင်ပါရဲ့"

"မှန်တယ်။ ဘိုးဘေးနတ်ဘုရားတောင်မှ လှုပ်ခါလို့ မရဘူး။ ငါတို့ရဲ့ ကောင်းကင်နတ် ဘုရားတန်ခိုးစွမ်းအားက ဘယ်လိုလုပ် လှုပ်ခါနိုင်မှာလဲ။"

'"ကြည့်ရတာ, ဒီတစ်ကြိမ် ကျောက်တုံးဖွင့်ပွဲအခမ်းနားက ကျရှုံးရတော့မယ့်ပုံပဲ။ ဒီလိုနဲ့ စတုတ္ထမြောက် ကောင်းကင်ဘုံတံဆိပ်လည်း ထွက်ပေါ်မလာနိုင်ဘူး မဟုတ်လား။ စတုတ္ထမြောက် ကောင်းကင်ဘုံတံဆိပ် မထွက်ပေါ်လာရင်, နောက်တစ်ခု ပေါ်လာဖို့က ပိုလိုတောင် မဖြစ်နိုင်တော့ဘူး"

…

လူတိုင်းက ကျောက်တုံးကြီးက လုံးဝ လှုပ်ခါ၍မရဟု ခံစားမိကြပြီး ကွင်းထဲမှာ တိုးတိုးလေး ပြောဆိုနေကြသည်။

ကျောင်းထျန်းနှင့် မုယွီတို့သည်လည်း စိတ်ပျက်နေသည့် အမူအရာများ ဖြစ်ပေါ်နေကြ သည်။ အခုနက သူတို့၏စွမ်းအားကို အပြည့်အဝ အသုံးမချရသေးသော်လည်း သူတို့ စွမ်းအား၏ ၇၀ ရာခိုင်နှုန်းလောက်ကို အသုံးပြုပြီးသွားခဲ့ပြီ။ သူတို့သည် ကျောက်တုံးကြီး နည်းနည်းလေးတောင်မှ မလှုပ်ခါနိုင်ကြပါဘူး။ သူတို့စွမ်းအားကို အကုန်အသုံးပြုလျှင်ပင် ရလာဒ်က အတူတူဖြစ်ပါလိမ့်မည်။

လုံဟန်ကတော့ ဂရုမစိုက်ပါဘူး။ ဒီရလာဒ်ကို သူ မအံ့သြပါဘူး။

"ဟား..၊ ဟား…၊ ညီငယ်ချင်၊ မင်းရော ဘာလို့ မစမ်းကြည့်တာလဲ။ မင်းမှာ ဒီကျောက်တုံးကြီးကို ရှင်းထုတ်ဖို့ နည်းလမ်း ရှိကောင်းရှိနိုင်တယ်" လုံဟန်က ချင်ယွင်ကို လှည့်ကြည့်ပြီး ရယ်မောလိုက်သည်။

လုံဟန်၏အသံသည် အလွန်ကျယ်လောင်သောကြောင့် လုံဟန်ပြောစကားကို ပရိသတ် အားလုံးနီးပါး ကြားနေရသည်။

လေတိုးသံနှင့်အတူ လူတိုင်း၏အကြည့်တွေက ချင်ယွင်အပေါ်သို့ ကျရောက်သွားသည်။

ကျောင်းထျန်းသည် ချင်ယွင်ကို လှမ်းကြည့်သော်လည်း သူ့စိတ်သဘောထားကို ဖော်ပြခြင်းမရှိဘဲ အေးစက်စက်သာ ကြည့်နေခဲ့သည်။

ရောက်ရှိလာသူ လူအများအပြားသည် ချင်ယွင်၏လျှို့ဝှက်ချက်များကို မသိခဲ့ကြပေ။ အကယ်၍ သူသည် ယခုအချိန်တွင် တိုက်ခိုက်ပါက မည်သည့်အကျိုးအမြတ်မှ ရရှိနိုင်မည် မဟုတ်ပေ။

မုယွီသည် သူမ၏လှပသော မျက်နှာပေါ်တွင် အံ့အားသင့်သောအမူအရာဖြင့် ချင်ယွင်ကို ဘေးမှ ကြည့်နေသည်။

လုံဟန်သည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် စတုတ္ထအဆင့် ကျွမ်းကျင်သူဖြစ်ပြီး သူ့ကို ထိုစကားမျိုး ပြောဆိုနိုင်သူက အလွန်နည်းပါးပါသည်။ ထို့ကြောင့် သူ့ရှေ့က ဤလူငယ်သည် ထူးထူးခြားခြား တစ်ခုခုတော့ ရှိနေသင့်သည်။

ချင်ယွင်သည် သူ့စိတ်ထဲတွင် ကူကယ်ရာမဲ့ ပြုံးလိုက်သည်။ အခုအချိန်မှာ လုံဟန်က သူ့ကို တွန်းထုတ်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

လုံဟန်မှာ အခြားဆိုးဝါးသည့် မည်သည့်ရည်ရွယ်ချက်မှ မရှိဘူးဆိုသည်ကို သူသိပါသည်။ ချင်ယွင်က သူ့ကို ကြောက်လန့်စေခဲ့သည့် ရန်ငြိုးအတွက် လက်စားချေရုံ သက်သက်သာ ဖြစ်သည်။

သို့သော်လည်း လုံဟန်သည် ယခုအချိန်တွင် သူ့ကို မခေါ်ထုတ်လျှင်ပင်၊ ချင်ယွင်သည် ကြီးမားသော လှုပ်ရှားမှုကို ပြုလုပ်လိုသောကြောင့်, သူသည် ထင်ရှားပေါ်လွင်စေရန် စတင်လှုပ်ရှားရပါဦးမည်။

"ကောင်းပြီ၊ ငါစမ်းကြည့်မယ်။" ချင်ယွင်က ပြုံးလိုက်ပြီး၊ ထိုသို့ပြောပြီးနောက် လူအုပ်ထဲ က လျှောက်ထွက်လာသည်။

"ဟား…၊ ဟား…၊ ညီအစ်ကိုချင်၊ မင်းလုပ်နိုင်ပါတယ်။" လုံယွန်က လိုက်လျောညီထွေ အားပေးလိုက်သည်။

ထိုစကားတွေ ပြောပြီးသည်နှင့် ပရိသတ်အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

"သူ တကယ် ကြိုးစားရဲတယ်ပေါ့။ သူ့မှာ ထူးကဲတဲ့ စွမ်းရည်တွေ တကယ်ကို ရှိနေတာများ လား"

"ငါမသိဘူး၊ ဒါပေမယ့် လုံဟန်နဲ့ လုံယွန်တိုက သူ့အပေါ် အကောင်းမြင်လွန်းတယ်။ သူ့မှာ တကယ်ကို အစွမ်းထက်တဲ့ အရာတစ်ခုခုတော့ ရှိကောင်းရှိနိုင်တယ်။"

…

လူတိုင်းက သံသယစိတ်ဖြင့် ပြောနေကြသည်။

မုယွီသည်လည်း ချင်ယွင်၏ထူးခြားချက်ကို မြင်လိုသည့်အလား ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်နေသည်။

ကျောင်းထျန်းသည် ဘာမှမပြောပေ။ သို့သော် သူ့မျက်နှာမှာ ခပ်ဖျော့ဖျော့ အပြုံးတစ်ခုက ဆက်လက် ရှိနေခဲ့ပါသည်။

ချင်ယွင်သည် လူတိုင်း၏ အကြည့်များကို လျစ်လျူရှုကာ ကျောက်တုံးကြီးဆီသို့ လျှောက်သွားခဲ့သည်။

"ဘုန်း.."

ချင်ယွင်သည် နတ်ဆိုးနတ်ဘုရားတန်ခိုးစွမ်းအားကို စုစည်းပြီး စွမ်းအင်အလွှာအထံသို့ လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။

သို့သော် ရလဒ်က ထင်ရှားလွန်းသည်။ ချင်ယွင်သည် စွမ်းအင်အတားအဆီးကိုပင် မဖြတ်ကျော်နိုင်ဘဲ ပြန်ကန်ထွက်သွားခဲ့သည်။

ကွင်းပြင်ထဲမှာ စိတ်ပျက်သည့်အသံတွေက ပေါက်ကွဲထွက်လာခဲ့သည်။ သူတို့သည် ချင်ယွင်ကို အစွမ်းထက်သည့်ပုဂ္ဂိုလ်အချို့ ဖြစ်မည်ဟု ထင်မြင်ခဲ့ကြသော်လည်း ၎င်းသည် လူရွှင်တော်တစ်ဦးသာသာ ဖြစ်ကြောင်း ပေါ်လွင်နေခဲ့သည်။

မုယွီ၏မျက်လုံးများတွင် စိတ်ပျက်သည့် အရိပ်အယောင်များ ထွက်ပေါ်လာသော်လည်း လုံဟန်နှင့် လုံယွန်တို့ နှစ်ဦးစလုံး၏မျက်နှာပေါ်တွင် အပြုံးမပျက် ရှိနေကြသည်ကို သူမ မြင်လိုက်ရသောအခါတွင် သူမစိတ်နှလုံးက အံ့သြသွားပြန်သည်။

ယခုအချိန်တွင် ချင်ယွင်သည် ကြီးမားသော ကျောက်တုံးကြီးမှ ထုတ်လွှတ်နေသော စွမ်းအင်အကာကွယ်အစွန်းကို ဒုတိယအကြိမ် ထပ်မံကြိုးစားရန် ရည်မှန်းထားသည့် အတိုင်း ရှိနေသည်။

All Chapters