အခန်း ၁၇၅၈
Vol. 118 Ch. 1758
အခန်း (၁၇၅၈) အခြားကမ္ဘာ့က နတ်ဆိုးနတ်ဘုရားကျင့်ကြံသူများ။
ချင်ယွင်သည် နဂါးဘုရင်နတ်ဘုရားခန်းမမှ ထွက်ခွာပြီးနောက် သူ၊ လုံထျန်းနှင့် လုံဟန်တို့ သည် ကောင်းကင်တောင်တည်ရှိရာ တိုက်ပွဲဇုန်သို့ တိုက်ရိုက် သွားခဲ့ကြသည်။
ယခုအခါ ဂြိုလ်သားကမ္ဘာခြား ကျူးကျော်ဝင်ရောက်လာကြပြီး၊ ရန်သူများ အားလုံးသည် ရူးသွပ်ဖွယ်စွမ်းအင်များကြားမှာ ကျုံ့ဝင်နေကြသည်။
သို့သော် သူတို့သည် ရံဖန်ရံခါ အပြင်ထွက် တိုက်ခိုက်တတ်ပြီး၊ ရန်သူကို ထိပ်တိုက် ရင်မဆိုင်ကြပေ။
လုံထျန်း၏ ဦးဆောင်မှုအောက်တွင် ချင်ယွင်သည် လျင်မြန်စွာပင် ကောင်းကင်တောင် အနီး စစ်ပွဲဇုန်သို့ ရောက်ရှိလာခဲ့သည်။
တန်ခိုးကြီးသော ကောင်းကင်တောင်တန်း၏ ရူးသွပ်ဖွယ် စွမ်းအင်များသည် အရှိန်ဟုန်ဖြင့် ကီလိုမီတာ သန်းရာနှင့်ချီ ပျံ့နှံ့သွားပြီး ကြီးမားသော ဧရိယာကို သိမ်းပိုက်ထားသည်။
ယခုအချိန်တွင်၊ ရှေးခေတ်နတ်ဘုရားကမ္ဘာရှိ ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူများ အားလုံးသည် မဟာမိတ်ဖွဲ့စ ပြုလာကြသည်။ သူတို့သည် ရှေးခေတ် နတ်ဘုရားကမ္ဘာ၏ အစွန်အဖျားသို့ အပြင်လူများ မဝင်ရောက်နိုင်စေရန် စွမ်းအင်ဒီရေလှိုင်း တဝိုက်တွင် ခံစစ်စည်းတစ်ခုကို တည်ဆောက်ထားသည်။
တော်ဝင်မိသားစု ကျွမ်းကျင်သူများ ရှိနေသရွေ့, ဘိုးဘေးနတ်ဘုရားနယ်ပယ်တွင် ကျွမ်းကျင်သူများ မပေါ်လာသေးသော်လည်း၊ သူတို့သည် ဆန့်ကျင်ဘက်ရန်သူနှင့် ရင်ဆိုင်ရသည့်အခါ ချက်ချင်း ပေါ်လာမည် ဖြစ်သည်။
"နတ်ဘုရားကမ္ဘာမဟာမိတ်က ဒီရူးသွပ်ဖွယ် စွမ်းအင်ရဲ့ အပြင်ဘက်အစွန်ဆုံးမှာ မြို့ပေါင်း ၁၈၀ ကို တည်ဆောက်ထားတယ်။ မြို့တစ်မြို့ချင်းစီကို ကောင်းကင်နတ်ဘုရား အများ အပြားက စောင့်ကြပ်ထားတယ်။ မြို့ဆယ်မြို့တိုင်းကို ဘိုးဘေးနတ်ဘုရားတစ်ပါးက လျှို့ဝှက် စောင့်ကြပ်လိမ့်မယ်။ လက်ရှိအချိန်မှာ အဲဒီကမ္ဘာခြားကျူးကျော်သူတွေက ဒီရူးသွပ်ဖွယ် စွမ်းအင်တွေကြားမှာ ပုန်းအောင်းနေနိုင်ကြတယ်။" လုံထျန်းသည် အလျင်အမြန် ပြေးနေစဉ် တန်ခိုးကြီးသော ကောင်းကင်တောင်တန်းအနီးရှိ အခြေအနေကို ချင်ယွင်နှင့် လုံဟန်တို့အား ရှင်းပြခဲ့သည်။
ချင်ယွင်က ခေါင်းညိတ်ပြသည်။ အဆင့်ဝင်မြို့တစ်ခုကို ထူထောင်ခြင်းသည် ကောင်းကင် နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူအတွက် အလွန်လွယ်ကူသော အလုပ်ဖြစ်သည်။
ချင်ယွင် တစ်ယောက်တည်းပင်လျှင် နတ်ဘုရားမြို့တော်တစ်ခုကို တစ်ရက်အတွင်း တည်ဆောက်နိုင်သည်။
"ဒါဆို ငါတို့သွားမယ့်နေရာက မြို့ပေါင်း ၁၈၀ ထဲက တစ်ခုလား" ချင်ယွင်က မေးသည်။
"ဟုတ်တယ်၊ ငါတို့သွားမယ့်နေရာက ငါတို့နဲ့ အနီးစပ်ဆုံး ဧကရာဇ်နဂါးမြို့တော်ပဲ။ ငါတို့ နဂါးမျိုးနွယ် ကျွမ်းကျင်သူတွေ စောင့်ကြပ်နေတဲ့ မြို့တစ်မြို့ပဲ။ အခုကမ္ဘာခြားရန်သူတွေ ကျူးကျော်ဝင်ရောက်လာတဲ့အတွက် တိုင်းတစ်ပါး ရန်သူတွေကို ခုခံကာကွယ်ဖို့ အင်အားစု အားလုံး စုရုံးနေကြပြီ။ ဘိုးဘေးနတ်ဘုရားလည်း ခြွင်းချက်မရှိဘူး" လုံထျန်းက ရှင်းပြသည်။
ချင်ယွင် အနည်းငယ် အံ့သြသွားသည်။
ဤပြည်ပရန်သူများ ကျူးကျော်ဝင်ရောက်လာသည်မှာ တစ်နှစ်သာ ရှိသေးသော်လည်း ဤဘိုးဘေးနတ်ဘုရားများ ပေါင်းစည်းရန်မှာ လွယ်ကူသော အလုပ်မဟုတ်ပေ။
ဤကိစ္စရပ်၏ လေးနက်မှုကို ဤဘိုးဘေးနတ်ဘုရားများသည် ရှင်းရှင်းလင်းလင်း သိခဲ့ကြသည်။
အကယ်၍, သူတို့မထိန်းနိုင်ရင် ဤကမ္ဘာကြီးတစ်ခုလုံး ပျက်စီးသွားလိမ့်မည်။
"ဟမ့်၊ ဒီလူယုတ်မာတွေက ငါတို့ကမ္ဘာကြီးကို သိမ်းပိုက်ဖို့ ကြိုးစားနေကြတယ်။ ဒီအဖေက သူတို့အားလုံးကို အသားပြားဖြစ်အောင် ရိုက်နှက်ဖို့ တောင်းဆိုရမယ်။" လုံဟန်သည်လည်း မုန်းတီးမှုများနှင့် ပြည့်နှက်နေပြီး သူ့မျက်လုံးများက တိုက်ပွဲဝင်လို စိတ်များဖြင့် ပြည့်နှက်နေလေသည်။
"အခြားကမ္ဘာက ဒီလူတွေကို လျှော့မတွက်ကြနဲ့။ အခု သူတို့အကြောင်း ငါတို့ သိထားသလောက်ဆို, သူတို့ရဲ့ စစ်သည်တွေကို သူတို့ရဲ့ အကြေးခွံအရောင်နဲ့ ခွဲခြားထား တယ်။ အဆင့်ခြောက်ဆင့်နဲ့ အနီရောင်၊ အဖြူ၊ အစိမ်း၊ အပြာ၊ အနက်နဲ့ ခရမ်းရောင်ဆိုပြီး အရောင်ခြောက်ရောင်ရှိတယ်။ အနီရောင်အဆင့်က နှောင်းပိုင်း ကောင်းကင်နတ်ဘုရား တစ်ပါးရဲ့ ခွန်အားကို ပိုင်ဆိုင်ထားပြီး။ အဖြူအဆင့်ကတော့ သာမန် အထွက်အထိပ် ကောင်းကင်နတ်ဘုရားတစ်ပါးရဲ့ အစွမ်းကို ပိုင်ဆိုင်ထားတယ်။ အစိမ်းရောင်အဆင့်က ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင်ကျွမ်းကျင်သူများရဲ့ အစွမ်းကို ပိုင်ဆိုင် ထားပြီး၊ အပြာရောင်အဆင့်က သေးငယ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရား တစ်ပါးရဲ့ အစွမ်းကို ပိုင်ဆိုင်ထားကာ၊ အနက်ရောင်အဆင့်က ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားရဲ့အစွမ်းကို ပိုင်ဆိုင်ထားတယ်။ ခရမ်းရောင် အဆင့်က တော်ဝင်မိသားစုရဲ့ခွန်အားဖြစ်ပြီး အလုံးစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားကို ပိုင်ဆိုင်ထားတယ်” လုံထျန်းက ရှင်းပြသည်။
ချင်ယွင်နှင့် လုံဟန်နှစ်ယောက်စလုံးက ခေါင်းညိတ်ပြကြသည်။
အခြားတဖက်၏ အင်အားက ဤမျှအားကောင်းမည်ဟု သူတို့ မမျှော်လင့်ထားပေ။
“ငါတို့ရဲ့ လက်ရှိခန့်မှန်းချက်အရ အနီရောင်အဆင့်စစ်သည် တစ်သန်းခန့်ရှိပြီး၊ အဖြူရောင် အဆင့် စစ်သည်က ၁၀၀၀၀၀၊ အပြာရောင်အဆင့်က ၃၀၀၀ နီးပါးရှိတယ်။ အမဲရောင် အဆင့်နဲ့ ခရမ်းရောင်အဆင့်စစ်သည်တွေကိုတော့ မသိရသေးဘူး။” လုံထျန်းက ထပ်ပြော ပြန်သည်။
ချင်ယွင်က အံ့သြသွားသည်။ ဤကမ္ဘာခြား ကျွမ်းကျင်သူများသည် အလွန်များပြားလှ သည်။
ထို့အပြင်, ဤအရာ ပထမအသုတ်သာ ဖြစ်နိုင်ချေရှိပြီး၊ နောက်မှာ နောက်ထပ်လည်း ရှိနိုင်ပါသေးသည်။
“ဒီကောင်တွေ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ သူတို့ ဘာကြောင့် ငါတို့ ကမ္ဘာကြီးကို လာကျူးကျော်နေကြတာလဲ။” လုံဟန်က မမေးဘဲ မနေနိုင်တော့။
လုံထျန်းက ခေါင်းခါပြီး “အကြောင်းပြချက် အတိအကျကတော့ မရှင်းသေးဘူး။ ဒါပေမယ့်, သူတို့ တစ်စုံတစ်ခုကို ရှာဖွေနေပုံရတယ်လို့ ပြောကြတယ်။ သူတို့က ရူးသွပ်ဖွယ် စွမ်းအင် ထဲမှာ ပုန်းအောင်းနေတော့ ငါတို့လည်း မဝင်နိုင်ဘူး။ ဒါကြောင့် ရနိုင်တဲ့အချက်အလက်က နည်းလွန်းတယ်။"
ချင်ယွင်က တိတ်ဆိတ်နေခဲ့သည်။
ဤအပြင်ကလူများသည် မည်သည့်နေရာက ရောက်လာကြသနည်း။ သူတို့သည် သူတို့ကမ္ဘာကို အဘယ့်ကြောင့် ကျူးကျော်လာရသနည်း။ ဤအရာက ချင်ယွင် အမြဲ သိချင်နေသည့် မေးခွန်းများဖြစ်သည်။
အခု ထိုအဖြေတွေကို စူးစမ်းဖို့ သူ့ကိုယ်သူ အားကိုးရမည့်ပုံပေါ်သည်။
"ကောင်းပြီ၊ နဂါးဧကရာဇ် မြို့တော်က ရှေ့မှာ။” လုံထျန်းက နတ်ဘုရားမြို့တော် ရှိရာဆီသို့ ညွှန်ပြရင်း ပြောသည်။
ချင်ယွင်သည် လုံထျန်းညွှန်ပြသောအရပ်ဆီ ကြည့်လိုက်သည်။ ဤနတ်ဘုရားမြို့တော် တွင် ကျွမ်းကျင်ပညာရှင်ပေါင်း သုံးထောင်ထက်မနည်း ရှိသည်။
နဂါးများအပြင် အရပ်ရပ်အင်အားစုများမှ ကျင့်ကြံသူအချို့လည်း ရှိနေကြသည်။ ၎င်းတို့ထဲတွင် အားအနည်းဆုံးက နှောင်းပိုင်း ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများ ဖြစ်သည်။
ချင်ယွင်, လုံထျန်းနှင့် လုံဟန်တို့သည် မြို့တော်မျှော်စင်ဆီသို့ ပျံသန်းသွားကြသည်။ မြို့တော်မျှော်စင်ပေါ်တွင် မတ်တပ်ရပ်နေသည့် အရပ်မြင့်မြင့် လူထွားကြီးတစ်ဦး ရှိနေသည်။
“နောက်ဆုံးတော့, မင်းတို့ ရောက်လာပြီပေါ့။ တကယ်လို့, မင်းတို့ မလာဘူးဆိုရင် ငါတို့ရဲ့ နဂါးဧကရာဇ်မြို့တော်က ခုခံနိုင်မှာ မဟုတ်ဘူး။” အရပ်မြင့်မြင့် လူထွားကြီးက လုံထျန်း ရောက်လာသည်ကို မြင်သောအခါ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“လုံရှီ, မင်း ကြိုးစားပြီးပါပြီ။ ဘယ်လိုဖြစ်ရတာလဲ" လုံထျန်းက ခေါင်းညိတ်ပြသည်။
"ဟင်း..၊ ကောင်းကင်နတ်ဘုရား ကျွမ်းကျင်ပညာရှင် တော်တော်များများ သေဆုံးသွားပြီ။ ဒီကမ္ဘာခြား ကျူးကျော်သူတွေရဲ့ အကာကွယ်က အားကောင်းလွန်းတယ်။ အထူးသဖြင့် အပြာရောင်အဆင့် ကြေးခွံနတ်ဆိုးတွေပဲ။ ငါတို့ရဲ့ တိုက်ခိုက်မှုတွေက သူတို့ရဲ့ အကြေးခွံတွေကို ဖြတ်ကျော်ဖို့ အရမ်းခက်တယ်။ ငါတို့နဂါးမျိုးနွယ် ကျွမ်းကျင်သူတွေက အဆင်ပြေပေမယ့် လူသား ကောင်းကင်နတ်ဘုရားတွေ သူတို့ကို တိုက်ခိုက်တဲ့အခါ ဘာအားသာချက်မှ မရှိဘူး။" လူထွားကြီးက ပြောသည်။
ထိုစကားကိုကြားတော့ လုံထျန်းက မျက်မှောင်ကြုတ်ပြီး မေးသည် "ဘာလို့ ဒီလောက် ပြင်းထန်ရတာလဲ။ တခြားမြို့တွေမှာ ကမ္ဘာခြားနတ်ဆိုးကျင့်ကြံသူတွေ အရမ်းကို နည်းတယ်လို့ ပြောမနေကြဘူးလား"
ကမ္ဘာခြားနတ်ဆိုးကျင့်ကြံသူများသည် နတ်ဘုရားကမ္ဘာမဟာမိတ်အဖွဲ့မှ အခြားကမ္ဘာကို ကျူးကျော်သူများကို ခေါ်ဆိုကြခြင်း ဖြစ်သည်။
"ငါလည်း အရမ်းအံ့သြမိတယ်။ တခြားမြို့တွေမှာ အနီရောင်အဆင့် နတ်ဆိုးကျင့်ကြံသူ ရာဂဏန်းလောက်ပဲ ရှိမယ်။ အများစုကတော့ အဖြူရောင်အဆင့် ကြေးခွံနတ်ဆိုးတွေ ချည်းပဲ။ ဒါပေမယ့် ငါတို့ဘက်မှာတော့ အနီရောင်အဆင့် ကြေးခွံနတ်ဆိုးပေါင်း ၁၀၀၀၀ နီးပါး ရှိတယ်။ အဖြူရောင်အဆင့် ကြေးခွံနတ်ဆိုးပေါင်းက တစ်ထောင်ကျော်တောင် ရှိလောက်တယ်။ အစိမ်းရောင်အဆင့် ကြေးခွံနတ်ဆိုးတွေကလည်း ဆယ်ဂဏန်းနီးပါးပဲ" လုံရှီက ကူကယ်ရာမဲ့ ပြောသည်။
လုံထျန်းလည်း မှင်သက်သွားခဲ့သည်။ ဤလူများသည် နဂါးဧကရာဇ်မြို့တော်ကို ဤမျှ ပြင်းပြင်းထန်ထန် တိုက်ခိုက်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပါဘူး။
ကံကောင်းထောက်မစွာ၊ အပြာရောင်အဆင့် သို့မဟုတ် ထိုအဆင့်အထက် နတ်ဆိုးကျင့်ကြံ သူများ ရှိမနေခဲ့ပေ။ မဟုတ်ပါက, အရေးကြီး လှုပ်ရှားရန် ဘိုးဘေးနတ်ဘုရားအဆင့် ကျွမ်းကျင်သူများ လိုအပ်လိမ့်မည်။
"ဒါပေမယ့် အခု မင်းနဲ့ လုံဟန်က ငါတို့နဲ့ ပူးပေါင်းလာတော့၊ အနည်းဆုံးအပြာရောင်အဆင့် ကြေးခွံနတ်ဆိုးကျင့်ကြံသူတွေနဲ့ ရင်ဆိုင်ပြီပေါ့။" လုံရှီက စိတ်လှုပ်ရှားစွာ ပြောသည်။
လုံထျန်းက ခပ်ဖျော့ဖျော့ ပြုံးပြီး လုံရှီကို မိတ်ဆက်ပေးသည် "လာ၊ ငါ မိတ်ဆက်ပေးမယ်။ ဒီတစ်ကြိမ်မှာတော့ ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်မှာ လက်ရှိ နံပါတ်တစ် ကျွမ်းကျင်သူ ချင်ယွင်က ငါတို့နဲ့အတူ နတ်ဆိုးတွေရဲ့ ကျူးကျော်မှုကို ခုခံကာကွယ်ဖို့ ငါတို့နဂါးမျိုးနွယ်မှာ ပါဝင်လိမ့်မယ်။"
ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်မှာ နံပါတ်တစ်လား။
ချက်ချင်းပင် အားလုံးက ချင်ယွင်ကို အံ့သြတကြီး မျက်လုံးများဖြင့် ကြည့်နေကြသည်။