အခန်း ၂၀၁
Vol. 21 Ch. 201
အခန်း (၂၀၁) ကမ္ဘာ-လ မိုက်ခရိုဝေ့ဖ် ကွန်ရက်
ပထမဆုံး ဖရိုဖရဲ ဖြစ်သွားရသည့် နေရာမှာ နေအဖွဲ့အစည်း၏ အတွင်းပိုင်း ဇုန်ပင် ဖြစ်ပေသည်။
နေနှင့် နီးကပ်လေလေ သယံဇာတ အရင်းအမြစ်များ ရှားပါးလေလေ ဖြစ်ပေ၏။
သောကြာဂြိုဟ်နှင့် ဗုဒ္ဓဟူးဂြိုဟ်တို့ရှိ ယဉ်ကျေးမှု နှစ်ရပ် ပူးပေါင်း၍ သူ့အား အဘယ်ကြောင့် တိုက်ခိုက် ခဲ့ကြောင်းကို ယခုအခါ ကောင်းယွမ် နားလည်သွားခဲ့ပြီ ဖြစ်လေသည်။
အကယ်၍ သူတို့သာ ကမ္ဘာမြေကို မသိမ်းပိုက်နိုင်ပါက သောကြာဂြိုဟ်နှင့် ဗုဒ္ဓဟူးဂြိုဟ်တို့မှ လုံးဝ ထွက်ခွာနိုင်မည် မဟုတ်ပေ။ သောကြာဂြိုဟ်နှင့် ဗုဒ္ဓဟူးဂြိုဟ်တို့သည် ကမ္ဘာမြေထက် များစွာ သေးငယ် လှပြီး ကမ္ဘာမြေတွင် လကမ္ဘာကဲ့သို့ ဧရာမ ဂြိုဟ်ရံလကြီး ရှိနေခဲ့ပေသည်။ သောကြာဂြိုဟ်နှင့် ဗုဒ္ဓဟူး ဂြိုဟ်တို့၏ ဂြိုဟ်ရံလများမှာမူ ပြောပလောက်သည့် အနေအထားမျိုးတွင် မရှိခဲ့ပေ။
နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် နေအဖွဲ့အစည်း၏ စတုတ္ထမြောက် ဂြိုဟ်ဖြစ်သော အင်္ဂါဂြိုဟ်သည် ဂြိုဟ် သိမ်ဂြိုဟ်မွှားပတ်လမ်းစုနှင့် ကပ်လျက် ရှိနေသဖြင့် ပိုမို ကြွယ်ဝသော သယံဇာတ အရင်းအမြစ်များ ရှိနေပေသည်။ ယခင်က ကောင်းယွမ်သည် ဂြိုဟ်သိမ်ဂြိုဟ်မွှားပတ်လမ်းစုတွင် သတ္တုတူးဖော်ရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ဖူးသော်လည်း ကံမကောင်းစွာဖြင့် ထိုနေရာတွင် လူသားတို့ အခြေချ နေထိုင်ရန် တည်ဆောက်ခဲ့ခြင်း မရှိခဲ့ပေ။
အကယ်၍ ဧရာမ အခြေစိုက်စခန်းကြီးတစ်ခု တည်ဆောက်၍ ထိုနေရာသို့ ပြောင်းရွှေ့ နေထိုင်ခဲ့မည် ဆိုပါက အင်္ဂါဂြိုဟ်သည် လူသားတို့၏ လွှမ်းမိုးမှုအောက်သို့ ရောက်ရှိသွားနိုင်ခြေ များပြားလှပေသည်။
သို့သော် ယခုအခါ မည်သို့ပင် ပြောဆိုနေစေကာမူ အချိန်နှောင်းသွားခဲ့ပြီ ဖြစ်လေသည်။ ကာကွယ်ရေး စနစ်များ တည်ဆောက်ခြင်းသည် ယခုအချိန်တွင် အရေးကြီးဆုံး ကိစ္စရပ်ပင် ဖြစ်ပေ၏။
ဗုဒ္ဓဟူးဂြိုဟ်ကိုသာမက အင်္ဂါဂြိုဟ်ကိုပါ ကာကွယ်ရန် လိုအပ်လှပေသည်။ ထို့အပြင် ကြာသပတေး ဂြိုဟ် ဘက်မှလည်း သတိထားရမည် ဖြစ်သည်။ ကောင်းယွမ်သည် ကြာသပတေးဂြိုဟ် ယဉ်ကျေးမှု အခြေအနေကိုမူ လုံးဝ သိရှိထားခြင်း မရှိခဲ့ပေ။
ကြာသပတေးဂြိုဟ်သည် ဧရာမ ဓာတ်ငွေ့ဂြိုဟ်ကြီး တစ်ခု ဖြစ်ပြီး ဂြိုဟ်ကိုယ်နှိုက်က ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရန် သင့်တော်မှု မရှိပေ။ ကြာသပတေးဂြိုဟ်တွင် ဂြိုဟ်ရံလ အရေအတွက် အလွန် များပြားလှသောကြောင့် အကယ်၍ လူသားများသာ ရှိနေခဲ့မည်ဆိုလျှင် ထိုဂြိုဟ်ရံလများထဲမှ တစ်ခု ခုပေါ်တွင်သာ နေထိုင်ကြရန် များပေ၏။
ယခုအခါ ကောင်းယွမ်သည် ကွမ်ဟန်နန်းတော် အခြေစိုက်စခန်းသို့ ရောက်ရှိနေပြီး လကမ္ဘာ အခြေစိုက် စခန်းကို စတင် တည်ဆောက်နေပြီ ဖြစ်လေသည်။
ကောင်းယွမ်သည် လကမ္ဘာကို ဇုန်ပေါင်း ငါးထောင်ခြောက်ရာ အဖြစ် ပိုင်းခြားထားခဲ့ပြီး ဇုန်တစ်ခုစီ တိုင်းတွင် မိုက်ခရိုဝေ့ဖ် ထုတ်လွှင့်စက် တစ်ခုစီ တပ်ဆင်ရန် လိုအပ်နေခဲ့ပေသည်။
ဤမိုက်ခရိုဝေ့ဖ် ထုတ်လွှင့်စက်သည် ၎င်း၏ အောက်ခြေမှ အလွန် အားကောင်းသော သံလိုက်စက်ကွင်း ကို ထုတ်လုပ်ပေးပြီး ထိပ်ပိုင်းမှ အလွန်မြင့်မားသော ကြိမ်နှုန်းရှိ လျှပ်စစ်သံလိုက်လှိုင်းများကို ထုတ် လွှတ်ပေးမည် ဖြစ်ပေ၏။
ထိုသို့သော ကိရိယာများကို ကမ္ဘာမြေပြင်ပေါ်တွင်လည်း တပ်ဆင်သွားမည် ဖြစ်ပေသည်။ ထို့ကြောင့် ကမ္ဘာမြေနှင့် လကမ္ဘာ အကြားတွင် မိုက်ခရိုဝေ့ဖ် ကွန်ရက်ကြီး တစ်ခု ဖြစ်ပေါ်လာမည် ဖြစ်ပေသည်။
စတင် အသက်သွင်းလိုက်သည်နှင့် ကမ္ဘာမြေနှင့် လကမ္ဘာ ကြားရှိ သတ္တုပစ္စည်းများ အားလုံး ဖျက်ဆီး ခံရမည် ဖြစ်သည်။
အလွန်မြင့်မားသော ကြိမ်နှုန်းရှိ လျှပ်စစ်သံလိုက်လှိုင်းများသည် အလွန် အားကောင်းသော ထိုးဖောက် နိုင်စွမ်းကို ပိုင်ဆိုင်ထားကြပေသည်။ ၎င်းတို့သည် သတ္တုများ၏ အတွင်းပိုင်းသို့ ဝင်ရောက်သွားသည့် အခါ သတ္တုအက်တမ်များ အတွင်းရှိ အီလက်ထရွန်များ၏ ပုံမှန်မဟုတ်သော ရွေ့လျားမှုကို ဖြစ်ပေါ်စေ ပြီး အတွင်းပိုင်း စွမ်းအင်ကို အလျင်အမြန် တိုးပွားလာစေသည်။ အပူချိန် အတိုင်းအတာ တစ်ခုအထိ ရောက်ရှိသွားသည့်အခါ ၎င်းတို့သည် အရည်ပျော်သွားနိုင်စွမ်းပင် ရှိကြလေသည်။
အကယ်၍ စစ်သင်္ဘောပေါ်ရှိ ရေဒါကဲ့သို့ ထိုးထွက်နေသော ပုံမှန်မဟုတ်သည့် သတ္တုပစ္စည်းများ ရှိနေ ခဲ့မည်ဆိုလျှင် ၎င်းတို့သည် အလွန်မြင့်မားသော ကြိမ်နှုန်းရှိ လျှပ်စစ်သံလိုက်လှိုင်းများ၏ သက်ရောက် မှုကြောင့် လျှပ်စစ်စက်ကွင်း တစ်ခုကို ဖြစ်ပေါ်စေပြီး အိုင်းယွန်းများ ပြိုကွဲကာ ပေါက်ကွဲမှုပင် ဖြစ်ပေါ် သွားနိုင်ပေသည်။
ရိုးရိုးရှင်းရှင်း ပြောရလျှင် ကမ္ဘာမြေနှင့် လကမ္ဘာ ကြားရှိ ဟင်းလင်းပြင်ကို ဧရာမ မိုက်ခရိုဝေ့ဖ်မီးဖိုကြီး တစ်ခု အဖြစ် ပြောင်းလဲပစ်ရန် ကောင်းယွမ်က စီစဉ်ထားခြင်း ဖြစ်ပေတော့သည်။
မိုက်ခရိုဝေ့ဖ်မီးဖိုများထဲတွင် သတ္တုပစ္စည်းများကို အပူပေး၍ မရကြောင်းနှင့် ထိုသို့ပြုလုပ်ပါက မီး လောင်မှု သို့မဟုတ် ပေါက်ကွဲမှု ဖြစ်ပေါ်စေနိုင်ကြောင်းကို လူတိုင်း သိရှိထားကြပေသည်။
ယခုအခါ ကောင်းယွမ်သည် ထိုအရာကို ပြုလုပ်နေခြင်းပင် ဖြစ်တော့သည်။
ပြီးစီးသွားသည့်အခါ ဝင်ရောက်လာသော မည်သည့် စစ်သင်္ဘောမဆို စွန့်ပစ်သတ္တု အပိုင်းအစများ အဖြစ် ပြောင်းလဲသွားပြီး ကမ္ဘာမြေ၏ သယံဇာတ အရင်းအမြစ် တစ်စိတ်တစ်ပိုင်း ဖြစ်လာပေလိမ့်မည်။
သေချာပေါက်ပင် ဤစီမံကိန်းသည် ပြီးပြည့်စုံမှု မရှိခဲ့ပေ။
စွမ်းအင် ပမာဏများစွာ လိုအပ်ပြီး အလွန် ကျယ်ပြန့်သော ဧရိယာကို လွှမ်းခြုံထားရသဖြင့် တည် ဆောက်ရန် အချိန်များစွာ ကြာမြင့်မည် ဖြစ်လေ၏။
ပို၍ အရေးကြီးသည်မှာ စတင် အသက်သွင်းလိုက်သည်နှင့် ရန်သူနှင့် မိတ်ဆွေကို ခွဲခြားနိုင်မည် မဟုတ် ခြင်းပင် ဖြစ်သည်။
အလွန် ရူးသွပ်ဖွယ်ကောင်းသော စိတ်ကူးယဉ် စီမံကိန်းများစွာထဲမှ ဤတစ်ခုကို ကောင်းယွမ်က ချက် ချင်း ရွေးချယ်လိုက်ခြင်း ဖြစ်လေသည်။
အချိန်သည် ပြဿနာ မဟုတ်ပေ။ ကောင်းယွမ်သည် သုံးဖက်မြင် ဉာဏ်ရည်တု မိုက်ခရိုပရင်တာများကို အစွမ်းကုန် အသုံးပြုကာ ဒေသတွင်းမှ ရရှိသော ပစ္စည်းများကို အသုံးပြု၍ ဒေသတွင်းမှာပင် အရည်ကျို ပြီး ဒေသတွင်းမှာပင် တပ်ဆင်ရန် စတင် လုပ်ဆောင်ခဲ့လေသည်။
အကယ်၍ စီမံကိန်းကို ကြိုတင်ရေးဆွဲကာ အပြင်အဆင်များကို နေရာချထားနိုင်မည် ဆိုပါက ကနဦး ရလဒ် များကို နှစ်လ သို့မဟုတ် သုံးလ အတွင်း တွေ့မြင်ရနိုင်ပေသည်။
ဤစီမံကိန်း၏ အားသာချက်မှာ ကျယ်ပြန့်သော လွှမ်းခြုံနိုင်မှု ဧရိယာပင် ဖြစ်၏။ အလွန်ရှည်လျားသော လှိုင်းသုံး အာကာသရေဒါများ၊ ထောက်လှမ်းရေး ကိရိယာများနှင့် ပေါင်းစပ်လိုက်သည့်အခါ ရန်သူများ ဝင်ရောက်လာသည်နှင့် သက်ဆိုင်ရာ ဇုန်ရှိ မိုက်ခရိုဝေ့ဖ် ကွန်ရက်ကို အသက်သွင်းလိုက်ရုံဖြင့် ကာကွယ် ရေး ရည်ရွယ်ချက်ကို အောင်မြင်စွာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။ ၎င်းသည် ဒုံးကျည်များထက် ပို၍ ယုံကြည်စိတ်ချရပြီး စစ်သင်္ဘောအုပ်စု တစ်ခုထက် ပို၍ ထိရောက်မှု ရှိပေသည်။
ယခုအခါ ကောင်းယွမ်သည် ကမ္ဘာ-လ မိုက်ခရိုဝေ့ဖ် ကွန်ရက် စီမံကိန်းကို အပြည့်အဝ အကောင်အထည် ဖော်နေပြီ ဖြစ်ပေသည်။
မိုက်ခရိုဝေ့ဖ် ထုတ်လွှင့်စက်အတွက် စွမ်းအင် ထောက်ပံ့ပေးရန် ကောင်းယွမ်က ဆန့်ကျင်ဘက်ဒြပ်ထုကို တိုက်ရိုက် အသုံးပြုရန် စီစဉ်ထားပြီး မြေပြင်ပေါ်ရှိ စက်ရုပ်များကို အစောင့်အဖြစ် ထားရှိမည် ဖြစ် သည်။ စက်ရုပ်များသည် အာကာသ တိုက်ပွဲများတွင် ယုံကြည်စိတ်ချရမှု မရှိသော်လည်း မြေပြင် လုပ်ငန်းများတွင်မူ အတော်လေး ယုံကြည်စိတ်ချရပေသည်။ စက်ရုပ်များ စောင့်ကြပ်နေသဖြင့် လူဆိုး အချို့၏ ဖျက်ဆီးမှုကို ခံရမည်ကို စိုးရိမ်ရန် မလိုတော့ပေ။
ထို့အပြင် ကာကွယ်ရေးစနစ်ကို အမိန့်ပေး ကွပ်ကဲရန်လည်း ပို၍ လွယ်ကူလှပေသည်။
စက်ရုပ်များသည် အာကာသထဲတွင်ထက် မြေပြင်ပေါ်တွင် ပို၍ ဘေးကင်းလုံခြုံမှု ရှိကြပေသည်။
အကယ်၍ ရန်သူ တပ်ဖွဲ့များက စက်ရုပ်၏ ထိန်းချုပ်မှု စနစ်ကို နှောင့်ယှက်ရန် စွမ်းအင်မြင့် ရောင်ခြည် များကို အသုံးပြုလိုပါကလည်း အလွန် ခက်ခဲမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာမြေ၏ ထူထပ်သော လေထုကြီးက သဘာဝ အကာအကွယ် အလွှာ တစ်ခုအဖြစ် ရှိနေသောကြောင့်ပင် ဖြစ် ပေသည်။
လေထုကို တိတ်တဆိတ် ဖြတ်ကျော်ဝင်ရောက်ရန်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သည့် အရာပင် ဖြစ်၏။
မိုက်ခရိုဝေ့ဖ် ကွန်ရက် အပြင် အခြားအရာများလည်း ရှိနေသေးသည်။ စစ်သင်္ဘောအုပ်စုသည်လည်း အလွန်ပင် အရေးကြီးလှပေ၏။
ကောင်းယွမ်သည် အဆင့်မြင့် စူပါ နေအဆင့် စစ်သင်္ဘောအုပ်စု တစ်ခုကို ပြန်လည် တည်ဆောက်လို နေခဲ့ပေသည်။
ဤတိုက်ပွဲကို ဖြတ်သန်းခဲ့ရပြီးနောက် ကောင်းယွမ်သည် မည်သည့်အရာကိုမျှ လျှို့ဝှက်မထားတော့ဘဲ စစ်သင်္ဘော၏ အချက်အလက်များ အားလုံးကို အများပြည်သူသိရှိရန် ထုတ်ပြန်ပေးခဲ့လေသည်။ ရှနိုင်ငံ ရှိ သိပ္ပံပညာရှင်များသည် စစ်သင်္ဘော၏ အချက်အလက်များကို အစွမ်းကုန် လေ့လာကြပြီး ဂိမ်းထဲရှိ လူပေါင်း တစ်ဒသမလေး ဘီလီယံ၏ ဉာဏ်ပညာများနှင့် ပေါင်းစပ်ကာ မျိုးဆက်သစ် ကြယ်စုတန်း အဆင့် စစ်သင်္ဘောများကို တီထွင်ရန် ပြင်ဆင်လာခဲ့ကြလေသည်။
အလုပ်များလွန်းလှသော နေ့များကြားတွင် အချိန်များသည် ဖြည်းညင်းစွာ ကုန်ဆုံးသွားခဲ့လေသည်။
ယခုအခါ ငါးရံ့နက် နည်းပညာကုမ္ပဏီသည် အစိုးရ ဌာနများနှင့် ပေါင်းစပ်သွားခဲ့ပြီး ၎င်းကို လူအများက ဒုတိယ အုပ်ချုပ်ရေးကောင်စီ ဟု လူသိများလာခဲ့ကြပေသည်။ အဘယ်ကြောင့်ဆိုသော် တစ်နိုင်ငံလုံးရှိ ရှနိုင်ငံသူ နိုင်ငံသားများသည် အဝတ်အစားများ၊ အာဟာရအနှစ်များ၊ ဂိမ်းဆော့ရာတွင် အသုံးပြုသည့် ခေါင်းဆောင်းများ စသည့် ထောက်ပံ့ရေး ပစ္စည်း အမျိုးမျိုးအတွက် ငါးရံ့နက် နည်းပညာကုမ္ပဏီကိုသာ အားကိုးနေရသောကြောင့် ဖြစ်ပေတော့သည်။
ငါးရံ့နက် နည်းပညာကုမ္ပဏီသည် လူသားတို့၏ အခြေခံ လိုအပ်ချက် လေးခုဖြစ်သော အဝတ်အစား၊ အစားအစာ၊ နေထိုင်ရေးနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ အားလုံးတွင် ပါဝင် ပတ်သက်နေခဲ့လေ သည်။ အပူချိန်ထိန်းအဝတ်အစားနှင့် အာဟာရအနှစ် တို့မှာ လူတိုင်းအတွက် မရှိမဖြစ် လိုအပ်သော အရာများ ဖြစ်ပေ၏။
ခေတ်သစ် အဆောက်အအုံ ကိုးဆယ်ရာခိုင်နှုန်းကို ဆောက်လုပ်ရေးပိုးကောင် များဖြင့် တည်ဆောက် ထားခြင်း ဖြစ်လေသည်။ ထို ဆောက်လုပ်ရေးပိုးကောင်များနှင့် ၎င်းတို့ကို ထိန်းချုပ်ရာတွင် အသုံးပြု သည့် အလင်းကွမ်တမ် ကွန်ပျူတာတို့ကို ငါးရံ့နက် နည်းပညာကုမ္ပဏီက ထောက်ပံ့ပေးထားခြင်း ဖြစ် ပေသည်။ သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုသော အာကာသဘက်စ်ကား နှင့် ယာဉ်ပျံ များက လည်း ကမ္ဘာမြေကို ကမ္ဘာ့ရွာကြီး တစ်ရွာအဖြစ် အမှန်တကယ် ပြောင်းလဲပေးခဲ့ပြီး နာရီအနည်းငယ် အတွင်း ကမ္ဘာကို ပတ်နိုင်သဖြင့် ကမ္ဘာပေါ်ရှိ မည်သည့် နေရာကိုမဆို လေးနာရီ အတွင်း ရောက်ရှိနိုင် ပေသည်။
ငါးရံ့နက် နည်းပညာကုမ္ပဏီသည် အဝတ်အစားနှင့် အစားအစာမှစ၍ နေထိုင်ရေးနှင့် သယ်ယူပို့ ဆောင်ရေး အထိ အရာအားလုံးအတွက် တာဝန်ရှိသည်ဟု ဆိုနိုင်လေသည်။
သို့သော်လည်း မကြာသေးမီက အခြေအနေများမှာ တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပေသည်။
ရှနိုင်ငံက ကမ္ဘာကြီးကို ထိန်းချုပ်လိုက်သည်နှင့်အမျှ ၎င်း၏ နယ်မြေမှာ အဆပေါင်းများစွာ ကျယ် ပြန့်လာခဲ့ပြီး ယခင်က ကမ္ဘာတစ်ဝန်းလုံးကို လွှမ်းမိုးထားခဲ့သော ညှိုးနွမ်းပျက်စီးခြင်းဘေးမှာလည်း မည်သူမျှ သတိမထားမိဘဲ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့လေတော့သည်။
တောရိုင်းများထဲတွင် အပင်များသည် အရိုင်းသဘာဝအတိုင်း စတင် ကြီးထွားလာခဲ့ကြလေသည်။
အစားအစာ မရှိခဲ့စဉ် ယခင်အချိန်များက လူအချို့သည် ငါးရံ့နက် နည်းပညာကုမ္ပဏီကို မကျေနပ်ခဲ့ကြ သော်လည်း သူတို့သည် ပွင့်ပွင့်လင်းလင်း ပြောဆိုရဲခြင်း မရှိခဲ့ကြပေ။ သို့သော် ယခုအခါ အပင်များ ပြန်လည် ကြီးထွားလာပြီး စားနပ်ရိက္ခာ သီးနှံများလည်း ပြန်လည် စိုက်ပျိုးလာနိုင်ခဲ့ပြီ ဖြစ်လေသည်။
ကမ္ဘာမြေ တစ်ခုလုံးသည် ရှနိုင်ငံ၏ ပိုင်နက်နယ်မြေ ဖြစ်လာခဲ့ပေသည်။
အချို့သော သူများသည် ကမ္ဘာမြေက လူသားများပိုင်ဆိုင်သလား သို့မဟုတ် ငါးရံ့နက် နည်းပညာကုမ္ပဏီ ပိုင်ဆိုင်သလား ဟု မေးခွန်းထုတ်ကာ လူမှုကွန်ရက် မီဒီယာများပေါ်တွင် ထိတ်လန့်ဖွယ် ကောလ ဟာလများကို စတင် ဖြန့်ဝေလာခဲ့ကြလေသည်။
ငါးရံ့နက် နည်းပညာကုမ္ပဏီသည် ကျရှုံးရန် မဖြစ်နိုင်လောက်အောင်ပင် ကြီးမားနေပြီဖြစ်ပြီး လူသား တစ်ရပ်လုံးကို ဓားစာခံ အဖြစ် ဖမ်းဆီးထားလိမ့်မည်ဟု ဆိုခဲ့ကြလေသည်။
အစိုးရ ဌာနများစွာကပင် ဤအမြင်ကို လက်ခံထားကြပြီး ငါးရံ့နက် နည်းပညာကုမ္ပဏီ၏ အောင်မြင်မှု များက အခြားသူများအားလုံးကို အရည်အချင်း မရှိသူများ အဖြစ် ထင်မြင်လာစေရန် ဖန်တီးနေသည်ဟု ယူဆနေကြပေသည်။
ယခုအခါ ကိုယ်ပိုင် အစားအစာများကို စိုက်ပျိုးနိုင်ပြီ ဖြစ်သကဲ့သို့ ကောင်းယွမ်သည် သိပ္ပံအကယ်ဒမီ နှင့်လည်း ပူးပေါင်းကာ အပူချိန်ထိန်းအဝတ်အစားနှင့် ဆောက်လုပ်ရေး ကိရိယာများ၊ အလင်းကွမ်တမ် ကွန်ပျူတာ နှင့် စစ်သင်္ဘော နည်းပညာများ အပါအဝင် နည်းပညာ မြောက်မြားစွာကို အများပြည်သူ သိရှိစေရန် ထုတ်ပြန်ပေးခဲ့လေသည်။
ဤသည်မှာ ရှနိုင်ငံအတွက် အကောင်းဆုံး ခေတ်ကာလ တစ်ခုဟု ဆိုနိုင်ပေ၏။
အကယ်၍သာ ကောင်းယွမ် မရှိခဲ့ဘူးဆိုလျှင် ပို၍ပင် ပြီးပြည့်စုံသွားပေလိမ့်မည်။
လင်းမေ သည် ထိုအချိန်က ပို့စ်ကို ဖတ်ရှုနေခဲ့ပြီး ဖတ်လေလေ ဒေါသထွက်လာလေလေ ဖြစ်လာကာ လက်ပတ်ဖုန်း ကို ပိတ်ပစ်လိုက်လေတော့သည်။
သူမသည် လေကောင်းလေသန့် ရစေရန် အပြင်သို့ ထွက်ရန် မတ်တတ်ရပ်လိုက်စဉ် ကျန်းပိုင်ရီ ရောက်ရှိ လာခဲ့လေသည်။
"အစ်မလင်း... ဘာဖြစ်လို့လဲ... ဘာလို့ စိတ်မပျော်မရွှင် ဖြစ်နေရတာလဲ..."
"အစ်ကိုပိုင်ရီ... အစ်ကိုယွမ် ဘယ်တော့ ပြန်လာမှာလဲ..."
"သူ လကမ္ဘာပေါ်မှာ အလုပ်များနေတယ်... အခုချိန်မှာ အရာရှိကျိုး ထက်တောင် ပိုပြီး အလုပ်များနေ သေးတယ်..."
လင်းမေက နှုတ်ခမ်းဆူလိုက်လေသည်။
"အစ်ကိုယွမ်က ကမ္ဘာမြေအတွက် အများကြီး လုပ်ပေးခဲ့တာလေ... သူ့ရဲ့ အသက်စွန့် ကြိုးပမ်းအားထုတ် မှုတွေသာ မရှိခဲ့ဘူးဆိုရင် လူသားတွေ အကုန်လုံး သုတ်သင်ခံလိုက်ရလောက်ပြီ... အခုတော့ အွန်လိုင်း ပေါ်မှာ သူ့ကို ဝေဖန်နေတဲ့သူတွေ အများကြီးပဲ... နာမည်ကြီး လွှမ်းမိုးနိုင်သူ တစ်ယောက် ရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို အခုလေးတင် တွေ့လိုက်ရတယ်... အစ်ကိုယွမ်က ရက်စက်ကြမ်းကြုတ်ပြီး လူ သားတွေကို ချောက်ကမ်းပါးထဲ တွန်းပို့ခဲ့တယ်တဲ့... ပြီးတော့... အခု ကျွန်မတို့ ရင်ဆိုင်နေရတဲ့ ပြဿနာ အားလုံးက အစ်ကိုယွမ်ကြောင့် ဖြစ်ရတာတဲ့..."
ကျန်းပိုင်ရီက တံတွေးတစ်ချက် ထွေးလိုက်လေသည်။
"ခွေးလိုကောင်တွေ... ကောင်းယွမ်ကို ကျိန်ဆဲနေကြတုန်းပဲ... ဒါပေမဲ့ အစ်မလင်း... အရမ်း ဒေါသထွက် မနေပါနဲ့... လောကကြီးမှာ အမှိုက်မျိုးစုံ ရှိတတ်တာပဲလေ... သူတို့ကို ဂရုမစိုက်ဘဲ ကိုယ့်အလုပ် ကိုယ် သာ ဆက်လုပ်ပါ..."