← Chapters

အခန်း ၂၀၃

Vol. 21 Ch. 203

အခန်း ၂၀၃

Vol. 21 Ch. 203

အခန်း (၂၀၃) လူသားဖယ်ဒရေးရှင်း

ကောင်းယွမ်သည် မျက်မှောင်ကြုတ်လိုက်လေ၏။

"ငါ့ကို ဝေဖန်နေတဲ့သူတွေ အများကြီး ရှိနေတာလား..."

သူသည် အင်တာနက်ကို အမှန်တကယ်ပင် အသုံးပြုလေ့ မရှိပေ။

"အင်း... အရင်ကတော့ ဒီလိုမျိုး မဟုတ်ပါဘူး... နောက်ပိုင်း ဘာဖြစ်သွားလဲ မသိဘူး..."

"ကိစ္စမရှိပါဘူး... လူအမျိုးမျိုး ရှိတတ်တာပဲလေ... ခွေးချေးနံတယ်လို့ ငါကပြောရင်တောင် ငြင်းမယ့် သူတွေ ရှိနေမှာပဲ... သူတို့ကို ဂရုသာ မစိုက်ပါနဲ့..."

လင်းမေသည် ခေါင်းညိတ်လိုက်လေ၏။ ကျန်းပိုင်ရီ ကလည်း အရင်က ဤအတိုင်းပင် ပြောခဲ့ဖူးပေ သည်။

"ငါ လကမ္ဘာပေါ်ကို ပြောင်းရွှေ့ဖို့ စီစဉ်နေတယ်... နောင်ဆိုရင် လကမ္ဘာပေါ်မှာ စစ်သားတွေ ပိုပိုပြီး များလာလိမ့်မယ်... စစ်သားတွေ အနေနဲ့ လေ့ကျင့်ရေးဆင်းတာအပြင် တခြား အပန်းဖြေစရာတွေ လည်း လိုအပ်တယ်လေ... လူတွေ များလာတာနဲ့အမျှ ဖျော်ဖြေရေး ကဏ္ဍမျိုးစုံလည်း ရှိလာလိမ့်မယ်... ရှောင်မေ... မင်းရော ငါနဲ့အတူ လကမ္ဘာပေါ်ကို လိုက်ခဲ့ပါလား..."

"ဟင်... လကမ္ဘာပေါ်ကိုလား..."

"အင်း... မလိုက်ချင်လို့လား..."

"မဟုတ်ရပါဘူး... ကျွန်မ လိုက်သွားရင် အစ်ကို့ကို အနှောင့်အယှက် ဖြစ်စေမှာ စိုးလို့ပါ..."

"ကိစ္စမရှိပါဘူး... လကမ္ဘာပေါ်မှာ အပန်းဖြေစင်တာ တစ်ခု တည်ဆောက်ဖို့အတွက် မင်းရဲ့ ဒီဇိုင်းဌာနက လူတချို့ကို ရွေးချယ်လိုက်လေ... ကွမ်ဟန်နန်းတော် အခြေစိုက်စခန်း ကို အများပြည်သူအတွက် ဖွင့် လှစ်ပေးဖို့နဲ့ လူတွေကို လကမ္ဘာပေါ်မှာ အခြေချ နေထိုင်ပြီး စီးပွားရေးလုပ်ငန်းတွေ စတင်ဖို့ ကြိုဆိုသွား ဖို့ ငါ စီစဉ်နေတယ်..."

"အစ်ကိုယွမ်... လကမ္ဘာ ခရီးသွားလမ်းကြောင်းကို ဖွင့်တော့မှာလား..."

"အင်း... လောလောဆယ်တော့ မဟုတ်သေးဘူး... ကမ္ဘာမြေနဲ့ လကမ္ဘာ ကြားက သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေက အခုအချိန်မှာ အရမ်းကို အလုပ်များနေတယ်… ယဂ္ဂ အာကာသစခန်း ကလည်း ဖိအားတွေ အများကြီး ရင်ဆိုင်နေရတယ်လေ... ဒါကြောင့် နောက်ထပ် အာကာသစခန်း တချို့ကို တည် ဆောက်ဖို့ ငါ စီစဉ်နေတယ်... အဲဒါတွေ ပြီးသွားရင်တော့ အာကာသခရီးသွား ဘက်စ်ကား ကို ပြေးဆွဲလို့ ရပြီပေါ့..."

ပိုင်မော့ယွီ သည် ဘေးတွင် ရပ်နေရင်း စဉ်းစားခန်း ဝင်နေပုံရပေသည်။

"ကောင်းယွမ်... ခရီးသွားဘက်စ်ကားကရော လုံခြုံစိတ်ချရရဲ့လား..."

"ရာနှုန်းပြည့် လုံခြုံစိတ်ချရမယ်လို့တော့ ငါ အာမမခံနိုင်ဘူး... ဒါပေမဲ့ ခုချိန်မှာက ကမ္ဘာမြေရဲ့ ကီလိုမီတာ ငါးသိန်း အတွင်းကို ဝင်ရောက်လာမယ့် ဘယ်စစ်သင်္ဘော အုပ်စုကိုမဆို ထောက်လှမ်းနိုင်နေပြီလေ... ဒါကြောင့် အတော်လေးတော့ ဘေးကင်းလုံခြုံမှု ရှိပါတယ်..."

"ဒါဆို ငါလည်း နင်နဲ့အတူ လကမ္ဘာပေါ်ကို လိုက်ခဲ့မယ်လေ..."

ကောင်းယွမ်သည် ခေါင်းခါလိုက်လေသည်။

"ငါးကလေး... မင်းရဲ့ တာဝန်က အရမ်းကို အရေးကြီးတယ်... အခု ကမ္ဘာမြေပေါ်က ဆေးဘက်ဆိုင်ရာ လုပ်ငန်းတွေ အားလုံးနီးပါးက မင်းအပေါ်မှာပဲ မှီခိုနေရတာလေ... အသက်ဆက် အခြေခံဆေးရည် နဲ့ ကိုယ်တွင်းအင်္ဂါ အစားထိုးထုတ်လုပ်ခြင်းတို့ ပေါင်းစပ်လိုက်ရင် ရောဂါအားလုံးနီးပါးကို ကုသနိုင်စွမ်း ရှိတယ်... မင်း အနေနဲ့ ကမ္ဘာမြေပေါ်မှာ ဂျယ်လီငါး ဇီဝနည်းပညာကုမ္ပဏီ ကိုလည်း ဆက်လက် လည် ပတ်နေဖို့ လိုအပ်သေးတယ်... အရာအားလုံး ပုံမှန်အတိုင်း လည်ပတ်သွားပြီဆိုရင်တော့ မင်းကို လကမ္ဘာ ပေါ် ခေါ်သွားပြီး ကမ္ဘာမြေကြီးကို ပြပေးပါ့မယ်..."

ကောင်းယွမ် အလွန်ပင် အလုပ်များနေခဲ့လေသည်။ တစ်ရက်ခန့် အနားယူပြီးနောက် သူသည် အာကာသ စခန်း အသစ်တစ်ခု တည်ဆောက်ရန် နေရာ ရွေးချယ်မှုများကို စတင်ပြုလုပ်ခဲ့ပြီး ကမ္ဘာမြေပေါ်ရှိ မိုက်ခ ရိုဝေ့ဖ် ကွန်ရက် တပ်ဆင်မှု လုပ်ငန်းစဉ်များကိုလည်း အရှိန်မြှင့်တင်ရန် လိုအပ်နေခဲ့ပေသည်။

မြေပြင်ပေါ်ရှိ တည်ဆောက်ရေး လုပ်ငန်းများကို စက်ရုပ်များ၊ သုံးဖက်မြင် မိုက်ခရိုပရင်တာများ နှင့် ဆောက်လုပ်ရေး ကိရိယာများဖြင့် လုပ်ဆောင်နေပြီး လိုအပ်သော သတ္တုများကိုလည်း ကမ္ဘာမြေပြင်မှ သာ တူးဖော်ရယူနိုင်ပေသည်။

ကောင်းယွမ်သည် လကမ္ဘာပေါ်တွင် နေထိုင်ကာ လင်းမေ ကို ခေါ်ဆောင်သွားပြီးနောက် လကမ္ဘာပေါ်တွင် ပြောင်းရွှေ့အခြေချ နေထိုင်သူ အသစ်များ စတင် ရောက်ရှိလာခဲ့ကြလေတော့သည်။

ကွမ်ဟန်နန်းတော် အခြေစိုက်စခန်း တွင် ကော်ဖီဆိုင်များ၊ ရုပ်ရှင်ရုံများ၊ အားကစားရုံများနှင့် အခြား သော ဆိုင်ခန်း အမျိုးမျိုးကိုလည်း ဖွင့်လှစ်လာခဲ့ကြပေသည်။

ယခုအခါ ကွမ်ဟန်နန်းတော် အခြေစိုက်စခန်း သည် သူ့ချည်းသက်သက် မြို့တော်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်လေသည်။

အနီးနားရှိ မုန်တိုင်းသမုဒ္ဒရာ သဘာဝအပန်းဖြေနယ်မြေ သည်လည်း အာကာသတပ်ဖွဲ့ ၏ ယာယီ အခြေစိုက်စခန်း တစ်ခု ဖြစ်လာခဲ့လေ၏။

အချိန် နှစ်လခန့် ကုန်ဆုံးသွားခဲ့ပြီး အားသွန်ခွန်စိုက် တည်ဆောက်မှုများကြောင့် ယခုအခါ စူပါ နေအဆင့် စစ်သင်္ဘော အစင်းနှစ်ရာခန့် ရှိနေခဲ့ပြီ ဖြစ်လေသည်။

လကမ္ဘာပေါ်ရှိ မိုက်ခရိုဝေ့ဖ် ကွန်ရက် မှာလည်း အသွင်သဏ္ဌာန် စတင် ပေါ်ပေါက်လာခဲ့ပြီး အင်အား သုံးသောင်း အပြည့်အဝ ရှိသော အာကာသတပ်ဖွဲ့ သည်လည်း သက်ဆိုင်ရာ နေရာ အသီးသီးတွင် အသင့် အနေအထား ရှိနေခဲ့ပြီ ဖြစ်ပေသည်။

ကောင်းယွမ်သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်လေသည်။

ကနဦး ကမ္ဘာ-လ ကာကွယ်ရေးမျဉ်းသည် နောက်ဆုံးတွင် အကောင်အထည် ပေါ်လာခဲ့ပြီ ဖြစ်ပေ၏။

ဤကာလအတွင်း အခြားသော ယဉ်ကျေးမှုများက ကမ္ဘာမြေကို တိုက်ခိုက်လာခြင်း မရှိခဲ့ချေ။ ယခင်က တိုက်ခိုက်မှုများ အားလုံးသည် အတုအယောင်များ ဖြစ်ခဲ့ပြီး နေအဖွဲ့အစည်း ကြီးထဲတွင် လူသားများသာ ရှိနေသေးသကဲ့သို့ပင် ဖြစ်နေခဲ့လေသည်။

သို့သော်လည်း ဤအရာမှာ မုန်တိုင်း မလာမီ ငြိမ်သက်နေခြင်းသာ ဖြစ်ကြောင်းကို ကောင်းယွမ် ကောင်း စွာ သိရှိထားခဲ့ပေသည်။

သူသည် အာကာသတပ်ဖွဲ့ ကို ဆက်လက် လေ့ကျင့်သင်ကြား ပေးနေခဲ့လေသည်။

ထိုအချိန်အတောအတွင်း ကမ္ဘာမြေပေါ်ရှိ ရှနိုင်ငံ တွင် ကြီးမားသော အဖြစ်အပျက် တစ်ခု ဖြစ်ပေါ်လာခဲ့ ပေသည်။ ယခင် ရွေးကောက်ပွဲများမှာ အလွန် ချောမွေ့ခဲ့သော်လည်း မကြာမီက ကျင်းပခဲ့သော ရွေးကောက်ပွဲတွင်မူ မမျှော်လင့်ထားသော အဖြစ်အပျက် တစ်ခု ဖြစ်ပေါ်လာခဲ့လေ၏။ ရှနိုင်ငံ ၏ အဆင့် မြင့် အရာရှိကြီး အများအပြားက ပူးပေါင်းကာ တရားဝင် အဖွဲ့အစည်းသစ် တစ်ခု ဖွဲ့စည်းရန် တောင်းဆို လာခဲ့ကြခြင်းပင် ဖြစ်ပေတော့သည်။

ရွေးကောက်ပွဲ ရလဒ်မှာလည်း မမျှော်လင့်ထားသည့် အတိုင်းပင် ဖြစ်ခဲ့လေ၏။ ကျိုးကျန်းလီ ရှုံးနိမ့်သွား ခဲ့ပေသည်။

အသစ် ခန့်အပ်ခြင်း ခံလိုက်ရသော အကြီးအကဲ၏ အမည်မှာ ဝူယွီရှန်း ဖြစ်လေသည်။ ကောင်းယွမ်က သူ၏ ကိုယ်ရေးမှတ်တမ်းကို စစ်ဆေးကြည့်လိုက်သောအခါ သူသည် ချင်ကျင်းမြို့ ၏ မြို့တော်ဝန် နှင့် နိုင်ငံတော်ကောင်စီ၏ ဒုတိယ အကြီးအကဲ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော အလားအလာကောင်း သည့် လူငယ် အရာရှိ တစ်ဦး ဖြစ်ကြောင်း တွေ့ရှိလိုက်ရပေသည်။ လက်ရှိတွင် သူ၏ အသက်မှာ ငါးဆယ်ပင် မပြည့်သေးချေ။

ရာထူးတက်လာပြီးနောက် ဝူယွီရှန်း ၏ ပထမဆုံး လုပ်ရပ်မှာ အုပ်ချုပ်ရေး စနစ်ကို ပြုပြင်ပြောင်းလဲခြင်း ပင် ဖြစ်လေသည်။ ရှနိုင်ငံ ဟူသော အမည်သည် လက်ရှိ အခြေအနေများနှင့် ကိုက်ညီမှု မရှိတော့ ကြောင်းကို သူက ယုံကြည်ထားခဲ့ပေ၏။

ကမ္ဘာမြေပေါ်ရှိ တစ်ခုတည်းသော အင်အားကြီးနိုင်ငံ အနေဖြင့် ကမ္ဘာကြီးကို ပြန်လည် အသက်သွင်းရန် တာဝန်ယူသင့်ကြောင်း၊ ရှနိုင်ငံ သည် ရှနိုင်ငံ အဖြစ် ဆက်လက် မတည်ရှိသင့်တော့ဘဲ ကမ္ဘာပေါ်ရှိ နိုင်ငံ များ အားလုံး ပါဝင်သော လူသားမျိုးနွယ် အသိုက်အဝန်းကြီး တစ်ခု ဖြစ်သင့်ကြောင်းကို သူက ဆိုလေ သည်။

ထို့ကြောင့် ဝူယွီရှန်း သည် ရှနိုင်ငံ ၏ တရားဝင် အစိုးရကို ဖျက်သိမ်းလိုက်ပြီး လူသားမျိုးနွယ် အသိုက် အဝန်း ဖယ်ဒရေးရှင်း ကို တည်ထောင်လိုက်လေတော့သည်။

သတင်းကို မြင်လိုက်ရသည့်အခါ ကောင်းယွမ်မှာ အနည်းငယ် အံ့အားသင့်သွားခဲ့သော်လည်း ကန့်ကွက် စရာတော့ မရှိခဲ့ပေ။ မည်သို့ပင်ဖြစ်စေ ဤသည်မှာ သူတစ်ပါး၏ ရွေးချယ်ပိုင်ခွင့်သာ ဖြစ်ပြီး သူက သူ၏ အလုပ်ကိုသာ ဆက်လုပ်ရမည် ဖြစ်ပေသည်။

သို့သော်လည်း ဝူယွီရှန်း ၏ ဒုတိယမြောက် ပုန်ကန်မှု လုပ်ရပ်ကမူ ကောင်းယွမ် ထံသို့ ဦးတည်လာခဲ့ ပေတော့သည်။

အပိုဒ် (၂) အရ ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းနှင့် သက်ဆိုင်သော စက်မှုလုပ်ငန်းများ အားလုံး ကို ဖယ်ဒရေးရှင်း အစိုးရပိုင် အဖြစ် လွှဲပြောင်းပေးရမည်ဟု ပြဋ္ဌာန်းထားလေသည်။ ငါးရံ့နက် နည်းပညာ ကုမ္ပဏီ ၏ လက်အောက်ခံ ကုမ္ပဏီခွဲများ ဖြစ်ကြသော ဂျယ်လီငါး ဇီဝနည်းပညာကုမ္ပဏီ၊ ငါးရံ့နက် ဉာဏ်ရည်တုပစ္စည်းကုမ္ပဏီ နှင့် ဝေလငါး အကြီးစား စက်မှုလုပ်ငန်း တို့သည် ဖွဲ့စည်းပုံ ပြင်ဆင်ရန် အကြောင်းကြားစာများ လက်ခံရရှိခဲ့ကြပြီး သတ်မှတ်ထားသော ကာလအတွင်း ၎င်းတို့၏ ရှယ်ယာများ ကို ခွဲဝေရောင်းချရန် တောင်းဆိုခြင်းခံခဲ့ရပေသည်။

ကျန်းပိုင်ရီ ထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိသည့်အခါ ကောင်းယွမ်မှာ အလွန်ပင် တုန်လှုပ်သွားခဲ့လေ၏။

*ဝူယွီရှန်း က ဘာလုပ်ချင်နေတာလဲ…*

*မြစ်ကူးပြီး ဖောင်ဖျက်ချင်တာလား…*

ဤကိစ္စကို ဖြေရှင်းရန်အတွက် လကမ္ဘာမှ ထွက်ခွာကာ ကမ္ဘာမြေသို့ ပြန်ရန် ပြင်ဆင်နေစဉ်မှာပင် သူ၏ ရုံးခန်းတံခါးမှာ တွန်းဖွင့်ခြင်း ခံလိုက်ရလေသည်။

စစ်သား ငါးဦး၊ ခြောက်ဦးခန့် ဝင်ရောက်လာခဲ့ကြပေ၏။

"မင်္ဂလာပါ... ဥက္ကဋ္ဌကောင်း..."

ကောင်းယွမ်သည် မျက်မှောင်ကြုတ်လိုက်လေ၏။

"ဘာကိစ္စ ရှိလို့လဲ..."

"ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ပါရစေ... ကျွန်တော်က လကမ္ဘာ အာကာသတပ်ဖွဲ့ ကြီးကြပ်ရေး ကော်မတီရဲ့ အသစ် ခန့်အပ်ခံထားရတဲ့ ညွှန်ကြားရေးမှူး ဂူချန် ပါ..."

ကောင်းယွမ်သည် မျက်လုံးများကို မှေးစင်းလိုက်လေ၏။ ဤရာထူးက... အတော်လေး စိတ်ဝင်စားဖို့ ကောင်းနေခဲ့ပေသည်။ ယခင်က လကမ္ဘာပေါ်ရှိ ကိစ္စရပ်များ အားလုံးကို သူ တစ်ဦးတည်းကသာ ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်း ဖြစ်လေ၏။

ယခုတော့ သူတို့သည် ကြီးကြပ်ရေး ကော်မတီ ညွှန်ကြားရေးမှူး တစ်ယောက်ကိုပင် ခန့်အပ်လိုက်ကြပြီ ဖြစ်လေသည်။

*ဒီကိစ္စကို ငါ လုံးဝ မသိခဲ့ရပါလား…*

"ညွှန်ကြားရေးမှူး ဂူ... ခင်ဗျား ဘာကိစ္စ ရှိလို့လဲ..."

"လကမ္ဘာ အာကာသတပ်ဖွဲ့ ကို တည်ဆောက်ခဲ့တဲ့ ကာလအတွင်းက ဥက္ကဋ္ဌကောင်း ရဲ့ စာရင်းဇယားတွေ အားလုံးကို ကျွန်တော် စစ်ဆေးဖို့ လိုအပ်ပါတယ်..."

*စာရင်းဇယားတွေ ဟုတ်လား…*

ကောင်းယွမ် ရယ်မောလိုက်လေ၏။ လကမ္ဘာပေါ်ရှိ အရာအားလုံးကို သူ ကိုယ်တိုင် ဖန်တီးတည် ဆောက်ခဲ့ခြင်း ဖြစ်ရာ အဘယ်ကြောင့် စာရင်းဇယားများ လိုအပ်နေပါမည်နည်း။

"မရှိဘူး..."

"တောင်းပန်ပါတယ် ဥက္ကဋ္ဌကောင်း... ဒီကိစ္စက စစ်သား သုံးသောင်း ရဲ့ တရားမျှတမှုနဲ့ သက်ဆိုင်နေပါ တယ်... ဥက္ကဋ္ဌကောင်း ဆီမှာ စာရင်းဇယားတွေ မရှိဘူးဆိုရင်တော့ ကျွန်တော်နဲ့အတူ ပြန်လိုက်ခဲ့ပြီး လကမ္ဘာ အာကာသတပ်ဖွဲ့ ကို တည်ဆောက်ခဲ့တဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်ကို နှုတ်နဲ့ ပြန်လည် ရှင်းပြပေး ပါ..."

ဤသည်မှာ ပြဿနာ ရှာနေခြင်းသာ ဖြစ်ပေ၏။

"အကယ်၍ ငါ မလိုက်ဘူးဆိုရင်ရော..."

"တောင်းပန်ပါတယ် ဥက္ကဋ္ဌကောင်း... ကျွန်တော်တို့က စစ်တပ် ဖြစ်ပြီး ခင်ဗျားက သာမန် စီးပွားရေး သမား တစ်ယောက်သာ ဖြစ်ပါတယ်... အစိုးရရဲ့ အခြေစိုက်စခန်း တည်ဆောက်ရေးမှာ ခင်ဗျား ကူညီ ပေးခဲ့တာကို ကျွန်တော်တို့ ကြိုဆိုပေမဲ့ ကျွန်တော်တို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကိုတော့ ခင်ဗျား လိုက် နာရပါလိမ့်မယ်..."

ကောင်းယွမ်သည် သူတို့နှင့် ဆက်လက်၍ စကားမပြောဆိုလိုတော့ပေ။

သူသည် လက်ကို ဝှေ့ယမ်းပြလိုက်လေ၏။

အန်းရီ နှင့် အန်းအာ့ တို့ ထွက်ပေါ်လာခဲ့ကြပေသည်။

"သူတို့ကို မောင်းထုတ်လိုက်စမ်း..."

ကောင်းယွမ်က အမိန့်ပေးလိုက်လေ၏။

မကြာမီမှာပင် လုံခြုံရေးစက်ရုပ်များ က ထိုလူများကို ကောင်းယွမ်၏ ရုံးခန်းထဲမှ မောင်းထုတ်ပစ်လိုက် ကြလေတော့သည်။

ကောင်းယွမ်သည် ခဏမျှ တုံ့ဆိုင်းနေပြီးနောက် လက်ပတ်ဖုန်း ကို အသက်သွင်းကာ ကျိုးကျန်းလီ ထံသို့ ဆက်သွယ်လိုက်လေသည်။

ဆယ်စက္ကန့်ကျော်ခန့် အကြာတွင် ဖုန်း ချိတ်ဆက်သွားခဲ့ပေ၏။

ကောင်းယွမ်သည် ကျိုးကျန်းလီ ကို မြင်လိုက်ရသည့်အခါ လွန်ခဲ့သော နှစ်လ၊ သုံးလခန့်ကထက် များစွာ ပို၍ အိုမင်းရင့်ရော်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။

"အရာရှိကျိုး... ဝူယွီရှန်း က ဘာတွေ ဖြစ်နေတာလဲ..."

ကျိုးကျန်းလီ က သက်ပြင်းချလိုက်လေ၏။

"ငါ ပေါ့ဆသွားခဲ့တယ်... ကောင်းယွမ်... မင်း စိတ်မပူပါနဲ့... ဘယ်သူပဲ အာဏာရလာပါစေ မင်းကိုတော့ ထိခိုက်မှာ မဟုတ်ပါဘူး... ဝူယွီရှန်း နဲ့သာ ပူးပေါင်းလိုက်ပါ... ဒါတွေ အားလုံးက ရှနိုင်ငံ အတွက်ပါပဲ..."

ကောင်းယွမ်မှာ ရယ်ပင် ရယ်ချင်သွားခဲ့လေ၏။

"အရာရှိကျိုး... ခင်ဗျား လူကြည့်တာ အရမ်းကို ညံ့ဖျင်းလွန်းတယ်ဗျာ... သူက ငါးရံ့နက် နည်းပညာ ကုမ္ပဏီ ကို ဖျက်သိမ်းချင်ရုံတင် မကဘူး... ကျွန်တော့်ကို လကမ္ဘာပေါ်ကနေပါ နှင်ထုတ်ချင်နေတာ လေ... နောက်ပြီးတော့ လကမ္ဘာ အခြေစိုက်စခန်း ကို တည်ဆောက်ခဲ့တာနဲ့ ပတ်သက်ပြီးတော့တောင် ကျွန်တော့်ကို စာရင်းရှင်းခိုင်းချင်နေသေးတယ်..."

ထိုစကားကို ကြားလိုက်ရသည့်အခါ ကျိုးကျန်းလီ မှာ မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေခဲ့လေသည်။

"ဒါ... လုံးဝ မဖြစ်နိုင်တာ..."

"အမှန်တကယ်ပဲ ဒီအတိုင်း ဖြစ်နေတာဗျ... သူက ကျွန်တော့်ကို အသုံးမဝင်တော့ဘူးလို့ ထင်နေပုံရ တယ်... အရာရှိကျိုး... သိပ္ပံအကယ်ဒမီ မှာရော... ကျောင်းအုပ်ကြီးကျုံး ရှိနေသေးရဲ့လား..."

"ကျုံးကော်ချန် က ပြီးခဲ့တဲ့လကတင် အငြိမ်းစား ယူသွားပြီလေ... အခုတော့ ရှောင်မု က သိပ္ပံအကယ်ဒမီ ရဲ့ ကျောင်းအုပ်ကြီး ဖြစ်နေပြီပေါ့..."

ကောင်းယွမ် သဘောပေါက်သွားခဲ့လေ၏။

ဤသည်မှာ သူ၏ နည်းပညာများကို လုယူပြီးနောက် သူ၏ လုပ်ပိုင်ခွင့် အာဏာများကိုပါ

ရုပ်သိမ်းလိုက်ခြင်းပင် ဖြစ်ပေသည်။

"အရာရှိကျိုး... ခင်ဗျား အသက်ငယ်သေးတယ်လို့ ကျွန်တော် ထင်ပါတယ်... အနည်းဆုံးတော့ နောက် ထပ် အနှစ်သုံးဆယ်လောက် တာဝန်ထမ်းဆောင်နိုင်သေးတယ်လေ... ဒီလို လုပ်ကြတာပေါ့... ကျွန်တော် စစ်သင်္ဘောအုပ်စုကို ယခုပဲ ပြန်ရုပ်သိမ်းလိုက်မယ်... သူ ထွက်သွားမလား၊ မထွက်သွားဘူးလားဆိုတာ ကြည့်ကြသေးတာပေါ့ဗျာ..."

ကျိုးကျန်းလီ ၏ မျက်နှာအမူအရာမှာ ရှုပ်ထွေးသွားခဲ့လေ၏။

"ကောင်းယွမ်... စစ်သင်္ဘောအုပ်စုက မင်းစကားကို နားထောင်တော့မှာ မဟုတ်ဘူး ထင်တယ်..."

ကောင်းယွမ် အံ့အားသင့်သွားခဲ့ပြီးနောက် အသံထွက်အောင်ပင် ရယ်မောလိုက်လေတော့သည်။

ဟုတ်ပေသည်... ထိုစကားက အမှန်ပင် ဖြစ်၏။ အာကာသတပ်ဖွဲ့ ရှိ လူများအားလုံးမှာ စစ်တပ်မှ လူ များသာ ဖြစ်ကြပေသည်။ သူ ကိုယ်တိုင် တည်ဆောက်ခဲ့ခြင်း ဖြစ်သော်လည်း အောက်ခြေရှိ လူများ၏ ဆက်ဆံရေးကို သူ တစ်ခါမှ ဂရုမစိုက်ခဲ့ပေ။ ဝူယွီရှန်း က သူ့ကို ဤကဲ့သို့ လုပ်ဆောင်လာပြီ ဖြစ်ရာ သူ အနေဖြင့် စစ်သင်္ဘောအုပ်စုကို သေချာပေါက် အမိန့်ပေးနိုင်တော့မည် မဟုတ်ချေ။

All Chapters