← Chapters

အခန်း ၂၀၆

Vol. 21 Ch. 206

အခန်း ၂၀၆

Vol. 21 Ch. 206

အခန်း (၂၀၆) ပြတ်သားသော ဆုံးဖြတ်ချက်

ယခုအခါ မုန်တိုင်းသမုဒ္ဒရာ သည် အာကာသတပ်ဖွဲ့ ၏ ဌာနချုပ် အခြေစိုက်စခန်း ဖြစ်လာခဲ့ပြီ ဖြစ်သည်။

ထိုတပ်ဖွဲ့ဝင် အများစုမှာ လူသားစစ်သားများ ဖြစ်ကြသော်လည်း ကောင်းယွမ်သည် လွယ်ကူ အဆင် ပြေစေရန်အတွက် အင်အား သုံးထောင်ခန့် ရှိသော စက်ရုပ်တပ်ရင်း တစ်ခုကို ချန်လှပ်ထားခဲ့လေသည်။ ၎င်းတို့သည် လကမ္ဘာ မျက်နှာပြင်ပေါ်ရှိ အခြေခံ လုပ်ငန်းဆောင်တာ အချို့ကို တာဝန်ယူ လုပ်ဆောင် ကြရပေသည်။

အဘယ်ကြောင့်ဆိုသော် စက်ရုပ်များသည် အောက်ဆီဂျင် မလိုအပ်သကဲ့သို့ အလွန်အေးခဲသော အပူချိန် များကိုလည်း ကြောက်ရွံ့ခြင်း မရှိသောကြောင့်ပင် ဖြစ်ပေသည်။

ယိုးကျိယုံး က စက်ရုပ်များ ပုန်ကန်နေပြီ ဖြစ်ကြောင်း အသံလွှင့်၍ ကြေညာလိုက်လေသည်။

သာမန် စစ်သား အများစုမှာ ထိုအရာကို မယုံကြည်ခဲ့ကြပေ။ စက်ရုပ်များသည် သူတို့နှင့်အတူ အချိန် ကြာမြင့်စွာ ရှိနေခဲ့ပြီး အမြဲတမ်း ငြိမ်းချမ်းစွာ နေထိုင်လာခဲ့ကြခြင်း ဖြစ်သည်။ စက်ရုပ်များ ပုန်ကန် သည်ဟူသော ကိစ္စမျိုးကို သူတို့ ဘယ်သောအခါမှ မကြားဖူးခဲ့ကြပေ။

သို့သော်လည်း အသံလွှင့် ကြေညာချက်က ထိုသို့ ဆိုထားခဲ့ပြီ ဖြစ်၏။

သံသယဖြင့် ထွက်ပေါ်လာသူ အချို့တော့ အမြဲတမ်း ရှိနေတတ်ပေသည်။

ယိုးကျိယုံး နှင့် သူ၏ အဖွဲ့သည် စက်ရုပ်ဝတ်စုံ ဆယ်ဂဏန်းခန့်ကို အသက်သွင်းကာ စက်ရုပ်စခန်းကို အပြင်းအထန် တိုက်ခိုက်ရန် ပြင်ဆင်နေခဲ့ကြလေသည်။

စက်ရုပ်များသည် ကြောက်ရွံ့ခြင်းကို မသိရှိကြပေ။ လင်းမေ ကို ကာကွယ်ပေးရန် ကောင်းယွမ်က သူတို့ကို အမိန့်ပေးထားခဲ့ပြီး ကျူးကျော်ဝင်ရောက်လာသူ မည်သူမဆို ရန်သူများသာ ဖြစ်ပေ၏။ ယိုးကျိယုံး သည် တိုက်ခိုက်ရန် ကြိုးစားခဲ့သော်လည်း လေဆာအမြောက် များကြောင့် အလျင်အမြန် ဆုတ်ခွာသွားခဲ့ရလေတော့သည်။

သို့သော်လည်း ထိုတိုက်ခိုက်မှုက အခြားသော စစ်သားများကိုပါ သတိထားမိသွားစေခဲ့ပေသည်။

စစ်သားများသည် စက်ရုပ်များက အမှန်တကယ် ပြန်လည် တိုက်ခိုက်နေကြောင်းကို မြင်တွေ့လိုက်ရ သောအခါ လူသားများ ဖြစ်ကြသည့် အားလျော်စွာ သူတို့တွင် သဘာဝအလျောက် ရပ်တည်ချက် ကိုယ်စီ ရှိနေခဲ့ကြပေတော့သည်။

ထို့ကြောင့် လကမ္ဘာ တစ်ခုလုံးကို လွှမ်းခြုံသွားမည့် တိုက်ပွဲကြီး တစ်ရပ်က တဖြည်းဖြည်း အစပျိုးလာခဲ့ လေတော့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ယိုးကျိယုံး ၏ မျက်နှာထက်တွင် ကျေနပ်ဂုဏ်ယူနေသော အမူ အရာများ ပေါ်ထွက်လာခဲ့ပေသည်။

*ကောင်းယွမ်... မင်း ဘယ်ကို ထွက်ပြေးနိုင်ဦးမလဲဆိုတာ ကြည့်ကြသေးတာပေါ့…*

ယခုအခါ စစ်သား တစ်သောင်းကျော်ခန့် တိုက်ပွဲဝင်ရန် ပူးပေါင်းလာခဲ့ကြပြီဖြစ်ပြီး စက်ရုပ်ဝတ်စုံများနှင့် စစ်သင်္ဘောများသည်လည်း အသင့်အနေအထားတွင် ရှိနေခဲ့ကြပေသည်။

ရုတ်တရက် မုန်တိုင်းသမုဒ္ဒရာ ၏ ရှေ့ဘက်ရှိ ဟင်းလင်းပြင်ကြီးသည် စတင် ပုံပျက်ရှုံ့တွလာခဲ့လေ၏။

ထို့နောက် စက်ရုပ်ဝတ်စုံ အမြောက်အမြားသည် ဤနေရာသို့ တစ်စင်းပြီးတစ်စင်း အဆက်မပြတ် ထွက်ပေါ်လာခဲ့ကြလေတော့သည်။

စစ်သား အချို့မှာ မှင်သက်သွားခဲ့ကြပေသည်။

"ရန်သူတွေ တိုက်ခိုက်နေပြီ... ရန်သူတွေ တိုက်ခိုက်နေပြီ... ဂြိုဟ်သားတွေ ကျူးကျော်လာပြီ..."

ယိုးကျိယုံး လည်း အံ့အားသင့်သွားခဲ့ရလေသည်။

*ဒီအချိန်ကြီးမှ ဂြိုဟ်သားတွေက တိုက်ခိုက်လာတာလား… ပြီးတော့ အားလုံးက စက်ရုပ်ဝတ်စုံ တွေချည်းပဲလား…*

အဓိက အရေးကြီးဆုံး အချက်မှာ အသစ်ပေါ်ထွက်လာသော ထိုစက်ရုပ်ဝတ်စုံများသည် အလွန်တရာ အစွမ်းထက်လှသည့်ပုံ ပေါက်နေခြင်းပင် ဖြစ်ပေသည်။ ၎င်းတို့နှင့် နှိုင်းယှဉ်လိုက်မည်ဆိုပါက အာကာသ တပ်ဖွဲ့ ၏ စက်ရုပ်ဝတ်စုံများမှာ ကလေးကစားစရာများကဲ့သို့ပင် ဖြစ်နေခဲ့ပေတော့သည်။

မကြာမီမှာပင် မျိုးဆက်သစ် စက်ရုပ်ဝတ်စုံ အခုတစ်ထောင်ခန့်က စခန်းတစ်ခုလုံးကို ဝိုင်းရံထား လိုက်ကြလေတော့သည်။

ကောင်းယွမ်သည် စက်ရုပ်ဝတ်စုံ တစ်ခုကို မောင်းနှင်နေခဲ့ခြင်း ဖြစ်ပေ၏။

လေထဲတွင် လွင့်မျောနေရင်းဖြင့် သူက ပြောလိုက်လေသည်။

"အာကာသတပ်ဖွဲ့ က ညီအစ်ကိုတို့... ကျွန်တော်က ကောင်းယွမ် ပါ..."

ထိုအသံကို ကြားလိုက်ရသည့်အခါ အောက်ဘက်ရှိ စစ်သားများသည် တစ်ဦးကိုတစ်ဦး ဇဝေဇဝါဖြင့် ကြည့်လိုက်ကြလေသည်။

"ဥက္ကဋ္ဌကောင်း ဟုတ်လား... ဘယ်လိုလုပ်ပြီး ဥက္ကဋ္ဌကောင်း ဖြစ်နေရတာလဲ..."

လကမ္ဘာ အခြေစိုက်စခန်း တစ်ခုလုံးကို ကောင်းယွမ် ကိုယ်တိုင် တည်ဆောက်ခဲ့ခြင်း ဖြစ်ပေသည်။ သူ သည် စစ်သားများအပေါ်တွင် ပြိုင်ဘက်ကင်းသော လွှမ်းမိုးနိုင်စွမ်း ရှိလေ၏။ ကမ္ဘာမြေကို တိုက်ခိုက်ရန် သူတို့ကို အမိန့်ပေးပါက ငြင်းဆန်ကောင်း ငြင်းဆန်နိုင်ကြသော်လည်း တိုက်ခိုက်မှုများကို ရပ်တန့်ရန် အမိန့်ပေးလိုက်ပါက အများစုမှာ ချက်ချင်း ရပ်တန့်သွားကြမည် ဖြစ်ပေသည်။

"ဥက္ကဋ္ဌကောင်း က ဒီနေရာမှာ ဘာလာလုပ်နေတာလဲ... ဘာတွေ ဖြစ်နေတာလဲ..."

"ငါတို့ တပ်ထဲမှာ သစ္စာဖောက်တွေ ရှိနေတယ်... သူတို့က ငါ့ကို သတ်ချင်နေကြတာ... လူသားမျိုးနွယ် တစ်ရပ်လုံးကို ချောက်ကမ်းပါးထဲ တွန်းပို့ချင်နေကြတာပဲ... သူတို့က ဂြိုဟ်သား သူလျှိုတွေ ဖြစ်ပြီး ငါတို့အချင်းချင်း ပြည်တွင်းစစ် ဖြစ်အောင် သွေးထိုးလှုံ့ဆော်နေကြတာ... "

"ဘာလို့လဲဆိုတော့ ငါတို့ စည်းလုံးနေသမျှ ကာလပတ်လုံး ဂြိုဟ်သားတွေက ကမ္ဘာမြေကို ဘယ်တော့မှ မသိမ်းပိုက်နိုင်ဘူးဆိုတာ သူတို့ သိနေလို့ပဲ... ဒါပေမဲ့ ငါတို့သာ ပြည်တွင်းစစ် စတင်ခဲ့မယ်ဆိုရင် အားလုံး အနှေးနဲ့အမြန် ပျက်စီးသွားလိမ့်မယ်... ဒီအကြိမ်က သမိုင်းထဲက မင်းဆက် အပြောင်းအလဲတွေနဲ့ မတူ ဘူး... "

"အခုတစ်ကြိမ်မှာ ဂြိုဟ်သားတွေက ငါတို့ရဲ့ မျိုးရိုးဗီဇ အားလုံးကို အပြီးတိုင် သုတ်သင်ရှင်းလင်းပြီး ကမ္ဘာမြေကို အပြည့်အဝ သိမ်းပိုက်သွားလိမ့်မယ်... နောင်အနာဂတ်မှာ ကမ္ဘာမြေပေါ် နေထိုင်မယ့်သူ တွေဟာ သောကြာဂြိုဟ်သားတွေ ဒါမှမဟုတ် အင်္ဂါဂြိုဟ်သားတွေ ဖြစ်သွားနိုင်ပေမဲ့ ကမ္ဘာမြေသားတွေ တော့ ဖြစ်လာတော့မှာ မဟုတ်ဘူး..."

"ယခု မင်းတို့ အားလုံး ကိုယ့်စခန်းကိုယ် ပြန်သွားကြပြီး စစ်ဆေးမှုတွေကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနေ ကြပါ... ငါ ကောင်းယွမ် က အပြစ်မရှိတဲ့သူကို အပြစ်ပေးမှာ မဟုတ်သလို အပြစ်ရှိတဲ့သူကိုလည်း လွတ်မြောက်ခွင့် ပြုမှာ မဟုတ်ဘူးလို့ ဒီနေရာကနေ ကတိပေးပါတယ်..."

စစ်သား အများစုက ထိုစကားကို ယုံကြည်သွားခဲ့ကြလေသည်။

"ငါ သိသားပဲ... ဥက္ကဋ္ဌကောင်း က ဒီနေရာမှာ ဘာလာလုပ်နေတာလဲလို့..."

"တောက်... စောစောက အော်ပြောနေတဲ့ကောင်က ဂြိုဟ်သား သူလျှိုများလား..."

"ဒီလူတွေက တကယ်ကို ရွံစရာကောင်းတာပဲ... ဂြိုဟ်သားတွေဘက်တောင် ပါနေသေးတယ်... သူတို့က ဘယ်သူတွေလဲ..."

"ယိုးကျိယုံး ဖြစ်ဖို့ များတယ်..."

ယိုးကျိယုံး မှာ ယခုအခါ ပြာယာခတ်နေခဲ့ပြီ ဖြစ်သည်။ ကောင်းယွမ် ပေါ်လာခဲ့ပြီဖြစ်ပြီး သူ၏ လွှမ်းမိုး နိုင်စွမ်းမှာ ကောင်းယွမ်နှင့် နှိုင်းယှဉ်လျှင် များစွာ အားနည်းလှပေသည်။

သူ၏ လုပ်ငန်းစဉ်များ ကျရှုံးတော့မည်ကို မြင်လိုက်ရသည့်အခါ သူသည် အသည်းအသန် ရုန်းကန်လာခဲ့ လေတော့သည်။

"သူ့ကို မယုံကြနဲ့ အားလုံးပဲ... ကောင်းယွမ် က သစ္စာဖောက်... သူက နိုင်ငံကို သစ္စာဖောက်ခဲ့တာ..."

မကြာမီမှာပင် တစ်စုံတစ်ဦးက ဤအရာကို ပြန်လည် ချေပလိုက်လေ၏။

"ကောင်းယွမ် က နိုင်ငံကို သစ္စာဖောက်တယ် ဟုတ်လား... သူသာ မရှိခဲ့ဘူးဆိုရင် ငါတို့ အားလုံး မျိုးတုံး သုတ်သင်ခံရတာ ကြာပြီပေါ့..."

"သမိုင်းကြောင်း နှစ်ငါးထောင် တစ်လျှောက်လုံးမှာ အရယ်ရဆုံး ဟာသပဲ... ကောင်းယွမ် က သူ့နိုင်ငံကို သစ္စာဖောက်တယ်တဲ့... တကယ်ပဲ သူ့မှာ တစ်ကိုယ်ကောင်းဆန်စိတ် နည်းနည်းလေးသာ ရှိခဲ့မယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်ဝက်လောက်ကတည်းက သူက ကမ္ဘာကြီးရဲ့ ခေါင်းဆောင် ဖြစ်နေလောက်ပြီ..."

ကောင်းယွမ်သည် ဆက်လက်၍ ပန်ကြားလိုက်လေသည်။

"ကျေးဇူးပြုပြီး ဒီနေရာမှာ ဆက်မနေကြပါနဲ့တော့... နောက်ထပ် ဆယ်မိနစ် ကြာရင် ဒီနေရာမှာ စုဝေး နေဆဲဖြစ်တဲ့ မည်သူ့ကိုမဆို ဂြိုဟ်သား သူလျှိုတွေရဲ့ ကြံရာပါတွေအဖြစ် သတ်မှတ်ပြီး သုတ်သင် ရှင်းလင်းဖို့ အမိန့်ပေးပါမယ်..."

ထိုစကားကို ကြားလိုက်ရပြီးနောက် လူအများအပြား ထွက်ခွာသွားခဲ့ကြလေတော့သည်။

သူ့နောက်သို့ လိုက်ပါလာခဲ့သော သူအချို့မှာလည်း တိတ်တဆိတ် ထွက်ခွာသွားကြပြီ ဖြစ်ကြောင်း ယိုးကျိယုံး သတိထားမိလိုက်ပေသည်။

*ဒါပေမဲ့ အခုတော့ ငါ နောက်ဆုတ်လို့ မရတော့ဘူး… တကယ်လို့များ နောက်ဆုတ်လိုက်မည်ဆိုရင် အခွင့်အရေး လုံးဝ ရှိတော့မှာ မဟုတ်ဘူး… ကောင်းယွမ်က စစ်ဆေးမှုတွေ စလိုက်တာနဲ့ ရာနှုန်းပြည့် ငါ ဖော်ထုတ်ခံရမှာပဲ… အဲ့ဒီခါကျရင်... အာကာသ ဖုန်မှုန့်ဖြစ်သွားရလိမ့်မယ်…*

သူ လုံးဝ လက်မခံနိုင်ခဲ့ပေ။

သို့သော် ယခုအခါ ကောင်းယွမ်ကို စက်ရုပ်ဝတ်စုံ အမြောက်အမြားက ဝန်းရံထားပြီး ၎င်းတို့မှာ အလွန် တရာ အစွမ်းထက်လှသည့်ပုံ ပေါက်နေလျက်ရှိပေ၏။

ယိုးကျိယုံး သည် ကောင်းယွမ် ရှိနေသော စက်ရုပ်ဝတ်စုံကို စိုက်ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲ တွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ တောက်ပလာခဲ့လေသည်။

ယခုအခါ နည်းလမ်း တစ်ခုတည်းသာ ရှိတော့သည်။ ကောင်းယွမ်ကို ဦးစွာ ရှင်းလင်းရပေမည်။ ဤ စက်ရုပ်ဝတ်စုံများသည် အလွန် ကြောက်မက်ဖွယ် ကောင်းပုံရသော်လည်း ၎င်းတို့၏ စွမ်းဆောင်ရည် မည်မျှ ကောင်းမွန်ကြောင်းကို မည်သူမျှ မသိရှိကြပေ။

ကောင်းယွမ်သည် အချိန်ခဏလေးသာ ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်ရာ ဤမျှ များပြားသော စက်ရုပ်ဝတ်စုံများကို သူ ဘယ်နေရာမှ ရရှိလာခဲ့ပါသနည်း။

ယိုးကျိယုံး သည် ၎င်းတို့ အစစ်အမှန် ဖြစ်နိုင်ကြောင်းကို လုံးဝ သံသယ ဝင်နေခဲ့ပြီး သုံးဖက်မြင် ပုံရိပ် ယောင် မျှသာ ဖြစ်လိမ့်မည်ဟု ယူဆထားခဲ့ခြင်းဖြစ်ပေ၏။

သူက သူ၏ လက်အောက်ငယ်သားများကို အားပေးစကား ပြောကြားလိုက်လေသည်။

"ကောင်းယွမ် ရဲ့ စက်ရုပ်ဝတ်စုံတွေက သေချာပေါက် အတုတွေပဲ... တကယ်လို့ အစစ်တွေသာ ဆိုရင် သူက အခုလောက်ဆို လှုပ်ရှားနေလောက်ပြီလေ... ပြီးတော့ အချိန်တိုလေးအတွင်းမှာ ဒီလောက် ကြီး မားတဲ့ စက်ရုပ်ဝတ်စုံ အများကြီးကို သူ ဘယ်ကနေ သွားယူလာနိုင်မှာလဲ... တကယ်လို့ သူ့ဆီမှာသာ ရှိနေခဲ့မယ်ဆိုရင် သောကြာဂြိုဟ်နဲ့ ဗုဒ္ဓဟူးဂြိုဟ် ပူးပေါင်းရေတပ်ကြီး ကို တိုက်ခိုက်တုန်းက ဘာလို့ အသုံးမချခဲ့တာလဲ... "

"ဒါကြောင့် အဲဒါတွေ အားလုံးက အတုတွေပဲ ဖြစ်ရမယ်... ငါတို့ရဲ့ စစ်သင်္ဘောတွေကို အဲဒီကို မောင်း သွားပြီး ကောင်းယွမ် ကို အမှုန့်ဖြစ်သွားအောင် ဗုံးခွဲပစ်လိုက်ရုံပဲ... ဒါဆိုရင် အရာရှိဝူ က ငါတို့ကို သေချာပေါက် ဆုချလိမ့်မယ်..."

"တပ်မှူး... တကယ် ပြောနေတာလား..."

"သေချာတာပေါ့... ငါ့နောက်ကိုသာ လိုက်ခဲ့... မင်းတို့အတွက် တောက်ပတဲ့ အနာဂတ် ရှိနေတယ်... ဖူချောင်... စစ်သင်္ဘောကို စမောင်းလိုက်စမ်း... ရှေ့ကို ချီတက်..."

မုန်တိုင်းသမုဒ္ဒရာ စခန်းသည် တဖြည်းဖြည်း တိတ်ဆိတ် ငြိမ်သက်သွားခဲ့ပြီဖြစ်ပြီး လူတိုင်းနီးပါးမှာ အိမ်သို့ ပြန်သွားခဲ့ကြပြီ ဖြစ်ပေသည်။

ဤအခြေအနေမှာ ယိုးကျိယုံး ရှိနေသော စစ်သင်္ဘောကို အလွန် သိသာ ထင်ရှားစွာ ပေါ်လွင်နေစေခဲ့ လေတော့သည်။

"ဂြိုဟ်သား သူလျှိုတော့ ဖော်ထုတ်ခံလိုက်ရပြီ ထင်တယ်... လာစမ်း... သေတဲ့အထိ တိုက်ခိုက်ကြ မယ်... မင်းတို့ရဲ့ သခင်အတွက် ငါ့ကို လာတိုက်ခိုက်လှည့်..."

ယိုးကျိယုံး မှာ အလွန် ဒေါသထွက်နေခဲ့ပေ၏။

"ပစ်စမ်း..."

စစ်သင်္ဘောများသည် သူတို့၏ အစွမ်းထက်ဆုံး တိုက်ခိုက်မှုကို စတင် လုပ်ဆောင်နေခဲ့ကြလေသည်။ ဆန့်ကျင်ဘက်ဒြပ်ထု အမြောက် သည် အင်အားအပြည့်ဖြင့် ပစ်ခတ်ရန် ပြင်ဆင်နေခဲ့၏။ ယိုးကျိယုံး သည် ဤအရာကို ရှင်းရှင်းလင်းလင်း စဉ်းစားထားခဲ့ပြီး ဖြစ်သည်။ ဤပစ်ချက် တစ်ချက်တည်းနှင့်ပင် မုန်တိုင်းသမုဒ္ဒရာ အခြေစိုက်စခန်း တစ်ခုလုံး လုံးဝ ပျက်စီးသွားပေလိမ့်မည်။

ကောင်းယွမ် ဆိုသည်မှာ ပြောစရာပင် မလိုတော့ချေ။

ကောင်းယွမ်သည် စစ်သင်္ဘော၏ စွမ်းဆောင်ရည်နှင့် အလွန် ရင်းနှီးကျွမ်းဝင်နေခဲ့ပေရာ စစ်သင်္ဘော စတင် လှုပ်ရှားလိုက်သည်နှင့် တစ်ဖက်လူက ဘာလုပ်နေသည်ကို သူ ချက်ချင်း သိရှိလိုက်လေသည်။

သူ၏ မျက်နှာအမူအရာမှာလည်း ပြောင်းလဲသွားခဲ့ပေသည်။

ဤ ယိုးကျိယုံး သည် လုံးဝ ရူးသွပ်နေခဲ့ပြီ ဖြစ်၏။

အင်အားအပြည့်ရှိသော ဆန့်ကျင်ဘက်ဒြပ်ထု အမြောက် ဆိုသည်မှာ... ဂြိုဟ်သိမ်ဂြိုဟ်မွှား တစ်ခုကိုပင် အပိုင်းပိုင်း အစစ ဆွဲဖြဲပစ်နိုင်စွမ်း ရှိလေသည်။

ဤအရာက သူ မိမိအပေါ် မည်မျှလောက်အထိ အမုန်းတရား ကြီးမားနေကြောင်းကို ပြသနေခြင်းပင် ဖြစ်ပေသည်။

"အဲဒါကို စွမ်းအင် ဖြည့်တင်းခွင့် မပေးနဲ့..."

ကောင်းယွမ်က ပြောလိုက်လေသည်။

ဆန့်ကျင်ဘက်ဒြပ်ထု အမြောက် သည် အလွန် အစွမ်းထက်သော်လည်း ၎င်းတွင် အားနည်းချက် တစ်ခု ရှိနေခဲ့ပေသည်။ ဆန့်ကျင်ဘက်ဒြပ်ထု အမြောက်များကို စွမ်းအင်မြင့် သံလိုက်စက်ကွင်း များဖြင့် ထိန်းချုပ်ထားရမည် ဖြစ်ပြီး ထိုသို့ မဟုတ်ပါက ၎င်းတို့သည် မပစ်ခတ်ရသေးမီမှာပင် စစ်သင်္ဘော ကိုယ်နှိုက်ကို ပြန်လည် ဖျက်ဆီးပစ်ပေလိမ့်မည်။

စွမ်းအင်မြင့် သံလိုက်စက်ကွင်းများကို ပြင်ဆင်ရန် အချိန် အတိုင်းအတာ တစ်ခုအထိ လိုအပ်လှပေ၏။

သူတို့သည် ထွက်ခွာရန် ပြင်ဆင်နေဆဲ ဖြစ်လေသည်။

ယိုးကျိယုံး မှာ ရုတ်တရက် ထိတ်လန့်တုန်လှုပ်မှု တစ်ခုကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရပေသည်။

အချိန်များ ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားခဲ့လေသည်။

အရာအားလုံး ရပ်တန့်သွားခဲ့ခြင်းဖြစ်လေ၏။

သို့သော် သူ ဘာကိုမျှ မမြင်တွေ့ခဲ့ရပေ။ စစ်သင်္ဘော၏ စနစ်များက အရာအားလုံး ပုံမှန်အတိုင်း ဖြစ်နေ ကြောင်းကိုသာ ပြသနေခဲ့လေသည်...။

ထိုအခိုက်အတန့်မှာပင် စစ်သင်္ဘော၏ အလယ်ဗဟို၌ ဧရာမ အပေါက်ကြီး တစ်ပေါက် ပေါ်လာခဲ့ပေ၏။ ထိုအပေါက်ကြီးမှာ အစကတည်းက ထိုနေရာတွင် ရှိနေခဲ့သကဲ့သို့ ဖြစ်နေပြီး ဘယ်အချိန်က ပေါ်လာမှန်း ကို မည်သူမျှ မသိရှိခဲ့ကြပေ။

ထိုအချိန်တွင် စက်ရုပ်လက်တံ တစ်ခုက ဝင်ရောက်လာပြီး စစ်သင်္ဘော၏ လောင်စာကန်ကို ဆွဲဖြဲယူငင် သွားခဲ့လေတော့သည်။

ထို့နောက် စက်ရုပ်ဝတ်စုံ သည် လှည့်ထွက်သွားခဲ့လေ၏...။

ယိုးကျိယုံး ရှိနေသော စစ်သင်္ဘောမှာ ဧရာမ မြည်ဟီးသံကြီးနှင့်အတူ ပေါက်ကွဲသွားခဲ့ပြီး ထွက်ပေါ်လာ သော မီးတောက်မီးလျှံများက မုန်တိုင်းသမုဒ္ဒရာ ၏ ထက်ဝက်ခန့်ကို လင်းထိန်သွားစေခဲ့လေတော့သည်။

*ပြီးသွားပြီလား…*

လင်းမေ သည် အပြင်ဘက်ရှိ မီးတောက်များကို ထိတ်လန့်တုန်လှုပ်စွာ လှမ်းကြည့်နေမိလေတော့ သည်။

All Chapters