အခန်း ၂၀၈
Vol. 21 Ch. 208
အခန်း (၂၀၈) စစ်သေနာပတိချုပ်ကြီး
ကောင်းယွမ်၏ ဘေးတွင် ပုန်းကွယ်နေသော ကာကွယ်ရေးစက်လုံး သည် ချက်ချင်း ပွင့်လာကာ သူ့ကို လွှမ်းခြုံသွားခဲ့လေသည်။ ကျည်ဆန်များသည် ၎င်းနှင့် ထိမှန်ပြီးနောက် အောက်သို့ ပြုတ်ကျသွားခဲ့ လေတော့၏။
သို့သော် စောစောက ပစ်ခတ်ခဲ့သူများ အားလုံးမှာ ယခုအခါ မြေပြင်ပေါ်တွင် လဲကျနေခဲ့ကြပြီဖြစ်ပြီး စက်ရုပ်ဝတ်စုံ များမှ လေဆာရောင်ခြည်များသည် ပစ်မှတ်တိုင်းကို တိကျစွာ ထိမှန်လျက်ရှိနေခဲ့ပေ သည်။
ကောင်းယွမ်သည် ဝူယွီရှန်း ထံသို့ လျှောက်သွားလိုက်လေ၏။
"မစ္စတာဝူ... စကားလေး ဘာလေး ပြောကြရအောင်..."
ဝူယွီရှန်း မှာ ယခုအခါ မျှော်လင့်ချက် ကင်းမဲ့သွားခဲ့လေပြီဖြစ်လေ၏။
သူသည် ငေးမောစွာဖြင့် ခေါင်းညိတ်ပြရုံသာ တတ်နိုင်ခဲ့ပေသည်။ အခြေအနေများက ဘယ်လိုလုပ်ပြီး ဤအဆင့်အထိ ရောက်လာခဲ့ရပါသနည်း။
သူတို့သည် အလွန်ကောင်းမွန်သော အနေအထား တစ်ခုတွင် ရှိနေခဲ့ရာမှ မျက်စိတစ်မှိတ်အတွင်း အရာ အားလုံးက ဘယ်လိုလုပ်ပြီး ပြောင်းပြန် ဖြစ်သွားခဲ့ရသနည်း။
ကောင်းယွမ်သည် ဝူယွီရှန်း ၏ ရုံးခန်းထဲသို့ ဝင်သွားပြီး ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်လေသည်။
"မစ္စတာဝူ... ဒီနေရာက အတော်လေး ကောင်းတာပဲ..."
"ကောင်းယွမ်... မင်း ပြောချင်တာကိုသာ တိုက်ရိုက် ပြောလိုက်စမ်းပါ... စကားကို လှည့်ပတ်ပြောမနေ နဲ့..."
ကောင်းယွမ်က ခေါင်းညိတ်လိုက်လေ၏။
"ဟုတ်တာပေါ့... ဒါဆို ငါလည်း အပိုစကားတွေ ဆက်ပြောမနေတော့ဘူး... မစ္စတာဝူ... သွားရမယ့် အချိန်ရောက်ပြီ..."
"ဘယ်ကိုလဲ…"
"သွားကြစို့..."
"မင်းက ငါ့ကို ဒီတိုင်းကြီး သတ်ပစ်တော့မလို့လား... ပြည်သူတွေရဲ့ ဆန့်ကျင်ကန့်ကွက်မှုကို မကြောက် ဘူးလား..."
ကောင်းယွမ်က ပြုံးလိုက်လေသည်။
"ငါက ကြောက်ရမှာလား... သေချာတာပေါ့... အကျိုးဆက်တွေတော့ ရှိလာမှာပဲလေ... ဒါပေမဲ့ မင်းက ဂြိုဟ်သား သူလျှို တစ်ယောက် အနေနဲ့ သေဒဏ်ပေးခံရမှာ... ပြည်သူတွေက သူလျှို တစ်ယောက် သေ သွားတာကို မြင်ရရင် အရမ်း ဝမ်းသာကြမယ်လို့ ငါ ထင်တယ်..."
ဝူယွီရှန်း မှာ မှင်သက်သွားခဲ့ရလေ၏။
"ဂြိုဟ်သား သူလျှို ဟုတ်လား... အဲဒါကို တစ်ယောက်ယောက်က ယုံကြည်မယ်လို့ မင်း ထင်နေတာ လား..."
"ဘာကွာသွားမှာလဲ... မင်းက သူလျှို တစ်ယောက် ဖြစ်ကြောင်း သက်သေပြဖို့ ငါ့မှာ နည်းလမ်းပေါင်း ရာနဲ့ချီပြီး ရှိတယ်လေ..."
"မင်း ဒီအတိုင်း ဆက်လုပ်နေမယ်ဆိုရင် ဌာနတွေ အကုန်လုံး ဖရိုဖရဲ ဖြစ်သွားလိမ့်မယ်... ကောင်းယွမ်... တကယ်တော့ ငါတို့ ပူးပေါင်းလို့ ရပါတယ်... ငါက အုပ်ချုပ်ရေးပိုင်းကို တာဝန်ယူပြီး မင်းက စစ်ရေးပိုင်း ကို တာဝန်ယူလေ... ဘယ်လိုလဲ..."
ကောင်းယွမ် သဘောကျသွားခဲ့လေသည်။
ဤသည်မှာ လောကကြီးကို ခွဲဝေယူရန် ပြောဆိုနေခြင်းပင် ဖြစ်၏။
သို့သော် ကံမကောင်းလှပေ။
"ငါက ဘာလို့ သဘောတူရမှာလဲ... ငါက အရင်က အရာရှိကျိုး နဲ့ အလုပ်တွဲလုပ်ရတာ အဆင်ပြေပါ တယ်... မင်းကိုတော့... ငါ မယုံကြည်ဘူး..."
ဝူယွီရှန်း ၏ မျက်နှာထက်တွင် မျှော်လင့်ချက် လုံးဝ ကင်းမဲ့နေပုံ ပေါ်လာခဲ့လေ၏။
"မဟုတ်ဘူး ကောင်းယွမ်... ငါက ကျိုးကျန်းလီ ထက် ပိုပြီး အရည်အချင်းရှိတယ်..."
"ငါက ဘာလို့ တခြားသူတွေနဲ့ ပူးပေါင်းနေရဦးမှာလဲ..."
ကောင်းယွမ်က မေးလိုက်လေသည်။
"သေချာတာပေါ့... တစ်နိုင်ငံလုံးမှာ စစ်သား သန်းပေါင်းများစွာ၊ ဌာန ရာပေါင်းများစွာ၊ အောက်ခြေ ယူနစ် သောင်းပေါင်းများစွာနဲ့ မန်နေဂျာ သန်းပေါင်းများစွာ ရှိနေတယ်လေ... သူတို့ အားလုံးကို ထိန်းချုပ် ဖို့ လိုအပ်တယ်... မင်းမှာ အုပ်ချုပ်ရေး အတွေ့အကြုံ မရှိဘူးဆိုတော့ ဒီကိစ္စတွေကို မင်း ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး... အကယ်၍ မင်းသာ ငါ့ကို ဖယ်ရှားလိုက်ရင် တစ်နိုင်ငံလုံး ဖရိုဖရဲ ဖြစ်သွားလိမ့်မယ်... စက် ရုပ် မန်နေဂျာတွေကို မင်း အားကိုးနေလို့ မရဘူးလေ... ဟုတ်တယ်မလား..."
ကောင်းယွမ်က ခေါင်းညိတ်လိုက်လေ၏။
"မင်းပြောတာ မှန်တယ်... အဲဒါကြောင့် ငါက ကျိုးကျန်းလီ ကို ရွေးချယ်ခဲ့တာပေါ့... အန်းအာ့... သူ့ကို ရှင်းလိုက်စမ်း..."
"ဟုတ်ကဲ့ပါ သူဌေး..."
ကောင်းယွမ်သည် မတ်တတ်ရပ်ကာ လက်ခုပ်တီးလိုက်လေသည်။
ဝူယွီရှန်း မှာ ပြာယာခတ်သွားခဲ့လေ၏။
"ငါက ကျိုးကျန်းလီ ထက် ပိုပြီး အသုံးဝင်တယ်... ပြီးတော့ မင်းသာ ငါ့ကို သတ်လိုက်ရင် မုကျား မှာ ရှိတဲ့ လူတွေ အားလုံး အသတ်ခံရလိမ့်မယ်... ကျန်းပိုင်ရီ၊ လင်းမေ နဲ့ ရှလင် တို့ရဲ့ မိသားစုတွေပါ အသတ်ခံရ မှာ..."
ထိုစကားကို ကြားလိုက်ရသည့်အခါ ကောင်းယွမ်သည် လှည့်ကြည့်လိုက်လေသည်။
သူ၏ မျက်နှာထက်တွင် အေးစက်သော အရိပ်အယောင်များ တောက်ပနေခဲ့ပေ၏။
"မင်းရဲ့ လူတွေ... စိတ်မပူပါနဲ့... ငါ ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းလိုက်ပါ့မယ်..."
ဝူယွီရှန်း ကို ရှင်းလင်းပြီးသွားခဲ့ပြီ ဖြစ်လေသည်။
ကောင်းယွမ်သည် မုကျား သို့ တန်းတန်းမတ်မတ် ထွက်ခွာသွားခဲ့ရာ ထိုနေရာတွင် စစ်သား ထောင်ပေါင်း များစွာက ဝိုင်းရံထားပြီး ဖြစ်နေခဲ့ပေသည်။
ကျန်းပိုင်ရီ ၏ မိဘများနှင့် ညီမဖြစ်သူတို့မှာ ဖမ်းဆီးခံထားရပြီး လူအုပ်ထဲတွင် ရှိနေသဖြင့် သူသည် အလွန် စိုးရိမ်ထိတ်လန့်နေပုံ ရပေသည်။
သူ အလွန် ဒေါသထွက်နေခဲ့သော်လည်း မည်သို့မျှ မတတ်နိုင်ခဲ့ပေ။
ငါးရံ့နက် နည်းပညာကုမ္ပဏီ ၏ စက်မှုဇုန်ထဲတွင် စက်ရုပ်များစွာ ရှိနေသော်လည်း... သူတို့သည် ယခုအခါ လှုပ်ရှားရန် တုံ့ဆိုင်းနေခဲ့ကြလေသည်။
စက်ရုပ်ဝတ်စုံ များသည် မုကျား ၏ ကောင်းကင်ယံသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ဓားစာခံများ အားလုံး၏ ဘေးကင်းလုံခြုံမှုကိုမူ အာမခံနိုင်ခြင်း မရှိခဲ့ပေ။
ကောင်းယွမ်သည် လကမ္ဘာ သို့ ပြန်သွားပြီး ဝူယွီရှန်း နှင့် တစ်ထပ်တည်း တူညီသော စက်ရုပ် တစ်ရုပ်ကို ထုတ်လုပ်ခိုင်းလိုက်လေသည်။
သူ မုကျား သို့ ပြန်ရောက်လာသည့်အခါ ကောင်းယွမ် နှင့် ဝူယွီရှန်း တို့သည် တစ်ချိန်တည်းမှာပင် ပေါ်ထွက်လာခဲ့ကြလေသည်။
ယုံကြည်ရသော လက်အောက်ငယ်သား တစ်ဦးသည် ဝူယွီရှန်း ကို မြင်လိုက်ရသော်လည်း သေချာရေ ရာမှု မရှိသေးပေ။
ဝူယွီရှန်း က ရှေ့သို့ ထွက်လာခဲ့လေ၏။
"တပ်မှူးထျန်... သူတို့ကို လွှတ်ပေးလိုက်စမ်း..."
"အရာရှိဝူ... ဘာဖြစ်လို့လဲ..."
"ငါ ကောင်းယွမ် နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက် ရပြီးသွားပြီ..."
ကောင်းယွမ် သည် ဝူယွီရှန်း နှင့် စကားများစွာ ပြောဆိုခဲ့ရခြင်း၏ အကြောင်းရင်းမှာ သူ၏ အသံနှင့် လှုပ်ရှားမှုများကို မှတ်တမ်းတင်ရန် ဖြစ်ပြီး သူ၏ တွေးတောမှုများကို ခန့်မှန်းကြည့်ရန်လည်း ဖြစ်ပေ၏။
ယခုအခါ အခြေအနေများက အတော်လေး အဆင်ပြေနေပြီ ဖြစ်လေသည်။
"ဒါပေမဲ့..."
"ဒါပေမဲ့တွေ ဘာတွေ မရှိဘူး... မင်းက ငါ့စကားကို နားမထောင်တော့ဘူးလား... အခုပဲ ပြန်ဆုတ်ကြ တော့... အနာဂတ်မှာ ငါတို့ အတူတူ အလုပ်လုပ်ကြရမှာ..."
"ဟုတ်ကဲ့ပါ..."
မကြာမီမှာပင် မုကျား ကို ဝိုင်းရံထားသော လူများသည် ဆုတ်ခွာသွားခဲ့ကြလေတော့သည်။
သို့သော် ဤလူများသည် သိပ်မဝေးသော နေရာသို့ ရောက်သည်နှင့် ကောင်းယွမ်၏ စက်ရုပ်ဝတ်စုံများ၏ ဝိုင်းရံခြင်းကို ခံလိုက်ရပြီးနောက် အာတိတ် ဒေသဆီသို့ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံလိုက်ရလေတော့ သည်။
ထို့နောက် ကောင်းယွမ်သည် ကျိုးကျန်းလီ ကို သီးခြားနေထိုင်ရာမှ ပြန်လည် ထွက်ပေါ်လာရန် ဖိတ်ခေါ် လိုက်လေသည်။
ကျိုးကျန်းလီ ရာထူးတက်လာပြီးနောက် ဝူယွီရှန်း ၏ လူများကို စတင် ဖယ်ရှားရှင်းလင်းခဲ့ရာ အခြေ အနေများမှာ အလျင်အမြန်ပင် ပုံမှန် လမ်းကြောင်းပေါ်သို့ ပြန်လည် ရောက်ရှိသွားခဲ့ပေတော့သည်။
ကောင်းယွမ်သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်လေသည်။
သို့သော် ဤဖြစ်ရပ်က ကောင်းယွမ်ကို သင်ခန်းစာ တစ်ခု ရရှိစေခဲ့ပေ၏။ သူသည် အာဏာကို သူ၏ ကိုယ်ပိုင် လက်ထဲတွင်သာ ခိုင်မြဲစွာ ဆုပ်ကိုင်ထားရမည် ဖြစ်လေသည်။
အထူးသဖြင့် စစ်ရေး အာဏာပင် ဖြစ်၏။
သို့သော် စစ်ရေး အာဏာကို စီမံခန့်ခွဲရန် ခက်ခဲလှပေသည်။ ကောင်းယွမ် အနေဖြင့် ရုတ်တရက် မတ်တပ်ရပ်ကာ ယခုမှစ၍ သူ၏ စကားကို နားထောင်ရန် သူတို့ကို သွားရောက် ပြောဆို၍ မဖြစ်နိုင်ပေ။
ယခုမှသာ အခြေအနေများက တည်ငြိမ်လာခဲ့ခြင်း ဖြစ်သော်လည်း အောက်ခြေတွင် ပြဿနာ ရှာမည့်သူ အများအပြား ရှိနေသေးပြီး အဓိကအားဖြင့် ဝူယွီရှန်း ၏ အကြွင်းအကျန်များသာ ဖြစ်ကြလေသည်။ ဝူယွီရှန်း ၏ လျှို့ဝှက် အဖွဲ့အစည်းသည် နှစ်ပေါင်းများစွာ တိတ်တဆိတ် ပုန်းအောင်းနေခဲ့ခြင်း ဖြစ်၏။
ယခုအခါ ဝူယွီရှန်း မရှိတော့သော်လည်း သူ၏ ကျန်ရစ်သူ နောက်လိုက်များကို ရှင်းလင်းရန် အချိန် အနည်းငယ် ယူရဦးမည် ဖြစ်ပေသည်။
ကောင်းယွမ်သည် ဤကိစ္စကို အလွန် ရိုးရှင်းစွာ ကိုင်တွယ်ဖြေရှင်းခဲ့လေသည်။
ဤအချိန်တွင် ပြဿနာ ဖန်တီးသူ မည်သူ့ကိုမဆို အမြဲတမ်း ပိတ်ပင်သွားမည်ဖြစ်ပြီး ကျူးရှို့ ရှောင်ယောင်းကျိ သို့မဟုတ် ငါးရံ့နက် အိမ်သုံးဆော့ဖ်ဝဲလ် သို့ လော့ဂ်အင် ဝင်ရောက်နိုင်တော့မည် မဟုတ်ချေ။
ဤအချက် နှစ်ချက်ကို ပိတ်ပင်ခံလိုက်ရပါက ထောက်ပံ့ရေး ပစ္စည်း အများစုကို ဝယ်ယူ၍ မရနိုင်တော့ သကဲ့သို့ ငွေရှာရန်ပင် မဖြစ်နိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ယခုအခါ ဆိုင်များနှင့် စက်ရုံများ အားလုံးနီးပါးတွင် စက်ရုပ်များကိုသာ အသုံးပြုနေကြသောကြောင့်ပင် ဖြစ်လေသည်။
ဤလုပ်ရပ်ဖြင့် အခြေအနေများ မကြာမီ တည်ငြိမ်သွားလိမ့်မည်ဟု ကောင်းယွမ် ယုံကြည်ထားခဲ့ပေ သည်။
တစ်ချိန်တည်းမှာပင် လူသားဖယ်ဒရေးရှင်း အစိုးရက ကြေညာချက်များစွာကို ဆက်တိုက် ထုတ်ပြန်ခဲ့ လေသည်။
ကြေညာချက်တိုင်းမှာ မျှော်လင့်မထားသော အရာများချည်းသာ ဖြစ်ပေတော့သည်။
ပထမအချက်မှာ လူသားဖယ်ဒရေးရှင်း ၏ အသစ် ခန့်အပ်ခံထားရသော အကြီးအကဲ ဝူယွီရှန်း သည် ဂြိုဟ်သားများ၏ ဖြားယောင်းမှုကို ခံခဲ့ရပြီး ကမ္ဘာမြေ၏ ကာကွယ်ရေးစနစ်ကို နှောင့်ယှက်ရန် ကြိုးပမ်း နေခဲ့ကြောင်း ဖြစ်သည်။
သူသည် လကမ္ဘာ အာကာသတပ်ဖွဲ့ အခြေစိုက်စခန်း ၏ စစ်သေနာပတိချုပ် ကောင်းယွမ်ကိုပင် ပစ်မှတ်ထားလာခဲ့လေ၏။ ယခင်က ဂြိုဟ်သား စစ်သင်္ဘောအုပ်စုကို နှစ်ကြိမ်တိုင်တိုင် တွန်းလှန်နိုင်ခဲ့ပြီး ယခုအခါ ဂြိုဟ်သားများသည် ကာကွယ်ရေးစနစ်ကို ဖျက်ဆီးရန် ပြည်တွင်း ပဋိပက္ခများကို အသုံးပြုနေ ကြခြင်း ဖြစ်ပေသည်။
ကံကောင်းထောက်မစွာဖြင့် ကောင်းယွမ်က ၎င်းကို အချိန်မီ ရှာဖွေတွေ့ရှိခဲ့ပြီး ဝူယွီရှန်း ကို ရှင်းလင်းနိုင် ခဲ့ပေ၏။ လူသားဖယ်ဒရေးရှင်း သည်လည်း ပုံမှန် လမ်းကြောင်းပေါ်သို့ ပြန်လည် ရောက်ရှိနိုင်ခဲ့လေ သည်။
ဝူယွီရှန်း မရှိတော့ဘဲ သူ၏ အင်အားစုများလည်း သုတ်သင်ရှင်းလင်း ခံလိုက်ရပြီ ဖြစ်သော်လည်း အစိုးရ အနေဖြင့် ဆက်လက် တည်ရှိနေရန် လိုအပ်သေးပေသည်။ အကျပ်အတည်း ကာလတွင် အသစ် တည် ထောင်လိုက်သော လူသားဖယ်ဒရေးရှင်း ၏ အကြီးအကဲ တာဝန်ကို ထမ်းဆောင်ရန် ယခင် အကြီးအကဲ ဟောင်း ဖြစ်သူ ကျိုးကျန်းလီ ကို ခန့်အပ်လိုက်လေသည်။
နောက်ဆုံးတွင် ကောင်းယွမ်သည် လူသားဖယ်ဒရေးရှင်း ၏ အာကာသတပ်ဖွဲ့ စစ်သေနာပတိချုပ်ကြီး အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံလိုက်ရလေတော့သည်။
စစ်တပ် အင်အားစုများ အားလုံး၏ လေ့ကျင့်ရေး၊ တည်ဆောက်ရေးနှင့် ချထားရေးတို့အတွက် တာဝန် ယူရမည် ဖြစ်ပေသည်။
ဤသတင်းစကား သုံးခုသည် အွန်လိုင်းပေါ်တွင် တောမီးလောင်သကဲ့သို့ ပျံ့နှံ့သွားခဲ့လေတော့သည်။
"ဘုရားရေ... ငါ အရမ်း ကြောက်သွားတာပဲ... အကြီးအကဲ က တကယ်ပဲ ဂြိုဟ်သား သူလျှို တစ် ယောက် ဖြစ်နေတာလား..."
"အဓိပ္ပာယ်မရှိတာ... မင်းလို သာမန်လူ တစ်ယောက်ကို ဂြိုဟ်သားတွေက ဘာလို့ သတိထားမိရမှာလဲ..."
"ငါ့မှာ မေးစရာ တစ်ခု ရှိတယ်... ဝူယွီရှန်း က သူလျှို ဖြစ်ပြီး ဘာလို့ ကောင်းယွမ် က မဖြစ်ရတာလဲ..."
"အပေါ်ထပ်က လူက အရူးပဲ... ကောင်းယွမ်ရဲ့ စစ်သင်္ဘောအုပ်စုက ဂြိုဟ်သား စစ်သင်္ဘောအုပ်စု နှစ်ခုကို တွန်းလှန်ပေးခဲ့တာလေ... အကယ်၍ ကောင်းယွမ်သာ သူလျှို ဖြစ်ခဲ့မယ်ဆိုရင် လူသားတွေ အကုန်လုံး သုတ်သင်ခံရတာ ကြာပြီပေါ့..."
"အရာရှိကျိုး က အကောင်းဆုံးပါပဲ... ဝူယွီရှန်း ကို ကြည့်ရတာ လူကောင်းနဲ့ လုံးဝ မတူဘူး... သူက တကယ်ကို သူလျှိုပဲ... ကြောက်စရာကောင်းလိုက်တာ... သူက လူသားတွေ အကုန်လုံးကို ဖျက်ဆီးပစ် တော့မလို့ပဲ..."
။ ။
ယခုအခါ ကောင်းယွမ်သည် တရားဝင် စစ်သေနာပတိချုပ်ကြီး ဖြစ်လာခဲ့ပြီဖြစ်ရာ သူသည် စစ်တပ်အ တွင်း ကြီးမားသော အပြောင်းအလဲများကို လုပ်ဆောင်ခဲ့လေသည်။ ပထမဦးစွာ ဝူယွီရှန်း နှင့် ပတ်သက် ဆက်နွှယ်နေသူများကို ဖယ်ရှားခဲ့ပြီးနောက် ယခင်က လူသားမျိုးနွယ် အသိုက်အဝန်း အဖွဲ့အစည်းသို့ ဝင်ရောက်ခဲ့ဖူးသူများကို စိစစ်မှုများ ပြုလုပ်ခဲ့လေသည်။
ကောင်းယွမ်သည် ထို လစ်လပ်သွားသော နေရာများတွင် စက်ရုပ်များကို အစားထိုး ခန့်အပ်လိုက် လေသည်။
သူ့အတွက်မူ ၎င်းတို့သည် အာကာသ တိုက်ပွဲများတွင် မပါဝင်သရွေ့ စက်ရုပ်များကသာလျှင် တစ်ခု တည်းသော ယုံကြည်စိတ်ချရသည့် ရွေးချယ်မှု ဖြစ်ပေတော့သည်။
ကောင်းယွမ်သည် စစ်တပ်ကို ဆက်လက် လေ့ကျင့်သင်ကြားပေးရန် လကမ္ဘာ သို့ ပြန်သွားခဲ့လေသည်။
ဤအချိန်တွင် အမှောင်ထုဖုံးလွှမ်းနေသော ဟင်းလင်းပြင်ထဲ၌ စစ်သင်္ဘောအုပ်စု တစ်ခုသည် ကမ္ဘာမြေ ဆီသို့ တိတ်တဆိတ် ပျံသန်းလာနေခဲ့ပေသည်။
စစ်သင်္ဘောအုပ်စု တစ်ခုသည် လကမ္ဘာ အခြေစိုက်စခန်း တွင် လေ့ကျင့်ရေးများ ပြုလုပ်နေစဉ် ရုတ် တရက် သူတို့၏ အရှေ့တွင် အဖြူရောင် အလင်းတန်း တစ်ခု လက်ကနဲ ဖြစ်ပေါ်လာခဲ့ပြီး ရှေ့ဆုံးမှ စစ်သင်္ဘော အချို့မှာ ချက်ချင်းပင် ပေါက်ကွဲသွားခဲ့လေတော့သည်။
အားလုံးမှာ မှင်သက်သွားခဲ့ကြပေ၏။
"ရန်သူတွေ တိုက်နေပြီ... ရန်သူတွေ တိုက်နေပြီ..."
"ရေဒါက ဘယ်ရန်သူကိုမှ ထောက်လှမ်းလို့မရဘူး..."