← Chapters

အခန်း ၂၀၉

Vol. 21 Ch. 209

အခန်း ၂၀၉

Vol. 21 Ch. 209

အခန်း (၂၀၉) ကမ္ဘာမြေကို ကျူးကျော်ခြင်း

"ဘယ်လိုလုပ်ရမလဲ..."

"စစ်သင်္ဘော တချို့ ပျက်စီးသွားပြီ... ကပ္ပတိန်ဆီ ချက်ချင်း သတင်းပို့စမ်း..."

ကောင်းယွမ် သတင်းရရှိချိန်တွင် စစ်သင်္ဘော ဆယ်စီးကျော်ခန့် ပျက်စီးဆုံးရှုံးသွားခဲ့ပြီ ဖြစ်လေသည်။

ကိုယ်ပျောက်နိုင်စွမ်းရှိသော စစ်သင်္ဘောများ ဟုတ်ပါလား။

၎င်းတို့သည် ရေဒါနှင့် စစ်သင်္ဘော စောင့်ကြည့်ရေး စနစ်များကိုပင် ရှောင်ကွင်းနိုင်စွမ်း ရှိကြပေ၏။ ဤ သည်မှာ ကောင်းယွမ် အနေဖြင့် ထိုသို့သော စစ်သင်္ဘောမျိုးကို ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်းပင် ဖြစ်လေသည်။

၎င်းတို့သည် ဗုဒ္ဓဟူးဂြိုဟ် သို့မဟုတ် သောကြာဂြိုဟ် ဘက်မှ လာရောက်ခြင်း မဟုတ်နိုင်ကြောင်းကို ကောင်းယွမ် ကောက်ချက်ချလိုက်လေသည်။ အကယ်၍ သူတို့ထံတွင် ဤသို့သော နည်းပညာမျိုး ရှိနေခဲ့မည်ဆိုပါက ယခင်ကတည်းက အဘယ်ကြောင့် အသုံးမချခဲ့ပါသနည်း။

ထို့ကြောင့် ယခု ရန်သူများသည် အင်္ဂါဂြိုဟ် ဘက်မှသာ လာရောက်ခြင်း ဖြစ်ရပေမည်။

သို့သော် သူ ယခင်က ရရှိထားခဲ့သော သတင်းအချက်အလက်များအရ ကြာသပတေးဂြိုဟ်သားများ က အင်္ဂါဂြိုဟ်သားများ ကို တိုက်ခိုက်နေကြသည် မဟုတ်ပါလား။

ယခု ရန်သူများအတွက် ဖြစ်နိုင်ခြေ နှစ်ခု ရှိနေခဲ့ပေသည်။ ပထမ တစ်ချက်မှာ အင်္ဂါဂြိုဟ်သားများ သည် ကြာသပတေးဂြိုဟ်သားများ၏ တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့သော်လည်း ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိခဲ့သဖြင့် သူတို့၏ ဆုံးရှုံးမှုများကို အစားထိုးရန်အတွက် ယခုအခါ ကမ္ဘာမြေကို လာရောက် တိုက်ခိုက် ကြခြင်း ဖြစ်နိုင်ပေသည်။

ဒုတိယ ဖြစ်နိုင်ခြေ တစ်ခုမှာ ကြာသပတေးဂြိုဟ်သားများ သည် နှစ်လ၊ သုံးလခန့် အတွင်း အင်္ဂါဂြိုဟ်ကို အပြည့်အဝ သိမ်းပိုက်နိုင်ခဲ့ပြီး နေအဖွဲ့အစည်း ၏ အတွင်းပိုင်း ဇုန်ဆီသို့ ဆက်လက် နယ်ချဲ့လာခြင်းပင် ဖြစ်လေသည်။

ကောင်းယွမ်သည် စစ်သင်္ဘောများ အားလုံးကို မြေပြင်သို့ ဆင်းသက်၍ စခန်းသို့ ပြန်လည် ဆုတ်ခွာရန် ချက်ချင်း အမိန့်ပေးလိုက်လေတော့သည်။

မိုက်ခရိုဝေ့ဖ် ကွန်ရက် ကို ချက်ချင်း စတင် အသက်သွင်းလိုက်လေသည်။

တစ်ဖက်လူသည် လေးဖက်မြင် ယဉ်ကျေးမှု မဟုတ်သရွေ့ အစစ်အမှန် ကိုယ်ပျောက်နိုင်စွမ်းကို ရရှိရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။ အဖြစ်နိုင်ဆုံး အခြေအနေမှာ သူတို့သည် ရေဒီယိုလှိုင်း အမျိုးမျိုးကို စုပ် ယူနိုင်ပြီး ထောက်လှမ်းရေး ရောင်ခြည်များကို ကာကွယ်ပေးနိုင်သည့် ကိုယ်ပျောက် အပေါ်ယံလွှာ တစ် မျိုးကို အသုံးပြုထားခြင်းသာ ဖြစ်ပေလိမ့်မည်။

အကယ်၍ အစစ်အမှန် ကိုယ်ပျောက်နိုင်ခြင်းသာ မဟုတ်ခဲ့လျှင် မိုက်ခရိုဝေ့ဖ် ကွန်ရက် ကို ရှောင်ကွင်း နိုင်ရန် လုံးဝ မဖြစ်နိုင်ချေ။

မကြာမီမှာပင် စစ်သင်္ဘောများနှင့် စက်ရုပ်ဝတ်စုံများ အားလုံးသည် လကမ္ဘာ မျက်နှာပြင်ပေါ်သို့ ပြန် လည် ဆုတ်ခွာသွားခဲ့ကြလေသည်။

နောက်တစ်ခဏတွင် မိုက်ခရိုဝေ့ဖ် ကွန်ရက် သည် အသက်ဝင်လာခဲ့ပေတော့သည်။

ကမ္ဘာမြေနှင့် လကမ္ဘာ တစ်ခုလုံးကို လွှမ်းခြုံထားသော မိုက်ခရိုဝေ့ဖ် ကွန်ရက် သည် ရန်သူ၏ တိုက် ခိုက်မှုနှင့် ပထမဆုံးအကြိမ် ရင်ဆိုင်လိုက်ရခြင်းပင် ဖြစ်လေသည်။

လကမ္ဘာပေါ်မှ စွမ်းအင်မြင့် မိုက်ခရိုဝေ့ဖ် လှိုင်းတန်း အမြောက်အမြားသည် ကောင်းကင်ယံသို့ ထိုး ထွက်သွားခဲ့ပေသည်။ ဤမျှ ထူထပ် များပြားလှသော မိုက်ခရိုဝေ့ဖ်များကို ရှောင်ကွင်းရန်မှာ လုံးဝ မဖြစ်နိုင်သည့် အရာပင် ဖြစ်ပေသည်။

မကြာမီမှာပင် စစ်သင်္ဘောများ၏ ပုံသဏ္ဌာန်များ စတင် ပေါ်ထွက်လာခဲ့လေတော့သည်။

ကောင်းယွမ်သည် ရေဒါ စောင့်ကြည့်ရေး စနစ်မှတစ်ဆင့် လကမ္ဘာ၏ အပြင်ဘက် အစွန်းပိုင်းရှိ အဖြူ ရောင် လွန်းပျံယာဉ်ပုံစံ စစ်သင်္ဘော ရာပေါင်းများစွာကို မြင်တွေ့လိုက်ရလေ၏။ ထိုအချိန်တွင် စစ်သ င်္ဘော အများစုမှ မီးပွားများ စတင် ထွက်ပေါ်လာခဲ့ပြီး အဖြူရောင် လွန်းပျံယာဉ်ပုံစံ စစ်သင်္ဘော အချို့မှာ မြေပြင်သို့ စတင် ထိုးကျလာခဲ့ပေတော့သည်။

သို့သော်လည်း ထိုစစ်သင်္ဘောများသည် စတင် ဆုတ်ခွာသွားခဲ့ကြလေသည်။ ထိုစစ်သင်္ဘောများသည် မီတာ တစ်သိန်း အမြင့်သို့ ဆုတ်ခွာသွားသည့်အခါ မိုက်ခရိုဝေ့ဖ်များ၏ စွမ်းအင်မှာ အားနည်းသွားခဲ့ပြီး အဖြူရောင် စစ်သင်္ဘောများသည် လကမ္ဘာ၏ အထက်တွင် ရပ်တန့်နေခဲ့ကြပေ၏။ ထို့နောက် အဖြူ ရောင် အလင်းတန်း တစ်ခု လက်ကနဲ ဖြစ်ပေါ်သွားပြီး စစ်သင်္ဘော၏ မျက်နှာပြင်ပေါ်တွင် အဖြူရောင် အလင်းကာရံ တစ်ခု ပေါ်ထွက်လာခဲ့လေသည်။

စစ်သင်္ဘောများသည် အလွန် မြင့်မားသော နေရာမှနေ၍ လကမ္ဘာ အခြေစိုက်စခန်း ကို စတင် တိုက်ခိုက် ကြလေတော့သည်။

မိုက်ခရိုဝေ့ဖ် ကွန်ရက် သည် စစ်သင်္ဘောများကို ဖျက်ဆီးနိုင်စွမ်း ရှိသော်လည်း ထို လေဆာရောင်ခြည် များကိုမူ တားဆီးနိုင်ခြင်းမရှိခဲ့ပေ။

လကမ္ဘာ မျက်နှာပြင်ပေါ်ရှိ မုန်တိုင်းသမုဒ္ဒရာ အခြေစိုက်စခန်း တွင် စစ်သင်္ဘော အချို့မှာ ပျံတက်ရန် ပြင်ဆင်နေစဉ်မှာပင် ဖျက်ဆီးခံလိုက်ရခြင်းဖြစ်လေ၏။

စစ်သင်္ဘောအမှုထမ်း အများအပြားမှာ စတင်၍ ထိတ်လန့် ပြာယာခတ်လာခဲ့ကြပေသည်။

ကောင်းယွမ်လည်း အလွန် ဒေါသထွက်သွားခဲ့လေ၏။

"ဒါဆို မင်းတို့က အထက်ကနေပြီး ငါတို့ကို ပေါ်တင် လာတိုက်နေတာပေါ့လေ..."

ကောင်းယွမ်က စက်ရုပ်ဝတ်စုံများကို ဖြန့်ကြက်ရန် အမိန့်ပေးလိုက်ရာ သေးငယ်သော စက်ရုပ်ဝတ်စုံ တစ်သောင်းကျော် ထွက်ပေါ်လာခဲ့လေသည်။ မျိုးဆက်သစ် စက်ရုပ်ဝတ်စုံ အခုတစ်ထောင်သည်လည်း လကမ္ဘာ မျက်နှာပြင်ပေါ်တွင် တိုက်ခိုက်ရေး ဖွဲ့စည်းပုံကို စတင် နေရာချထားလိုက်ကြပေသည်။

စစ်သင်္ဘောများသည် သေးငယ်ပြီး ရှောင်တိမ်းရန် လွယ်ကူလှပေသည်။

ထို့အပြင် စစ်သင်္ဘော အသစ်များ၏ အလင်းထက်မြန်သော အမှုန်တန်းလက်နက် များကလည်း သူတို့၏ စွမ်းပကားကို စတင် ပြသလာခဲ့ကြလေတော့သည်။

အကွာအဝေးကို လျစ်လျူရှုကာ အလင်းထက်မြန်သော အမြန်နှုန်းဖြင့် တိုက်ခိုက်ခြင်းဖြစ်ရာ ပစ်ချက် တစ်ချက်တည်းနှင့်ပင် ပစ်မှတ်ကို သေချာပေါက် ထိမှန်စေမည် ဖြစ်လေသည်။

မကြာမီမှာပင် ရန်သူ့ စစ်သင်္ဘောအုပ်စု သည် ကြီးမားသော ဆုံးရှုံးမှုများနှင့် စတင် ရင်ဆိုင်လာရလေ သည်။ သို့သော်လည်း တိုက်ပွဲဝင်နေရင်းဖြင့် တစ်စုံတစ်ရာ မှားယွင်းနေကြောင်းကို ကောင်းယွမ် ခံစား လိုက်ရပေသည်။

ရန်သူ့ စစ်သင်္ဘော အချို့ ပျက်ကျသွားသည့်အခါ ကောင်းယွမ်သည် တစ်စုံတစ်ရာ မှားယွင်းနေ ကြောင်းကို နောက်ဆုံးတွင် သဘောပေါက်သွားခဲ့လေတော့သည်။

ကမ္ဘာမြေ...၊

သူသည် ကျိုးကျန်းလီ ထံသို့ ချက်ချင်း ဆက်သွယ်ရန် ကြိုးစားလိုက်သော်လည်း လုံးဝ ဆက်သွယ်၍ မရခဲ့ပေ။ လကမ္ဘာ အာကာသတပ်ဖွဲ့ ၏ ဒုတိယ တပ်မှူး လျူရှောင်နျန် ကို သူ ချက်ချင်း ခေါ်ယူလိုက်လေ သည်။

"တပ်မှူးလျူ... ခင်ဗျား လကမ္ဘာကို ကြီးကြပ်နေခဲ့... ကျွန်တော် ကမ္ဘာမြေကို ပြန်သွားမလို့..."

"စစ်သေနာပတိချုပ်ကြီး... ကမ္ဘာမြေမှာ ဘာတွေ ဖြစ်နေလို့လဲ..."

လျူရှောင်နျန် မှာ အံ့အားသင့်သွားခဲ့ရလေသည်။

"ငါတို့တွေ အချည်နှောင်ခံထားရပြီ... ရန်သူ့ စစ်သင်္ဘောတွေက ကိုယ်ပျောက်နိုင်ကြတယ်လေ... သူတို့ တွေ ကမ္ဘာမြေပေါ်ကို ရောက်နေလောက်ပြီ... အကယ်၍ ကမ္ဘာမြေသာ ကျရှုံးသွားခဲ့ရင် ငါတို့လည်း လကမ္ဘာပေါ်မှာ အနှေးနဲ့အမြန် သုတ်သင်ခံရမှာပဲ..."

လျူရှောင်နျန် လည်း ထိုစကားကို သဘောတူခဲ့လေ၏။ ကမ္ဘာမြေသည် အဓိက အခြေစိုက်စခန်း ဖြစ်ပြီး အကယ်၍ အဓိက အခြေစိုက်စခန်းသာ ဆုံးရှုံးသွားပါက သယံဇာတ အရင်းအမြစ်နှင့် လူဦးရေ အရပါ လကမ္ဘာ တစ်ခုတည်းဖြင့် အချိန်ကြာမြင့်စွာ ရပ်တည်နိုင်မည် မဟုတ်ကြောင်း သူက ရှင်းပြခဲ့လေသည်။

"စစ်သေနာပတိချုပ်ကြီး... တကယ်လို့ ကမ္ဘာမြေက... ကယ်တင်လို့ မရနိုင်တော့တဲ့ အခြေအနေ ဖြစ်နေ ပြီ ဆိုရင်ရော..."

ကောင်းယွမ်၏ မျက်နှာမှာ မည်းမှောင်နေခဲ့လေတော့သည်။

၎င်းမှာ သေချာပေါက် ဖြစ်နိုင်ချေ ရှိပေသည်။ ပြိုင်ဘက်မှာ အလွန် အစွမ်းထက်လှပြီး သူ၏ စူပါ နေ အဆင့် စစ်သင်္ဘော ထက် ပိုမို အစွမ်းထက်သော တိုက်ခိုက်နိုင်စွမ်း ရှိကာ ကာကွယ်နိုင်စွမ်းမှာလည်း စူပါ နေအဆင့် စစ်သင်္ဘော ထက် များစွာ သာလွန်နေခဲ့ပေသည်။

အကယ်၍ ဧရာမ စစ်သင်္ဘောအုပ်စုကြီး တစ်ခုသာ ကမ္ဘာမြေပေါ်သို့ ဆင်းသက်ကာ မြေပြင်ပေါ်သို့ ရောက်ရှိသွားမည်ဆိုပါက ကမ္ဘာမြေ၏ စစ်တပ်သည် တွန်းလှန်ရန် လုံးဝ အင်အားရှိမည် မဟုတ်ချေ။

"အစွမ်းကုန် ကြိုးစားပြီး ကျန်တာကိုတော့ ကံကြမ္မာကိုသာ ပုံအပ်လိုက်ကြတာပေါ့... တပ်မှူးလျူ... လကမ္ဘာကို သေချာပေါက် ကာကွယ်ရမယ်... နားလည်လား..."

"စစ်သေနာပတိချုပ်ကြီး... စိတ်ချပါ... ကမ္ဘာမြေ ရှိနေသရွေ့ ကျွန်တော်လည်း ရှိနေမှာပါ..."

ကောင်းယွမ်က ခေါင်းညိတ်လိုက်လေ၏။

"ငါနဲ့အတူ မျိုးဆက်သစ် စက်ရုပ်ဝတ်စုံ တစ်ထောင်ကို ယူသွားရမယ်... ခင်ဗျားမှာ အားကိုးစရာဆိုလို့ ဒီ သေးငယ်တဲ့ စက်ရုပ်ဝတ်စုံတွေနဲ့ စစ်သင်္ဘောတွေပဲ ရှိတော့တာ... ခင်ဗျား တောင့်ခံထားနိုင်ပါ့မလား..."

"ရပါတယ်... မြေပြင်ပေါ်မှာ လေဆာအမြောက် တွေ အများကြီး ရှိနေသေးတာပဲ..."

"ကောင်းပြီ... လကမ္ဘာက အခု ခင်ဗျားရဲ့ တာဝန်ပဲ... ငါ သွားတော့မယ်..."

ထိုသို့ ပြောဆိုပြီးနောက် ကောင်းယွမ်သည် မျိုးဆက်သစ် စက်ရုပ်ဝတ်စုံ အခုတစ်ထောင်ကို စုစည်းကာ လကမ္ဘာမှ ထွက်ခွာပြီး ကမ္ဘာမြေဆီသို့ ဦးတည် ပျံသန်းသွားခဲ့လေတော့သည်။

ထိုအချိန်တွင် စူပါ စစ်သင်္ဘော အစင်းသုံးရာသည် ကမ္ဘာမြေ၏ နေရာအနှံ့အပြားသို့ တိတ်တဆိတ် ဆင်း သက်လာခဲ့ကြပေတော့သည်။

ကမ္ဘာမြေ၏ စောင့်ကြည့်ရေး စနစ်များသည် ဤစစ်သင်္ဘောများကို လုံးဝ ထောက်လှမ်းနိုင်ခြင်း မရှိခဲ့ ပေ။

ထို့အပြင် ၎င်းတို့ အားလုံးသည် အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်နေကြပေသည်။ လကမ္ဘာပေါ်တွင် ကမ္ဘာလုံးဆိုင်ရာ မိုက်ခရိုဝေ့ဖ် ကွန်ရက် တစ်ခု ရှိသကဲ့သို့ ကမ္ဘာမြေပေါ်တွင်လည်း တစ်ခု ရှိနေခဲ့ရာ ၎င်းတို့ကို မြေပြင်မှသာ တွန်းကန်နိုင်ပြီး အာကာသထဲသို့ လွှတ်တင်၍ မရနိုင်ပေ။

ချင်ကျင်းမြို့ ၏ အရှေ့ဘက် ဆင်ခြေဖုံးတွင် ကျန်းဝမ် သည် ဂိမ်းထဲမှ ယခုလေးတင် လော့ဂ်အောက် ထွက်လာခဲ့ခြင်းဖြစ်လေသည်။ ၎င်းမှာ မယုံနိုင်လောက်အောင် လက်တွေ့ဆန်လှသော်လည်း အစစ်အမှန် ကမ္ဘာတော့ မဟုတ်သေးပေ။ ကျန်းဝမ် မှာ ပင်ပန်းနေသဖြင့် ခြေလက်ဆန့်တန်းရန် မတ်တတ်ရပ်လိုက် ပြီး ပြတင်းပေါက်ဆီသို့ သွားကာ အပြင်ဘက်ရှိ ရှုခင်းများကို လှမ်းကြည့်လိုက်လေသည်။

လေကောင်းလေသန့် ရှူရှိုက်ရန် သူ ပြတင်းပေါက်ကို ဖွင့်လိုက်သော်လည်း ရုတ်တရက် မျက်မှောင် ကြုတ်သွားခဲ့ပြီး တစ်စုံတစ်ရာ မှားယွင်းနေကြောင်းကို ခံစားလိုက်ရပေသည်။

လူနေအိမ်ရာ၏ အရှေ့ဘက်တွင် ထင်းရှူးတော တစ်ခု ရှင်းရှင်းလင်းလင်း ရှိနေခဲ့သော်လည်း ယခုအခါ တစ်စုံတစ်ရာက ၎င်းအား ဖိချထားသကဲ့သို့ ဖြစ်နေခဲ့လေ၏။

ဘာတွေ ဖြစ်နေတာလဲ…။

ကျန်းဝမ် သည် အနီးကပ် သွားရောက် ကြည့်ရှုရန် ပြင်ဆင်နေစဉ် အရှေ့ဘက်ရှိ ထင်းရှူးတောထဲတွင် တံခါးတစ်ချပ် ပေါ်လာသည်ကို မြင်လိုက်ရပြီးနောက် အဖြူရောင် ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထား သော လူအများအပြားသည် အဖြူရောင် လက်နက်များကို ကိုင်ဆောင်ကာ ဆင်းသက်လာကြလေ သည်။

ပြည့်နှက်နေပြီး အဆုံးအစမရှိ ထွက်ပေါ်လာနေခဲ့ကြခြင်းဖြစ်လေ၏။

ဖြတ်သွားသော ကားတစ်စီးသည် ထိုလူများ ပစ်ခတ်လိုက်သည့် အလင်းတန်း တစ်ခုကြောင့် လွင့်စင် သွားပြီး မီးလုံးကြီး တစ်ခုအဖြစ် ပေါက်ကွဲသွားသည်ကို ကျန်းဝမ် လှမ်းမြင်လိုက်ရလေသည်။

ကျန်းဝမ် မှာ မှင်သက်သွားခဲ့ရလေတော့၏။

*ဂြိုဟ်သားတွေ တိုက်ခိုက်နေတာလား…*

သူ ကြောင်အမ်းအမ်း ဖြစ်နေဆဲမှာပင် ဂြိုဟ်သားများသည် မြို့ပြင်ဆီသို့ အလျင်အမြန် ချီတက်သွား ကြသည်ကို မြင်တွေ့လိုက်ရပေသည်။

"ပြီးဆုံးသွားပြီ..."

ကျန်းဝမ် သည် ခန္ဓာကိုယ် တုန်ရီနေလျက် ကျုံ့ကျုံ့လေး ဖြစ်သွားခဲ့လေ၏။ အရာအားလုံး ပြီးဆုံးသွား ခဲ့ပြီ... အားလုံး ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပေသည်။

သူ၏ ပတ်ဝန်းကျင် အရပ်မျက်နှာ အနှံ့အပြားမှ အော်ဟစ်သံများကို သူ ကြားလိုက်ရလေ၏။

မကြာမီမှာပင် လေကြောင်းရန် ကာကွယ်ရေး ဥဩဆွဲသံကြီး ထွက်ပေါ်လာခဲ့ပေသည်။

ထို့နောက် အိမ်များ ပြိုကျလာသော အသံများ ဆက်တိုက်ထွက်ပေါ်လာခဲ့လေ၏။

သောင်းနှင့်ချီသော ဂြိုဟ်သားများသည် စစ်သင်္ဘောပေါ်မှ ဆင်းလာကြပြီး အရပ်မျက်နှာ အနှံ့အပြားသို့ စတင် ချီတက်လာကြလေတော့သည်။

ဂြိုဟ်သား တစ်ယောက်စီတိုင်းမှာ စူပါ တင့်ကားကြီး တစ်စီးကဲ့သို့ပင် ဖြစ်ပြီး အလွန် မြန်ဆန်သော နှုန်းထားဖြင့် ချီတက်လာကာ အချိန်တိုအတွင်း မည်သည့် ခုခံမှုကိုမျှ မကြုံတွေ့ခဲ့ရပေ။

ကျိုးကျန်းလီ သတင်းပို့ချက်ကို လက်ခံရရှိသည့်အခါ သူသည် မှင်သက်သွားခဲ့ရလေတော့သည်။

"မြန်မြန်... ကောင်းယွမ် ကို ဆက်သွယ်စမ်း..."

မကြာမီမှာပင် လက်ထောက်ဖြစ်သူက ထိတ်လန့်တကြား အော်ဟစ်လိုက်လေသည်။

"အကြီးအကဲ... ကျွန်တော်တို့ရဲ့ ဆက်သွယ်ရေး လိုင်းတွေ အားလုံး ပြတ်တောက်သွားပါပြီ..."

ကျိုးကျန်းလီ မှာ အစပိုင်းတွင် ပြာယာခတ်သွားခဲ့သော်လည်း အလျင်အမြန်ပင် ပြန်လည် တည်ငြိမ်သွား ခဲ့လေ၏။

"မြန်မြန်... စစ်ဒေသတွေကို အခုပဲ အကြောင်းကြားပြီး နေရာမှာတင် ခုခံတိုက်ခိုက်ဖို့ ပြောလိုက်... တိုက် လေယာဉ်တွေ ပျံတက်ပြီး ကျူးကျော်သူတွေကို ကြားဖြတ် တိုက်ခိုက်... တင့်ကားတွေလည်း စခန်းတွေ ကနေ ထွက်လာခဲ့ကြတော့..."

ဤသည်မှာ ရှနိုင်ငံ စစ်တပ် ဖွဲ့စည်းပြီးကတည်းက အကြမ်းတမ်းဆုံးသော ခုခံတိုက်ခိုက်မှု စစ်ဆင်ရေး တစ်ရပ်ပင် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

ကမ္ဘာမြေသို့ ကောင်းယွမ် ရောက်ရှိလာသည့်အခါ ချင်ကျင်းမြို့ မှာ အကြီးအကျယ် ပျက်စီးနေလျက်ရှိပြီ ဖြစ်ကြောင်းကို မြင်တွေ့လိုက်ရလေသည်။

အပျက်အစီးများနှင့် သွေးများကို နေရာအနှံ့တွင် တွေ့မြင်နေရပြီး ကောင်းယွမ်၏ မျက်လုံးများမှာ နီရဲ လာခဲ့လေသည်။

*ဒီ တိရစ္ဆာန်ကောင်တွေ…*

*ဒါပေမဲ့ ဘယ်လို တိုက်ခိုက်ရမလဲ… ဒါက မဟာဗျူဟာလိုတယ်…*

အကယ်၍ စက်ရုပ်ဝတ်စုံများက ဂြိုဟ်သားများကို လိုက်လံ ဖမ်းဆီးမည်ဆိုပါက အချိန်များစွာကြာမြင့် နိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ယခုအခါ သူတို့သည် မြို့အနှံ့အပြားသို့ ပြန့်ကျဲရောက်ရှိနေကြပြီ ဖြစ်သောကြောင့်ပင် ဖြစ်လေ၏။

သူ တွေးတောနေဆဲမှာပင် ဂြိုဟ်သား တစ်ယောက်က သူ့ထံသို့ ခုန်အုပ်လာပြီး လေဆာသေနတ်ဖြင့် သူ၏ စက်ရုပ်ဝတ်စုံကို ချိန်ရွယ်ထားသည်ကို မြင်လိုက်ရလေသည်။ ကောင်းယွမ်သည် ၎င်းကို ပေါ့ပေါ့ ပါးပါးပင် ရိုက်ချလိုက်ရာ ဂြိုဟ်သားမှာ ပွဲချင်းပြီး သေဆုံးသွားခဲ့လေတော့သည်...။

ထို့နောက် ဂြိုဟ်သား အားကြည့်လိုက်ရာ အဖြူရောင် တိုက်ခိုက်ရေး ချပ်ဝတ်တန်ဆာ အတွင်းတွင် မည်သူမျှ မရှိနေဘဲ စက်ယန္တရား တစ်ခုသာ ဖြစ်နေကြောင်းကို သူတို့ မြင်တွေ့လိုက်ရလေတော့သည်။

*သူတို့ အားလုံးက စက်ရုပ်တွေလား…*

All Chapters