← Chapters

အခန်း ၁၀၈၁

Vol. 73 Ch. 1081

အခန်း ၁၀၈၁

Vol. 73 Ch. 1081

အခန်း ၁၀၈၁ - အသက်သုံးထောင်ဆိုတာ ငါ့အတွက်တော့ အသေးအမွှားလေးပါ

"အစ်ကို... ခင်ဗျားနာမည် ဘယ်လိုခေါ်လဲ"

ချီရှို့က ကျန်းမုန့်လောင်ကို ကြည့်ကာ မေးလိုက်သည်။

စကားနှင့်သာ ကတိပေးရသေးသည့်တိုင် တစ်ဖက်လူက ယခုလို ရှေ့ထွက်ပြီး ရပ်တည်ပေးရဲသတဲ့လား။ တစ်ဖက်တွင် သိုင်းအဆင့်ရှစ်ငါးယောက်နှင့် သိုင်းအဆင့်ကိုးတစ်ယောက်အထိ ရှိ၏။ ဤသည်မှာ အသက်အန္တရာယ်ရှိသော အခြေအနေတစ်ခုပင်။

သူသာ ငါနဲ့အတူ တကယ်ထွက်ပြေးနိုင်ခဲ့ရင်တောင် ငါက သူ့ကို ဟန်ဆောင်ပန်ဆောင် ကတိပေးခဲ့တာဆိုရင်ရော သူ မကြောက်ဘူးလား။

ထိုအချိန်တွင်မူ ချီရှို့အနေနှင့် ကျန်းမုန့်လောင်က ငွေမက်သူလား။ သို့မဟုတ် သူတို့ပြောနေသည့် မိစ္ဆာမျိုးဆက်ဟုတ်မဟုတ် တွေးပူမနေတော့ပါချေ။ အနည်းဆုံးတော့ ယခုအချိန်မှာ သူတို့က သွေးသောက်မိတ်ဆွေများ ဖြစ်သွားကြလေပြီ။

"ငါက ကျန်းမုန့်လောင်ပဲ။ 'ကျန်း'ဆိုတာ မာန်ဝင့်ပြီး အုပ်စိုးခြယ်လှယ်တတ်တဲ့ ကျန်းပဲ"

"အစ်ကိုကျန်း... ဒီနေ့သာ ကျွန်တော်တို့ အသက်ရှင်ခွင့်ရမယ်ဆိုရင် ခင်ဗျားနဲ့ သွေးသစ္စာဆိုပြီး ညီအစ်ကိုဖွဲ့ပါ့မယ်။ ကျွန်တော့်ရဲ့ ဓနဥစ္စာတွေပဲဖြစ်ဖြစ် အာဏာပဲဖြစ်ဖြစ် ခင်ဗျားကို တစ်ဝက်ခွဲပေးပါ့မယ်"

"ဟင့်အင်း။ မင်းမိန်းမရဲ့ တစ်ဝက်ကိုတော့ ငါ မယူချင်ပါဘူး။ ငါ့မိန်းမ ငါ့ကို ရိုက်သတ်လိမ့်မယ်"

ကျန်းမုန့်လောင်က ရယ်မောလိုက်၏။

"ငါက ပိုက်ဆံကိုပဲ စိတ်ဝင်စားတာ"

အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရချိန်မှာပင် ကျန်းမုန့်လောင်၏ စကားများကြောင့် ချီရှို့လည်း မရယ်ဘဲ မနေနိုင်လောက်အောင် ဖြစ်သွားရသည်။ ဤလူက တကယ်စိတ်ဝင်စားဖို့ကောင်းလှသည်။ ယခုလို အရေးကြီးသည့်အချိန်မှာပင် နောက်ပြောင်နိုင်သေးသည်ဖြစ်ရာ သူနှင့် ယှဉ်နိုင်မည့်သူ မရှိတော့ပေ။

"အစ်ကိုကျန်း... ဒီလူတွေက ကျွန်တော့်အစ်ကိုလက်အောက်က ဧည့်သည်တော်အကြီးအကဲတွေပဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် သူတို့က ကြေးစားလူသတ်သမားတွေပေါ့။ နေရာအနှံ့ကနေ လာကြတာ။ လူကောင်းတွေ မဟုတ်ဘူး။ သူတို့ရဲ့ နည်းလမ်းတွေက အရမ်းယုတ်မာပြီး ရက်စက်တာမို့ ခင်ဗျား သတိထားမှဖြစ်မယ်"

ချီရှို့က သတိပေးလိုက်သည်။

သူ့နယ်မြေထဲက ထွက်ပြေးလာစဉ် ချီရှို့မှာ သက်တော်စောင့်ဆယ်ယောက်ကျော် ပါလာခဲ့သော်လည်း ယခုတော့ တစ်ယောက်သာ ကျန်တော့သည်။ သူ့လက်အောက်ငယ်သားများမှာ သူ့အစ်ကိုကြီး၏လူများထက် အလွန်အားနည်းနေခြင်းမျိုးတော့ မဟုတ်ပါချေ။

သို့သော် သူ့လူများက တစ်နိုင်ငံလုံးတွင် နာမည်ကောင်းရှိသည့် ဂိုဏ်းသားများဖြစ်ပြီး အမြဲတမ်း ဖြောင့်မတ်မှန်ကန်စွာဖြင့် ပွင့်ပွင့်လင်းလင်း လုပ်ဆောင်တတ်ကြသည်။ ယုတ်မာရိုင်းစိုင်းသည့် အလုပ်များကို လုံးဝမလုပ်တတ်ကြပေ။ သို့သော် သူ့အစ်ကိုကြီး၏ လူများကတော့ မတူပေ။ လိုချင်တာရဖို့ ဘယ်နည်းလမ်းကိုမဆို သုံးမည့်လူများပင်။

"စိတ်မပူပါနဲ့။ ယုတ်မာပြီး အရှက်မရှိတဲ့အလုပ်တွေဆိုရင် ငါ ဘယ်သူ့ကိုမှ မရှုံးဖူးဘူး"

ကျန်းမုန့်လောင်က သူ့နှာခေါင်းကို ပွတ်လိုက်သည်။

"မင်းတို့ငါးယောက် တစ်ယောက်ချင်းစီလာမှာလား။ ဒါမှမဟုတ် အကုန်လုံး အတူတူလာမှာလား"

"အားလုံး အတူတူဝင်တိုက်ကြ။ အချိန်ဆွဲနေရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်"

ကျီမုန့်က အလွန်ဉာဏ်ရည်မြင့်သော လူဆိုးတစ်ယောက်ဟု ဆိုနိုင်ပေသည်။ ထို့ကြောင့်သာ ယခုအချိန်ထိ အသက်ရှင်နေနိုင်ခြင်းပင်။

"မိစ္ဆာကောင်... မင်းက အသိဉာဏ်မရှိတဲ့ ငတုံးပဲ"

လူငါးယောက်လည်း အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့ ဒေါသထွက်နေသော်ငြား သတ်ဖြတ်လိုသော သူတို့၏ဆုံးဖြတ်ချက်ကတော့ ခိုင်မာလှသည်။ သူတို့က ကျန်းမုန့်လောင်ကို အရပ်မျက်နှာအသီးသီးက ဝိုင်းရံပိတ်ဆို့ထားလိုက်ကြသည်။

"ငါတို့ဆီက အဆင့်ရှစ်သက်ရှိတွေနဲ့တော့ ယှဉ်လို့မရတာ သေချာတယ်"

ကျန်းမုန့်လောင်က အလွန်ထက်ရှလှသည့် လျှို့ဝှက်ချီစွမ်းအင်များကို ခံစားမိလိုက်သည်။ ဤစွမ်းအင်များ၏ ပြင်းအားက သာမန်အဆင့်ကိုးသက်ရှိများ၏ အဆင့်အထိ ရောက်နေလေသည်။

ချီရှို့ မျက်မှောင်ကြုတ်လိုက်မိသည်။ ဤလူငါးယောက်၏ လက်နက်များက အဆင့်ရှစ်ဝိညာဉ်စွမ်းအင်လက်နက်များ ဖြစ်၏။ သူ့အစ်ကိုကြီးက မင်းဆက်တစ်ခုလုံးတွင် တစ်ဦးတည်းသော အဆင့်ရှစ်လက်နက်ဖန်တီးသူကို ငွေကြေးအမြောက်အမြားပေးပြီး ဖန်တီးခိုင်းထားခြင်းပင်။ သူတို့၏စွမ်းအားကို အနည်းဆုံး ၃၀ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးထားသည်။

တစ်ဖက်မှာမူ ကျန်းမုန့်လောင်က အံ့သြစရာကောင်းလောက်အောင် တည်ငြိမ်နေသည်ကလွဲ၍ အခြားဘာထူးခြားချက်မှ ရှိပုံမရသောကြောင့် ချီရှို့ ပိုစိုးရိမ်လာသည်။

ကျန်းမုန့်လောင်လည်း ခိုင်မာသော ကိုယ်နေဟန်ထားဖြင့် အသာထိုင်ချပြီး သူ့လက်များကလည်း ထိုက်ချိယင်ယန်ငါးပုံစံမျိုး ရေးဆွဲလိုက်သည်။

"ကောင်းကင်မြေကြီးရွှေ့ပြောင်းခြင်း"

ဓားချီစွမ်းအင်ငါးခုက အရပ်မျက်နှာငါးခုဆီက တိုက်ခိုက်လာသည်။ သို့သော် ထိုစွမ်းအင်များ ကျန်းမုန့်လောင်နှင့် ထိတွေ့လိုက်သည့်အခိုက်အတန့်မှာပင် မမြင်ရသော အာကာသစွမ်းအားတစ်ရပ်က ထိုအရာများကို လိမ်ဖယ်သွားစေသဖြင့် ဓားချီစွမ်းအင်များလည်း အခြားသူများဆီသို့ ရုတ်တရက် ဦးတည်သွားလေတော့သည်။

ဓားချီစွမ်းအင်တစ်ရပ်က ခန္ဓာကိုယ်အထွားကျိုင်းဆုံး သိုင်းပညာရှင်၏ လက်မောင်းကို ဖြတ်တောက်လိုက်သည်။ သူ့လူများ၏ တိုက်ခိုက်မှုက သူ့ဆီသို့ ရောက်လာလိမ့်မည်ဟု မထင်ထားသောကြောင့် ရှောင်တိမ်းရန် အချိန်မရလိုက်ဘဲ အရိုးထိတိုင် နက်ရှိုင်းလှသော ဒဏ်ရာတစ်ခုကို ချက်ချင်းရရှိလိုက်သည်။

"ငတုံး.. မင်း ဘယ်သူ့ကို ခုတ်နေတာလဲ"

"ငါ... ငါ သူ့ကို ခုတ်တာလေ"

"မင်းက ဘာလို့ ငါ့ကိုခုတ်ရတာလဲ"

"ငါ မခုတ်ပါဘူး"

"သူလုပ်တာ"

မျက်လုံးငါးစုံလုံးက ကျန်းမုန့်လောင်ဆီကို လှည့်လာကြသည်။

"သူပြဿနာရှာနေတာ"

"အစ်ကိုကျန်းက တကယ် သာမန်လူမဟုတ်ဘူးပဲ"

ချီရှို့က ဝမ်းသာလေဟန် အမူအရာကို ပြသလိုက်သည်။ အစောကပင် ကျန်းမုန့်လောင်က ထိုနေရာတွင် သည်အတိုင်းရပ်ပြီး လက်ကို နှစ်ချက်သုံးချက်လောက် ဝှေ့ယမ်းလိုက်ရုံဖြင့် ထိုလူငါးယောက်၏ စွမ်းအားကို သူတို့အချင်းချင်း ပြန်တိုက်ခိုက်မိအောင် လုပ်နိုင်ခဲ့သည်။

ချီရှို့ကိုယ်တိုင်လည်း အလွန်မြင့်မားသော ပါရမီကို ပိုင်ဆိုင်ထားသူပင်။ သူ့သိုင်းအခြေခံများ ပျက်စီးသွားသော်လည်း အကဲခတ်နိုင်စွမ်းကမူ ကျန်ရှိနေသေးသောကြောင့် ကျန်းမုန့်လောင်သည် အာကာသစွမ်းအားပါဝင်သော အလွန်နက်နဲဆန်းကြယ်သည့် သိုင်းပညာရပ်တစ်ခုကို အသုံးပြုနေကြောင်း မြင်ရသည်။ ထို့ပြင် ထိုအရာကား တကယ်ထိတ်လန့်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်နေကြောင်းကိုပါ သိလိုက်သည်။

"အခု ငါ့အလှည့် ရောက်ပြီမလား"

ကျန်းမုန့်လောင်၏ လက်နှစ်ဖက်က လက်ကွက်တစ်ခုကို ပုံဖော်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်က ခန္ဓာငါးခုအဖြစ် ရုတ်ခြည်းကွဲထွက်သွားသည်။

"ဒီလိုလျှို့ဝှက်ချီစွမ်းအင်နဲ့ ဖွဲ့စည်းထားတဲ့ ပုံရိပ်ယောင်ခန္ဓာကိုယ်လောက်နဲ့များ... ငါတို့က ဒီလိုလှည့်ကွက်မျိုးကို မမြင်ဖူးဘူးလို့ ထင်နေတာလား"

သိုင်းအဆင့်ရှစ်သိုင်းပညာရှင်တစ်ယောက်က လှောင်ပြောင်လိုက်သည်။

"မဟုတ်ဘူး။ အဲဒါတွေက ပုံရိပ်ယောင်တွေ မဟုတ်ဘူး။ ခန္ဓာကိုယ်အစစ်တွေပဲ"

နောက်ဆုံးတော့ တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့သည့် သိုင်းအဆင့်ကိုးသိုင်းပညာရှင်က ပြောလိုက်သည်။

"ဘာ"

ထိုအချိန်မှသာ ခန္ဓာကိုယ်တစ်ခုစီတိုင်းတွင် ပြင်းထန်လှသော လျှို့ဝှက်ချီစွမ်းအင်များ ပါဝင်နေကြောင်း သူတို့ သဘောပေါက်သွားသည်။ လျှို့ဝှက်ချီစွမ်းအင်ဖြင့် ဖွဲ့စည်းထားသော်လည်း အရှိန်အဝါကတော့ ခန္ဓာကိုယ်အစစ်ထက် အားမနည်းပါချေ။

"ရေစွမ်းအင် ရေနဂါးကျည်ဆန် ဖူး"

ကျန်းမုန့်လောင်၏ ပါးစပ်ထဲက ရေနဂါးငါးကောင် ထွက်ပေါ်လာပြီး ထိုလူငါးယောက်ဆီသို့ ခပ်ကြမ်းကြမ်း ပြေးဝင်သွားသည်။

သူတို့လည်း လက်နက်များကိုမြှောက်ပြီး ကာကွယ်လိုက်ကြသော်ငြား ရေနဂါးဆီက ဖြတ်သန်းလာသော စွမ်းအားကြောင့် သူတို့၏အမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားသည်။

ဤသည်မှာ သိုင်းအဆင့်ရှစ်တစ်ယောက် ပိုင်ဆိုင်သင့်သည့်စွမ်းအားမျိုး လုံးဝမဟုတ်ပါချေ။ သိုင်းအဆင့်ကိုးဆိုလျှင်ပင် ဤအရာကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

သူတို့တစ်သိုက်ခမျာ သွေးအန်ထွက်လာပြီးနောက် ခန္ဓာကိုယ်များက လေထဲသို့ တရကြမ်းလွင့်စင်သွားကြသည်။

သို့သော် ကျန်းမုန့်လောင်၏ တရစပ်တိုက်ကွက်များက ယခုမှ စတင်ရုံသာ ရှိသေးသည်။

"မိုးကြိုးသွားသုံးထောင်"

ကျန်းမုန့်လောင်၏ပုံရိပ်ယောင်ခန္ဓာကိုယ်ငါးခုက ထိုလူငါးယောက် ပြုတ်ကျလာမည့် နေရာများတွင် လျှပ်စီးကြောင်းတစ်ခုနှယ် ပေါ်လာခဲ့သည်။ သူ့လက်များကိုလည်း ခပ်တင်းတင်းဆုပ်ထားပြီး လက်နှစ်ချောင်းကို ဆန့်ထုတ်ထားလေရာ လက်ချောင်းများအကြားဝယ် လျှပ်စစ်စီးကြောင်းများက အဆက်မပြတ် တဖျစ်ဖျစ်မြည်နေသည်။

"မိုးကြိုးဒိုင်း လျှပ်စီးဓား"

"ကိုယ်ခံပညာအဆုံးစွန်စွမ်းရည် : နှစ်တစ်ထောင် သေမင်းတမန်လက်ချောင်း"

ချီရှို့လည်း ကျန်းမုန့်လောင် ဘာလုပ်ဖို့ ရည်ရွယ်ထားကြောင်း သိသွားပုံရပြီးနောက် သူ့မျက်နှာအမူအရာကား ရှုံ့မဲ့သွားသည်။ ဤမျှယုတ်မာလွန်းသည့် သိုင်းပညာက အရှက်မဲ့သည့်အဆင့်ကိုပင် ကျော်လွန်နေချေပြီ။

နာကျင်စွာအော်ဟစ်သံ ငါးသံနှင့်အတူ လူငါးယောက်မှာ မြေပြင်ပေါ်တွင် ဒူးထောက်ကျသွားပြီး သူတို့၏တင်ပါးများဆီက မီးကျွမ်းနေသော မီးခိုးငွေ့မည်းများ ထွက်ပေါ်လာသည်။ မြင်ကွင်းကား တကယ်'လှပ'လွန်းလှသည်။

"ဟစ်"

ကျီမုန့်ပင် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိသည်။ အကယ်၍ အံ့ဖွယ်ဆေးလုံးများသာ မရှိပါက သူတို့ အသက်ရှင်လျှင်ပင် အိမ်သာသွားတိုင်း ဤအဖြစ်အပျက်ကြီးကို အမြဲ အိပ်မက်ဆိုးမက်နေရတော့မည်သာ။

ထိုအချိန်တွင် ကျန်းမုန့်လောင်က ဝိညာဉ်ဝမ်းနှုတ်ဆေးတောင့်ဟု ခေါ်သော ဘူးတစ်လုံးကို ထုတ်ယူလာပြီး သူတို့ကို အတင်းအကျပ် ခွံ့ကျွေးလိုက်သည်။

"မင်း ငါတို့ကို ဘာကျွေးလိုက်တာလဲ"

ထိုငါးယောက်ကလည်း ခုခံဖို့ ကြိုးစားသော်ငြား အောက်ပိုင်းက ပြင်းထန်လွန်းလှသော နာကျင်မှုကြောင့် လှုပ်ပင် မလှုပ်နိုင်ကြတော့ပေ။

"ဪ စိတ်မပူပါနဲ့။ အဆိပ်မဟုတ်ပါဘူး။ ဝမ်းနှုတ်ဆေးလေးပါ"

"မင်း..."

သူတို့က ကောက်ကျစ်ပြီး ယုတ်မာကြသော်လည်း ကျန်းမုန့်လောင်နှင့် ယှဉ်လိုက်လျှင်မူ အားနည်းသွားသည်။

"မြေပြင်ပေါ် ကြွေကျနေတဲ့ ပန်းပွင့်လေးတွေ.. မင်းရဲ့အပြုံးတွေက ဝါရင့်နေပြီ..."

ကျန်းမုန့်လောင်က သူ့လက်ချောင်းများကို သုတ်ဖို့ တစ်ရှူးတစ်ရွက် ဆွဲထုတ်လိုက်၏။

"ဆက်လုပ်ချင်တဲ့လူ ရှိသေးလား"

ချီရှို့၏ မျက်နှာအမူအရာကား ထူးဆန်းမှုကတစ်ဆင့် ရွံရှာမှု၊ ထိုကတစ်ဆင့် ဝမ်းသာမှုဆီသို့ ကူးပြောင်းသွားသည်။ ဤမိစ္ဆာမျိုးဆက်၏ နည်းလမ်းများက တော်တော်မိစ္ဆာဆန်သော်လည်း ယခုတော့ လွတ်မြောက်ဖို့အတွက် မျှော်လင့်ချက်လေးတစ်မျှင် ရှိလာပြီဟု ထင်မိသည်။

"အမှိုက်ကောင်တွေ"

တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော သိုင်းပညာရှင်က နောက်ဆုံးတော့ လှုပ်ရှားလာပြီး ကျန်းမုန့်လောင်ဆီသို့ ဖြည်းဖြည်းချင်း လျှောက်လာကာ ချီရှို့ကို တစ်ချက်ကြည့်လိုက်သည်။

"သတ္တမမင်းသား.. မင်းက ကံကောင်းသားပဲ။ ဒီ အမည်မသိမိစ္ဆာမျိုးဆက်က မင်းအတွက် ဒီလောက်အထိ ပြင်းပြင်းထန်ထန် တိုက်ခိုက်ပေးလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ"

"ဒါပေမဲ့ မင်းရဲ့ကံကောင်းမှုတွေက ဒီမှာတင် အဆုံးသတ်ပြီ။ မင်းရဲ့အသက်ရော အဲဒီမိစ္ဆာမျိုးဆက်ရဲ့အသက်ကိုပါ ငါ နှုတ်ယူရလိမ့်မယ်"

"မင်းကိုယ်မင်း ဆွဲဆောင်မှုရှိတယ်လို့ ထင်နေတာလား"

ကျန်းမုန့်လောင်က သူ့ရှေ့တွင် မိမိုက်ချင်ယောင်ဆောင်နေသူများကို အလွန်မုန်းသည်။ ဤသည်မှာ သူ့အားသာချက်ကို လာစိန်ခေါ်နေခြင်းပင် မဟုတ်လော။

"အစ်ကိုကျန်း... ဒါက ကျွန်တော့်အစ်ကိုကြီးရဲ့ အစွမ်းအထက်ဆုံး ဧည့်သည်တော်အကြီးအကဲပဲ။ သိုင်းအဆင့်ကိုးပါ။ သူ့လက်ထဲမှာ အနည်းဆုံး အသက်ပေါင်း ၃၀၀၀လောက် သေဖူးတယ်။ အရမ်းရက်စက်တာ"

"၃၀၀၀တည်းလား"

ကျန်းမုန့်လောင်က အထင်သေးလေဟန် အမူအရာကို ပြသလိုက်သည်။ ကမ္ဘာခြားစစ်မြေပြင်ရှိ ပထမဆုံးတိုက်ပွဲမှာတင် ကျန်းမုန့်လောင်က သက်ရှိပေါင်း ၃၀၀၀ကျော်ကို သတ်ဖြတ်ခဲ့ပြီးဖြစ်၏။

"ယုံချင်ယုံမယုံချင်နေ.. အသက်ပေါင်း ၃၀၀၀ဆိုတာ ငါ့အတွက်တော့ အသေးအမွှားလေးပဲ"

*****************

All Chapters