အခန်း ၁၀၈၂
Vol. 73 Ch. 1082
အခန်း ၁၀၈၂ - ဟား... မင်းက တကယ့်အရူးကောင်ပဲ
"လူအယောက်၃၀၀၀ဆိုတာ အသေးအမွှားလေးပဲ ရှိသေးတယ်ပေါ့"
ချီရှို့က ကျန်းမုန့်လောင်၏စကားကို သံသယမဝင်ပေ။ မိစ္ဆာမျိုးဆက်ဟု ခေါ်ဆိုခံရသူဖြစ်သောကြောင့် "မိစ္ဆာဆန်သည့်သဘာဝ"အချို့ ရှိနေခြင်းမှာ သဘာဝကျပြီး အံ့သြစရာမဟုတ်ပေ။
သို့သော် သူ ချက်ချင်းဆိုသလိုပင် ထပ်ဖြည့်ပြောလိုက်၏။
"အစ်ကိုကျန်း... သူက လူအယောက်၃၀၀၀လောက်ပဲ သတ်ခဲ့တယ်ဆိုပေမဲ့ သူ့မှာ မူဝါဒတစ်ခု ရှိတယ်။ သူက သူ့ထက် အားနည်းတဲ့သူတွေကို ဘယ်တော့မှ မသတ်ဘူး။ ပြီးတော့ သူသတ်ခဲ့တဲ့လူတွေထဲမှာ အနည်းဆုံး သုံးပုံတစ်ပုံလောက်က သူ့ထက် ပိုအစွမ်းထက်တဲ့သူတွေချည်းပဲလို့လည်း ပြောကြတယ်"
သူ့အစ်ကိုကြီး၏ ဧည့်သည်တော်အကြီးအကဲ၏ နာမည်မှာ လင်းကျယ်ဖြစ်၏။ သူသည် သူတို့မင်းဆက်ပြင်ပရှိ ဂိုဏ်းတစ်ခုမှဖြစ်ပြီး ဂိုဏ်း၏ တားမြစ်ပညာရပ်တစ်ခုကို သင်ယူခဲ့သောကြောင့် လိုက်လံဖမ်းဆီးခံရရင်း ဤနယ်မြေသို့ ရောက်ရှိလာခြင်းဖြစ်သည်ဟု သတင်းထွက်နေသူပင်။
သို့သော် သူ့အစ်ကိုကြီးက လင်းကျယ်၏ မဟာစွမ်းအားနှင့် သူတို့မင်းဆက်အတွင်း ပြစ်မှုကင်းစင်သော နောက်ခံကိုမြင်ပြီး သူ့ကို အနားတွင်ခေါ်ထားရန်အတွက် ဧရာမစွန့်စားမှုတစ်ခုကို ပြုလုပ်ခဲ့သည်။ ထို့ပြင် သူ့ကျင့်ကြံမှုအတွက် လိုအပ်သည့် အရင်းအမြစ်မြောက်မြားစွာကိုပင် ထောက်ပံ့ပေးခဲ့သေးသည်။
ပုံမှန်အခြေအနေမျိုးတွင် လင်းကျယ်က လက်ပါလေ့ သိပ်မရှိသော်လည်း သူလှုပ်ရှားလိုက်ပြီဆိုလျှင်မူ ဘယ်တော့မှ အမှားအယွင်းမရှိပေ။
"တောင်းပန်ပါတယ်။ ငါသတ်ခဲ့တဲ့ လူတွေအကုန်လုံးက ငါ့ထက် ပိုပြီးအစွမ်းထက်တယ်ဆိုတာ မင်းကို မပြောရသေးဘူးပဲ"
ကမ္ဘာခြားစစ်မြေပြင်သို့ ကျန်းမုန့်လောင် ဝင်ရောက်လာကတည်းက သူ့အဆင့်ငါးသက်ရှိစွမ်းအားကို အားကိုးကာ စစ်မြေပြင်တစ်လျှောက် သုတ်သင်ရှင်းလင်းလာခဲ့ခြင်း ဖြစ်၏။ ပွင့်ပွင့်လင်းလင်းပြောရလျှင် သူသည် သူ့ထက်အားနည်းသူများနှင့် တွေ့ဆုံရန် အခွင့်အရေးပင် သိပ်မရခဲ့ပေ။ မတော်တဆ ထိခိုက်သေဆုံးသွားသူများကတော့ ဤအထဲတွင် မပါဝင်ပေ။
"ဒီမိစ္ဆာမျိုးဆက်က ကြွားနေသလောက် ဟုတ်မဟုတ်ဆိုတာတော့ ငါ သိချင်မိသား"
"ချွင်"
လင်းကျယ်၏ လက်ထဲရှိ ဓားဆီမှ တုန်ခါသံတစ်သံ ထွက်ပေါ်လာသည်။ ဤအသံကို နားထောင်ရုံဖြင့် ထိုဓား၏ အလေးချိန်မှာ သာမန်မဟုတ်ကြောင်း သိနိုင်ပေသည်။
"သိုင်းအဆင့်ရှစ်တစ်ယောက်က မင်းဆက်တစ်ခုလုံးကိုပဲဖြစ်ဖြစ် တိုက်ကြီးတစ်တိုက်လုံးကိုပဲဖြစ်ဖြစ် ကမောက်ကမဖြစ်အောင် လုပ်နိုင်တယ်ဆိုတာ လုံးဝယုံနိုင်စရာမကောင်းတဲ့ အဓိပ္ပာယ်မရှိတဲ့ စကားပဲ"
လင်းကျယ်က ရယ်မောလိုက်သည်။
"မိစ္ဆာမျိုးဆက်ကိစ္စကို ဒီမင်းဆက်ရဲ့ အထက်တန်းလွှာတိုင်း သိကြတယ်။ ဒါပေမဲ့ ငါသာ မင်းကို တကယ်သတ်နိုင်ခဲ့မယ်ဆိုရင် နည်းနည်း နာမည်ကျော်သွားနိုင်တယ်။ ဒါကြောင့် မင်းအသက်က ငါ့အပိုင်ပဲ"
အစောပိုင်းက ရောနှောပါဝင်နေသော သိုင်းပညာရှင်များနှင့် မတူပါဘဲ လင်းကျယ်သည် ခြေတစ်လှမ်းမျှ ရွှေ့မသွားသော်ငြား သူ့ခြေထောက်အောက်ရှိ လျှို့ဝှက်ချီစွမ်းအင်များက တည်ငြိမ်နေသော ရေကန်တစ်ခုအလား လှိုင်းဂယက်ထသွားသည်။
ရုတ်ခြည်းပင် လျှို့ဝှက်ချီစွမ်းအင်များ ပေါက်ကွဲထွက်လာပြီး သူ့လက်ထဲရှိ ဓားရှည်ကြီးက မီတာဆယ်ဂဏန်းခန့် ရှည်လျားသော ဓားချီစွမ်းအင်အဖြစ် ပြောင်းလဲကာ လေထုကို ထိုးခွင်းလျက် ကျန်းမုန့်လောင်၏ ဦးခေါင်းဆီသို့ ဦးတည်လာသည်။
ကျန်းမုန့်လောင်က လှောင်ပြုံးပြုံးလိုက်ပြီး မြေပြင်ကို ခပ်ဖွဖွနင်းကာ အမြန်နောက်ဆုတ်လိုက်သည်။ ထို့နောက် ဧရာမပေတံကြီးတစ်ခုကို ဆွဲထုတ်၍ လက်နှစ်ဖက်ဖြင့် မြေကြီးထဲသို့ စိုက်ချလိုက်သည်။
"သူ မရှောင်ဘူးလား"
လင်းကျယ်က စဉ်းစားနေဟန် အမူအရာကို ပြသလိုက်သည်။ ဤမျှပြင်းထန်လှသော တိုက်ခိုက်မှုကို သိုင်းအဆင့်ကိုးသိုင်းပညာရှင်တစ်ယောက်သာ ရှောင်တိမ်းနိုင်ပေမည်။
"ယွမ်တစ်ကျော့ပြန်ပေါင်းစည်းခြင်း"
ကျန်းမုန့်လောင် သူ့လက်များကို လွှတ်ချလိုက်ရာ သူ့ခန္ဓာကိုယ်ပတ်လည်တွင် အပြာနုရောင် အကာအကွယ်ဒိုင်းတစ်ခု ဖြစ်ပေါ်လာသည်။
"ဖောက်"
တားဆီး၍မရသော ဓားချီစွမ်းအင်မှာ အကာအကွယ်ဒိုင်းကို ဝင်တိုက်မိပြီးနောက် လျှို့ဝှက်ချီစွမ်းအင်အဖြစ် ပြန့်ကျဲမသွားခင် မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ချက်ချင်းကွဲကြေသွားလေတော့သည်။
"ကောင်းလိုက်တာ"
ချီရှို့မှာ လက်ခုပ်မတီးဘဲ မနေနိုင်တော့ပေ။ သိုင်းအဆင့်ရှစ်အနေအထားဖြင့် အဆင့်ကိုးဝိညာဉ်လက်နက်ကို ကိုင်ဆောင်ထားသော သိုင်းအဆင့်ကိုးသိုင်းပညာရှင်တစ်ယောက်၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသည့် အစွမ်းထက်လှသော ဤကာကွယ်ရေးသိုင်းပညာမျိုးကို သူ တစ်ခါမှ မမြင်ဖူးခဲ့ပေ။
"ကာကွယ်ရေးသိုင်းပညာ"
လင်းကျယ်၏ မျက်နှာထက်တွင် အံ့အားသင့်သွားသည့် အရိပ်အယောင်တစ်ခု ပေါ်လာသည်။ သိုင်းပညာရပ်များတွင် အမျိုးအစားများစွာရှိပြီး တိုက်ခိုက်ရေးပညာရပ်များက အတွေ့အများဆုံးဖြစ်၏။ ဒုတိယနေရာကား လှုပ်ရှားမှုအမျိုးအစားများဖြစ်ပြီး အနည်းငယ်ရှားပါးသည်။ ခန္ဓာကိုယ်ကြံ့ခိုင်ရေး ပညာရပ်များကတော့ ပို၍ပင် ရှားပါးလှသည်။
ကာကွယ်ရေးသိုင်းပညာရပ်များကမူ အလွန်တရာ ရှားပါးလှပေသည်။ ခန္ဓာကိုယ်ကြံ့ခိုင်ရေးပညာရပ်များကဲ့သို့ လက်နက်များ ထုတ်ချင်းမပေါက်အောင် မစွမ်းဆောင်နိုင်သော်လည်း ထိုပညာရပ်များကို လေ့ကျင့်ရာတွင် ခက်ခဲမှုနှင့် ကုန်ကျစရိတ်မှာ များစွာသက်သာလှသည်။
ခဏမျှအံ့အားသင့်သွားပြီးနောက် လင်းကျယ် ဝမ်းသာအားရ ပြုံးလိုက်မိသည်။ ကျန်းမုန့်လောင်တွင် လှည့်ကွက်များများရှိလေလေ သူ့ကို သတ်လိုက်ခြင်းဖြင့် အကျိုးအမြတ်များများ ပိုရလေလေပင်။ သူ့ကာကွယ်ရေးသိုင်းပညာရပ်ကိုပင် ရကောင်းရနိုင်ပြီး သူ့ကို မိစ္ဆာမျိုးဆက်အဖြစ် အဘယ်ကြောင့် ဟောကိန်းထုတ်ခံခဲ့ရသလဲဟူသည့် လျှို့ဝှက်ချက်ကိုပါ သိရှိနိုင်ပေမည်။
ထိုအချိန်ကျလျှင် ကောင်းကင်ဖြိုခွင်းခြင်းပထမအဆင့် သိုင်းပညာရှင်တစ်ယောက်ပင် သူ့ကို သတ်နိုင်တော့မည်မဟုတ်ပေ။
သို့သော် ထိုတိုက်ခိုက်မှုကို ကာကွယ်ပြီးနောက် ကျန်းမုန့်လောင်သည် နောက်ထပ်လှုပ်ရှားမှု တစ်စုံတစ်ရာ ထပ်မလုပ်တော့ဘဲ ဧရာမပေတံကြီးကိုသာ ပြန်ဆုပ်ကိုင်ကာ မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်ချလိုက်သည်။
"တစ်ခုခုတော့ မှားနေပြီ"
အနည်းငယ်မော့ထားသော ကျန်းမုန့်လောင်၏မျက်နှာပေါ်တွင် အပြုံးခပ်ဖျော့ဖျော့တစ်ခု ပေါ်လာကြောင်း သူ သတိထားမိလိုက်သည်။
ရုတ်တရက်လွှမ်းမိုးလာသော အန္တရာယ်အငွေ့အသက်တစ်ခုက သူ့နှလုံးသားကို ရိုက်ခတ်သွားသည်။ သိုင်းပညာရှင်တစ်ယောက်အနေနှင့် သူ့တွင် အလွန်ထက်မြက်သည့် အန္တရာယ်အာရုံခံနိုင်စွမ်းရှိ၏။ ယခုတွင်မူ တစ်စုံတစ်ခုက သူ့ကို ခြိမ်းခြောက်နေကြောင်း ရှင်းရှင်းလင်းလင်း ခံစားလာရသည်။
သူ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သော်လည်း ခြောက်သွေ့နေသော ဂိုဘီသဲကန္တာရကလွဲ၍ ဘာမှမရှိပေ။
"ကောင်းကင်ပေါ်မှာ"
သူ ရုတ်တရက်မော့ကြည့်လိုက်သောအခါ မျက်ဆန်များ အဆမတန် ပြူးကျယ်လာသည်။
ထိုအရာမှာ လျှို့ဝှက်ချီစွမ်းအင်များဖြင့် ဖွဲ့စည်းထားသော အရှည်မီတာ၂၀ကျော်ရှိသည့် ဧရာမရွှေရောင်ဓားကြီးတစ်လက်ပင်။ ထိုအရာ၏ ကြီးကျယ်ခမ်းနားမှုကြောင့် ပတ်ဝန်းကျင်ရှိ လျှို့ဝှက်ချီစွမ်းအင်များပင် ခမ်းခြောက်သွားသည့်အလား ထင်မှတ်ရသည်။
"ဒါက ဘယ်အဆင့်သိုင်းပညာရပ်လဲ"
လူတိုင်း၏ မျက်လုံးထဲတွင် တုန်လှုပ်ချောက်ချားမှုများဖြင့် ပြည့်နှက်နေသည်။ ရွှေရောင်ဧရာမဓားကြီး၏ စွမ်းအားမှာ သူတို့ ထင်ထားသည်ထက်ပင် ကျော်လွန်နေသည်။ ဤတိုက်ခိုက်မှုမျိုးက သိုင်းအဆင့်ရှစ်သိုင်းပညာရှင်တစ်ယောက်တွင် မည်သို့ရှိနေနိုင်မည်နည်း။
"ဒါက အဆင့်ကိုးသိုင်းပညာရပ်လား။ ဒါမှမဟုတ် ကောင်းကင်အဆင့် သိုင်းပညာရပ်လား"
ချီရှို့၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် အရောင်လက်လာသည်။ အကြောင်းမှာ ကောင်းကင်အဆင့်သိုင်းပညာရပ်များမှာ သူတို့၏ မင်းဆက်တစ်ခုလုံးရှိ တော်ဝင်မိသားစုနှင့် ဂိုဏ်းများတွင်ပင် ဂိုဏ်း၏အဖိုးတန်ရတနာများ ဖြစ်နေသောကြောင့်ပင်။
"အစ်ကိုကျန်းက တကယ်ထူးခြားတဲ့လူတစ်ယောက်ပဲ"
ထိုအချိန်တွင် ချီရှို့၏ အသက်ရှင်သန်လိုစိတ်က အမြင့်ဆုံးသို့ ရောက်ရှိလာသည်။
"ဒီမာစီယာ"
"ဝုန်း"
ကျန်းမုန့်လောင်၏ ခြေထောက်အောက်ရှိ မြေပြင်မှာ အက်ကွဲသွားပြီး ကောင်းကင်ပေါ်ရှိ ရွှေရောင်ဧရာမဓားကြီးသည် ဥက္ကာပျံတစ်စင်းအလား အလင်းတန်းကို ချန်ရစ်ကာ ပြိုင်ဘက်ကင်းသော အင်အားဖြင့် ဆင်းသက်လာလေတော့သည်။
"ဘုန်း"
ဂိုဘီသဲကန္တာရပေါ်တွင် မီတာတစ်ရာခန့်မြင့်သော မှိုပွင့်ပုံစံ မီးခိုးတိမ်တိုက်ကြီးတစ်ခု ထွက်ပေါ်လာပြီးနောက် ကြမ်းတမ်းလှသော လျှို့ဝှက်ချီစွမ်းအင်များက ပတ်ပတ်လည်ရှိ မီတာဆယ်ဂဏန်းခန့်ကို ဝါးမျိုသွားသည်။
"ဒါက မိစ္ဆာမျိုးဆက်ရဲ့ စွမ်းအားလား"
"ကြောက်ဖို့ကောင်းလိုက်တာ။ မစ္စတာပိုင်ရဲ့ ဟောကိန်းက တကယ်ပဲလား"
အိမ်ရှေ့မင်းသား စေလွှတ်လိုက်သော သိုင်းပညာရှင်များမှာ သူတို့၏ မျက်နှာများကို ခုတ်ပိုင်းနေသည့် လျှို့ဝှက်ချီစွမ်းအင်ကို ခံစားရင်း ဒဏ္ဍာရီတစ်ခုကို ပြန်အမှတ်ရလာကြသည်။ အကယ်၍ ဟောကိန်းသာ မှန်နေပါက မစ္စတာပိုင်ကို မီးရှို့သတ်ခဲ့ခြင်းမှာ ဤမင်းဆက်၏ အရှက်ရစရာကိစ္စတစ်ခု ဖြစ်လာပေလိမ့်မည်။
"ဟားဟားဟားဟား"
ထူထပ်လှသော မီးခိုးငွေ့များကြားမှ ရယ်မောသံတစ်သံ ပဲ့တင်ထပ်လာသည်။
လျှို့ဝှက်ချီစွမ်းအင် အရှိန်အဟုန်တစ်ခု ဖြတ်သန်းတိုက်ခတ်သွားချိန်တွင် လင်းကျယ်၏ပုံရိပ် ထွက်ပေါ်လာသည်။
သူ့ဝတ်ရုံမှာ စုတ်ပြတ်သတ်နေသော်လည်း ထိုအောက်တွင်မူ ငွေမီးခိုးရောင်သံချပ်ကာအပျော့စား တစ်ထည်ကို ဝတ်ဆင်ထားလေသည်။
ထို့ပြင် သူ့အရေပြားက ကြေးနီရောင် အရောင်အဝါကို ထုတ်လွှတ်နေသည်။
ကျန်းမုန့်လောင်၏ တိုက်ခိုက်မှုမှာ သူ့ကို ဒဏ်ရာအနည်းငယ်သာ ရစေခဲ့သည်။
"ခင်ဗျားက ခန္ဓာကြံ့ခိုင်ရေးသိုင်းပညာရှင်လား"
ချီရှို့က တအံ့တသြမေးလိုက်သည်။
"ဟားဟားဟားဟား.. ဘယ်သူထင်မှာလဲ အဋ္ဌမမင်းသားရယ်"
လင်းကျယ်က လှောင်ပြုံးပြုံးလိုက်လေသည်။
"ငါက ငါတို့ဂိုဏ်းရဲ့ ခန္ဓာကြံ့ခိုင်ရေးသိုင်းပညာရပ်ကို မတော်တရခဲ့လို့ အခုလို လိုက်ဖမ်းဆီးခံရတာပေါ့"
"ခေါင်းမာတဲ့ အဘိုးကြီးတွေကတော့ ဒါကို သိုင်းယုတ်လို့ ခေါ်ကြတာပေါ့။ လူသတ်နိုင်တဲ့ ပညာရပ်က ပညာရပ်ကောင်းပဲကွ။ နည်းနည်းလေး ရက်စက်တာ ဘာအပြစ်ရှိလို့လဲ။ လူသတ်တာက လူသတ်တာပဲလေ။ ဘာကွာလို့လဲ"
လင်းကျယ်၏ သံချပ်ကာအပျော့ကလည်း အဆင့်ကိုးဝိညာဉ်ရတနာတစ်ခုပင်။ သူ့ခန္ဓာကြံ့ခိုင်ရေးသိုင်းပညာကိုလည်း အတိုင်းအတာတစ်ခုအထိ အောင်မြင်အောင် လေ့ကျင့်ထားနိုင်သဖြင့် ကျန်းမုန့်လောင်၏ တိုက်ခိုက်မှုကို သူ ခံနိုင်ရည်ရှိခဲ့ခြင်းပင်။
လင်းကျယ်က ဧရာမဓားကြီးကို မြေပြင်ပေါ်သို့ ပေါ့ပေါ့ပါးပါး ပစ်ချလိုက်၏။
"ဓားသိုင်းကျင့်ကြံသူဆိုတာ ဟန်ပြသက်သက်ပဲ။ ငါ့ခန္ဓာကိုယ်က ငါ့ရဲ့ အစွမ်းအထက်ဆုံးလက်နက်ပဲကွ"
လင်းကျယ်သည် ကျန်းမုန့်လောင်ကို လောဘကြီးသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"ဒီလောက်အဆင့်မြင့်တဲ့ သိုင်းပညာရပ်တွေတောင် ရှိနေတာပဲ။ မင်းဆီမှာ ပစ္စည်းကောင်းတွေ အများကြီးရှိမှာ သေချာတယ်။ တိုးတက်ဖို့ အချိန်လုံလုံလောက်လောက်သာ ရမယ်ဆိုရင် အဲဒီအဘိုးကြီးရဲ့ဟောကိန်းက တကယ်မှန်လာနိုင်တယ်"
"ဒါပေမဲ့ ဒီနေ့လွန်သွားရင်တော့ မိစ္ဆာမျိုးဆက်ဆိုတာ ရှိတော့မှာ မဟုတ်ဘူး။ ရှိခဲ့ရင်တောင် အဲဒါက ငါ လင်းကျယ်ပဲဖြစ်လိမ့်မယ်။ ဟားဟားဟားဟား"
"ဟားဟားဟားဟား... မင်းက တော်တော်ကြီးကျယ်နေတာပဲ"
ကျန်းမုန့်လောင်က သရော်လိုက်၏။
"ခန္ဓာကြံ့ခိုင်ရေးသိုင်းပညာဆိုတာ အဲဒီလောက် အထင်ကြီးစရာကောင်းလို့လား"
"အစ်ကိုကျန်း.. မပေါ့ပါနဲ့။ ခန္ဓာကြံ့ခိုင်ရေးသိုင်းပညာရှင်တွေက အဆင့်တူဓားသိုင်းကျင့်ကြံသူတွေထက် ပိုအစွမ်းထက်တယ်။ ပြီးတော့ သူ့ရဲ့တကယ့်အစွမ်းက သိုင်းအဆင့်ကိုးအလယ်အလတ်အဆင့်ထက်တောင် ပိုမြင့်နိုင်တယ်"
"ရပါတယ်"
ကျန်းမုန့်လောင်က ဆက်ပြောလေသည်။
"ခက်ထန်တဲ့ သူ့အမူအရာတွေကြောင့် အလိမ်မမိစေနဲ့။ အဲဒီကြွက်သားတွေက ပျော့စိစိလေးတွေ။ အထိုးအကြိတ်ခံနိုင်မှာ မဟုတ်ဘူး။ ငါ တစ်ချက်ထိုးလိုက်ရင် သူ့မိန်းမတောင် နောက်အိမ်ထောင်ပြုဖို့ ပြင်ဆင်ရလိမ့်မယ်"
*********************