အခန်း ၁၀၈၃
Vol. 73 Ch. 1083
အခန်း ၁၀၈၃ - ငါ့ရဲ့အန္တိမစွမ်းရည်ကို သာမန်တိုက်ကွက်တစ်ခုလို သုံးနိုင်တယ်
"ဟားဟားဟား...ဒီလောက် လေကြီးမိုးကြီးပြောတဲ့လူမျိုးကို ငါ တစ်ခါမှ မမြင်ဖူးသေးဘူး"
ကျန်းမုန့်လောင်၏ စကားကို ကြားပြီးနောက် လင်းကျယ်က အော်ရယ်လိုက်သည်။
"ခုနက မင်းရဲ့သိုင်းကွက်က တကယ်အထင်ကြီးချင်စရာကောင်းတယ်ဆိုတာ ငါ ဝန်ခံပါတယ်။ တကယ်လို့ ဒီအဆင့်ကိုးဝိညာဉ်သံချပ်ကာသာ မရှိဘူးဆိုရင် အစွမ်းထက်တဲ့ ငါ့ခန္ဓာကြံ့ခိုင်ရေးသိုင်းပညာတွေနဲ့တောင် ငါ အပြင်းအထန် ဒဏ်ရာရသွားနိုင်တယ်။ သာမန်သိုင်းအဆင့်ကိုး သိုင်းပညာရှင်တစ်ယောက်ဆိုရင် ကြိုတင်ပြင်ဆင်မထားဘူးဆိုရင် မင်းလက်ထဲမှာ တကယ်အထိနာသွားနိုင်တယ်"
"ဒါပေမဲ့ မင်းဆီမှာ လျှို့ဝှက်ချီစွမ်းအင် ဘယ်လောက်တောင် ကျန်သေးလို့လဲ။ ငါထင်တာတော့ မင်းဆီမှာ ကုန်သလောက်ဖြစ်နေပြီမဟုတ်လား"
လင်းကျယ်က မထီမဲ့မြင်ဟန်ဖြင့် ပြုံးလိုက်သည်။
"ဒီလိုတိုက်ကွက်မျိုးကို မင်း ဘယ်နှခါလောက် ဆက်သုံးနိုင်ဦးမှာလဲ။ နောက်တစ်ခါတောင် မရနိုင်တော့ဘူးမလား"
"ဒါပေမဲ့ ခန္ဓာကြံ့ခိုင်ရေးသိုင်းပညာတွေကတော့ ခွန်အားကိုပဲ စားသုံးတာ။ မင်း ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မယ်ထင်လဲ"
ကျန်းမုန့်လောင်၏ နောက်ကျောဘက်ရှိ ချီရှို့၏ မျက်နှာအမူအရာကား ပြောင်းလဲသွားသည်။
တကယ်တော့ သိုင်းပညာရပ်တစ်ခုက ပိုအစွမ်းထက်လေလေ လျှို့ဝှက်ချီစွမ်းအင်ကို ပိုစားသုံးလေလေပင်။ ထိုတိုက်ခိုက်မှုက သိုင်းအဆင့်ကိုး သိုင်းပညာရှင်တစ်ယောက်ကိုပင် ချက်ချင်း သတ်ပစ်နိုင်လောက်သည်။ ထိုတိုက်ခိုက်မှုက ကျန်းမုန့်လောင်၏ လျှို့ဝှက်ချီစွမ်းအင်အားလုံးနီးပါးကို ကုန်ခမ်းသွားစေနိုင်ပြီး ယခုအချိန်မှာ မတ်တတ်ရပ်ဖို့ပင် ခက်ခဲနေနိုင်သည်ဟု တွေးမိလိုက်သောအခါ တကယ်ကြောက်စရာကောင်းလှပေသည်။
"ဒါဆို မင်းက ငါတော့သွားပြီလို့ ထင်နေတာလား"
ကျန်းမုန့်လောင်က ခေါင်းစောင်းလိုက်၏။
"မင်းထင်နေတာက မင်းထင်ထားတဲ့အတိုင်း တကယ်ဟုတ်နေတယ်လို့များ ထင်နေတာလား"
လင်းကျယ်ခမျာ ကျန်းမုန့်လောင်၏ စကားများကို နားလည်ရန် ကြိုးစားရင်း ပါးစပ်တွန့်သွားသည်။
"အာ...ချာတိတ် မင်းက ငယ်ပါသေးတယ်"
ကျန်းမုန့်လောင်က ခေါင်းခါလိုက်၏။
"ကောင်းကင်နဲ့မြေကြီးကြီးစိုးသူချီသိုင်းပညာဆိုတာကို မင်း ကြားဖူးလား"
"ကောင်းကင်နဲ့မြေကြီးကြီးစိုးသူချီသိုင်းပညာ ဟုတ်လား။ အဲဒါ ဘာလဲ"
လင်းကျယ်ခမျာ ရုတ်တရက်ဆိုသလို နိမိတ်မကောင်းသည့် ခံစားချက်တစ်ခု ရလိုက်သည်။
"သာမန်သိုင်းပညာရှင်တွေက သူတို့ရဲ့ ဒန်ထျန်ထဲမှာ လျှို့ဝှက်ချီစွမ်းအင်ကို သိမ်းဆည်းကြတယ်။ ဒါပေမဲ့ ဒီကျင့်စဉ်ကတော့ ကောင်းကင်နဲ့မြေကြီးကို ဒန်ထျန်အဖြစ် အသုံးပြုထားတာ။ လူတစ်ယောက်ရဲ့ဒန်ထျန်ထဲက လျှို့ဝှက်ချီစွမ်းအင်က ကုန်ခန်းသွားနိုင်ပေမဲ့ ကောင်းကင်နဲ့မြေကြီးက ဖွဲ့စည်းထားတဲ့ ဒန်ထျန်ကတော့ ဘယ်တော့မှ ကုန်ခန်းသွားမှာမဟုတ်ဘူး"
"ရယ်စရာကောင်းလိုက်တာ.. လောကကြီးမှာ ဒီလောက်ကြီးစိုးခြယ်လှယ်နိုင်တဲ့ ကျင့်စဉ်မျိုး ဘယ်လိုလုပ်ရှိနိုင်မှာလဲ"
လင်းကျယ်သည် ထိုသို့သောအရာမျိုးရှိကြောင်း ယုံကြည်ရန် ငြင်းဆန်နေပေသည်။ ထိုအရာက အလွန်တရာ အစွမ်းထက်လွန်းနေပေမည်။
"မင်း မသိတာနဲ့ပဲ မရှိဘူးလို့ မဆိုလိုဘူး"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ဒါဆိုရင် ငါ မင်းကိုပြမယ်။ ဒါပေမဲ့ အဲဒီအတွက် မင်းဖင်ကို ပေးဆပ်ရလိမ့်မယ်"
"ကောင်းကင်နဲ့မြေကြီးဒန်ထျန် ပွင့်စေ"
ချက်ချင်းဆိုသလိုပင် ကျန်းမုန့်လောင်မှာ လျှို့ဝှက်ချီစွမ်းအင်များကို စုပ်ယူရန် အထူးဖန်တီးထားသည့် စွမ်းအင်စုပ်စက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားဟန်တူပြီး သူ့ခန္ဓာကိုယ်ထဲသို့ မယုံနိုင်လောက်အောင် မြန်ဆန်သော အရှိန်အဟုန်ဖြင့် အဆက်မပြတ် စုစည်းလာသည်။
"ကောင်းကင်နဲ့မြေကြီး ကြီးစိုးသူချီသိုင်းပညာ"မှာ အဆင့်မြင့်စိတ်ကူးယဉ်ကမ္ဘာတစ်ခုမှ အမြင့်ဆုံးအဆင့် ကျင့်စဉ်တစ်ခု ဖြစ်၏။ ထိုဝတ္ထု၏ ကမ္ဘာ့အမြင်အရ ထိုအရာကား တခြားမည်သည့်ပညာရပ်နှင့်မှ ယှဉ်မရသော အစွမ်းအထက်ဆုံး ပညာရပ်ဖြစ်၏။
"ဒါ မဖြစ်နိုင်ဘူး"
လင်းကျယ် မှင်တက်သွားသည်။
"အန္တိမစွမ်းရည်ကို သာမန်တိုက်ကွက်တစ်ခုလို သုံးတယ်ဆိုတာ ဘာအဓိပ္ပာယ်မှန်း မင်းသိလား"
ကျန်းမုန့်လောင်က အပြစ်ကင်းစင်သည့် အပြုံးဖြင့် ပြုံးလိုက်သည်။
"ဒီမာစီယာ"
မျက်စိတစ်မှိတ်အတွင်းမှာပင် လင်းကျယ်၏ ခေါင်းပေါ်တွင် ဧရာမရွှေရောင်ဓားကြီးတစ်လက် ပေါ်လာပြီးနောက် သူ့ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်လေတော့သည်။
လင်းကျယ်ခမျာ သူ့ခေါင်းကို ကာကွယ်ရန် လက်နှစ်ဖက်ကို ကြက်ခြေခတ်ထားလိုက်ပြီး သူ၏ အဆင့်ကိုးဝိညာဉ်သံချပ်ကာနှင့် ခန္ဓာကြံ့ခိုင်ရေးသိုင်းပညာတို့ဖြင့် ထိုတိုက်ခိုက်မှုကို ကာကွယ်နိုင်ခဲ့သော်လည်း ကြီးမားလှသော ရိုက်ခတ်မှုကြောင့် လဲကျသွားခဲ့သည်။
သို့သော် သူ မတ်တတ်မရပ်နိုင်ခင်မှာပင် တတိယမြောက် ရွှေရောင်ဓားကြီးတစ်လက် ထပ်မံထွက်ပေါ်လာသည်။
"မလုပ်နဲ့"
မျှော်လင့်ချက်မဲ့လေသော သူ့အော်ဟစ်သံ မထွက်လာနိုင်ခင်မှာပင် ရွှေရောင်အလင်းတန်းကြီးက ကောင်းကင်ပေါ်မှ ကျဆင်းလာသည်။ ဒီမာစီယာ၏ တရားမျှတမှု ရောက်ရှိလာလေပြီ။
"ဒီမာစီယာ"
"ဘုန်း"
"ဒီမာစီယာ"
"ဘုန်း"
"ဒီမာစီယာ"
"ဘုန်း"
...
စက်သေနတ်တစ်လက်အလား ရွှေရောင်အလင်းတန်းများမှာ လင်းကျယ်ကို အဆက်မပြတ် ရိုက်နှက်နေတော့သည်။ ထိုအချိန်တွင် အစောပိုင်းက ကျန်းမုန့်လောင်ပြောခဲ့သည့် စကားများကို သူ နောက်ဆုံးတွင် နားလည်သွားပုံရသည်။
သူက အန္တိမစွမ်းရည်ကို သာမန်တိုက်ကွက်တစ်ခုလို အမှန်စင်စစ် ရဲရဲဝံ့ဝံ့အသုံးပြုခဲ့ပေသည်။
မြေပြင်ကား အဆက်မပြတ် တုန်ခါနေပြီး မျက်နှာပြင်ပေါ်ရှိ အက်ကွဲကြောင်းများက ပိုမိုရှည်လျားကာ တွင်း၏ အနက်မှာ မီတာဝက်ခန့်မှ တစ်မီတာ၊ နှစ်မီတာ၊ ဆယ်မီတာအထိ နက်သွားပြီး နောက်ဆုံးတွင် ဧရာမချိုင့်ဝှမ်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။
သူ၏ အဆင့်ကိုးဝိညာဉ်သံချပ်ကာသည် အမှန်တကယ် အစွမ်းထက်သော်လည်း မဖျက်ဆီးနိုင်သော အရာတော့ မဟုတ်ပေ။ တိုက်ခိုက်မှုတိုင်းက ထိုအရာကို ချိုင့်ဝင်ပြီး အက်ကွဲသွားစေသည်။ လုံးဝကွဲကြေမသွားသော်လည်း ကြီးမားလှသော ရိုက်ခတ်မှုက သူ့ရင်ဘတ်ကို လေးလံသော သံတူကြီးဖြင့် ထပ်ခါတလဲလဲ ထုနှက်နေသလိုပင်။
လင်းကျယ်၏ ပါးစပ်ထဲက သွေးများသာမက ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများပါ ထွက်ကျလာလေတော့သည်။
"ဖောက်"
နောက်ဆုံးတွင် အဆင့်ကိုးဝိညာဉ်သံချပ်ကာလည်း ဒီမာစီယာ၏ တရားမျှတမှုဖြင့် တိုက်ခိုက်မှုကို မခံနိုင်တော့ဘဲ နောက်ထပ်ရွှေရောင်အလင်းတန်းတစ်ချက်အလက်တွင် လုံးဝကွဲကြေသွားတော့သည်။
လင်းကျယ်၏ ခန္ဓာကြံ့ခိုင်ရေးသိုင်းပညာများက အစွမ်းထက်သော်လည်း အဆင့်ကိုးဝိညာဉ်သံချပ်ကာနှင့် မည်သို့နှိုင်းယှဉ်နိုင်မည်နည်း။ ထို့ပြင် ကျန်းမုန့်လောင်၏ မျက်လုံးထဲတွင် ဤကဲ့သို့သော ခန္ဓာကြံ့ခိုင်ရေးသိုင်းပညာမှာ လမ်းဘေးက အမှိုက်သာသာမျှသာဖြစ်ပြီး သူ့အနေနှင့် ဤအရာထက် ဆယ်ဆမျှ ပိုကောင်းသော ပညာရပ်ကို အလွယ်တကူ ရှာတွေ့နိုင်သည်။
တစ်ဖက်သတ်သတ်ဖြတ်မှုကို ကြည့်ရင်း ချီရှို့၏ မျက်နှာကား တွန့်လိမ်သွားသည်။ ဤမျှပြင်းထန်သော တရစပ်တိုက်ခိုက်မှုများက ကောင်းကင်ဖြိုခွင်းခြင်းပထမအဆင့် သိုင်းပညာရှင်တစ်ယောက်ကိုပင် အကူအညီမဲ့သွားစေနိုင်သည် မဟုတ်ပါလော။ ဤသည်မှာ ဟောကိန်းထုတ်ခံရသည့် မိစ္ဆာမျိုးဆက်၏ စွမ်းအားလေလော။
ယခုအချိန်တွင် ကျန်းမုန့်လောင်လည်း တိုက်ခိုက်မှုကို ရပ်တန့်လိုက်သည်။ လင်းကျယ်ခမျာ ယိုင်တိယိုင်တိုင်ဖြင့် မတ်တတ်ရပ်လာပြီး ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသော မျက်လုံးများဖြင့် ကျန်းမုန့်လောင်ကို ကြည့်လိုက်သည်။
"မင်းရဲ့ကျင့်စဉ်က သိပ်မကောင်းဘူး"
ကျန်းမုန့်လောင်က ဂရုမစိုက်သလို လက်ဝှေ့ယမ်းလိုက်၏။
"ထိပ်တန်းအဆင့်သိုင်းပညာဆိုတာဘာလဲ မင်း သိလား"
လင်းကျယ်က ကျန်းမုန့်လောင် ဘာပြောချင်နေမှန်း သေချာမသိသဖြင့် သူ့ကို စိုက်ကြည့်နေသည်။
"မဟာနေမင်းမိုးကြိုးခန္ဓာ"
ကျန်းမုန့်လောင်၏ အရေပြားပေါ်တွင် လျှပ်စီးကြောင်းများ စီးဆင်းလာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သန့်စင်သော အနုပညာလက်ရာတစ်ခုအလား အလင်းဖောက်ထွင်းနိုင်သော အပြာရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ သူ့သွေးကြောများ၊ ကြွက်သားများ၊ ကိုယ်တွင်းအင်္ဂါများနှင့် ဆဲလ်တိုင်းကပင် နီလာကဲ့သို့ အရောင်အဝါများကို ထုတ်လွှတ်နေသည်။
လင်းကျယ်ခမျာ တွေဝေငေးမောနေသည့် အမူအရာဖြင့် ကျန်းမုန့်လောင်ကို ကြည့်နေလေသည်။
ကျန်းမုန့်လောင်က အမှန်တကယ်ပင် ခန္ဓာကြံ့ခိုင်ရေးသိုင်းပညာရှင်တစ်ယောက် ဖြစ်ပြီး သူ့ပညာရပ်က သူ့ထက်ပင် အများကြီးသာလွန်နေသည်။ ထိုနေရာတွင် ရပ်နေရုံမျှဖြင့် လင်းကျယ်မှာ လွှမ်းမိုးနေသော ဖိအားများကို ခံစားနေရသည်။
"သေစမ်း ခွေးကောင်"
နီလာရောင်လက်သီးတစ်ချက်က လင်းကျယ်၏ ရင်ဘတ်ကို ထုနှက်လိုက်သည်။
လင်းကျယ်၏ ခန္ဓာကိုယ်မှာ အနည်းငယ်တုန်ခါသွားပြီး တစ်ချိန်က ကြေးနီရောင်ဖြစ်နေသော အရေပြားမှာ တဖြည်းဖြည်း မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။
"ဘုတ်"
သူသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး လှုပ်ရှားရန် ခွန်အားလုံးဝမကျန်တော့သလောက်ပင် ဖြစ်သွားချေသည်။
လက်သီးတစ်ချက်တည်းဖြင့် သိုင်းအဆင့်ကိုးခန္ဓာကြံ့ခိုင်ရေးသိုင်းပညာရှင်တစ်ယောက်မှာ လုံးဝ စွမ်းအားမဲ့သွားရလေပြီ။
"ဟက်... ငါ နေ့ခင်းကျား၊ ညနေဆင်၊ ယဲ့ခိုင်တွေကိုတောင် မသုံးရသေးဘူး။ သူက လက်စတုံးသွားပြီ"
ကျန်းမုန့်လောင်က ခေါင်းခါယမ်းပြီး ဆက်ပြောလေသည်။
"စောစောက ငါပြောသလိုပဲ။ ငါ့ဆီကနေ သင်ယူချင်ရင်တော့ မင်းရဲ့ဖင်ကို ရင်းရလိမ့်မယ်"
ဤလောကတွင် တင်ပါးက တင်ပါးဖြစ်နေဆဲပင်။
အခြားသူများက တင်ပါးဖြင့် ရင်းရမည်ဟူသည့် အဓိပ္ပာယ်ကို တွေးတောနေချိန်တွင် ကျန်းမုန့်လောင်သည် လင်းကျယ်၏ နောက်ကျောဘက်သို့ ရောက်နေပြီဖြစ်၏။
"ဧကန္တ..."
ချီရှို့မှာ ကျန်းမုန့်လောင် ဘာလုပ်တော့မည်ကို သဘောပေါက်သွားပုံရသည်။
"မိုးကြိုးဒိုင်း ချီဒိုရီ"
"ကိုယ်ခံပညာလျှို့ဝှက်ချက် - နှစ်တစ်ထောင် သေမင်းတမန်"
...
"အား"
...
နောက်ထပ် တင်ပါးတစ်ခု စတေးခံလိုက်ရပြန်သည်။
"အရမ်းအစွမ်းထက်တာပဲ။ တကယ်မယုံနိုင်စရာပဲ"
ယနေ့ သူ သေစရာမလိုတော့ဘဲ အခြေအနေကို ပြောင်းပြန်လှန်ပြီး ခမ်းနားစွာ တန်ပြန်တိုက်ခိုက်နိုင်ဖို့ အခွင့်အရေးပင် ရနိုင်ပြီဖြစ်ကြောင်း ချီရှို့ သဘောပေါက်သွားသည်။
"အစ်ကိုကျန်း.. ကျွန်တော် ချီရှို့က ကတိတည်ပါတယ်။ ကျွန်တော် တော်ဝင်မြို့တော်ကို ဘေးကင်းကင်းပြန်ရောက်တာနဲ့ ကျွန်တော့်ရဲ့အစ်ကိုတွေက ကျွန်တော့်ကို ထပ်ပြီးအန္တရာယ်ပြုရဲမှာ မဟုတ်တော့ဘူး။ ကျွန်တော် ကျွန်တော့်ရဲ့ အင်အားစုတွေကို စုစည်းပြီး ကျွန်တော့်ရဲ့ စည်းစိမ်တစ်ဝက်ကို ခင်ဗျားကို ခွဲပေးပါ့မယ်။ ပြီးတော့ ကျွန်တော်သာ ဒီမင်းဆက်ရဲ့ အုပ်စိုးသူ ဖြစ်လာခဲ့ရင် လောကကြီးကို ခင်ဗျားနဲ့အတူ မျှဝေပါ့မယ်လို့ ကတိပေးပါတယ်"
"ဒီလောကကြီးကို ငါ စိတ်မဝင်စားပါဘူး။ ငါ့ကို ပိုက်ဆံပဲပေးပါ"
ထိုအချိန်တွင် ကျီမုန့်လည်း တည်ငြိမ်မနေနိုင်တော့ပေ။ အိမ်ရှေ့မင်းသားက သူတို့ကိုကူညီရန် စေလွှတ်ခဲ့သော လူများအားလုံး သနားစရာကောင်းလောက်အောင် အရိုက်ခံလိုက်ရပြီဖြစ်ရာ ယခု သူတို့ ဘာလုပ်နိုင်တော့မည်နည်း။
"တခြားလူတွေအကုန်လုံး သွားလို့ရပေမဲ့ သူကတော့ မရဘူး"
ချီရှို့က ကျီမုန့်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
"အစ်ကိုကျန်း.. ကျွန်တော့်ကို နောက်ထပ် အကူအညီတစ်ခုလောက် ပေးနိုင်မလား။ ဒီလူက ကျွန်တော့်ရဲ့အခြေခံတွေကို ဖျက်ဆီးပြီး ကျွန်တော့်ရဲ့ သစ္စာရှိလက်အောက်ငယ်သားတွေအများကြီးကို သတ်ပစ်ခဲ့တာ။ သူ့ကို ကျွန်တော် အရှင်ဖမ်းချင်တယ်"
"ရပါတယ်"
ကျန်းမုန့်လောင်က ခေါင်းညိတ်လိုက်၏။
"ဒါပေမဲ့ မင်း အပိုကြေးထပ်ပေးရမယ်"
***********************