← Chapters

အခန်း ၁၀၈၄

Vol. 73 Ch. 1084

အခန်း ၁၀၈၄

Vol. 73 Ch. 1084

အခန်း ၁၀၈၄ - ဝိညာဉ်သွေးကြော ဘယ်နှခုလိုချင်လို့လဲ

"သွား မြန်မြန်သွား"

ကျန်းမုန့်လောင်က လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါဖြင့် ချဉ်းကပ်လာသည်ကို မြင်လိုက်ရသောအခါ ကျီမုန့်ခမျာ ထိတ်လန့်တုန်လှုပ်ပြီး ဝိညာဉ်လွင့်မတတ် ဖြစ်သွားသည်။

သူသည် အစကမူ သတ္တမမင်းသားချီရှို့၏လက်အောက်ရှိ စစ်ဗျူဟာမှူးတစ်ယောက် သာ။ ဟောက်ထျန်းတိုက်ကြီးပေါ်တွင် သိုင်းပညာရှင်တစ်ယောက်၏ အခြေခံမှာ ချီသန့်စင်ခြင်းအဆင့်တွင်သာ ရှိသည်။ ချီစွမ်းအင်ကတစ်ဆင့် လျှို့ဝှက်ချီစွမ်းအင်အဖြစ် ပြောင်းလဲသွားလျှင် သိုင်းအဆင့်ကို ရောက်ရှိမည်ဖြစ်ပြီး သူကတော့ ချီသန့်စင်ခြင်းတတိယအဆင့်မှာသာ ရှိသေးသည်။ ဂိုဏ်းတစ်ခုခုက နှစ်အနည်းငယ်လောက်သာ ကျင့်ကြံထားသော အပြင်စည်းတပည့်တစ်ယောက်ပင် ဤအဆင့်ထက် သာလွန်မည်မှာ သေချာသည်။

သူ့အနေနှင့် အစောကပင် ကျန်းမုန့်လောင်၏ နတ်ဘုရားဆန်သော ရဲစွမ်းသတ္တိကို ကိုယ်တိုင်မြင် တွေ့ခဲ့ရသည်။ သိုင်းအဆင့်ရှစ်ကို အသာထားလိုက်ဦး။ အဆင့်ကိုးရှိ လင်းကျယ်လို ဆရာကြီးတစ်ယောက်ပင် သူ့ကို လုံးဝမယှဉ်နိုင်ခဲ့ပေ။ သူ့ဘက်က လူများဆိုလျှင်လည်း သိုင်းအဆင့်ခြောက်သိုင်းပညာရှင်များချည်းဖြစ်ပြီး စကားတစ်ခွန်းပင် မဟရဲကြပေ။ သို့ဖြစ်လေရာ သူက ဘယ်လိုလုပ်ပြီး ဆက်နေရဲတော့မည်နည်း။

"ပြေးမလို့လား"

ကျန်းမုန့်လောင်က လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။

"မဟာကောင်းကင်ဘုံအဆင့်ဆွဲငင်ခြင်း"

ဆွဲငင်အားလှိုင်း ဂယက်ထသွားသည်နှင့် ကျီမုန့်ခမျာ မီတာရာချီအကွာအဝေးကတစ်ဆင့် ကျန်းမုန့်လောင်ဆီသို့ ချက်ချင်းဆွဲခေါ်ခံလိုက်ရသည်။ အခြားလူများကိုတော့ ကျန်းမုန့်လောင် ဂရုမစိုက်အားတော့ပေ။

"မင်းဘာသာမင်း ရှင်းလိုက်တော့"

ကျန်းမုန့်လောင်က ကျီမုန့်ကို မြေပြင်ပေါ်သို့ အသာပစ်ချပေးလိုက်ပြီး ချီရှို့စီရင်ဖို့ ထားခဲ့လိုက်သည်။

"သတ္တမမင်းသား"

ကျီမုန့်ခမျာ မြေပြင်ပေါ်မှာ ဒူးထောက်ပြီး ရှိုက်ကြီးတငင် ငိုကြွေးလိုက်သည်။

"သတ္တမမင်းသား.. ကျွန်တော် ခင်ဗျားအပေါ် သစ္စာရှိခဲ့တာတွေကို ထောက်ထားပြီး ကျွန်တော့်အသက်ကို ချမ်းသာပေးပါ"

"မင်းအသက်ကို ချမ်းသာပေးရမယ် ဟုတ်လား။"

ချီရှို့က အေးစက်စက် လှောင်ရယ်လိုက်သည်။

"မင်း လူတွေကိုဦးဆောင်ပြီး ငါ့ကို လိုက်ဖမ်းတုန်းက ဘာလို့ ငါ့အသက်ကို ချမ်းသာပေးဖို့ မတွေးခဲ့တာလဲ။ မင်း ငါ့ကိုအဆိပ်ခတ်ပြီး ငါ့ဝိညာဉ်သွေးကြောကို ဖျက်ဆီးပစ်တုန်းကရော ဘာလို့ ငါ့အသက်ကို ချမ်းသာပေးဖို့ ထည့်မတွေးခဲ့တာလဲ"

"သတ္တမမင်းသား... ကျွန်တော် အမြင်မှားသွားခဲ့လို့ပါ။ သန်မာတဲ့ ကျောထောက်နောက်ခံတစ်ခုကိုပဲ လိုချင်မိလို့ပါ"

ကျီမုန့်က ကြက်အစာကောက်သလို ခေါင်းကို အဆက်မပြတ်ညိတ်ရင်း တောင်းပန်တိုးလျှိုးလိုက်သည်။

"ကျွန်တော် အခု အိမ်ရှေ့မင်းသားအတွက် အလုပ်လုပ်ပေးနေတာ။ သူက ကျွန်တော့်ကို ယုံကြည်တယ်။ ခင်ဗျား အိမ်ရှေ့စံမင်းသားကို ဖြုတ်ချနိုင်ဖို့ သူ့လျှို့ဝှက်ချက်တွေကို ကျွန်တော် စုံစမ်းပေးပါ့မယ်"

"အခုအချိန်အထိတောင် ဒီလိုစကားမျိုး ပြောနေသေးတာလား"

ချီရှို့က သူ့ကို မြေပြင်ပေါ် လဲကျသွားအောင် ကန်ထုတ်လိုက်၏။

"မင်းလို သစ္စာမရှိတဲ့ အခွင့်အရေးသမားမျိုးကို ငါက ဘယ်လိုလုပ်ပြီး ဆက်သုံးရဲတော့မှာလဲ"

ချီရှို့၏ဝိညာဉ်သွေးကြောက ဖျက်ဆီးခံရပြီး ကျင့်ကြံမှုများ ဆုံးရှုံးသွားခဲ့ရသော်လည်း ​ပိန်ချုံးနေသော ကုလားအုတ်က မြင်းထက် ကြီးပါသေးသည်။ ငယ်စဉ်ကတည်းက လေ့ကျင့်လာခဲ့သဖြင့် လျှို့ဝှက်ချီစွမ်းအင်များ မရှိလျှင်ပင် သူ့ခန္ဓာကိုယ်ကြံ့ခိုင်မှုက ချီသန့်စင်ခြင်းစတုတ္ထ သို့မဟုတ် ပဉ္စမအဆင့်ရှိ လူများကို ယှဉ်ပြိုင်နိုင်သည်။ ကျီမုန့်လို လူစားမျိုးက သူ့အတွက် ဘာမှမပြောပလောက်ပေ။

"အစ်ကိုကျန်း... ကျွန်တော့်ကို လက်နက်တစ်ခုလောက် ငှားနိုင်မလား"

"ဒီတစ်ခုကိုတော့ မင်း ကိုင်နိုင်မှာမဟုတ်ဘူး"

ကျန်းမုန့်လောင်က ဧရာမဓားကြီးကို ပြန်သိမ်းလိုက်ပြီး သေသပ်လှပသော ဓားမြှောင်တိုတစ်လက်ကို ထုတ်ပေးလိုက်၏။

"ဒါ မင်းအတွက်"

"ကျေးဇူးတင်ပါတယ်"

ချီရှို့က ဓားမြှောင်တိုကို လှမ်းယူလိုက်သော်လည်း ကိုင်ကြည့်လိုက်သည့်အခါ ဤအရာကား သာမန်သံထည်မဟုတ်ကြောင်း သိလိုက်ရသည်။ ဤအရာမှာ အမှန်တကယ်ပင် အဆင့်ရှစ်ဝိညာဉ်လက်နက် ဖြစ်နေပေသည်။

ကြီးမားကျယ်ပြန့်လှသော သူတို့၏ ရွှေစင်မင်းဆက်တစ်ခုလုံးတွင် အဆင့်ရှစ်ဝိညာဉ်လက်နက်များကို သွန်းလုပ်နိုင်သူအရေအတွက်မှာ လက်နှစ်ဖက်နှင့် ရေတွက်၍ရနိုင်သော်လည်း ကျန်းမုန့်လောင်ကတော့ ဤသို့သောလက်နက်မျိုးကို အသာပေးပစ်လိုက်သည်။

"အစ်ကိုကျန်း... ဒါက အရမ်းတန်ဖိုးကြီးလွန်းလို့ ကျွန်တော် မယူရဲဘူး"

"ယူဆိုရင် ယူလိုက်စမ်းပါ။ ဘာလို့ မိန်းကလေးတစ်ယောက်လို တွန့်ဆုတ်နေတာလဲ"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"ဒါ ငါ့ဆီမှာရှိတဲ့ အစုတ်ဆုံးလက်နက်ပဲ"

"အဆင့်ရှစ်ဝိညာဉ်လက်နက်က ခင်ဗျားဆီမှာ အစုတ်ဆုံးလက်နက် ဟုတ်လား"

ချီရှို့၏ မျက်ဆန်များက နောက်တစ်ကြိမ် ပြူးကျယ်သွားရပြန်သည်။

"ဒါဆိုရင်တော့ ကျွန်တော် အားမနာတော့ဘူး"

ချီရှို့က ကျီမုန့်ကို စိုက်ကြည့်လိုက်ပြီးနောက် ထိန်းချုပ်မရသော သတ်ဖြတ်လိုသည့် အရှိန်အဝါများ ထွက်ပေါ်လာသည်။

အေးစက်စက်အလင်းတန်းတစ်ခု လက်ခနဲဖြစ်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ခေါင်းတစ်လုံး ပြုတ်ကျသွားတော့သည်။

ချီရှို့ သက်ပြင်းအရှည်ကြီး ချလိုက်သည်။ ဤသည်မှာ သူ့ကိုယ်သူနှင့် သူ့သစ္စာရှိလက်အောက်ငယ်သားများအတွက် လက်စားချေလိုက်ခြင်းပင်။

"ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ"

ကျန်းမုန့်လောင်က မေးလိုက်သည်။

"မင်းပြောတဲ့ အိမ်ရှေ့စံမင်းသားက မင်းကို ဒီအတိုင်းလွှတ်ထားမှာ မဟုတ်ဘူးထင်တယ်"

"ကျွန်တော် တော်ဝင်မြို့တော်ကိုသွားဖို့ စီစဉ်ထားတယ်"

ချီရှို့က ပြောလိုက်သည်။

"တော်ဝင်မြို့တော်မှာပဲ ကျွန်တော့်အစ်ကိုက ကျွန်တော့်ကို ဘာမှမလုပ်ရဲမှာ။ ကျွန်တော့်မှာ ရွှေစင်မင်းဆက်တစ်ခွင်လုံးမှာ ပျံ့နှံ့နေတဲ့ မဟာမိတ်ဟောင်းတွေ အများကြီးရှိသေးတယ်။ လိုအပ်တဲ့အချိန်ဆိုရင် သူတို့တွေက ကျွန်တော့်ကို ကူညီဖို့ တော်ဝင်မြို့တော်ကို အရောက်လာကြမှာ သေချာတယ်"

"ဘာလဲ။ တိုက်ခိုက်ဖို့ စီစဉ်နေတာလား"

ကျန်းမုန့်လောင်က စိတ်လှုပ်ရှားနေသော အမူအရာကို ပြသလိုက်သည်။

"ငါက အတိုက်အခိုက်ကို အကြိုက်ဆုံးပဲ။ ငါ့ကိုပါ ခေါ်သွား"

"ကျွန်တော့်အစ်ကိုကြီးက သိုင်းအဆင့်ရဲ့ကိုးခုမြောက်အဆင့်ကို ရောက်နေပြီဗျ။ ကျွန်တော်က သူ့ကို ဘယ်လိုလုပ်ပြီး အနိုင်တိုက်နိုင်မှာလဲ"

ချီရှို့က ခပ်မဲ့မဲ့ပြုံးပြီး ပြောလိုက်သည်။

"ဒါဆို မင်းက ဘာသွားလုပ်မှာလဲ။ ပစ္စည်းသွားပို့မလို့လား"

"ခမည်းတော်က မကြာခင် ထီးမွေဆက်ခံမယ့်သူကို ရွေးချယ်တော့မယ်။ သူက ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ကျင့်ကြံရေး၊ ဆက်ဆံရေးကွန်ရက်နဲ့ အုပ်ချုပ်မှုစွမ်းရည်တွေအပေါ် မူတည်ပြီး အကဲဖြတ်မှာ။ ကျွန်တော့်မှာလည်း မျှော်လင့်ချက် မရှိတာတော့ မဟုတ်ပါဘူး"

"မင်းတို့ရွှေစင်မင်းဆက်က အခုလို ဒုက္ခိတဖြစ်နေတဲ့ မင်းကို ဧကရာဇ်အဖြစ် တကယ်ရွေးချယ်မှာတဲ့လား"

ကျန်းမုန့်လောင်က ပွင့်ပွင့်လင်းလင်း တုံ့ပြန်လိုက်သည်။

ချီရှို့ခမျာ ချက်ချင်းဆိုသလိုပင် ခါးသီးစွာ ပြုံးလိုက်မိသည်။ ကျန်းမုန့်လောင်၏ စကားများက ဆူးလို စူးရှသော်လည်း အမှန်တရားပင်။ သူ့တွင် ကျယ်ပြန့်သော ဆက်ဆံရေးများနှင့် ထူးချွန်သော အုပ်ချုပ်မှုစွမ်းရည်များ ရှိသော်လည်း ချီရှို့ကိုယ်တိုင် သိပ်ယုံကြည်ချက်မရှိလှပေ။

လုံလောက်သောစွမ်းအားမရှိလျှင် ချီရှို့အနေနှင့် ရွှေစင်မင်းဆက်အတွင်းရှိ အင်အားစုများစွာကို အထူးသဖြင့် ဂိုဏ်းဂဏအင်အားစုများကို နှိမ်နင်းနိုင်မည်မဟုတ်ပေ။

သူ့ရွယ်တူများထဲတွင် ရွှေစင်မင်းဆက်၏ ဆက်ခံသူတစ်ယောက်အနေနှင့် သူသည် အခြားလူများအားလုံးထက် သာလွန်နေရမည်။

ယခုအချိန်ထိ မင်းဆက်တစ်ခုလုံး၏ အစွမ်းထက်သော ဂိုဏ်းများထဲက မျိုးဆက်သစ်လူငယ်များအကြား သိုင်းအဆင့်ကိုးကို ရောက်နေသူများ အများကြီးရှိနေလေပြီ။ အကယ်၍ တော်ဝင်မိသားစုတွင် ဤသို့သောပါရမီရှင်မျိုး မရှိပါက သက်ကြီးမျိုးဆက်များ တဖြည်းဖြည်း ကွယ်လွန်သွားပြီးနောက် အာဏာသိမ်းမှု ဖြစ်လာနိုင်ခြေ အလွန်များသည်။

"အစ်ကိုကျန်း သိလား... ကျွန်တော့်မှာ အစတုန်းက ဝိညာဉ်သွေးကြောနှစ်ခုရှိခဲ့တာ။ ကျွန်တော့်ရဲ့ လျှို့ဝှက်ချီစွမ်းအင် ကျင့်ကြံမှုအရှိန်က သာမန်လူထက် နှစ်ဆမက မြန်ခဲ့တယ်။ ရွှေစင်မင်းဆက်က ကျွန်တော်နဲ့ရွယ်တူ အထက်တန်းလွှာတွေ ချီလေ့ကျင့်ခြင်းအဆင့်မှာပဲ ရှိနေတုန်းက ကျွန်တော်က သိုင်းအဆင့်ကို ရောက်နေပြီ။ ဒါပေမဲ့ အခုတော့..."

"ဪ... ဝိညာဉ်သွေးကြောနှစ်ခုလား။ အဲဒီပါရမီကတော့... မဆိုးဘူးလို့ပဲ ပြောရမှာပေါ့"

မဆိုးဘူး ဟုတ်လား။

ချီရှို့ခမျာ ကူကယ်ရာမဲ့သော အမူအရာကို ပြသလိုက်သည်။ ပုံမှန်အားဖြင့် သိုင်းပညာရှင်တစ်ယောက်တွင် ဝိညာဉ်သွေးကြောတစ်ခုသာ ရှိတတ်သည်။ နှစ်ခုရှိခြင်းမှာ ရာစုနှစ်တစ်ခုတွင် တစ်ယောက်သာပေါ်မည့် ပါရမီရှင်မျိုးပင်။ ရွှေစင်မင်းဆက်ကို အသာထား။ တိုက်ကြီးတစ်ခုလုံးတွင် ကြည့်လျှင်ပင် ဤသို့သောလူမျိုးမှာ ထူးထူးခြားခြား ထက်မြက်သူပင်။

ရံဖန်ရံခါ တချို့လူများမှာ ဝိညာဉ်သွေးကြောသုံးခုအထိ ရှိတတ်ကြပြီး ဤသည်မှာ ပုံမှန်မဟုတ်သော အခြေအနေပင်။

ဒဏ္ဍာရီများအရ တစ်ချိန်က တိုက်ကြီးပေါ်တွင် ဝိညာဉ်သွေးကြောခုနစ်ခုရှိသော လူတစ်ယောက် ရှိခဲ့ဖူးသည်။ သူ့ကျင့်ကြံမှုအရှိန်က ကြောက်စရာကောင်းလောက်အောင် မြန်ဆန်ခဲ့သည်ဟု ဆို၏။ ယခုဆိုလျှင် သူသည် ကျော်ကြားလှသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေလေပြီ။

"တကယ်တော့ ငါ မင်းရဲ့ဝိညာဉ်သွေးကြောကို ပြန်ကောင်းအောင် ကူညီပေးလို့ရတယ်"

"ဘာပြောလိုက်တယ်"

ချီရှို့က ဝမ်းသာအားရ အော်ဟစ်လိုက်ပြီး ကျန်းမုန့်လောင်၏ လက်များကို ဆုပ်ကိုင်ကာ ပြောလိုက်လေသည်။

"ကျွန်တော့်ရဲ့ ဝိညာဉ်သွေးကြောကို ပြန်ပြင်ပေးနိုင်တယ်လို့ ခင်ဗျား ပြောလိုက်တာလား"

"မင်းက ကြက်တူရွေးလား"

ကျန်းမုန့်လောင်က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်၏။

"အဲဒါက အဲဒီလောက်ခက်ခဲလို့လား"

"ဒါပေါ့။ အရမ်းခက်တာပေါ့"

ချီရှို့သည် ရွှေစင်မင်းဆက်အတွင်းရှိ နာမည်ကြီး သမားတော်အားလုံးကို ရှာဖွေခဲ့ပြီး နာမည်ကျော် ဆေးဖော်စပ်သူတစ်ဦးကိုပင် အကူအညီတောင်းခဲ့ဖူးသော်လည်း ဝမ်းနည်းစရာကောင်းသည်မှာ ထိုဆေးဖော်စပ်သူမှာ သက်ပြင်းချ၍ ခေါင်းခါရုံသာ တတ်နိုင်ခဲ့သည်။

ဝိညာဉ်သွေးကြောကို ပြုပြင်သည့် နည်းလမ်းများက လုံးဝမကြားဖူးခြင်းမျိုးတော့ မဟုတ်ပါချေ။ ရှေးခေတ်တုန်းက ဝိညာဉ်သွေးကြောကို ပြုပြင်ပေးနိုင်ရုံသာမက ပိုမိုကောင်းမွန်အောင် မြှင့်တင်ပေးနိုင်သည့် ဆေးဖော်စပ်နည်းများပင် ရှိခဲ့ဖူးသည်။ ထိုဆေးက ကျင့်ကြံသည့်အခါတွင် အားစိုက်ထုတ်မှုကို တစ်ဝက်သက်သာစေပြီး နှစ်ဆခန့် ပိုမိုထိရောက်စေသည်။

ပိုလွန်ကဲသည့် ရှေးဟောင်းဖော်စပ်နည်းအချို့ဆိုလျှင် သိုင်းပညာရှင်များကို ဝိညာဉ်သွေးကြောအသစ်များပင် ထပ်တိုးပေးနိုင်လေသည်။ ထိုအရာကား ကောင်းကင်ဘုံကို ဆန့်ကျင်သည့် လုပ်ရပ်မျိုးပင်။

"ဒုန်း"

ကျန်းမုန့်လောင်က ဆေးဖော်စပ်သည့် အိုးတစ်လုံးကို မြေပြင်ပေါ်သို့ ချလိုက်ပြီး ဝိညာဉ်ဆေးဘက်ဝင်အပင်အမြောက်အမြားကို သွန်ချလိုက်သည်။ ထိုအရာအားလုံးမှာ ထူးရှယ်နတ်ဘုရားကျောင်းတော်ရှိ ပန်းဝိညာဉ်များတွင် သူကိုယ်တိုင် စိုက်ပျိုးထားသောအရာများ ဖြစ်၏။

"မဟာဝိညာဉ်မြက် အနည်းဆုံးသက်တမ်းနှစ်နှစ်ရာကျော်"

"မင်တိမ်တိုက်အမြစ်...တကယ်ရှားတယ်။ ပြီးတော့ ဒါက အနီရောင်မင်တိမ်တိုက်အမြစ်ပဲ။ ဆေးဘက်ဝင်အပင်တွေရဲ့ဘုရင်"

"ဝိညာဉ်ခိုင်မာစေတဲ့ နှလုံးသားသစ်သီး"

ချီရှို့၏မျက်လုံးများက အဖြူရောင်သစ်သီးတစ်လုံးဆီက မခွာနိုင်တော့ပေ။ သမားတော်များကို သွားပြတုန်းက ဤသည်မှာ ဝိညာဉ်သွေးကြောကို ပြုစုပျိုးထောင်ပေးနိုင်သော နတ်ဘုရားအဆင့် ပစ္စည်းတစ်ခုဖြစ်ကြောင်း သူ့ကို ပြောပြခဲ့ဖူးသော်လည်း ထိုအရာကား တိုက်ကြီးပေါ်တွင် မျိုးသုဉ်းလုနီးပါး ဖြစ်နေချေပြီ။ ရှာတွေ့ခဲ့လျှင်ပင် သူ့ဝိညာဉ်သွေးကြောကို ပြန်လည်ကောင်းမွန်စေဖို့အတွက် ရှေးဟောင်းဆေးဖော်စပ်နည်းနှင့် ပေါင်းစပ်အသုံးပြုရမည်ဖြစ်၏။

သူရှာဖွေခဲ့သည်မှာ သုံးနှစ်ကျော်ပြီဖြစ်သော်ငြား ဘာသဲလွန်စမှ ရှာမတွေ့ခဲ့ပေ။

သို့သော် ကျန်းမုန့်လောင်၏ လက်ထဲတွင်မူ ဤပစ္စည်းများက အလွယ်တကူရှိနေလေသည်။

"ခင်ဗျား... အစ်ကိုကျန်း... ခင်ဗျားက အဂ္ဂိရတ်ပညာရှင်တစ်ယောက်လား"

ချီရှို့က တအံ့တသြရေရွတ်လိုက်သည်။ ဟောက်ထျန်းတိုက်ကြီးပေါ်တွင် အဂ္ဂိရတ်ပညာရှင်တစ်ယောက် ဖြစ်လာရန်မှာ အလွန်တရာစည်းကမ်းတင်းကျပ်လှသော်လည်း သူတို့၏အဆင့်အတန်းကတော့ မိုးထိအောင် မြင့်မားလှသည်။

"သိသာနေတာပဲ မဟုတ်ဘူးလား။ ငါ ဆေးမဖော်ရင် ဒီနေရာမှာ မင်းအတွက် ထမင်းချက်ပေးနေမှာမလို့လား"

ကျန်းမုန့်လောင်က သူ့မှတ်ဉာဏ်ထဲက ဆေးဖော်စပ်နည်းစာလိပ်တစ်ခုကို ထုတ်ယူလိုက်၏။

"ရှာတွေ့ပြီ"

"ဘာရှာတွေ့တာလဲ"

"မင်းရဲ့ဝိညာဉ်သွေးကြောကို ပြန်ကောင်းအောင် လုပ်ပေးမယ့် ဆေးဖော်စပ်နည်းပေါ့"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"မင်း ဝိညာဉ်သွေးကြောဘယ်နှခုလိုချင်လဲ"

**********************

All Chapters