အခန်း ၁၀၈၅
Vol. 73 Ch. 1085
အခန်း ၁၀၈၅ - ဒါက အစပဲ ရှိသေးတယ်
"ဝိညာဉ်သွေးကြော ဘယ်နှခုလိုချင်လဲ"
ဤမေးခွန်းက ချီရှို့ကို လုံးဝခေါင်းရှုပ်သွားစေသည်။
ဒါက သူကိုယ်တိုင် ဆုံးဖြတ်လို့ရတဲ့ ကိစ္စမျိုးလား။ တကယ်လို့သာ ရမယ်ဆိုရင်တော့ များလေ ပိုကောင်းလေပေါ့။
"မင်းဘာသာမင်းပဲ ကြည့်လိုက်တော့"
ကျန်းမုန့်လောင်က ဆေးဖော်စပ်နည်းပါသော စာလိပ်တစ်ခုကို ထုတ်ယူပြီး သူ့ဆီကို ပစ်ပေးလိုက်သည်။
ချီရှို့က တုန်ယင်နေသော လက်များဖြင့် ဖမ်းယူလိုက်သည်။ ထိုအရာကား လေဆာပရင်တာနှင့် ပရင့်ထုတ်ထားသည့် စက္ကူဖြူတစ်ရွက်ပင်။
အမည် : လျှို့ဝှက်ဝိညာဉ်ဆေးလုံး
အဆင့် : ကောင်းကင်အဆင့်ဝိညာဉ်ဆေးလုံး
အာနိသင် : အခြေခံပျက်စီးသွားတဲ့ သိုင်းပညာရှင်တွေ သူတို့ရဲ့ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်ဖို့ ကူညီပေးပြီး သိုင်းပညာရှင်တစ်ယောက်ရဲ့ ပါရမီပါတဲ့ ဝိညာဉ်သွေးကြောတွေနဲ့ အရိုးအဆစ်တွေကို တိုးတက်ကောင်းမွန်လာစေမယ့် အခွင့်အလမ်းကို မြှင့်တင်ပေးပါတယ်။ တိကျတဲ့ အာနိသင်တွေကတော့ ဆေးဖော်စပ်သူရဲ့ ဆေးဖော်စပ်မှုအဆင့်အပေါ် မူတည်ပါတယ်။
ပါဝင်ပစ္စည်းများ : ဝိညာဉ်ခိုင်မာစေသော နှလုံးသားသစ်သီး၊ နှစ်တစ်ထောင်သစ်မည်း၊ မိုးမခရွက်နှလုံးသား၊ နက်ဗျူလာမြက်...
ဆေးဖော်စပ်နည်းပါသော စာလိပ်ကို ကြည့်ပြီးနောက် ချီရှို့၏အမူအရာကား တဖြည်းဖြည်း ရူးသွပ်သွားသလို ဖြစ်သွားသည်။
"အစ်ကိုကျန်း... ခင်ဗျားသာ ဒီဆေးကို ဖော်စပ်ပေးနိုင်မယ်ဆိုရင် ကျွန်တော့်ရဲ့စည်းစိမ်အားလုံးနဲ့ လဲဖို့လည်း ဝန်မလေးပါဘူး"
"အဲဒီလိုလုပ်စရာမလိုပါဘူး"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"မင်းတို့ရဲ့ တော်ဝင်မြို့တော်ကိုရောက်ရင် ငါ့ကို လိုက်ပြပေး။ စားစရာ၊ နေစရာနဲ့ ပျော်စရာလေးတွေ စီစဉ်ပေးရင်ပဲ လုံလောက်ပါပြီ"
ထိုသို့ပြောပြီးနောက် သူက စကားဆက်မပြောတော့ဘဲ ထူးဆန်းသော မီးတောက်တစ်ခုနှင့် ဆေးဘက်ဝင်အပင်များကို စတင်သန့်စင်လေတော့သည်။
"ဒီမီးတောက်က..."
ချီရှို့လည်း ကျန်းမုန့်လောင်၏ လက်ထဲရှိ ခရမ်းရောင်မီးတောက်ကို ကြည့်လိုက်သည်။
"ဒါက သာမန်လျှို့ဝှက်ချီမီးတောက် မဟုတ်တာ တော့သေချာတယ်"
ပုံမှန်အားဖြင့် အဂ္ဂိရတ်ပညာရှင်များတွင် သဘာဝစွမ်းအင်ပါသော ဝိညာဉ်သွေးကြောများ ရှိတတ်ကြသည်။ မီးဒြပ်စင်နှင့် သစ်သားဒြပ်စင်နှစ်ခုစလုံး ပါဝင်သူများသာ အဂ္ဂိရတ်ပညာရှင်တစ်ယောက် ဖြစ်လာရန် အခွင့်အရေးရှိသည်။
ထို့ကြောင့် အဂ္ဂိရတ်ပညာရှင်တစ်ယောက် ဖြစ်လာရန် အခြေခံလိုအပ်ချက်မှာ အနည်းဆုံး ဝိညာဉ်သွေးကြောနှစ်ခု ရှိရမည်သာ။
ဤသတ်မှတ်ချက်တစ်ခုတည်းဖြင့်တင် လူအယောက်၉၉.၉၉ရာခိုင်နှုန်းကို ဖယ်ရှားနိုင်၏။ မီးနှင့် သစ်သားဝိညာဉ်သွေးကြောနှစ်ခုစလုံး ရှိဖို့ဆိုသည်မှာ ပို၍ပင် ရှားပါးလှသည်။
ယခင်တုန်းက ချီရှို့၏ ဝိညာဉ်သွေးကြောနှစ်ခုက သစ်သားဒြပ်စင်နှင့် သတ္တုဒြပ်စင်ဖြစ်သောကြောင့် သူ့လျှို့ဝှက်ချီစွမ်းအင် ပြန်လည်ပြည့်ဝနှုန်းက သာမန်လူများထက် သာလွန်ပြီး သူ့တိုက်ခိုက်မှုများကလည်း အလွန်ပြင်းထန်ကြမ်းကြုတ်ခဲ့သည်။
မီးသဘာဝဝိညာဉ်သွေးကြောကို ပိုင်ဆိုင်ထားခြင်းမှာ လျှို့ဝှက်ချီစွမ်းအင်ကို လျှို့ဝှက်ချီမီးတောက်အဖြစ် ပြောင်းလဲနိုင်သည်။ ဤသည်မှာ အဂ္ဂိရတ်ပညာရှင်တစ်ယောက်၏ အခြေခံစွမ်းရည်ပင်။
သို့သော် တချို့အဂ္ဂိရတ်ပညာရှင်များက ဤသာမန်လျှို့ဝှက်ချီမီးတောက်ကို အသုံးပြုရုံဖြင့် အားမရကြဘဲ သူတို့၏ လျှို့ဝှက်ချီမီးတောက်များကိုး ပိုမိုအားကောင်းလာစေရန် သဘာဝအတိုင်း ဖြစ်တည်နေသော မီးတောက်အချို့ကို စုဆောင်းတတ်ကြသည်။ မီးတောက်က ပိုအစွမ်းထက်လေလေ ပိုရှားပါးပြီး ရရှိဖို့ ပိုခက်ခဲလေလေပင်။
ကျန်းမုန့်လောင်၏ မီးတောက်မှာ သာမန်လျှို့ဝှက်ချီမီးတောက် မဟုတ်သည်မှာ သေချာပေသည်။
ဆေးဘက်ဝင်အပင်များက သန့်စင်မှုမြင့်မားသော ဆေးရည်အဖြစ် အမြန်သန့်စင်သွားသည်။ ကျန်းမုန့်လောင်သည် ချီရှို့ တစ်ခါမှ မကြားဖူးလောက်သော အမြန်နှုန်းဖြင့် ဆေးလုံးပုံကြမ်းကို စတင်ဖွဲ့စည်းတော့သည်။
ဆေးလုံးများကို အဆင့်ကိုးဆင့် ခွဲခြားထားပြီး အဆင့်ကိုး၏အထက်တွင်မူ ကောင်းကင်ဘုံအဆင့် ရှိသည်။ ဟောက်ထျန်းတိုက်ကြီးပေါ်တွင် ကောင်းကင်ဘုံအဆင့် ဆေးဖော်စပ်နည်း ထွက်ပေါ်လာခဲ့သည်ဟူသော မှတ်တမ်းမျိုး မရေမတွက်နိုင်သည့် နှစ်ပေါင်းများစွာအတွင်းမှာပင် မရှိခဲ့ပေ။ အဆင့်ရှစ် သို့မဟုတ် အဆင့်ကိုးဆေးလုံးများ ပေါ်ထွက်လာလျှင်ပင် အလွန်ရှားပါးလှသဖြင့် လူအများကို အုတ်အော်သောင်းတင်း ဖြစ်သွားစေနိုင်သည်။
ဤကောင်းကင်ဘုံအဆင့်ဆေးလုံးက ဖော်စပ်ဖို့အတွက် မိနစ်ဆယ်ဂဏန်းလောက်သာ အချိန်ယူခဲ့ရပေသည်။ ထို့ပြင် တစ်ကြိမ်တည်းဖြင့် ဆေးလုံး သုံးလုံး ထွက်လာခဲ့သည်။
မွှေးပျံ့လှသောရနံ့များ ပျံ့နှံ့လာပြီး ထိုရနံ့၏ ပြုစုပျိုးထောင်မှုအောက်ဝယ် ညှိုးနွမ်းနေသော ချီရှို့၏ ဝိညာဉ်သွေးကြောများပင် ပြန်လည်လန်းဆန်းလာမည့် လက္ခဏာများ ပြသလာသည်။
"ဒါ တကယ်မယုံနိုင်စရာပဲ"
ချီရှို့ခမျာ ဆေးလုံးကို ချက်ချင်းမျိုချချင်နေသည့် စိတ်ဆန္ဒကို ခဲယဉ်းစွာဖိနှိပ်ထားပြီး ကျန်းမုန့်လောင်အတွက် ပြီးပြည့်စုံသော ဆေးဖော်စပ်ရေးပတ်ဝန်းကျင်တစ်ခုကို ထိန်းသိမ်းပေးဖို့ ကြိုးစားနေချေသည်။
တစ်နာရီကြာသွားပြီးနောက် ရုတ်တရက်ဆိုသလိုပင် ကောင်းကင်ယံဝယ် ထူထပ်သော တိမ်မည်းများ ဖုံးလွှမ်းလာသည်။
"ဒီဆေးလုံးက ကောင်းကင်အတိဒုက္ခမိုးကြိုးတွေကိုတောင် ခေါ်ယူနိုင်တာလား"
ချီရှို့က ကောင်းကင်ကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေပေသည်။ သိုင်းပညာရှင်များအတွက်မူ ကောင်းကင်ဖြိုခွင်းခြင်းအဆင့်ကို ထိုးဖောက်ကျော်လွန်သောအခါ အဓိကအဆင့်တစ်ခုကို တက်လှမ်းတိုင်း ကောင်းကင်အတိဒုက္ခမိုးကြိုးများကို ခံနိုင်ရည်ရှိရပေမည်။ ဤသည်မှာ အသက်နှင့်ရင်းရသော စမ်းသပ်မှုတစ်ခု ဖြစ်လေ့ရှိ၏။ ဤဆေးလုံးက ထိုမျှအထိ သဘာဝတရားကို ဆန့်ကျင်နိုင်လိမ့်မည်ဟု မထင်ထားပေ။
"အစ်ကိုကျန်း သတိထား"
"စိတ်မပူပါနဲ့။ ငါ့ကို မပစ်ရဲပါဘူး"
ကျန်းမုန့်လောင်က ဆေးလုံးဖွဲ့စည်းမှုကို ဆက်လက်ထိန်းချုပ်ရင်း ကျန်လက်တစ်ဖက်တွင် ငွေရောင်တူကြီးတစ်လက် ပေါ်လာသည်။
အံ့အားသင့်နေသော ချီရှို့၏ အကြည့်များအောက်ဝယ် ကျန်းမုန့်လောင်က တူကြီးကို ဝှေ့ယမ်းကာ ကောင်းကင်ကို အော်ဟစ်လိုက်သည်။
"လာစမ်း။ သတ္တိရှိရင် ငါ့ကိုပစ်လိုက်စမ်းပါ။ ငါ့ကို လာထိကြည့်စမ်း"
"အစ်ကိုကျန်း... အဲလိုလုပ်လို့မရဘူးလေ"
ချီရှို့လည်း ကျန်းမုန့်လောင်ကို တားဆီးဖို့ ကြိုးစားလိုက်သည်။
မိုးကြိုးတိမ်တိုက်က အသက်မရှိသော်ငြား ဉာဏ်ရည်ရှိပြီး ကမ္ဘာမြေ၏အလိုဆန္ဒကတစ်ဆင့် ဖွဲ့စည်းထားခြင်းဖြစ်၏။ သူ့တွင် ကိုယ်ပိုင်အလိုဆန္ဒရှိပြီး တွေးတောနိုင်သလို ဒေါသလည်း ထွက်တတ်သည်။ ကျန်းမုန့်လောင်၏ လုပ်ရပ်များက သက်သက်ရန်စနေသလို ဖြစ်နေပေသည်။
သူ့လုပ်ရပ်များကြောင့် မိုးကြိုးတိမ်တိုက်သာ ဒေါသထွက်သွားလျှင် သိုင်းပညာရှင်များ နတ်ဘုရားဖြိုခွင်းခြင်းအဆင့်ကို ထိုးဖောက်ချိန်မှသာ ရင်ဆိုင်ရလေ့ရှိသော ကောင်းကင်အတိဒုက္ခမိုးကြိုးများကို ပစ်ချလိုက်နိုင်သည်။ ထိုအခါ မိုင်သောင်းဂဏန်းပတ်ပတ်လည် မီးလောင်ပြင်ကြီး ဖြစ်သွားနိုင်သည်။
သို့သော် ခဏအကြာတွင်မူ ချီရှို့၏မျက်လုံးများ ပြူးထွက်မတတ် ဖြစ်သွားချေသည်။
ကျန်းမုန့်လောင်၏ သတိပေးချက်ကို ကြားပြီးနောက် ကောင်းကင်ပေါ်ရှိ တိမ်တိုက်များက မျက်စိရှေ့တင် ပါးလွှာလာပြီး နောက်ဆုံးတွင်မူ ကြည်လင်နေသော မူလအခြေအနေသို့ ပြန်ရောက်သွားတော့သည်။
"မင်းနေရာမင်းသိတာ ကောင်းတယ်"
ကျန်းမုန့်လောင်က သော်၏မိုးကြိုးတူကို ပြန်သိမ်းလိုက်၏။
"မသိရင်တော့ မိုးကြိုးတူရဲ့အရသာကို မြည်းစမ်းရမှာပဲ"
"အစ်ကိုကျန်းရဲ့တူက သာမန်မဟုတ်ဘူးပဲ"
ကျန်းမုန့်လောင်၏ တူကြီးပေါ်တွင် လျှပ်စီးများလက်နေကြောင်း ချီရှို့ သတိထားမိလိုက်သည်။ ထိုလျှပ်စီး၏စွမ်းအားက ကောင်းကင်ပေါ်ရှိ အတိဒုက္ခမိုးကြိုးထက် နည်းနည်းမှအားနည်းပုံမရပေ။
ဤတူကြီးက ကောင်းကင်အတိဒုက္ခမိုးကြိုးကို ခြောက်လှန့်လိုက်သလိုပင်။
အော်ဟစ်လိုက်ရုံဖြင့် ကောင်းကင်အတိဒုက္ခမိုးကြိုးကို ပျံ့လွင့်သွားစေခြင်းမှာ အခြားလူများကို ပြန်ပြောပြလျှင်ပင် ယုံကြမည်မဟုတ်ချေ။ တချို့ဆိုလျှင် သူ့ကို အရူးဟုပင် သမုတ်ကြလိမ့်မည်။
မိုးကြိုးတိမ်တိုက်များ လွင့်သွားပြီးနောက် ဆေးလုံးကလည်း နောက်ဆုံးတွင် ပြီးစီးသွားချေသည်။ တစ်လုံးတည်းမဟုတ်ဘဲ သုံးလုံးပင်။
အကယ်၍ ဆေးဖော်စပ်နည်းထဲတွင် ဖော်ပြထားသည့်အတိုင်း ဤဆေးလုံးအကြောင်း အခြားသူများသာ သိသွားမည်ဆိုပါက အသေအကြေတိုက်ပွဲကြီးတစ်ခု ဖြစ်သွားနိုင်ပြီး အနီးပတ်ဝန်းကျင်ရှိ တိုင်းပြည်များပင် ပါဝင်ပတ်သက်လာနိုင်လောက်သည်။
"ဖမ်း"
ကျန်းမုန့်လောင်က ဆေးတစ်လုံးကို ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်ပြီးနောက် ကျန်ဆေးနှစ်လုံးကို ငေးကြည့်နေမိသည်။ မည်သို့ပင်ဖြစ်စေ သူ့ပါရမီအမြစ်များကို မြှင့်တင်ရန် ဤအရာများကို မလိုအပ်ပါချေ။ သူ့ပါရမီက ဘယ်အမြစ်များထက်မဆို အများကြီးသာလွန်နေသည်။
"အစ်ကိုကျန်း... ဒါကို တကယ်ကြီး ကျွန်တော့်ကိုပေးတာလား"
ချီရှို့က တုန်ယင်နေသော လက်နှစ်ဖက်ဖြင့် လျှို့ဝှက်ဝိညာဉ်ဆေးလုံးကို ကိုင်ထားသည်။ သူ မျိုမချရသေးသော်လည်း ဤဆေးလုံး၏ ရင်သပ်ရှုမောဖွယ်ကောင်းသော အာနိသင်များကို မျက်လုံးထဲ မြင်ယောင်နေမိသည်။
"ဘာလို့လဲ။ အဆိပ်ပါမှာ ကြောက်လို့လား။ ငါ ပျားရည်နည်းနည်း ရောထည့်ထားတယ်။ အချိုအရသာလေးတောင် ပါသေးတယ်"
"အဲဒီလိုမဟုတ်ပါဘူး။ ဒီပစ္စည်းက အရမ်းတန်ဖိုးကြီးလွန်းလို့... ကျွန်တော် တကယ်ပဲ..."
"မင်း အားနာနေတယ်ဆိုရင်လည်း အချိန်ကျရင် ငါ့ကို အစားအသောက်ကောင်းကောင်းလေး ကျွေးပေါ့"
"ဟားဟားဟား.. တော်ဝင်မြို့တော်ကို ရောက်တာနဲ့ အစ်ကိုကျန်း ဘယ်လိုအစားအသောက်ကောင်းမျိုး စားချင်စားချင် ကျွန်တော်စီစဉ်ပေးမယ်"
ချီရှို့လည်း တွန့်ဆုတ်မနေတော့ဘဲ ဆေးလုံးကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။
ပတ်ဝန်းကျင်ရှိ လျှို့ဝှက်ချီစွမ်းအင်များက မျက်စိဖြင့်မြင်နိုင်သော လေဆင်နှာမောင်းလေးများအဖြစ် ဖွဲ့စည်းသွားပြီး ချီရှို့၏ ဒန်ထျန်ထဲကို စီးဝင်ကာ မမြင်ရသော အင်အားတစ်ရပ်က သူ့ခန္ဓာကိုယ်ကို လေထဲသို့ မြှောက်တင်သွားသည်။
အစွမ်းထက်လှသော အင်အားတစ်ရပ်က သူ့ခြေလက်များနှင့် အရိုးများကို ဆေးကြောပေးနေသည့်အလား သူ့အရေပြားက သွေးကဲ့သို့ နီရဲသော အရောင်ကို ထုတ်လွှတ်နေသည်။
သူ့ဝမ်းဗိုက်တွင် ပြင်းထန်သော နာကျင်မှုတစ်ခု ပေါက်ကွဲထွက်လာသော်ငြား ချီရှို့ခမျာ ဤစွမ်းအားအောက်တွင် ကျိုးပဲ့နေတဲ့ သူ့ဝိညာဉ်သွေးကြောနှစ်ခု ခိုင်မာအားကောင်းစွာ ပြန်လည်ရှင်သန်လာသည်ကို ခံစားလိုက်ရသည်။
မိနစ်အနည်းငယ်ကြာပြီးနောက် သူ့ဝိညာဉ်သွေးကြောများ ပြန်လည်ကောင်းမွန်လာပြီး ယခင်ကထက်ပင် ပိုမိုသန်စွမ်းဝေဆာလာသည်။
သို့သော် ဤသည်မှာ အစသာ ရှိသေးသည်။ တတိယမြောက်ဝိညာဉ်သွေးကြောတစ်ခု သူ့ဒန်ထျန်ထဲတွင် ထွက်ပေါ်လာခဲ့လေပြီ။
"မီးဒြပ်စင်ဝိညာဉ်သွေးကြော"
ချီရှို့က သူ့စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပေ။ ဝိညာဉ်သွေးကြောသုံးခုက သူ့ကျင့်ကြံမှုအရှိန်ကို မြှင့်တင်ပေးမည့်အပြင် သူ့တိုက်ခိုက်မှုများလည်း ပိုမိုအစွမ်းထက်လာပေတော့မည်။
"စတုတ္ထတစ်ခု.. သစ်သားဒြပ်စင်ဝိညာဉ်သွေးကြောထွက်လာပြီ"
ချီရှို့၏တစ်ကိုယ်လုံး တုန်ယင်လာသည်။ ဝိညာဉ်သွေးကြောလေးခုဆိုသည်မှာ အံ့ဖွယ်ဖြစ်နေလေပြီ။ သူ့အနေနှင့် အဂ္ဂိရတ်ပညာရှင်တစ်ယောက်ပင် ဖြစ်လာနိုင်သေးသည်။
"ငါးခုမြောက်... ရေဒြပ်စင်ဝိညာဉ်သွေးကြော"
"ခြောက်ခုမြောက်... မြေဒြပ်စင်"
ဒြပ်စင်မပါသည့် ဝိညာဉ်သွေးကြောတစ်ခုကလွဲ၍ သတ္တု၊ သစ်သား၊ ရေ၊ မီး နှင့် မြေ ဟူသော ဒြပ်စင်ငါးပါးစလုံး သူ့တွင် ဆုံသွားလေပြီ။
"ဝိညာဉ်သွေးကြောခြောက်ခုတောင်မှ... အစ်ကိုကျန်း... ဒါက အမတဆေးများလား"
"ဒီလောက်နဲ့ပဲ မင်း ကျေနပ်နေပြီလား"
ကျန်းမုန့်လောင်က ရယ်မောလိုက်၏။
"ဒါက အစပဲ ရှိသေးတယ်"
သူ ကျေနပ်ရောင့်ရဲနေချိန်မှာပင် နောက်ထပ် ဝိညာဉ်သွေးကြောတစ်ခု ထပ်ထွက်လာခဲ့ပြန်သည်။
********************