အခန်း ၁၀၈၆
Vol. 73 Ch. 1086
အခန်း ၁၀၈၆ - လွှင့်ပစ်လိုက်ရရင် နှမြောစရာကြီး
"ခုနစ်ခုမြောက်ဝိညာဉ်သွေးကြော"
ဝိညာဉ်သွေးကြော ထွက်ပေါ်လာချိန်တွင် ခန္ဓာကိုယ်ရှိ စူးရှသော နာကျင်မှုများကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ချီရှို့၏ ခန္ဓာကိုယ်တစ်ခုလုံး စိတ်လှုပ်ရှားလွန်း၍ တဆတ်ဆတ်တုန်ယင်နေသည်။
သိုင်းပညာရှင်အများစု၏ ဝိညာဉ်သွေးကြောများမှာ သဘာဝအထူးပြုစွမ်းအင်များ မပါဝင်ကြပါဘဲ အရည်အသွေးကွာခြားမှုလောက်သာ ရှိတတ်ကြသည်။ ထူးကဲလှသော ပါရမီရှင်တချို့သာ အထူးသဘာဝစွမ်းအင်များပါသည့် ဝိညာဉ်သွေးကြောများကို ပိုင်ဆိုင်ကြသည်။
ဝိညာဉ်သွေးကြောတစ်ခုတည်းသာ ပိုင်ဆိုင်သော သိုင်းပညာရှင်၉၉ရာခိုင်နှုန်းမှာ သဘာဝအထူးပြုစွမ်းအင် မပါဝင်ကြပါဘဲ ယေဘုယျအားဖြင့် ဝိညာဉ်သွေးကြောနှစ်ခုရှိသူများသာ ဤသို့သော အထူးသဘာဝစွမ်းအင်ပါသည့် ဝိညာဉ်သွေးကြောများ ရှိတတ်ကြသည်။
သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့် မြေဟူသော ဒြပ်စင်ငါးပါးကတော့ အတွေ့အများဆုံးဖြစ်ပြီး ယခုလိုသဘာဝစွမ်းအင်ပါသည့် ဝိညာဉ်သွေးကြောများက သိုင်းပညာရှင်များကို သိသာထင်ရှားသော တိုးတက်မှုများ ပေးစွမ်းနိုင်သည်။
သတ္တုစွမ်းအင်ဟာ ပြင်းထန်ပြီး သန်မာကာ တိုက်ခိုက်မှုနှင့် ကာကွယ်မှုနှစ်မျိုးစလုံးအတွက် အစွမ်းထက်လှသည်။
သစ်သားစွမ်းအင်ပါသော သိုင်းပညာရှင်များကတော့ အဆင့်တူသိုင်းပညာရှင်များထက် လျှို့ဝှက်ချီစွမ်းအင် ပြန်လည်ပြည့်ဝနှုန်း ပိုမြန်ဆန်ပြီး သူတို့၏ ပြင်ပဒဏ်ရာများကလည်း အမြန်ဆုံး သက်သာပျောက်ကင်းလေ့ရှိသည်။
မီးစွမ်းအင်က အလွန်ပြင်းထန်ကြမ်းကြုတ်ပြီး လျှို့ဝှက်ချီစွမ်းအင်တိုက်ခိုက်မှုများတွင် မီးလောင်ကျွမ်းစေသည့် အာနိသင်များပင် ပါဝင်လာနိုင်သေးသည်။
မြေစွမ်းအင်ကတော့ ထူထဲခိုင်မာပြီး ခံနိုင်ရည်အား ကောင်းရုံသာမက နာလန်ထူနိုင်စွမ်းပါ မြင့်မားလှသည်။
ရေစွမ်းအင်ကမူ နူးညံ့ပြီး ဇွဲရှိကာ အချိန်ကြာမြင့်သော တိုက်ပွဲများတွင် ထူးချွန်လေ့ရှိသည်။
ဤဒြပ်စင်ငါးပါးကလွဲလျှင် တစ်ခါတလေ အလွန်ရှားပါးလှသော ဝိညာဉ်သွေးကြောစွမ်းအင်အချို့ ထွက်ပေါ်လာတတ်ပြီး တစ်ခုချင်းစီတိုင်းက မယုံနိုင်လောက်အောင် အစွမ်းထက်ကြသည်။ သို့သော် လူသန်းပေါင်းရာဂဏန်းတွင် တစ်ယောက် သို့မဟုတ် နှစ်ယောက်လောက်သာ ပေါ်ထွက်လာလေ့ရှိပြီး ပေါ်ထွက်လာသည်နှင့် အင်အားစုအားလုံးမှာ လုယက်စရာပစ်မှတ်များ ဖြစ်သွားတတ်ကြသည်။
ရုတ်ခြည်းပင် ချီရှို့၏ခန္ဓာကိုယ်အနှံ့ဝယ် ကျဉ်စိမ့်စိမ့်ခံစားမှုတစ်ခု ပျံ့နှံ့သွားပြီး သူ့ခန္ဓာကိုယ်ပေါ်တွင် သာမန်မျက်စိဖြင့် မြင်နိုင်သော လျှပ်စီးကြောင်းများ ထွက်ပေါ်လာလေတော့သည်။
ထို့နောက်တွင်မူ လျှပ်စီးကြောင်းများ၏ ပြင်းအားက ပိုများလာပြီး သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားပြီးနောက် သူ့ကို တောက်ပနေသော အပြာရောင်စက်လုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားစေသည်။
"သောက်ကျိုးနည်း... စက်လုံးပုံလျှပ်စီးလား"
ကျန်းမုန့်လောင်က ဤမြင်ကွင်းကို မှတ်တမ်းတင်ရန် သူ့ကင်မရာကို အမြန်ထုတ်ယူလိုက်သည်။ သူ ကမ္ဘာမြေသို့ ပြန်ရောက်လျှင် ဤအရာကို မှတ်တမ်းရုပ်ရှင်တစ်ခုပင် လုပ်နိုင်သည်။
မကြာခင်မှာပင် စွမ်းအင်များက ပြင်းထန်စွာ ပေါက်ကွဲထွက်လာတော့သည်။ ကြောက်မက်ဖွယ်ကောင်းသောစွမ်းအင်များ ပါဝင်သည့် မိုးကြိုးနှင့်လျှပ်စီးများက ပတ်ဝန်းကျင်ရှိ အရာအားလုံးကို မှုန့်မှုန့်ညက်ညက် ကြေမွသွားစေပြီး မြေပြင်ပေါ်တွင် မီးကျွမ်းနေသော အရာများကို ချန်ရစ်ထားခဲ့သည်။
"ဘုရားရေ... ဒါက ဗို့အားတစ်သိန်းလို့ခေါ်တဲ့ ဟောက်ထျန်းလျှပ်စစ်ဓာတ်အားပေးစက်ရုံ လူသားပီကာချူးပဲ"
ကျန်းမုန့်လောင်က ထိုလျှပ်စီးကြောင်းများကို သူ့ဆီသို့ လာမှန်ခွင့်ပေးထားလိုက်သည်။ သာမန် သိုင်းအဆင့်ရှစ် သိုင်းပညာရှင်တစ်ယောက်ကို သတိလစ်သွားစေနိုင်လောက်သည့် လျှပ်စစ်အားက သူ့အတွက်တော့ ဇိမ်ကျကျ နှိပ်နယ်ပေးနေသလိုပင်။
ဤမိုးကြိုးမုန်တိုင်းက မိနစ်အနည်းငယ်ခန့်ကြာသွားပြီးမှသာ ချီရှို့လည်း တဖြည်းဖြည်းဖြင့် ပုံမှန်အခြေအနေသို့ ပြန်ရောက်လာသည်။
သူ့မျက်နှာပေါ်တွင် ထိန်းချုပ်မရသော ဝမ်းသာပျော်ရွှင်မှုများ ပြည့်လျှံနေသည်။
မိုးကြိုးနှင့် လျှပ်စီးဒြပ်စင်စွမ်းအင်ပါသော ဝိညာဉ်သွေးကြောဆိုသည်မှာ ဝိညာဉ်သွေးကြောများအားလုံးထဲတွင် တိုက်ခိုက်မှုပိုင်းဆိုင်ရာ၌ အစွမ်းအထက်ဆုံးအဖြစ် အသိအမှတ်ပြုခံထားရသည်။
သူသည် မီးဒြပ်စင်စွမ်းအင်၏ အစွမ်းထက်လှသော တိုက်ခိုက်မှုစွမ်းရည်ကို ပိုင်ဆိုင်ထားရုံသာမက မယုံနိုင်လောက်အောင် ကြောက်စရာကောင်းသည့် ထိုးဖောက်နိုင်စွမ်းလည်း ရှိသေးသည်။ သာမန်လက်နက်များနှင့် လျှို့ဝှက်ချီတိုက်ခိုက်မှုများကို ကာကွယ်နိုင်သည့် သံချပ်ကာများကပင် မိုးကြိုးနှင့် လျှပ်စီးများ၏ တိုက်ရိုက်ထိုးဖောက်မှုကို ခံရပြီး ရန်သူကို တိုက်ခိုက်နိုင်စွမ်းရှိသည်။
လျှပ်စီး၏ ထုံကျင်သွားစေသည့် အာနိသင်က ပြိုင်ဘက်များကို တိုက်ခိုက်နိုင်စွမ်း အလျင်အမြန်ဆုံးရှုံးသွားစေနိုင်သောကြောင့် ဤသို့သောတိုက်ပွဲများမှာ အလွန်တရာ မျှတမှုမရှိပေ။
"နေဦး။ မပြီးသေးဘူး"
ချီရှို့၏ ဝမ်းသာပျော်ရွှင်မှုများ မဆုံးခင်မှာပင် ပတ်ဝန်းကျင်အပူချိန်က ရုတ်တရက် ထိုးကျသွားပြီး လေထဲရှိ ရေခိုးရေငွေ့များပင် တောက်ပသော ရေခဲပွင့်လေးများအဖြစ် ပြောင်းလဲသွားလေတော့သည်။
"ရေခဲဒြပ်စင်စွမ်းအင်ပါတဲ့ ဝိညာဉ်သွေးကြောလား။ ရှစ်ခုရှိပြီ"
ရေခဲဒြပ်စင်စွမ်းအင်က မိုးကြိုးနှင့် လျှပ်စီးလောက် ကြောက်မက်ဖွယ်မကောင်းသော်လည်း သာမန်ဝိညာဉ်သွေးကြောများထက်တော့ အများကြီး သာလွန်နေသေးသည်။
အပူချိန်ကျဆင်းမှုမှာ သိုင်းပညာရှင်တစ်ယောက်၏ လျှို့ဝှက်ချီစွမ်းအင်လှုပ်ရှားမှုကို အားနည်းသွားစေနိုင်သည်။ လုံလောက်သော အစွမ်းသာရှိမည်ဆိုပါက ပြိုင်ဘက်၏ သွေးများကိုပင် ခဲသွားစေနိုင်လေရာ လူမသိသူမသိ သတ်ဖြတ်နိုင်လောက်သည်အထိ စွမ်းဆောင်နိုင်သည်။
"ဝိညာဉ်သွေးကြောရှစ်ခုတောင်မှ... ငါ့မှာ ဝိညာဉ်သွေးကြောရှစ်ခုတောင် ရှိသွားပြီ"
ဟောက်ထျန်းတိုက်ကြီး၏ ဒဏ္ဍာရီများထဲရှိ အတော်ဆုံးပုဂ္ဂိုလ်မှာပင် ဝိညာဉ်သွေးကြောခုနစ်ခုသာ ရှိသည်။ ယခုဆိုလျှင် ထိုပုဂ္ဂိုလ်က ကောင်းကင်ဖြိုခွင်းခြင်းအဆင့်နှင့် လျှို့ဝှက်ဖြိုခွင်းခြင်းအဆင့်များကို ကျော်လွန်ပြီး နတ်ဘုရားဖြိုခွင်းခြင်းအဆင့်သုံးဆင့်၏ အထွတ်အထိပ်ကိုပင် ရောက်နေပြီဟု ဆိုကြသည်။ ဤသည်မှာ စွမ်းအား၏ အမြင့်ဆုံးအထွတ်အထိပ်ပင်။
"ငါ့ကျင့်ကြံမှု"
ချီရှို့၏ မျက်နှာပေါ်ဝယ် ပိုဝမ်းသာသွားသော အမူအရာများ ပေါ်လာခဲ့သည်။
ဆေးလုံး၏ စွမ်းအင်ကြောင့် အချည်းနှီးဖြစ်သွားခဲ့ရသော သူ့ကျင့်ကြံမှုများက အပြည့်အဝ ပြန်လည်ကောင်းမွန်လာရုံသာမက ပို၍ပင် တိုးတက်လာပုံရသည်။ ယခုဆိုလျှင် သူသည် သိုင်းအဆင့်ခုနစ် သိုင်းပညာရှင်တစ်ယောက် ပြန်ဖြစ်လာခဲ့လေပြီ။
ဝိညာဉ်သွေးကြောရှစ်ခုနှင့်ဆိုပါက သိုင်းအဆင့်ရှစ် သိုင်းပညာရှင်တစ်ယောက်ကို အသာလေး အနိုင်ယူနိုင်ပြီး ဝိညာဉ်သွေးကြောရှစ်ခုက သူ့ကျင့်ကြံမှုအရှိန်ကို အဆပေါင်းများစွာ ပိုမြန်လာစေလိမ့်မည်။ လုံလောက်သော အရင်းအမြစ်များသာ ရှိမည်ဆိုပါက သုံးနှစ်အတွင်းမှာပင် ကောင်းကင်ဖြိုခွင်းခြင်းအဆင့်ကို ရောက်နိုင်ကြောင်း သူ ယုံကြည်မှုအပြည့် ရှိပေသည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုကျန်း။ ဒီနေ့ အစ်ကိုကျန်း အသက်ကယ်ပေးခဲ့တာရော ကံကောင်းခြင်းတွေ ဖန်တီးပေးခဲ့တဲ့ကျေးဇူးကိုရော ချီရှို့ တစ်သက်လုံးမှတ်ထားပါ့မယ်"
ချီရှို့က ကျန်းမုန့်လောင်ရှေ့တွင် ဒူးထောက်ကာ ခေါင်းငုံ့ပြီး အရိုအသေပေးလိုက်သည်။
ယနေ့ကစပြီး သူ့ကံကြမ္မာမှာ ပြောင်းပြန်ဖြစ်သွားရုံသာမက ယခင်က ဘယ်သူမှ မရောက်ဖူးသေးသော အမြင့်ကိုပင် တက်လှမ်းနိုင်ပြီဖြစ်ကြောင်း သူ သိသည်။
"မင်းက ငါ့ကို အစ်ကိုလို့ခေါ်နေမှတော့ ဒီလောက်အထိ ယဉ်ကျေးနေစရာမလိုပါဘူး"
ကျန်းမုန့်လောင်က လက်ကို အနည်းငယ်မြှောက်လိုက်လေရာ တိုက်ခိုက်ရေးချီစွမ်းအင်လှိုင်းတစ်ခုကြောင့် သူ့ကို မြေပြင်ပေါ်က ပင့်မလိုက်သည်။
"မင်းတို့ရဲ့တော်ဝင်မြို့တော်ကို ရောက်ရင်တော့ ငါ့ကို အပျော်အပါးနဲ့ အစားအသောက်ကောင်းကောင်းတွေသာ စီစဉ်ပေး"
ကျန်းမုန့်လောင် သူ့ကိုတွဲမထူရလေအောင် ချီရှို့ အစွမ်းကုန်ကြိုးစားပြီး တားဆီးခဲ့သော်လည်း ကျန်းမုန့်လောင်ကတော့ ဘာအတားအဆီးမှ မရှိသလို ခံစားနေရသောကြောင့် ချီရှို့၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုလှိုင်းလုံများ ဆူပွက်လာသည်။
ထို့ပြင် ဝိညာဉ်သွေးကြောအများအပြား ပိုင်ဆိုင်ထားခြင်းမှာ သိုင်းပညာရှင်တစ်ယောက်အနေနှင့် ဝိညာဉ်သွေးကြောတစ်ခုတည်းရှိသူများအပေါ် သဘာဝအရ လွှမ်းမိုးနိုင်စွမ်းရှိစေသော်လည်း ကျန်းမုန့်လောင်အပေါ်တွင်မူ မည်သို့သော ဖိနှိပ်နိုင်သည့်စွမ်းအားကိုမှ မခံစားစေသည့်အပြင် သူ့ဘက်ကသာ လွှမ်းမိုးထားသော ဖိအားကြီးတစ်ခုကို ခံစားနေရသည်။
ယခု သူကိုယ်တိုင်ပင် ဝိညာဉ်သွေးကြောရှစ်ခုကို ပိုင်ဆိုင်ထားပြီဖြစ်သော်လည်း ကျန်းမုန့်လောင်၏အမူအရာက အသေးအမွှားကိစ္စလေးတစ်ခုလို ဘာမှပြောင်းလဲမသွားကြောင်း သတိထားမိလိုက်သည်။
သူ ပေါ့ပေါ့ပါးပါး ဖော်စပ်လိုက်သည့် ဆေးလုံးလေးက တစ်ချိန်က ဝိညာဉ်သွေးကြောပျက်စီးနေသော ချီရှို့ကို ယခင်က မရှိခဲ့ဖူးသော အထူးပါရမီရှင်တစ်ယောက်အဖြစ် ပြောင်းလဲပေးခဲ့သည်။ သို့ဆိုပါက သူ၏ကိုယ်ပိုင်ပါရမီက ဘယ်လောက်ကြောက်စရာကောင်းနေလိမ့်မလဲ။
"သူ့မှာ နတ်ဘုရားခန္ဓာကိုယ်များ ရှိနေတာလား"
ရုတ်ခြည်းပင် လက်တွေ့မဆန်သော အတွေးတစ်ခု ချီရှို့၏ခေါင်းထဲ ဝင်လာခဲ့သည်။ ထိုအတွေးကား သူတို့ရွှေစင်မင်းဆက်၏ ရှေးဟောင်းကျမ်းစာများထဲတွင် မှတ်တမ်းတင်ထားသော အယူအဆတစ်ခု ဖြစ်၏။ အသေးစိတ်ဖော်ပြချက်များ မရှိသော်လည်း ဤခန္ဓာကိုယ်ဖွဲ့စည်းပုံက ဝိညာဉ်သွေးကြောများထက်ပင် သာလွန်သည်။
နတ်ဘုရားခန္ဓာကိုယ်ဆိုသည်မှာ တစ်ခုတည်းသာရှိပြီး သွေးသားဆက်ခံမှုကတစ်ဆင့် လက်ဆင့်ကမ်းလာခြင်းဖြစ်၏။ နတ်ဘုရားခန္ဓာကိုယ်အသစ်တစ်ခု ထွက်ပေါ်လာခြင်းမှာ အဟောင်းတစ်ခု ကျဆုံးသွားခြင်းကို ကိုယ်စားပြုသည်။ တကယ်တော့ တိုက်ကြီးတစ်ခုလုံးတွင် ခေတ်တစ်ခေတ်အတွင်း ဤသို့သောတည်ရှိမှုမျိုး အနည်းငယ်လောက်သာ ရှိနိုင်သည်။ အားလုံးကလည်း တိုက်ကြီးပေါ်ရှိ ထိပ်တန်းအင်အားစုများ၏ အဓိကပုဂ္ဂိုလ်များချည်းသာ ဖြစ်ကြသည်။
"ထပ်လိုချင်သေးလား"
ကျန်းမုန့်လောင်က ကျန်နေသေးသည့် ဝိညာဉ်ဆေးလုံးနှစ်လုံးကို ကမ်းပေးလိုက်သည်။
"အစ်ကိုကျန်း... ဒီလောက်တန်ဖိုးကြီးတဲ့ ပစ္စည်းမျိုးကို ကျွန်တော် တစ်လုံးယူထားတာတောင်မှ အားနာလှပြီ"
ချီရှို့က ပြုံးလျက် ပြောလိုက်သည်။
"ရိုးရိုးသားသားပြောရရင် လောကကြီးကို လွှမ်းမိုးနိုင်တဲ့ ဒီအာနိသင်မျိုးနဲ့ဆိုရင် လေလံပွဲမှာ တစ်လုံးလောက် ရောင်းလိုက်ရင်တောင် မင်းဆက်တော်တော်များများက သူတို့ရဲ့ စည်းစိမ်တွေအကုန်ပုံပြီး လုဝယ်ကြမှာ သေချာတယ်"
"မလိုချင်ရင်လည်း နေပေါ့"
ကျန်းမုန့်လောင်က လမ်းဘေးသို့ လွှင့်ပစ်တော့မည့်ဟန်ဖြင့် လက်ဆန့်ထုတ်လိုက်သည်။
ချီရှို့ ဆွံ့အသွားရသည်။ သူက သည်လောက်အထိ လက်ဖွာတတ်သူလား။ ဤဆေးလုံးနှစ်လုံးက မင်းဆက်ပေါင်းဆယ်ဂဏန်းမကထက် ပိုတန်ဖိုးကြီးကြောင်း သူ မသိလေသလား။
"ဘာပဲဖြစ်ဖြစ် လွှင့်ပစ်လိုက်ရရင် နှမြောစရာကြီး"
ကျန်းမုန့်လောင်က သူ့လက်ကို ရပ်တန့်လိုက်သည်။
"ဟုတ်သားပဲ"
ကျန်းမုန့်လောင်က ထူးရှယ်နတ်ဘုရားကျောင်းတော်ကို ဖွင့်လိုက်လေသည်။
"ဝမ်ချိုင်... အာဂူမွန်... အစာစားချိန်ရောက်ပြီဟေ့"
ကျန်းမုန့်လောင်၏ ဘေးနားတွင် သတ္တဝါနှစ်ကောင်က ဘယ်ကဘယ်လိုထွက်လာမှန်းမသိလိုက်ဘဲ ပေါ်လာသောကြောင့် ချီရှို့ခမျာ လန့်ဖျပ်ပြီး သတိလစ်မတတ် ဖြစ်သွားရသည်။
သိုလှောင်ရေးလက်စွပ်များလို နေရာလွတ် သိုလှောင်ရေးကိရိယာများထဲတွင် သက်ရှိများကို သိမ်းဆည်းထား၍မရကြောင်း လူတိုင်းသိကြသည်။ ကျန်းမုန့်လောင်ထံတွင် လျှို့ဝှက်ချက်ဘယ်လောက်များများ ရှိနေလေသလဲ။
"ဝုတ် ဝုတ် ဝုတ်"
ဝမ်ချိုင်က ကျန်းမုန့်လောင်၏ ဘောင်းဘီစကို စိတ်အားထက်သန်စွာဖြင့် လျှာနှင့်လျက်လိုက်သည်။
"ဘော့စ်.. ပစ္စည်းကောင်းတွေ ထပ်ရပြန်ပြီလား"
အာဂူမွန်ကလည်း ကျန်းမုန့်လောင်၏ လက်ထဲရှိ ဆေးလုံးက ထိပ်တန်းအဆင့်ဖြစ်ကြောင်း အာရုံခံမိသဖြင့် နှုတ်ခမ်းသပ်လိုက်သည်။
အဆင့်ခုနစ်သက်ရှိဖြစ်သော ဝမ်ချိုင်ကသာ ပျင်းရိပြီး ထူးရှယ်နတ်ဘုရားကျောင်းတော်ရှိ ကျောင်းသားများနှင့် တစ်ချိန်လုံးကစားမနေပါက အဆင့်ရှစ်သက်ရှိအဖြစ်ကိုပင် ရောက်နေလောက်ပြီ ဖြစ်၏။
ထို့ပြင် အာဂူမွန်က ယခုဆိုလျှင် အဆင့်ရှစ်သက်ရှိများ၏ အထွတ်အထိပ်ဖြစ်သော ထိပ်တန်းအဆင့် နဂါးမျိုးနွယ်စုဟုခေါ်သော စက်ရုပ်တိုင်ရန်နိုဆောရပ်စ်သားရဲအဖြစ်ပင် ဆင့်ကဲပြောင်းလဲနိုင်နေချေပြီ။
"မိစ္ဆာသားရဲလား"
ချီရှို့ အာဂူမွန်ကို စိုက်ကြည့်နေမိသည်။ ပုံမှန်အားဖြင့် ကောင်းကင်ဖြိုခွင်းခြင်းအဆင့်အထက်ရှိ မိစ္ဆာသားရဲများကသာ လူအသွင်ပြောင်းပြီး စကားပြောနိုင်သည်။ သို့သော် ဤမိစ္ဆာသားရဲက သိုင်းတတိယအဆင့်လောက်သာ ရှိပုံရသော်ငြား စကားပြောနိုင်နေပြီတဲ့လား။ ဤသည်မှာ ဘယ်လိုမျိုးဆက်လေလဲ။
ထို့ပြင် နောက်တစ်ကောင်ကရော ဘာလို့ ငါ့အိမ်တော်က အစောင့်ခွေးနဲ့ သွားတူနေရတာလဲ။
"ရော့ ယူလိုက်"
ကျန်းမုန့်လောင်က ဆေးလုံးနှစ်လုံးကို သူတို့၏ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။
"အယ် ဒါက..."
ချီရှို့၏နှုတ်ခမ်းအစုံကား တွန့်လိမ်သွားသည်။ သူသည် နတ်ဘုရားဆေးလုံးများကို မိစ္ဆာသားရဲအား ကျွေးရုံသာမက ခွေးကိုပါ ကျွေးလိုက်လေသလား။
အဲဒါနဲ့များ နှမြောစရာကြီးလို့ ပြောထွက်သေးတယ်နော်...
********************