← Chapters

အခန်း ၁၀၈၇

Vol. 73 Ch. 1087

အခန်း ၁၀၈၇

Vol. 73 Ch. 1087

အခန်း ၁၀၈၇ - လောကကြီးမှာ ဒီလိုနတ်ဘုရားအဆင့်ပစ္စည်းတွေလည်း ရှိတာလား

ချီရှို့က ဝမ်ချိုင်နှင့် အာဂူမွန်တို့ကို သတိထားပြီး ကြည့်လိုက်သည်။ သူကိုယ်တိုင် ဝိညာဉ်ဆေးလုံးကို ယခုလေးတင် စားသုံးထားသည်ဖြစ်ရာ ဤဆေးလုံးမှာ ဘယ်လိုစွမ်းအားမျိုး ပါဝင်လဲဆိုသည်ကို သိသည်။ ခန္ဓာကြံ့ခိုင်ရေးအဆင့်ရှိ သိုင်းပညာရှင်တစ်ယောက်ပင် ထိုစွမ်းအင်များကြောင့် ပေါက်ကွဲထွက်သွားနိုင်သည်ဟု ဆိုနိုင်၏။

ဤသို့သော စွမ်းအင်ရိုက်ခတ်မှုကို သူ ခံနိုင်ရည်ရှိရသည့် အကြောင်းအရင်းမှာ သူ့လျှို့ဝှက်ချီစွမ်းအင်များက ကုန်ခမ်းနေခဲ့သော်ငြား သူ့ခန္ဓာကိုယ်က သိုင်းအဆင့်ရှစ်တွင် ရှိနေဆဲဖြစ်သောကြောင့် မနည်းတောင့်ခံနိုင်ခဲ့ခြင်းပင်။

မိစ္ဆာသားရဲတစ်ကောင်အနေနှင့် မူလကတည်းက သန်မာသော ခန္ဓာကိုယ်ကြောင့် စွမ်းအင်ကို ခံနိုင်ရည်ရှိသည်ဟု ဆိုစေဦးတော့။ သို့သော် ခွေးတစ်ကောင်က ဆေးလုံးတစ်လုံးကို စားသုံးလိုက်ခြင်းကတော့ နည်းနည်းလွန်လွန်းလှသည်။ ဤသည်မှာ ဘယ်လိုခွေးမျိုးစိတ်လေလဲ။ မိစ္ဆာသားရဲများ ဖြစ်နေလေမလား။

ခဏကြာပြီးနောက် ဆေးလုံးနှစ်လုံးက အာနိသင်ပြလာချေပြီ။

ဝမ်ချိုင့်ဆီက ဟိန်းဟောက်သံ ထွက်ပေါ်လာသည်နှင့် သူ့ခန္ဓာကိုယ်က ရုတ်တရက်ဖောင်းကားလာပြီး သာမန်ခွေးအရွယ်အစားမှ မီတာဆယ်ဂဏန်းကျော် မြင့်သော ဧရာမခွေးကြီးတစ်ကောင်အဖြစ် ကြီးထွားလာခဲ့သည်။ သူ့အမွေးများကလည်း ချက်ချင်းပင် နှင်းလိုဖြူဖွေးသွားပြီး မျက်လုံးများကတော့ သွေးနီရောင်အဖြစ် ပြောင်းလဲသွားသည်။

ထိုစွမ်းအားကြောင့် ချီရှို့၏ ဝိညာဉ်ထဲက အကြောက်တရားတစ်မျိုးကို ခံစားလိုက်ရသည်။ ဤခွေးကို သူ နိုင်မည်မဟုတ်ဟုပင် ဝန်မခံရဲလောက်အောင် ဖြစ်သွားသည်။

ဝမ်ချိုင်က ထူးရှယ်နတ်ဘုရားကျောင်းတော်ရှိ တစ်ကောင်တည်းသောခွေးဖြစ်ပြီး ဆရာယန်ကျန်း၏ ဟိန်းဟောက်ကောင်းကင်ခွေးဆီက စွမ်းရည်ပေါင်းမြောက်မြားစွာကို သင်ယူခဲ့သည်။ ထိုစွမ်းရည်များထဲက တစ်ခုမှာ "ကောင်းကင်နှင့်မြေကြီးမဟာရုပ်တော်"ဖြစ်ပြီး ခန္ဓာကိုယ်ကို ဧရာမအရွယ်အစားနှင့် သေးငယ်သည့်ပုံစံအကြား လွတ်လပ်စွာ ပြောင်းလဲနိုင်သည်။ သူ့မဟာရုပ်တော်ကို ဖော်ထုတ်လိုက်သည်နှင့်တစ်ပြိုင်နက် တုနှိုင်းမဲ့ရက်စက်ကြမ်းကြုတ်သည့် သားရဲကြီးအဖြစ် ပြောင်းလဲသွားတော့သည်။

မူလက သာမန်ခွေးတစ်ကောင်သာ ဖြစ်သော်လည်း ထူးရှယ်နတ်ဘုရားကျောင်းတော်တွင် ကျင့်ကြံရာကတစ်ဆင့် ဤအမျိုးအစားက ကျော်လွန်သွားခဲ့သည်မှာ ကြာလှလေပြီ။ တကယ်တော့ ဟောက်ထျန်းတိုက်ကြီးပေါ်ရှိ ဘယ်နေရာမှာမှ သူ့ထက်ပိုအစွမ်းထက်သော မိစ္ဆာသားရဲသွေးမျိုးဆက်ကို ရှာတွေ့နိုင်မည် မဟုတ်ပါချေ။

ဝိညာဉ်ဆေးလုံးက ဝမ်ချိုင်၏ ခန္ဓာကိုယ်ကို အသွင်ပြောင်းပေးနေဟန်ပင်။

သူ့ခန္ဓာကိုယ်ထဲက သိပ်သည်းလှသော သွေးရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး သူ့ခွေးခြေထောက်လေးချောင်းပေါ်တွင် အရောင်မတူသော မီးတောက်များ လောင်ကျွမ်းနေပေသည်။ ဤမီးတောက်လေးခုသည် အစောပိုင်းက ဝိညာဉ်ဆေးလုံးဖော်စပ်စဉ်က ကျန်းမုန့်လောင် အသုံးပြုခဲ့သည့် ထူးဆန်းမီးတောက်များပင်။

သူက ကန္တာရလွင်ပြင်ပေါ်တွင် ရူးသွပ်စွာ ပြေးလွှားနေပြီး သူဖြတ်သွားသည့် လမ်းကြောင်းတစ်လျှောက် မီးပင်လယ်ကြီးကို ချန်ရစ်ခဲ့သည်။ ဤမီးတောက်များက ကျောက်တုံးများနှင့် သဲများကိုပင် လောင်ကျွမ်းစေနိုင်သည်။ ကန္တာရရှိ ပြင်းထန်သော လေဆင်နှာမောင်းများပင် သူတို့ကို မငြှိမ်းသတ်နိုင်ချေ။

အာဂူမွန်ကမူ ဒေတာအလင်းတန်းများ ကျဆင်းလာသည်နှင့်အမျှ သူ့ပုံစံက သိသာကြီးမားလှသော အသွင်ပြောင်းလဲမှုကြီးတစ်ခု ဖြစ်ပေါ်လာသည်။

"အဲဒါက ဘာကြီးလဲ"

ချီရှို့က ဒေတာများကို ကြည့်လိုက်ပြီးနောက် အလွန်မြင့်မြတ်ပြီး ခန့်မှန်းရခက်သော ကမ္ဘာကြီးတစ်ခုကို မြင်လိုက်ရသဖြင့် အံ့သြသွားသည်။

ဟောက်ထျန်းတိုက်ကြီး၏ အောက်ဘက်တွင် သေးငယ်လှသောကမ္ဘာပေါင်း ထောင်ဂဏန်းခန့်ရှိ၏။ သူတို့၏ ဟောက်ထျန်းတိုက်ကြီးကလည်း ပိုကြီးမားသော ကမ္ဘာကြီးတစ်ခု၏ အစိတ်အပိုင်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ကြောင်း သူ သိသည်။ ဤမိစ္ဆာသားရဲက ထိုသို့သောကမ္ဘာမျိုးက လာခြင်းဖြစ်ရမည်။

"အာဂူမွန်မဟာဆင့်ကဲပြောင်းလဲခြင်း"

"စက်ရုပ်တိုင်ရန်နိုဆောရပ်စ်သားရဲ"

အရှည်တစ်မီတာပင်မပြည့်သော အာဂူမွန်က အလင်းတန်းများ ပေါက်ကွဲထွက်လာချိန်ဝယ် စက်ရုပ်တစ်ပိုင်းဖြစ်နေသော ဒိုင်နိုဆောကြီးအဖြစ် ပြောင်းလဲသွားသည်။ ထိုအချိန်တွင် အညိုရောင်သန်းနေသော သူ၏အဝါရောင်အမွေးများက အနက်ရောင်အဖြစ် ပြောင်းလဲပြီး စက်ရုပ်တိုင်ရန်နိုဆောရပ်စ်၏ စွမ်းအားကလည်း ဆက်တိုက်မြင့်တက်လာသည်။

"အမှောင်စက်ရုပ်တိုင်ရန်နိုဆောရပ်စ်လား"

ကျန်းမုန့်လောင် အနည်းငယ်အံ့သြသွားသည်။

ပိုကီမွန်တွင်ရော ဒီဂျီမွန်မှာပါ မျိုးရိုးဗီဇပြောင်းလဲနေသော သတ္တဝါတချို့ အမြဲရှိတတ်သည်။ အပေါ်ယံတွင် အရောင်ကွဲပြားနေသော်လည်း မျိုးရိုးဗီဇပြောင်းလဲနေသော ဤသတ္တဝါများက အဆင့်တူအချင်းချင်းတွင် ပိုအစွမ်းထက်ကြသည်။

ကာတွန်းဇာတ်လမ်းထဲတွင် အမှောင်စစ်သူကြီးတိုင်ရန်နိုဆောရပ်စ်၏စွမ်းအားက သာမန်အန္တိမရုပ်ခန္ဓာအများအပြားကိုပင် ချက်ချင်းအနိုင်ယူနိုင်စွမ်းရှိသည်။ ဝိညာဉ်ဆေးလုံးက အာဂူမွန်ကို သန့်စင်သော အမှောင်စွမ်းအားများ ပေးစွမ်းနေပုံရသည်။

ဝိညာဉ်ဆေးလုံးက ဤကောင်လေးနှစ်ကောင်၏ တိုက်ခိုက်ရေးစွမ်းအားကို အဆင့်တစ်ဆင့်နီးပါးလောက် မြှင့်တင်ပေးလိုက်ပေသည်။

"ဝမ်ချိုင် တိုက်ကြမယ်"

"ဝုတ် ဝုတ် ဝုတ် (ကောင်းပါပြီ)"

"မင်းတို့ လုံးထွေးသတ်ပုတ်ကြမယ်ဆိုရင် ငါနဲ့ ဝေးဝေးမှာ သွားလုပ်ကြ။ ငါ့နားလာပြီး မတိုက်ကြနဲ့"

ကျန်းမုန့်လောင်က သူတို့နှစ်ကောင်လုံး၏ တင်ပါးကို တစ်ချက်စီကန်ထုတ်လိုက်သည်။

...

"အစ်ကိုကျန်း သူတို့က..."

"ဪ သူတို့က အာဂူမွန်နဲ့ ဝမ်ချိုင်လေ။ နှစ်ကောင်လုံးက ငါ့လက်အောက်ငယ်သားလေးတွေပဲ"

ကျန်းမုန့်လောင်က မိတ်ဆက်ပေးလိုက်သည်။

"ခွေးတစ်ကောင်နဲ့ မိစ္ဆာသားရဲတစ်ကောင်ကို လက်အောက်ငယ်သားအဖြစ် သိမ်းသွင်းနိုင်တာတဲ့လား။ အစ်ကိုကျန်း ခင်ဗျားက တကယ်ထူးခြားတဲ့လူပဲ"

ချီရှို့က ပြောလိုက်သည်။ လူနှင့် မိစ္ဆာသားရဲများက ပုံမှန်အားဖြင့် ရန်သူများဖြစ်ကြသော်ငြား သိုင်းပညာရှင်အနည်းငယ်ကတော့ အခွင့်အရေးတချို့ကြောင့် မိစ္ဆာသားရဲများနှင့် မိတ်ဖွဲ့နိုင်ကြသည်။ သို့သော် ထိုအရာများက အမြဲတမ်း တန်းတူညီမျှရှိသော ဆက်ဆံရေးမျိုးဖြစ်ပြီး အများအားဖြင့် အဆင့်နိမ့်မိစ္ဆာသားရဲများသာ ပါဝင်လေ့ရှိသည်။

မျိုးဆက်အလွန်မြင့်မားသော မိစ္ဆာသားရဲတစ်ကောင်က လူသားများ၏ လက်အောက်ငယ်သားအဖြစ် မိမိသဘောဆန္ဒအလျောက် ဘယ်တော့မှ ခံယူမည်မဟုတ်ချေ။

"ဒါနဲ့ စကားမစပ် မင်းတို့ပြောပြောနေတဲ့ မိစ္ဆာမျိုးဆက်ဆိုတာ ဘာကြီးလဲ"

ကျန်းမုန့်လောင်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

"အဲဒါက ကျွန်တော်တို့ ရွှေစင်တိုင်းပြည်ရဲ့ အထက်တန်းလွှာတွေကြားမှာ ဆယ်စုနှစ်နဲ့ချီပြီး ပျံ့နှံ့နေတဲ့ ဟောကိန်းတစ်ခုပါ"

ချီရှို့က ပြောလိုက်သည်။

"ကျွန်တော်တို့ဆီမှာ တစ်ချိန်က နှစ်တစ်ထောင်ကျော်သက်တမ်းရှိပြီး တော်တော်များများကို ဟောကိန်းထုတ်နိုင်တဲ့ ကြီးကျယ်ခမ်းနား​တဲ့ ပုရောဟိတ်တစ်ယောက် ရှိခဲ့ဖူးတယ်။ သူက ကျွန်တော်တို့တိုင်းပြည်မှာ ရာထူးအဆင့်အတန်း မြင့်တယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေတုန်းက ကျွန်တော်တို့တိုင်းပြည်မှာ လူတစ်ယောက် ပေါ်လာလိမ့်မယ်။ အဲဒီလူက ကျွန်တော်တို့ မင်းဆက်ကို ဖြုတ်ချရုံတင်မကဘဲ တိုက်ကြီးတစ်ခုလုံးကိုပါ အကျိုးသက်ရောက်မှုရှိစေလိမ့်မယ်လို့ သူက ဟောကိန်းထုတ်ခဲ့တယ်"

"ငါခန့်မှန်းတာသာ မှန်မယ်ဆိုရင် သူ သုတ်သင်ခံလိုက်ရတယ်မလား"

ကျန်းမုန့်လောင် ပြုံးလိုက်မိသည်။ သူတို့၏ လူသားသမိုင်းအရ မင်းဆက်ပြုတ်ကျမည်ဟု ကြေညာသော မည်သူ့ကိုမဆို အုပ်စိုးသူများက ကောလာဟလ ဖြန့်သည်ဟုဆိုကာ ရှင်းလင်းပစ်လေ့ရှိကြသည်။ ထိုအဖြစ်က သူတို့၏ အုပ်ချုပ်ခွင့်ကို ထိခိုက်စေသောကြောင့်ပင်။

ချီရှို့၏ မျက်နှာက နီရဲသွားသည်။ ကျန်းမုန့်လောင်၏စကားမှာ မှန်ပေသည်။ ပုရောဟိတ်က ထိုစကားများကို ပြောခဲ့သောကြောင့် တိုင်းပြည်အတွင်း အချိန်အတော်ကြာအောင် ကမောက်ကမဖြစ်ခဲ့ရသည်။ ပြည်သူများ၏ စိတ်နှလုံးကို နှစ်သိမ့်ပေးမည့်အစား သူ့ခမည်းတော်က အပြစ်အားလုံးကို ပုရောဟိတ်အပေါ် ပုံချပြီး သူ့ကို အရှင်လတ်လတ် မီးရှို့သတ်ပစ်ခဲ့သည်။

"မစ္စတာပိုင်သာ တမလွန်ကနေ သူ့ဟောကိန်း တကယ်မှန်ပြီဆိုတာသိရင် ငြိမ်းချမ်းသွားမှာပဲ"

"ဒီအဖြစ်အပျက်က ကိုပါးနီးကပ်စ်နဲ့ တော်တော်ဆင်တာပဲ"

နေဗဟိုပြုစနစ်ကို အဆိုပြုပြီး ပုပ်ရဟန်းမင်းကြီး၏ အာဏာကို စိန်ခေါ်ခဲ့သောကြောင့် အသိဉာဏ်မဲ့သည့် လူတစ်စုထံတွင် မီးရှို့ကွပ်မျက်ခံခဲ့ရသည့် ကိုပါးနီးကပ်စ်ကို ကျန်းမုန့်လောင် ရုတ်တရက် သတိရသွားသည်။

"မစ္စတာပိုင်ရဲ့နာမည်က ဘယ်လိုခေါ်လဲ"

"မစ္စတာပိုင်ကို ပိုင်နီ​ကောလို့ ခေါ်ပါတယ်"

ကျန်းမုန့်လောင် : "..."

...

ဝမ်ချိုင်နှင့် အာဂူမွန်တို့က တစ်နာရီကျော်ကြာအောင် တိုက်ခိုက်ခဲ့ကြသည်။ သူတို့၏တိုက်ပွဲကြောင့် မိုင်ပေါင်းသောင်းချီ ကျယ်ဝန်းသော ဧရိယာတစ်ခုလုံး မီးပင်လယ်ထဲ နစ်မြုပ်သွားရသည်။ နောက်ဆုံးတွင်မူ သူတို့ ဗိုက်ဆာလာသဖြင့် ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲသို့ ပြန်ဝင်သွားကြသည်။

ထိုအချိန်တွင်မူ ကောင်းကင်က မှောင်စပြုနေချေပြီ။

"အစ်ကိုကျန်း...ချက်ချင်းခရီးဆက်ကြရအောင်။ ဒီသဲကန္တာရထဲမှာ တစ်ခါတလေ မိစ္ဆာသားရဲတွေ ထွက်လာတတ်တယ်။ တစ်ခါတလေ သိုင်းအဆင့်ကိုး မိစ္ဆာတွေတောင် ပေါ်လာတတ်လို့ အရမ်းအန္တရာယ်များတယ်။ ကျွန်တော်တို့ တော်ဝင်မြို့တော်ကို အမြန်သွားတာ အကောင်းဆုံးပဲ"

"ဘယ်လောက်ဝေးလဲ"

ကျန်းမုန့်လောင်က မေးလိုက်သည်။

"ကျွန်တော်တို့ရဲ့ လက်ရှိအရှိန်နဲ့ဆိုရင် အမြန်ဆုံးသွားရင် ရက်ပေါင်းသုံးရာထက် မပိုပါဘူး"

"ရက်ပေါင်းသုံးရာတောင်လား"

ကျန်းမုန့်လောင် ချက်ချင်းပင် မကျေမနပ်ဖြစ်သွားသည်။

"တကယ်တော့ ကျွန်တော်တို့သာ အဓိကမြို့တော်မှာရှိတဲ့ နေရာရွှေ့ပြောင်းရေးအစီအရင်ကို သုံးမယ်ဆိုရင် တော်ဝင်မြို့တော်ကို တိုက်ရိုက်ရောက်နိုင်ပါတယ်"

ချီရှို့က ပြောသည်။

"အဲဒါကို ကျွန်တော်တို့မင်းဆက်က ဘိုးဘေးတွေက အစွမ်းထက်တဲ့ကျင့်ကြံမှုတွေသုံးပြီး တည်ဆောက်ခဲ့မို့ သွားလာရေးကို အများကြီး အထောက်အကူဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော့်အစ်ကိုက ကျွန်တော့်ကိုဖမ်းဖို့ နေရာရွှေ့ပြောင်းရေးအစီအရင်တွေရှိတဲ့ နေရာတွေမှာ ထောင်ချောက်ဆင်ထားလို့ ကျွန်တော် ခြေလျင်သွားဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့တာပါ"

"ထားလိုက်တော့။ ငါကတော့ ဖုန်တလူးလူးနဲ့ ပင်ပင်ပန်းပန်း ခရီးမသွားချင်ဘူး။ အာကာသယာဉ်နဲ့ပဲ သွားကြတာပေါ့"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"အာကာသယာဉ်လား"

ချီရှို့ အံ့ဩမှင်တက်သွားသည်။ အာကာသယာဉ်ဆိုတာ ဘာကြီးလဲ။

ကျန်းမုန့်လောင်က ကျောင်းအုပ်လက်စွပ်ကို ပွတ်သပ်လိုက်လေရာ ဧရာမ စတားဂေဇာအာကာသယာဉ်ကြီးက သူတို့ရှေ့တွင် ပေါ်လာခဲ့သည်။

ဤဧရာမအရာကြီးကြောင့် ချီရှို့ခမျာ အလွန်ထိတ်လန့်သွားသဖြင့် အနောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်မိသည်။ သူတို့က အလယ်အလတ်အဆင့် ကမ္ဘာတစ်ခုဖြစ်ပြီး လူမှုရေးဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း ကွဲပြားသောကြောင့် ဤသို့သောအရာမျိုးကို တစ်ခါမှ မမြင်ဖူးကြပေ။ သို့သော် တကယ်တမ်းတွင်မူ ချီရှို့အနေနှင့် အင်အားနည်းနည်းသုံးလိုက်ရုံဖြင့် ဤအာကာသယာဉ်ကြီးကို ဖျက်ဆီးပစ်နိုင်သည်။

"ဒါက တိမ်တိုက်သံချပ်ကာပညာရပ်လား"

ဟောက်ထျန်းတိုက်ကြီးပေါ်တွင် နည်းပညာမရှိသော်လည်း ပါရမီရှင်တချို့က စက်ယန္တရားများကို ဖန်တီးရန်အတွက် ပစ္စည်းအမျိုးမျိုးကို အသုံးပြုတတ်ကြသည်။ ဤစက်ယန္တရားများကို ပင်အပ်ပညာရပ်နှင့် စွမ်းအင်ကျောက်တုံးများကို အသုံးချပြီး မောင်းနှင်လေ့ရှိ၏။ ဤအရာကို အစားထိုးနည်းပညာတစ်ခုအဖြစ် သတ်မှတ်ကြသည်။

ချီရှို့၏အမြင်တွင်မူ ကျန်းမုန့်လောင်က အစွမ်းထက်ပြီး ဆေးဖော်စပ်ရာတွင်လည်း ကျွမ်းကျင်သည့်အပြင် ယခုဆိုလျှင် တိမ်တိုက်သံချပ်ကာပညာရပ်မှာပါ ဗဟုသုတကြွယ်ဝနေလေရာ သူသည် စွယ်စုံရပညာရှင်ပင်တည်း။

"ရော့ သောက်လိုက်"

ကျန်းမုန့်လောင်က ချီရှို့ကို အာကာသယာဉ်ပေါ်သို့ ခေါ်သွားပြီး ရေခဲသေတ္တာထဲရှိ ကိုကာကိုလာဘူး တစ်ဘူးကို ပေါ့ပေါ့ပါးပါးဆွဲထုတ်ကာ သူ့ကို ပေးလိုက်သည်။ စကြဝဠာထဲတွင် မရေမတွက်နိုင်သော အဆင့်မြင့်အဖျော်ယမကာများ ရှိသော်ငြား ဘယ်အရာကမှ ဤအရသာကို မယှဉ်နိုင်ချေ။

ချီရှို့လည်း သတိကြီးကြီးထားပြီး တစ်ငုံသောက်လိုက်လေရာ စူးရှသောအရသာက သူ့လည်ချောင်းထဲ စီးဆင်းသွားပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ ချွေးပေါက်များအားလုံးလည်း ပွင့်ထွက်မတတ်ဖြစ်သွားသည်။

"ဒီလောကကြီးမှာ ဒီလိုနတ်ဘုရားအဆင့်ပစ္စည်းတွေ တကယ်ရှိတာလား"

**********************

All Chapters