အခန်း ၁၀၈၈
Vol. 73 Ch. 1088
အခန်း ၁၀၈၈ - ပထမဆုံးတွေ့ဆုံမှုအတွက် ထူးခြားတာတော့ ပါမလာဘူး
ကျန်းမုန့်လောင်၏ ကမ္ဘာတွင်မူ သာမန်အဆင့်ခုနစ် သို့မဟုတ် အဆင့်ရှစ်သက်ရှိများမှာ နေရာလွတ်ကို ထိုးခွင်းပြီး ခဏတွင်းချင်း နေရာရွှေ့ပြောင်းနိုင်သည့် စွမ်းရည်ကို ပိုင်ဆိုင်ထားကြသည်။ ထို့ကြောင့် အိမ်နီးချင်း မျိုးနွယ်စုများအကြား လွယ်လွယ်ကူကူ ကူးလူးသွားလာနိုင်ကြသည်။
သို့သော် ဟောက်ထျန်းတိုက်ကြီးပေါ်တွင်မူ နေရာလွတ်၏ သိပ်သည်းဆက အဆပေါင်းရာဂဏန်းခန့် ပိုမြင့်မားသောကြောင့် ကောင်းကင်ဖြိုခွင်းခြင်းအဆင့်အထက်ရှိ သိုင်းပညာရှင်များကသာ ဤသို့သောအရာမျိုးကို စွမ်းဆောင်နိုင်ပေလိမ့်မည်။ ထို့ပြင် ဘာယာဉ်မှမပါလျှင် သူတို့၏အရှိန်က အများကြီးပိုနှေးသွားသောကြောင့် ဤကန္တာရမှ တော်ဝင်မြို့တော်ဆီသို့ ရောက်ရန် ရက်ပေါင်းရာနှင့်ချီ၍ ကြာမြင့်မည်သာ။
သို့သော် အာကာသယာဉ်တစ်စီးအတွက်မူ ဤအကွာအဝေးက သိပ်မဝေးလှချေ။ နေရာရွှေ့ပြောင်းအင်ဂျင်ကို စက်နှိုးရန် စွမ်းအင်ပိုလိုအပ်သော်လည်း သဘောတရားကတော့ အတူတူပင်။ စွမ်းအင်နည်းနည်း ပိုကုန်ရုံလောက်သာ။
ဟောက်ထျန်းတိုက်ကြီးတစ်ခုလုံးက ကျယ်ဝန်းပြီး လူဦးရေကျဲပါးကာ မြို့အားလုံးနီးပါး စုပြုံတည်ရှိနေသည်။ အကယ်၍သာ ဤတိုက်ကြီးပေါ်တွင် လမ်းလျှောက်ထွက်မည်ဆိုပါက ခြေထောက်ကိုသာ အားကိုးပြီး မြို့တစ်မြို့မှ အိမ်နီးချင်း နောက်မြို့တစ်မြို့ဆီသို့ အရောက်သွားဖို့ မဖြစ်နိုင်သလောက်ပင်။
နာရီအနည်းငယ်ကြာအောင် ပျံသန်းပြီးနောက် ကျန်းမုန့်လောင်၏ အရှေ့တွင် ခန့်ညားထည်ဝါလှသော မြို့ကြီးတစ်မြို့ ပေါ်လာခဲ့သည်။ ထိုမြို့မှာ ဟွာရှားနိုင်ငံ၏ ရှေးဟောင်းဗိသုကာလက်ရာအလှအပများဖြင့် ပြည့်နှက်နေသဖြင့် ရှေးခေတ် နန်းတော်တစ်ခုဆီသို့ ရောက်သွားသည့်အလားပင်။
"နာရီပိုင်းလေးနဲ့တင် ရောက်လာတာလား"
ချီရှို့က အာကာသယာဉ်၏ အံ့ဩဖွယ်ရာများကို ကြည့်ပြီး မှင်တက်သွားသည်။ ရက်ပေါင်းသုံးရာကျော်သွားရမည့် ခရီးတစ်ခုကို သုံးနာရီပင်မပြည့်သည့် အချိန်အတွင်း ပြီးစီးသွားခဲ့ခြင်းမှာ တကယ်မယုံနိုင်စရာပင်။
ဤတိုက်ကြီးပေါ်တွင် ပိုမိုမြန်ဆန်သော နေရာရွှေ့ပြောင်းရေးအစီအရင်များ ရှိသော်ငြား တစ်ခုတည်ဆောက်ဖို့အတွက် ကုန်ကျစရိတ် အလွန်များပြားလှသည်။ ထိုအရာကို ထိန်းသိမ်းဖို့အတွက်လည်း အနည်းဆုံး ကောင်းကင်ဖြိုခွင်းခြင်းအဆင့်နှင့်အထက် ကျွမ်းကျင်သူသုံးယောက် လိုအပ်သောကြောင့် မြို့တိုင်းက နေရာရွှေ့ပြောင်းရေးအစီအရင်ကို မတတ်နိုင်ကြပေ။
အကယ်၍သာ အာကာသယာဉ်ဟုခေါ်သော ဤအရာကို လူထုကြားတွင် ခေတ်စားအောင် လုပ်နိုင်ပါက မင်းဆက်တစ်ခုလုံး၊ တိုက်ကြီးတစ်ခုလုံးအပေါ်မှာပါ နက်ရှိုင်းသည့် အကျိုးသက်ရောက်မှုများ ရှိလာမည်မှာ သေချာပေသည်။
"ဒါက ဘာမှမဟုတ်သေးပါဘူး။ နောက်မှ မင်း အပျော်စီးဖို့ မော်တော်ဆိုင်ကယ်တစ်စီး စီစဉ်ပေးမယ်။ အဲဒါကမှ မိုက်တာ"
ကျန်းမုန့်လောင်က အာကာသယာဉ်ကို ရပ်နားရန် ပိုတိတ်ဆိတ်ငြိမ်သက်သော နေရာတစ်ခုကို ရှာဖွေလိုက်၏။ ထို့နောက် မည်သူ့အာရုံကိုမှ မဆွဲဆောင်မိစေရန် ကိုယ်ယောင်ဖျောက်စနစ်ကို ဖွင့်လိုက်သည်။
တောရိုင်းထဲတွင် မိစ္ဆာသားရဲများ သောင်းကျန်းနေသောကြောင့် မြို့အားလုံးက ညဘက်တွင် မြို့တံခါးများကို ပိတ်ထားကြရသည်ဖြစ်ရာ ယခုအချိန်ကလည်း မြို့တံခါးပိတ်ရမည့်အချိန် ရောက်နေချေပြီ။
"ဘယ်သူလဲ"
မြို့ရိုးပေါ်ရှိ အစောင့်များက ကျန်းမုန့်လောင်နှင့် ချီရှို့တို့ကို တွေ့လိုက်သည်နှင့် ချက်ချင်းဆိုသလို သတိကြီးကြီးထား၍ ကြည့်လိုက်ကြသည်။
ကျန်းမုန့်လောင်လည်း သူတို့ကို တစ်ချက်ကြည့်လိုက်လေရာ ဤအစောင့်များက ခန့်မှန်းခြေ သိုင်းတတိယအဆင့်လောက်တွင် ရှိနေကြသည်။ ကျန်းမုန့်လောင်၏ စကြဝဠာထဲတွင် သူတို့က အဆင့်တစ် သို့မဟုတ် အဆင့်နှစ်မျိုးနွယ်စု၏ အုပ်စိုးသူများအဖြစ် ရပ်တည်နိုင်သော်ငြား ဤကမ္ဘာတွင်မူ အနိမ့်ဆုံးအဆင့်ထက် နည်းနည်းသာမြင့်သူများ ဖြစ်နေကြသည်။
ဤအရာကို ကြည့်ခြင်းအားဖြင့် အလယ်အလတ်အဆင့်ကမ္ဘာက သူတို့ကမ္ဘာထက် အဆင့်တစ်ဆင့်နှစ်ဆင့်ခန့် ပိုမြင့်မားကြောင်း ပြသနေသည်။
"ကျွန်တော်တို့ မြို့ထဲဝင်ချင်လို့ပါ။ တံခါးလေး ဖွင့်ပေးပါဦး"
ချီရှို့က ပြောလိုက်သည်။
"မြို့တံခါးပိတ်သွားပြီ။ ဝင်ချင်ရင် မနက်ဖြန်မှ ပြန်လာခဲ့"
အစောင့်များက အားမနာတမ်း ငြင်းပယ်လိုက်ကြသည်။
"ငါ ဘယ်သူလဲဆိုတာ သေချာကြည့်စမ်း။ ငါက မင်းသားချီရှို့ပဲ"
"ပေါက်ကရတွေ.. မြင့်မြတ်တဲ့ သတ္တမမင်းသားက မင်းလိုလူဖြစ်စရာလား"
တကယ်တော့ ချီရှို့ကလည်း ယခုအချိန်တွင် စုတ်ပြတ်နေသော အဝတ်အစားများ၊ ရှုပ်ပွနေသော ဆံပင်နှင့် သွေးခြောက်များ ပေကျံနေသောကြောင့် ပုံစံက သူဖုန်းစားတစ်ယောက်လို ဖြစ်နေလေရာ တော်ဝင်မင်းသားတစ်ပါး၏ ရုပ်သွင်နှင့် တစ်ခြားစီပင်။
ချီရှို့ ကျန်းမုန့်လောင်ကို ကြည့်လိုက်လေရာ သူ့မျက်နှာက အနည်းငယ်ရှက်ရွံ့နေဟန်ပင်။ သိက္ခာရှိသော မင်းသားတစ်ပါးဖြစ်သည့် သူက မြို့တံခါးစောင့်လေးတစ်ယောက်ထံတွင် အနှိမ်ခံလိုက်ရလေသလား။ ကျန်းမုန့်လောင်က သူ၏ အဆိုးဝါးဆုံးအချိန်ကို မြင်တွေ့သွားခဲ့လေပြီ။
"ငါ့ကို အဲဒီလိုလာမကြည့်နဲ့။ ငါကိုနှုတ်ပိတ်ဖို့ မင်း လူသတ်ဖို့ကြံစည်နေတယ်လို့ ထင်မိလိမ့်မယ်"
ကျန်းမုန့်လောင်က စနောက်လိုက်သည်။
"ဒါပေမဲ့ ငါ အတည်ပြောတာနော်။ မင်းဆီမှာ အမှတ်အသား ဒါမှမဟုတ် တစ်ခုခုပါမလာဘူးလား။ အမိန့်တံဆိပ် ဒါမှမဟုတ် ကျောက်စိမ်းဆွဲပြားလိုမျိုးပေါ့"
"အရင်က ရှိပါတယ်"
ချီရှို့ သက်ပြင်းချလိုက်ပေသည်။
"ဒါပေမဲ့ အစ်ကိုကြီးရဲ့လူတွေ လိုက်ဖမ်းတာခံရတုန်းက ပျောက်သွားတာ။ အသက်ဘေးက လွတ်မြောက်ခဲ့တာတင် ကံကောင်းလှပြီ။ အဲဒီပစ္စည်းတွေကို ဘယ်သူက ဂရုစိုက်နိုင်တော့မှာလဲ"
"ဟုတ်တော့ဟုတ်သားပဲ"
ကျန်းမုန့်လောင် ခေါင်းတညိတ်ညိတ်လုပ်လိုက်သည်။
"ဒါဆို အခု ဘာဆက်လုပ်မလဲ။ ဖောက်ဝင်ကြမလား"
ကျန်းမုန့်လောင် မြို့ရိုးကို ကြည့်လိုက်သောအခါ သာမန်ကျောက်တုံးများသာ ဖြစ်သော်လည်း အကြမ်းခံနိုင်စွမ်းက သူတို့ကမ္ဘာရှိ အမာဆုံးသတ္တုများထက်ပင် သာလွန်နေသည်။ သူယူဆောင်လာသည့် သာမန်လက်နက်များနှင့်လည်း ဖောက်ထွင်းနိုင်မည်မဟုတ်သလို ပြုပြင်မွမ်းမံဖို့အတွက်လည်း အချိန်ရော ပစ္စည်းပါ မရှိပေ။
"တစ်ခွန်းပဲပြောလိုက်။ ငါ မင်းအတွက် ဒီမြို့ရိုးကို ဖြိုချပေးမယ်"
ကျန်းမုန့်လောင်က ရယ်မောရင်း ပြောလိုက်သည်။ အဆင့်နှစ် သို့မဟုတ် အဆင့်သုံးအလယ်အလတ် သက်ရှိတစ်ယောက်၏ စွမ်းအားကို အသုံးပြုရခြင်းမှာ ကုန်ကျစရိတ် မများပါချေ။ ကန္တာရထဲတွင် သူ့အနေနှင့် ခွန်အားရမှတ်ပေါင်း သိန်းဂဏန်းခန့်ရထားသည်။
"မလိုပါဘူး"
ချီရှို့လည်း မြို့ဘက်သို့ဦးတည်၍ လေချွန်လိုက်၏။ အားကောင်းလှသော လျှို့ဝှက်ချီစွမ်းအင်များပါဝင်သည့် လေချွန်သံက ဂမ္ဘီရလှိုင်းတစ်ခုနှယ် ပျံ့နှံ့သွားသည်။
ခဏအကြာတွင်မူ သာယာငြိမ့်ညောင်းလှသော တကျီကျီမြည်သံနှင့်အတူ ခရမ်းရောင်အမွေးအတောင်များနှင့်ငှက်တစ်ကောင် တော်ဝင်မြို့တော်ထဲက ပျံသန်း၍ ထွက်လာသည်။
ထိုငှက်မှာ ကြက်တူရွေးတစ်ကောင် အရွယ်အစားရှိသည့် ငှက်တစ်ကောင်ဖြစ်ပြီး အလွန်တရာလှပလေသည်။ ထိုငှက်က ချီရှို့နှင့်လည်း အလွန်ရင်းနှီးပုံရသည်။ သူ့ပုခုံးပေါ်သို့ ဆင်းနားပြီး သူ့မျက်နှာကို ခေါင်းဖြင့် တိုးဝှေ့ပွတ်သပ်နေလေတော့သည်။
"ဒါက ခရမ်းရောင်တိမ်တိုက်စာကလေးပေါက်စလေးပါ"
ချီရှို့က ပြောလိုက်၏။
"ကြီးပြင်းလာရင် ကောင်းကင်ဖြိုခွင်းခြင်း တတိယအဆင့်အထိ ရောက်နိုင်တဲ့ အလယ်အလတ်အဆင့်မျိုးဆက်ရှိတဲ့ မိစ္ဆာသားရဲတစ်ကောင်ပေါ့။ ကျွန်တော်နဲ့ ညီမလေး အပြင်မှာ ကစားနေတုန်း ခရမ်းရောင်တိမ်တိုက်စာကလေး အကောင်ကြီးတစ်ကောင်က ကျွန်တော်တို့ဆီမှာ အပ်သွားတာ။ အဲဒီကတည်းက ကျွန်တော်တို့ပဲ ကြီးပြင်းလာတဲ့အထိ စောင့်ရှောက်ခဲ့တာ"
"တုတု ငါ့ညီမလေးကို သွားရှာပေးစမ်းပါ"
ခရမ်းရောင်တိမ်တိုက်စာကလေးပေါက်စက တကျီကျီအသံပေးပြီး တော်ဝင်မြို့တော်ထဲသို့ ချက်ချင်း ပျံသန်းဝင်ရောက်သွားသည်။
"သူ လာပြီ"
မိနစ်အနည်းငယ် ကြာပြီးနောက် ချီရှို့ တော်ဝင်မြို့တော်ဘက်ကို ကြည့်လိုက်သောအခါ သူ့မျက်နှာကား ပြုံးယောင်သန်းသွားသည်။
လျှို့ဝှက်ချီစွမ်းအင်များ ထွက်ပေါ်လာသည်နှင့်အမျှ လူရိပ်တစ်ရိပ်က မြို့ရိုးပေါ်သို့ ညင်သာစွာ ဆင်းသက်လိုက်သည်။
ထိုအရိပ်မှာ ပန်းခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော ဆယ့်ခြောက်နှစ် ဆယ့်ခုနစ်နှစ်အရွယ် ကောင်မလေးတစ်ယောက်ဖြစ်ပြီး ကျန်းမုန့်လောင်ထက် ခေါင်းတစ်လုံးစာမက သေးငယ်ကာ အလွန်ဖြူဝင်းသော အသားအရေနှင့် ကျောပြင်ထက်တွင် သပ်ရပ်စွာ ဖြန့်ချထားသည့် အနက်ရောင်ဆံနွယ်ရှည်ကြီးများကိုလည်း ပိုင်ဆိုင်ထားသည်။
သူ(မ)၏ မျက်နှာသွင်ပြင်က နတ်သမီးလေးတစ်ပါးလို အပြစ်ဆိုဖွယ်ရာမရှိအောင် လှပလွန်းလှသဖြင့် ကျန်းမုန့်လောင်ပင် ပထမဆုံးအကြိမ် တွေ့လိုက်ရချိန်ဝယ် သူ(မ)၏အလှတွင် ခဏတာ မိန်းမောသွားရသည်။
ထို့ပြင် သူ(မ)ထုတ်လွှတ်နေသော အရှိန်အဝါက သိုင်းအဆင့်ခြောက်စံနှုန်းတွင် ရှိနေပေသည်။
"သတ္တမအစ်ကိုတော်"
ကောင်မလေးက ချီရှို့ကို မြင်လိုက်ရသည်နှင့် ဝမ်းသာအားရ ပြောလိုက်လေသည်။
"အစ်ကိုတော် တော်ဝင်မြို့တော်ကိုလာတာ ကျွန်မကို ဘာလို့ကြိုမပြောတာလဲ။ ထပ်အရိုက်ခံချင်လို့လား"
ကောင်မလေးသည် ချီရှို့၏ပုံစံမှာ ဒုက္ခသည်တစ်ယောက်လို ဖြစ်နေကြောင်း ရုတ်တရက်သတိထားမိလိုက်သဖြင့် မျက်နှာအမူအရာကား ချက်ချင်းဆိုသလို လေးနက်တည်ကြည်သွားသည်။
"မင်းသမီးယိုရော့... ဒါ... ဒါက တကယ်ပဲ သတ္တမမင်းသားလား"
အစောင့်ကမူ တုန်ယင်နေသောအသံဖြင့် အထစ်ထစ်အငေါ့ငေါ့ မေးလိုက်သည်။
မင်းသမီးယိုရော့က ဧကရာဇ်၏အချစ်ဆုံး သမီးတော်ဖြစ်သဖြင့် အလိုလိုက်ခံထားရပြီး ဂျီကျတတ်သူဖြစ်ကြောင်း လူသိများလှလေရာ သူ(မ)ကို စိတ်ဆိုးအောင်လုပ်လျှင် ဘာကောင်းကျိုးမှ ရှိမည်မဟုတ်ပေ။
"အခု သိပြီဆိုရင်လည်း မြို့တံခါးကို အမြန်ဖွင့်မပေးသေးဘူးလား"
"ဟုတ်... ဟုတ်ကဲ့ပါ မင်းသမီး။ ချက်ချင်းဖွင့်ပေးပါ့မယ်"
"အစ်ကိုကျန်း.. ဝင်ကြရအောင်"
ချီရှို့က ပြောလိုက်သည်။
"ကောင်းပြီလေ"
"သတ္တမအစ်ကိုတော်"
ကောင်မလေးက ချီရှို့၏ ညစ်ပတ်ပေရေနေသော ပုံစံကိုပင် လုံးဝဂရုမစိုက်ဘဲ သူ့ရင်ခွင်ထဲသို့ ပြေးဝင်လိုက်သည်။
"အစ်ကိုကျန်း..မိတ်ဆက်ပေးပါရစေ။ ဒါက ယိုရော့ပါ။ ကျွန်တော့်ရဲ့ အဖေတူအမေကွဲညီမလေးပေါ့။ သူက မိသားစုထဲမှာ ကိုးယောက်မြောက်ပဲ"
"ရော့ရော့... ဒါက ငါ့မိတ်ဆွေအသစ် ကျန်းမုန့်လောင်တဲ့။ သူ့ကြောင့်သာမဟုတ်ရင် ငါ ဒီနေ့ နင်နဲ့ တွေ့ချင်မှတွေ့ရတော့မှာ"
"ကျွန်မနဲ့မတွေ့ရတော့ဘူး ဟုတ်လား။ သတ္တမအစ်ကိုတော်... ဘာတွေဖြစ်ခဲ့တာလဲ။ ဘာလို့ ဒီလောက်တောင် သနားစရာကောင်းတဲ့ပုံစံ ဖြစ်နေရတာလဲ။ အစ်ကိုကြီးရဲ့လူတွေရော"
"အကုန်သေကုန်ပြီ"
ချီရှို့ သက်ပြင်းချလိုက်လေသည်။
"အစ်ကိုကြီးရဲ့လက်ချက်ပဲ"
"သူ လွန်လွန်းနေပြီ"
ယိုရော့နှင့် ချီရှို့တို့က ရင်းနှီးသော သံယောဇဉ်ရှိကြသည်။ ချီရှို့၏ဝိညာဉ်သွေးကြော ပျက်စီးသွားပြီးနောက် လူတော်တော်များများက ဆက်ဆံရေးကျဲသွားကြသော်လည်း သူ(မ)ကတော့ ချီရှို့ကို အမြဲလက်ခံပေးခဲ့သည်။
"အစ်ကိုကျန်း... ကျွန်မရဲ့ သတ္တမအစ်ကိုတော်ကို ကယ်တင်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ ဒီနေ့ကစပြီး ဒီတော်ဝင်မြို့တော်မှာ ဘာပဲဖြစ်ဖြစ် ကျွန်မနာမည်ကိုသာ ပြောလိုက်ပါ"
ယိုရော့က သူ(မ)၏ရင်ဘတ်ကို ပုတ်ရင်း ပြောလိုက်သည်။
"ဟားဟားဟား... ကျေးဇူးပါပဲ"
ကျန်းမုန့်လောင်က မထိန်းနိုင်ဘဲ ရယ်မောလိုက်သည်။
"အစ်ကိုကျန်းက ကျွန်မအစ်ကိုရဲ့ မိတ်ဆွေ။ ကျွန်မကလည်း သူ့ရဲ့အချစ်ဆုံး ညီမလေးလေ။ ဒါဆိုရင် အဓိပ္ပာယ်က ကျွန်မက အစ်ကိုကျန်းရဲ့ ညီမလေးဆိုလည်း ဟုတ်တယ်။ ဒါ ကျွန်မတို့ ပထမဆုံးတွေ့ကြတာနော်။ လက်ဗလာနဲ့လာတာတော့ မဟုတ်ပါဘူးနော်"
ယိုရော့က မရိုမသေဟန်ဖြင့် မေးလိုက်သည်။
"ရော့ရော့"
ချီရှို့က သူ(မ)ကို မျက်စောင်းထိုးလိုက်လေသည်။
"အစ်ကိုကျန်း.. ယိုရော့ကို စိတ်ထဲမထားပါနဲ့။ သူက ငယ်ငယ်ကတည်းက အလိုလိုက်ခံထားရလို့ပါ"
ချီရှို့က ပြောလိုက်၏။
"သူက တော်တော်ချစ်စရာကောင်းတယ်နော်"
ကျန်းမုန့်လောင်က ပြုံးလိုက်လေသည်။
"မင်းပြောတာလည်း မမှားပါဘူး။ ဒါပေမဲ့ ဒီတစ်ခေါက်တော့ အထူးတလည်ပြင်ဆင်လာတာမျိုး မရှိဘူး။ မင်းကို ပင်လယ်ပြာလျှို့ဝှက်ချက် အသားအရေထိန်းသိမ်းရေးပစ္စည်းအစုံလိုက်နဲ့ ကျင့်စဉ်တစ်ခု ပေးမယ်လေ"
************************