အခန်း ၁၀၈၉
Vol. 73 Ch. 1089
အခန်း ၁၀၈၉ - သားတစ်ယောက် လိုသေးလား
ကျန်းမုန့်လောင်မှာ မိန်းကလေးများ ကြိုက်နှစ်သက်တတ်သည့် ကျောက်သံပတ္တမြားကဲ့သို့သော ပစ္စည်းအတော်များများ ရှိသော်လည်း အလယ်အလတ်အဆင့် ကမ္ဘာတစ်ခုမှ မင်းသမီးတစ်ပါးအတွက်မူ အဖိုးတန်ရတနာပေါင်းစုံကို မြင်တွေ့ဖူးပြီးသားပင်။ ထို့ကြောင့် သူ့ပစ္စည်းများကို ထုတ်ပြရန်မှာ နည်းနည်းရှက်စရာကောင်းနေချေသည်။
သူ ခဏမျှစဉ်းစားကြည့်လိုက်လေရာ သူ ပေးနိုင်သော ပစ္စည်းဟူ၍ ထိုအရာများသာ ရှိပေတော့သည်။
"ပင်လယ်ပြာလျှို့ဝှက်ချက်ဆိုတာ ဘာလဲဟင်"
ယိုရော့က ကျန်းမုန့်လောင်၏ လက်ထဲရှိ လက်ဆောင်ဘူးလှလှလေးကို စပ်စုလိုဟန်ဖြင့် လှမ်းယူလိုက်သည်။
"ဒါက ငါ့ဇာတိမြို့က မိန်းကလေးတွေ ရချင်လွန်းလို့ အိပ်မက်မက်ကြရတဲ့ ပစ္စည်းလေ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ဒါကိုသုံးလိုက်ရင် မင်းရဲ့အသားအရေက ဖြူဝင်းနုနယ်ပြီး ပိုးသားလိုမျိုး ချောမွတ်သွားလိမ့်မယ်"
ဘယ်မိန်းကလေးကမှ ထိုကဲ့သို့သော အရာကို မငြင်းဆန်နိုင်ပါချေ။ ယိုရော့လည်း ထိုနည်းတူပင်။
အမှန်အတိုင်းပြောရလျှင် သူတို့လို သိုင်းပညာရှင်များမှာ သူတို့၏ ချီစွမ်းအင်ကို အသုံးပြု၍ ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများကို လွယ်ကူစွာ ဖယ်ရှားနိုင်သဖြင့် အသားအရေ ပြဿနာဟူ၍ လုံးဝမရှိပေ။ ထို့ကြောင့် ဤပစ္စည်းမှာ ဤကမ္ဘာရှိ ဘက်တီးရီးယားများကိုပင် ပေါက်ဖွားရှင်သန်ရန် နေရာတစ်ခု ပေးလိုက်သလို ဖြစ်နေပေလိမ့်မည်။
"ကျေးဇူးပါ အစ်ကိုကျန်း"
ယိုရော့သည် ပင်လယ်ပြာလျှို့ဝှက်ချက်အလှကုန်အစုံလိုက်ကို အမြန်သိမ်းဆည်းလိုက်သည်။ ဤအသက်အရွယ် မင်းသမီးလေးတစ်ပါးအနေနှင့် အယုံလွယ်လွန်းလှပေသည်။
"ဒါက ဘာကျင့်စဉ်လဲဟင်"
ယိုရော့လည်း စာလိပ်တစ်ခုကို စူးစမ်းလိုဟန်ဖြင့် ဖွင့်ကြည့်လိုက်၏။
ရိုးရိုးသားသားပြောရလျှင် ကျန်းမုန့်လောင် ထုတ်ပေးလိုက်သော ကျင့်စဉ်အပေါ် သူ(မ)အနေနှင့် မျှော်လင့်ချက်ကြီးကြီးမားမား မရှိခဲ့ပေ။
သူ(မ)သည် ရွှေစင်မင်းဆက်၏ မင်းသမီးတစ်ပါး ဖြစ်သဖြင့် မင်းဆက်၏ ထိပ်တန်းကျင့်စဉ်များကို လေ့ကျင့်ထားသူ ဖြစ်၏။
ဤကမ္ဘာပေါ်တွင် ကျင့်စဉ်များကို အနိမ့်၊ အလယ် နှင့် အထက် ဟူ၍ အဆင့်သုံးဆင့် ခွဲခြားထားသည်။ ဤအရာများမှာ သာမန်လူများ သင်ယူနိုင်သော ကျင့်စဉ်များဖြစ်ပြီး ဂိုဏ်းများနှင့် အခြားအဖွဲ့အစည်းများရှိ သာမန်တပည့်များလည်း လေ့ကျင့်ကြသည်။
အထက်တန်းအဆင့် ကျင့်စဉ်များ၏ အထက်တွင်မူ ကောင်းကင်ဘုံအဆင့်ကျင့်စဉ်များ ရှိပြီး ထိုကျင့်စဉ်များကို မင်းဆက် သို့မဟုတ် ဂိုဏ်းများ၏ အဓိကအရေးပါသော ပုဂ္ဂိုလ်များသာ သင်ယူလေ့ကျင့်ခွင့်ရှိသည်။
ရွှေစင်မင်းဆက်၏ မင်းမျိုးမင်းနွယ်များမှာ "သန့်စင်သောနှလုံးသားကျမ်း" ဟုခေါ်သည့် ကောင်းကင်ဘုံအဆင့်ကျင့်စဉ်ကို လေ့ကျင့်ကြပြီး ထိုကျင့်စဉ်ကို မင်းမျိုးမင်းနွယ်များနှင့် အောင်မြင်မှုကြီးကြီးမာမား ဆောင်ကြည်းပေးထားသော အမတ်ကြီးများသာ လေ့ကျင့်ခွင့်ရှိပေသည်။
"ဒါကတော့ မိန်းကလေးတွေလေ့ကျင့်ဖို့ သင့်တော်တဲ့ 'ကောင်းကင်ဘုံမဟာစိတ္တကျမ်းကိုးသွယ်'ပဲ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ထူးခြားလိုက်တဲ့နာမည်"
ယိုရော့မှာ အပေါ်ယံမျှ ကြည့်လိုက်သော်လည်း မိတ်ဆက်စာကို ဖတ်ပြီးသည်နှင့် ကြောင်အသွားရသည်။
ကောင်းကင်ဘုံမဟာစိတ္တကျမ်းကိုးသွယ်
ဝိညာဉ်သွေးကြော၁၀၈၀၀ကို ပွင့်စေနိုင်ပြီး ချီစွမ်းအင်များကို ရှည်လျားခန့်ညားစွာ အဆုံးမဲ့စီးဆင်းစေနိုင်၏။
"ဝိညာဉ်သွေးကြော၁၀၈၀၀ ဟုတ်လား"
ဤပမာဏကြောင့် ယိုရော့ခမျာ ပါးစပ်အဟောင်းသားဖြစ်သွားသည်။
ဝိညာဉ်သွေးကြော၁၀၈၀၀ပွင့်သည် ဟူသော အဓိပ္ပာယ်မှာ မည်မျှအထိ ကြီးမားလှသလဲ။
ကျင့်စဉ်အဆင့်မြင့်လေလေ ဝိညာဉ်သွေးကြော ပိုပွင့်လေလေပင်။ ထိုအဖြစ်မှာ လေ့ကျင့်မှုအရှိန်အပြင် ချီစွမ်းအင်စုစည်းမှု၏ သန့်စင်မှုနှင့် အရှိန်အဟုန်တို့ကို သက်ရောက်မှုရှိပေသည်။
အဆင့်နိမ့်ကျင့်စဉ်များမှာ ဝိညာဉ်သွေးကြောတစ်ခုမှ ငါးခုအထိ ပွင့်စေနိုင်ပြီး အလယ်အလတ်အဆင့်က ခြောက်ခုမှ အခုနှစ်ဆယ်အထိဖြစ်ကာ အထက်တန်းအဆင့် ကျင့်စဉ်များမှာ ဝိညာဉ်သွေးကြော၂၀မှ ၅၀အထိ ပွင့်စေနိုင်သည်။
အမှန်တော့ အထက်တန်းအဆင့် ကျင့်စဉ်များပင် အလွန်တရာ ရှားပါးလှပေသည်။ သူတို့မင်းဆက်၏ "သန့်စင်သော နှလုံးသားကျမ်း"ပင် ဝိညာဉ်သွေးကြော၁၀၈ခုသာ ပွင့်စေနိုင်ပြီး ကောင်းကင်ဘုံအဆင့် ကျင့်စဉ်များထဲတွင် အလွန်အားကောင်းသော ကျင့်စဉ်ဟု သတ်မှတ်နိုင်သည်။
သူတို့မင်းဆက်ရှိ ထိပ်တန်းဂိုဏ်းကြီးကလည်း အခြားထိပ်တန်းကောင်းကင်ဘုံအဆင့် ကျင့်စဉ်တစ်ခုဖြစ်သည့် "ဆန်းကြယ်မှုရှာဖွေရေးသိုင်းကျမ်း"ကို လေ့ကျင့်ကြသည်။ ထိုအရာမှာ ဝိညာဉ်သွေးကြော၁၀၂ခုသာ ပွင့်စေနိုင်သည်။
၁၀၈၀၀ဟူသည်မှာ သန့်စင်သော နှလုံးသားကျမ်း၏ ပွင့်စေနိုင်သည့်ပမာဏထက် အဆတစ်ရာ ပိုများနေ၏။ ဤပမာဏက လျှောက်ရေးထားခြင်း မဟုတ်ကြောင်း သေချာလေသလော။
"ရော့ရော့... ဘာဖြစ်လို့လဲ"
ချီရှို့က ကြောင်အနေသော ညီမဖြစ်သူကို ကြည့်ကာ ရုတ်တရက် စူးစမ်းချင်စိတ် ဖြစ်သွားသည်။
"ကိုယ်တိုင်ပဲ ကြည့်လိုက်တော့"
ယိုရော့က "ကောင်းကင်ဘုံမဟာစိတ္တသုတ်"ကို ချီရှို့ထံသို့ လွှဲပေးလိုက်သည်။
"ဝိညာဉ်သွေးကြော၁၀၈၀၀ ဟုတ်လား"
ချီရှို့ပင် ထိုပမာဏကြောင့် အံ့အားသင့်ပြီး ကြောင်အသွားသည်။
အခြားလူသာဆိုလျှင် ချီရှို့အနေနှင့် လိမ်လည်သူဟု သတ်မှတ်ပစ်လိုက်မည်ဖြစ်၏။
သို့သော် ဤသည်မှာ ကျန်းမုန့်လောင် ထုတ်ပေးလိုက်သည့် ပစ္စည်းမဟုတ်ပါလော။
သူ အသာဖော်စပ်လိုက်သော ဆေးလုံးကပင် သူ့အား အသုံးမကျသူတစ်ယောက်အဖြစ်မှ ဝိညာဉ်သွေးကြောရှစ်ခုပါသည့် ပါရမီရှင်တစ်ယောက်အဖြစ် သို့ ပြောင်းလဲပေးခဲ့သည် မဟုတ်ပါလော။ ထိုကဲ့သို့သော ဆေးလုံးမှာ ဒဏ္ဍာရီဆန်လွန်းလှသည်။
ယခုမူ တစ်ဖက်လူက ထိုကဲ့သို့သော ကျင့်စဉ်ကျမ်းကို ထုတ်ပြလာပြန်ပြီဖြစ်လေရာ လိမ်လည်မှုဟု မည်သူက ပြောရဲမည်နည်း။
"အစ်ကိုကျန်း... ဒီကျင့်စဉ်က ဘယ်အဆင့်ရှိလဲ"
ချီရှို့က မေးလိုက်၏။
"အင်း... မင်းတို့ကမ္ဘာရဲ့ အဆင့်ခွဲခြားမှုအရဆိုရင်တော့ တောရိုင်းအဆင့်လောက်ရှိမယ်ထင်တယ်"
"တောရိုင်းအဆင့်ကျင့်စဉ် ဟုတ်လား... ဒါက..."
ကောင်းကင်ဘုံအဆင့် ကျင့်စဉ်များ၏ အထက်တွင် ပိုမိုမြင့်မားသော ကျင့်စဉ်များ ရှိသည်မှာ အမှန်ပင်။
နိမ့်ရာမှ မြင့်ရာသို့ စကြဝဠာ၊ တောရိုင်း၊ မဟာအဏ္ဏဝါနှင့် ဒုဗ္တက္ခန္တရ ဟူ၍ အဆင့်ဆင့်ခွဲခြားထားသည်။
ယခုအချိန်အထိ သူ(မ)ကြားဖူးသမျှ အမြင့်ဆုံးအဆင့်ကျင့်စဉ်မှာ စကြဝဠာအဆင့်ဖြစ်ပြီး ခေတ်အဆက်ဆက် တည်ရှိခဲ့သော အထူးမင်းဆက်ကြီးတစ်ခု၏ မင်းမျိုးမင်းနွယ်များ လေ့ကျင့်ကြသည့် ကျင့်စဉ်ပင်။
ပိုမြင့်မားသော ကျင့်စဉ်များမှာမူ အများအားဖြင့် သီအိုရီအရသာ တည်ရှိပြီး အဓိပ္ပာယ်ဖွင့်ဆိုထားရုံသာ ရှိလေရာ အမှန်တကယ်တွင် မည်သူမှ မမြင်ဖူးကြပေ။
ကျန်းမုန့်လောင်က သူ့ညီမအား ပေါ့ပေါ့ပါးပါး ထုတ်ပေးလိုက်သော တွေ့ဆုံမှုလက်ဆောင်ကား အမှန်တကယ်ပင် တောရိုင်းအဆင့်ကျင့်စဉ် ဖြစ်နေလေသလော။
သူ့စိတ်အစဉ်ကား ပေါက်ကွဲထွက်တော့မတတ်ပင်။
ချီရှို့က စာလိပ်ကိုကြည့်လိုက်လေရာ စာကြောင်း ပထမနှစ်ကြောင်းမျှဖြင့် ဤကျင့်စဉ်၏ နက်နဲလှသော ပညာစွမ်းနှင့် ကျယ်ပြန့်လှသော သဘောတရားများကို သိလိုက်ရသဖြင့် သူ့ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ တစ်ဖန်ဖြစ်ပေါ်လာပြန်သည်။
ထိုကျင့်စဉ်နှင့် နှိုင်းယှဉ်လိုက်ပါက သူတို့မင်းဆက်၏ "သန့်စင်သော နှလုံးသားကျမ်း"မှာ လမ်းဘေးဈေးသည်ရောင်းသော ပစ္စည်းတစ်ခုအလား ဖြစ်သွားပေတော့သည်။
အကယ်၍ သူသာ ဤကျင့်စဉ်ကိုရရှိပြီး ယခုလက်ရှိ သူ့ဝိညာဉ်သွေးကြောရှစ်ခုပါဝင်သော ခန္ဓာကိုယ်နှင့် ပေါင်းစပ်လိုက်ပါက သူ့ကျင့်ကြံမှုအရှိန်မှာ ဒုံးပျံအလား မြန်ဆန်သွားမည်ဖြစ်ရာ တစ်နှစ်အတွင်းမှာပင် ကောင်းကင်ဖြိုခွင်းရေးအဆင့်သို့ ဖောက်ထွက်နိုင်ပေလိမ့်မည်။
"ညီမလေး... ငါတို့ အပေးအယူလုပ်ရအောင်"
ချီရှို့က "ကောင်းကင်ဘုံမဟာစိတ္တကျမ်းကိုးသွယ်" ကို ရယူရန် ချက်ချင်းပင် အကြံရသွားသည်။
"နင် ငါ့ဓားကို အရမ်းကြိုက်တယ်မလား။ ဒီကျင့်စဉ်နဲ့ လဲမလား"
"မရပါဘူး"
ယိုရော့ကလည်း ငတုံးမဟုတ်ပေ။
ချီရှို့ပြောသော ဓားသည် သူတို့၏ခမည်းတော်က ချီရှို့၏ မွေးနေ့တစ်ခုတွင် ပေးခဲ့သော လက်ဆောင်ဖြစ်ပြီး ခမည်းတော် ငယ်စဉ်က အသုံးပြုခဲ့သည့် ကောင်းကင်ဘုံအဆင့်ဝိညာဉ်လက်နက် ဖြစ်၏။ ထိုအရာ၏ရှားပါးမှုမှာ ရွှေစင်မင်းဆက်တစ်ခုလုံးမှာပင် ဆယ်ခုထက် ပိုရှိမည် မဟုတ်ပေ။
ယိုရော့က ထိုဓားကို အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း ချီရှို့ကမူ ရတနာအလား တန်ဖိုးထားပြီး အမြဲငြင်းဆန်ခဲ့သည်။
ယခုအခါတွင်မူ သူသည် ဤကျင့်စဉ်နှင့် လဲလှယ်ရန် တက်ကြွစွာ အဆိုပြုနေခြင်းမှာ ဤအရာကား ထိုဓားထက် အဆပေါင်းများစွာ ပိုတန်ဖိုးရှိကြောင်း သက်သေပြနေသည်မဟုတ်ပါလော။
သူ(မ) ငတုံးမဟုတ်ပေ။ ဤအချက်ကို ကောင်းကောင်းသိသည်။
"ဒီကျင့်စဉ်က ဝိညာဉ်သွေးကြော ၁၀၈၀၀တောင် ပွင့်စေနိုင်တာလား"
ယိုရော့လည်း ထိုမျှအထိ အမှန်တကယ် စွမ်းဆောင်နိုင်သလားဆိုသည်ကို သိနိုင်ရန်အတွက် "မဟာကောင်းကင်ဘုံစိတ္တကျမ်းကိုးသွယ်"ကို ချက်ချင်း စတင်လေ့ကျင့်ချင်နေလေပြီ။
"အစ်ကိုကျန်း... ညီလေးတစ်ယောက် လိုချင်လားဗျ"
ချီရှို့က ပြောလိုက်သည်။
"တကယ်လို့ ဒီကျင့်စဉ်ကို ကျွန်တော့်အတွက် ကူးပေးမယ်ဆိုရင် အစ်ကို့ကို ကျွန်တော့်ရဲ့အစ်ကိုကြီးအဖြစ် အသိအမှတ်ပြုပါ့မယ်။ ဘယ်လိုလဲဟင်"
ကျန်းမုန့်လောင်မှာ ဆွံ့အသွားရလေသည်။ ဤချီရှို့၏ ခန္ဓာကိုယ်ထဲတွင် လူရွှင်တော်တစ်ယောက် ပုန်းကွယ်နေလေသလား။
"မဟာကောင်းကင်ဘုံစိတ္တကျမ်းကိုးသွယ်က မိန်းကလေးတွေအတွက် သီးသန့်ပဲ။ မင်းက ယောကျ်ားလေးလေ။ မင်း လေ့ကျင့်ချင်တယ်ဆိုရင် ကိုယ့်အင်္ဂါကိုယ် ဖြတ်ပစ်ရလိမ့်မယ်။ အဲဒါတောင်မှ မင်း စိတ်ဝင်စားသေးတယ်ဆိုရင် နောက်တစ်စုံ ငါ ထပ်ပေးနိုင်တယ်"
"ကိုယ့်... ကိုယ့်အင်္ဂါကိုယ်ဖြတ်ရမယ် ဟုတ်လား"
ချီရှို့ခမျာ အောက်ပိုင်းမှ စိမ့်ခနဲအေးစက်သွားသလို ခံစားလိုက်ရသည်။ သူသည် အိမ်ထောင်မပြုရသေးသလို ကလေးပင် မရှိသေးပေ။
"ဟားဟား... စတာပါ"
ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။
"ဒါပေမဲ့ ဒီကျင့်စဉ်က ယင်ဓာတ်သဘာဝရှိလို့ မင်းနဲ့ လုံးဝမကိုက်ညီဘူး။ ငါ မင်းကို တခြားတစ်အုပ်ပေးမယ်"
ကျန်းမုန့်လောင်လည်း နောက်ထပ်စာလိပ်တစ်ခုကို ထုတ်ယူကာ သူ့ထံသို့ ပစ်ပေးလိုက်သည်။ တောရိုင်းအဆင့်မဆိုထားနှင့်။ အဆင့်မြင့်သော ကမ္ဘာများရှိ ထိပ်တန်းကျင့်စဉ်များပင် သူလိုချင်သလောက် ရနိုင်ပေသည်။
ကောင်းကင်ပြာနဂါးအသွင်ပြောင်းလျှို့ဝှက်သိုင်းကျမ်းကား တောရိုင်းအဆင့်ကျင့်စဉ်ဖြစ်ပြီး ဝိညာဉ်သွေးကြော ၁၂၈၀၀ကို ပွင့်စေနိုင်သည်။
ချီရှို့ခမျာ ဤကျင့်စဉ်ကို ကိုင်ထားရင်း လက်များပင် မသိမသာတုန်ယင်နေချေသည်။ အကယ်၍ ဤအရာသာ အပြင်သို့ ပေါက်ကြားသွားပါက ရွှေစင်မင်းဆက်တစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားစေနိုင်ကြောင်း သူသိပေသည်။
ကျန်းမုန့်လောင်တွင် ဟောင်ထျန်းတိုက်ကြီးတစ်ခုလုံးကို ဇောက်ထိုးမိုးမျှော်ဖြစ်သွားစေနိုင်သည့် စွမ်းအားမျိုး အမှန်တကယ်ရှိပေ၏။
ဒဏ္ဍာရီဆေးလုံးများနှင့် ကျင့်စဉ်များကို အသာလေးထုတ်ပေးနေသည့် ကျန်းမုန့်လောင်၏ ဆန်းကြယ်မှုနှင့် စွမ်းအားတို့မှာ ချီရှို့၏ လေးစားအားကျမှုကို လုံးဝသိမ်းပိုက်လိုက်လေပြီ။
"အစ်ကိုကျန်း... ကျွန်တော် တစ်ခုလောက်မေးလို့ရမလား"
"အင်း..."
"အစ်ကိုကျန်း မိန်းမလိုလား။ ကျွန်တော့်လို လူမျိုးဆိုရင်ရော ဘယ်လိုလဲ"
ကျန်းမုန့်လောင် : "ငါက ရင်ဘတ်ပြားချပ်နေတဲ့လူတွေကို သိပ်စိတ်မဝင်စားဘူး"
"အစ်ကိုကျန်း... ကျွန်တော် မေးစရာတစ်ခုရှိသေးတယ်"
"ဘာလဲ"
"အစ်ကိုကျန်း သားတစ်ယောက်လိုလား။ ရာဂဏန်းလောက်ရှိတဲ့ လသားအရွယ်လေ"
"ငါ့မှာ သားတစ်ယောက်ရှိပြီးသား။ မင်း အဆင်ပြေတယ်ဆိုရင် ငါ မင်းရဲ့အဘိုး လုပ်ပေးလို့တော့ ရတယ်"
"အဘိုး..."
"အေး..."
**********************