← Chapters

အခန်း ၁၀၉၀

Vol. 73 Ch. 1090

အခန်း ၁၀၉၀

Vol. 73 Ch. 1090

အခန်း ၁၀၉၀ - စားသောက်ပွဲကြီးစဖို့ ခေါင်းလောင်းသံပေးတာကိုး

"အစ်ကိုကျန်း... အစွမ်းထက်တဲ့ သိုင်းပညာတွေရော ရှိသေးလား"

ယိုရော့က အနားကပ်ကာ ကျန်းမုန့်လောင်၏ လက်မောင်းကို ဖက်တွယ်ပြီး မဖွံ့ထွားသေးသော ရင်ဘတ်လေးဖြင့် သူ့လက်မောင်းကို ပွတ်သီးပွတ်သပ်လုပ်နေလေသည်။

"ကြည့်လေ... အစ်ကိုက ရော့ရော့ကို ဒီလောက် အစွမ်းထက်တဲ့ကျင့်စဉ်ကို ပေးထားပြီးတော့ အဲဒါနဲ့လိုက်ဖက်တဲ့ သိုင်းပညာတွေ မရှိဘူးဆိုရင် အလဟဿ ဖြစ်မသွားဘူးလား။ နောက်နောင် ရော့ရော့က တကယ်အစွမ်းထက်တဲ့ လူတွေနဲ့တွေ့ရင် လုယက်သတ်ဖြတ်တာတောင် ခံရနိုင်တယ်"

"ဒီကောင်မလေးကတော့... ဘာလို့ ဒီလောက်တောင် ချွဲနေရတာလဲ"

ကျန်းမုန့်လောင်မှာ ချက်ချင်းဆိုသလိုပင် ဘာလုပ်ရမှန်းမသိတော့လောက်အောင် ဖြစ်သွားသည်။

[ဘာကိုချွဲတာလဲ။ ဒီနေ့ သိကြားမင်းကိုယ်တိုင် ဆင်းလာရင်တောင် သူက ကျောင်းအုပ်ကြီးရဲ့ ညီမအလိမ္မာလေးပဲလေ။ သိုင်းပညာတချို့လိုချင်လို့ အလိုလိုက်ခံချင်တဲ့ပုံစံလေး လုပ်ပြနေတာ မဟုတ်ဘူးလား။ ပေးသာ ပေးလိုက်စမ်းပါ]

"အေးပါ အေးပါ... တော်တော့ မပွတ်နဲ့တော့။ ဘယ်လိုပဲဖြစ်ဖြစ် ဘာမှမရှိတဲ့ဟာကို ဆက်ပွတ်နေရင် အဝတ်လျှော်ပျဉ်ချပ်ကြီး ဖြစ်သွားလိမ့်မယ်"

ကျန်းမုန့်လောင်မှာ တကယ်မခံနိုင်တော့ပေ။

"ရော့... ယူလိုက်တော့။ အဲဒါနဲ့လိုက်ဖက်တဲ့ ဓားသိုင်းနဲ့ လက်ဝါးသိုင်းပဲ။ အခု လွှတ်ပေးလို့ ရပြီလား"

"မွ"

ယိုရော့ကလည်း ခုန်၍ ကျန်းမုန့်လောင်၏ ပါးကို နမ်းလိုက်သည်။

"ဒီနေ့ကစပြီး အစ်ကိုက ရော့ရော့ရဲ့ အစ်ကိုအရင်းပဲ"

"ဟူး... အရွယ်ရောက်လာတဲ့ မိန်းကလေးတစ်ယောက်ကို တားလို့မရတော့ပါလား"

ချီရှို့ သက်ပြင်းချလိုက်လေသည်။

"နန်းတော်ကို အရင်ပြန်ကြရအောင်။ ငါ့ပုံစံကိုလည်း ကြည့်ဦး။ မင်းသားတစ်ပါးနဲ့ တူသေးရဲ့လား"

"သွားကြစို့... အစ်ကိုကျန်း ကျွန်မတို့ရဲ့နန်းတော်ဆီ ခေါ်သွားပေးမယ်"

ယိုရော့က ချီရှို့ကို တစ်ချက်လေးပင် လှည့်မကြည့်ဘဲ ကျန်းမုန့်လောင်ကိုဆွဲကာ နန်းတော်ရှိရာ အရပ်ဆီသို့ ဦးတည်သွားလေသည်။

...

"ဝိုး... ဒါက တကယ့်တော်ဝင်နန်းတော်ကြီးပဲ"

ဧရာမအဆောက်အအုံကြီးရှေ့တွင် ရပ်နေစဉ် ကျန်းမုန့်လောင်မှာ အမှန်တကယ် အံ့သြမှင်တက်သွားရသည်။ သူ ယခင်က မျိုးနွယ်စုပေါင်းများစွာထံသို့ သွားရောက်ခဲ့ဖူးသည်။ အချို့မှာ အလွန်အဆင့်မြင့်သော နည်းပညာများနှင့် အံ့မခန်း တည်ဆောက်ထားသော မြို့ပြများရှိသော်လည်း ဤနန်းတော်ကြီးရှေ့တွင်မူ ထိုအရာများက မှေးမှိန်သွားသလို ထင်မှတ်ရပေသည်။

ဤနန်းတော်ကြီး၏ တစ်ဝက်ခန့်မှာ မြေပြင်ပေါ်တွင် တည်ဆောက်ထားပြီး ကျန်တစ်ဝက်မှာ လေထဲတွင် ပေါ်လောပေါနေသည့်အပြင် အပေါ်ပိုင်းရှိ ရေတံခွန်များက တောင်တန်းအတုများနှင့် အခြားအဆောက်အအုံများကို ဖြတ်သန်း၍ စီးဆင်းနေသည်။ ကောင်းကင်ထက်တွင် ပေါ်လောပေါနေသော ပန်းခြံကြီးမှာ အံ့မခန်းဖွယ်ရာကောင်းသော စိတ်ကူးယဉ်ကမ္ဘာတစ်ခုအလား ထင်မှတ်ရပြီး အလွှာလိုက်တည်ဆောက်ထားသော မျက်စိကျိန်းမတတ် ဗိသုကာလက်ရာကြီးမှာ တစ်မျှော်တစ်ခေါ် အဆုံးအစမဲ့ရှည်လျားလှသည်။

နန်းတော်ကြီးတစ်ခုလုံး၏ အလယ်ဗဟိုတည့်တည့်တွင် ရွှေရောင်နန်းတော်ကြီးတစ်ခု ပေါ်လောပေါနေပြီး ကြီးကျယ်ခမ်းနားသော အငွေ့အသက်များကို ထုတ်လွှင့်လျက် တော်ဝင်မြို့တော်တစ်ခုလုံးကို လွှမ်းမိုးထားလေသည်။

ကျန်းမုန့်လောင်၏ အရှေ့တွင် မည်သည့်ပစ္စည်းဖြင့် တည်ဆောက်ထားမှန်း မသိရသော နဂါးရုပ်ကြီးတစ်ရုပ် ရှိနေလေသည်။ ကျန်းမုန့်လောင် ထိုပြာလဲ့လဲ့မျက်လုံးများကို စိုက်ကြည့်လိုက်သောအခါ အားကောင်းလှသော စွမ်းအင်တစ်ခုက သူ့ကို ဖမ်းချုပ်ထားသလို အမှန်တကယ် ခံစားလိုက်ရသည်။

ကောင်းကင်ဖြိုခွင်းခြင်းအဆင့်တစ်နှင့် နှိုင်းယှဉ်နိုင်လောက်သည့် သူ့စွမ်းအားဖြင့်ပင် ထိုစွမ်းအင်၏ ဖိအားအောက်၌ ချွေးများပြန်လာခဲ့သည်။

"အစ်ကိုကျန်း... ဒီရုပ်တုရဲ့ မျက်လုံးတွေကို အကြာကြီးစိုက်မကြည့်သင့်ဘူးနော်"

ယိုရော့က သတိပေးလိုက်သည်။

"အဲဒါက ဘာကျောက်မျက်ရတနာအမျိုးအစားလဲ"

"အဲဒါ ကျောက်မျက်ရတနာမဟုတ်ဘူး"

ယိုရော့က ရယ်မောလျက် ပြောလိုက်၏။

"အဲဒါ နဂါးမိစ္ဆာသားရဲအစစ်ရဲ့ မျက်လုံးတွေလေ"

"ဘာ... မိစ္ဆာသားရဲရဲ့မျက်လုံးတွေ ဟုတ်လား"

"ကျွန်မတို့ရွှေစင်မင်းဆက်ရဲ့ ဘိုးဘေးက ကောင်းကင်ဖြိုခွင်းခြင်းအဆင့်နှစ်ရှိတဲ့ နဂါးမျိုးနွယ်မိစ္ဆာသားရဲဆီက ယူထားတာလေ။ ကျွန်မတို့ မင်းဆက်ကို စတင်တည်ထောင်ချိန်တုန်းက ပိုင်နက်ထဲမှာ မိစ္ဆာသားရဲတွေ သောင်းကျန်းနေခဲ့ကြတာကိုး။ အဲဒီသားရဲက သူတို့ရဲ့ခေါင်းဆောင်ပဲ။ ကျွန်မတို့ရဲ့ဘိုးဘေးက လပေါင်းများစွာ ရေကုန်ရေခမ်းတိုက်ပွဲဝင်ပြီးမှ အဲဒီသားရဲကို သတ်နိုင်ခဲ့တာ"

"ဝိုး..."

"အစ်ကိုကျန်း... ဘာတွေတွေးနေတာလဲ"

"အဲဒီနဂါးမျိုးနွယ် မိစ္ဆာသားရဲရဲ့ အသားက အရသာရှိလားဆိုတာရယ် အသားနူးအိအိလေးနဲ့ အရသာကောင်းအောင် ဘယ်လိုချက်ရမလဲဆိုတာ စဉ်းစားနေတာ"

ကျန်းမုန့်လောင်က ပြန်ဖြေလိုက်သည်။

"အစ်ကိုကျန်း.. အဲဒါတွေက ကျွန်မတို့ ရင်ဆိုင်နိုင်တဲ့သတ္တဝါတွေ မဟုတ်ဘူးနော်။ အခု ကျွန်မတို့ရဲ့ရွှေစင်မင်းဆက်မှာ အစွမ်းအထက်ဆုံးလူတွေတောင် ကောင်းကင်ဖြိုခွင်းခြင်းအဆင့်သုံးပဲ ရှိသေးတာ"

"မင်းတို့နှစ်ယောက် မင်းတို့ရဲ ဘိုးဘေးကို ကျော်တက်နိုင်ဖို့ မကြာတော့ပါဘူး"

ကျန်းမုန့်လောင်က ပြုံးလျက် ပြောလိုက်သည်။

ယိုရော့ရော ချီရှို့ပါ ယုံကြည်မှုများ အပြည့်ရှိနေကြသည်။ အထူးသဖြင့် ချီရှို့ပင်။ ဝိညာဉ်သွေးကြောရှစ်ခုပါဝင်သော ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် အစွမ်းထက်လှသော "ကောင်းကင်ပြာနဂါးအသွင်ပြောင်းလျှို့ဝှက်ကျမ်း"တို့ကြောင့် သူ့အနေနှင့် နေ့တိုင်း စားလိုက်အိပ်လိုက်လုပ်နေလျှင်ပင် တစ်နှစ် သို့မဟုတ် နှစ်နှစ်အတွင်း ကောင်းကင်ဖြိုခွင်းခြင်းအဆင့်သို့ အလွယ်တကူ တက်လှမ်းနိုင်မည်ဖြစ်၏။

"အစ်ကိုကျန်း... အစ်ကို့အခန်းကို အရင်လိုက်ပို့ပေးမယ်။ မနက်ဖြန်ကျမှ နန်းတော်ကြီးတစ်ခုလုံးကို လိုက်ပြပေးမယ်နော်။ ပြီးတော့ တော်ဝင်မြို့တော်ထဲမှာ သွားကစားချင်တယ် အရသာရှိတဲ့ အစားအစာတွေ မြည်းစမ်းကြည့်ချင်တယ်ဆိုရင်လည်း ရော့ရော့လိုက်ပို့ပေးမယ်။ ကျွန်မတို့ရဲ့ရွှေစင်မင်းဆက်မှာ ပျော်စရာကောင်းပြီး အရသာရှိတဲ့နေရာတွေ အများကြီးရှိတယ်"

"ကောင်းပါပြီ"

ကျန်းမုန့်လောင်ကလည်း မငြင်းဆန်ခဲ့ပေ။ ဤအလယ်အလတ်အဆင့် ကမ္ဘာများ၏ ကြွယ်ဝမှုကို သူ အမှန်တကယ် မြင်တွေ့ချင်သည်။

ရုတ်ခြည်းပင် ခေါင်းလောင်းသံတစ်သံ ထွက်ပေါ်လာသည်။ နန်းတော်ကြီးတစ်ခုလုံး ရှင်းလင်းပြတ်သားစွာ ကြားနိုင်လောက်အောင် ကျယ်လောင်လှပေသည်။

"အဲဒါ ဘာအသံလဲ။ ထမင်းစားချိန် ရောက်ပြီလား"

ကျန်းမုန့်လောင်မှာ အချိန်ကို တစ်ချက်ကြည့်လိုက်လေရာ ဤကမ္ဘာ၌ သန်းခေါင်ယံအချိန်ဟု ယူဆရမည့်အချိန်ပင်။

"မင်းတို့နန်းတော်မှာ ညလယ်စာ ကျွေးတာများလား"

"မဟုတ်ဘူး။ အဲဒါ မတူဘူး"

ချီရှို့နှင့် ယိုရော့တို့၏ မျက်နှာအမူအရာကား အစောပိုင်းကနှင့် လုံးဝကွာခြားသွားသည်။

"ဒါက ကျွန်တော်တို့ရွှေစင်မင်းဆက်ရဲ့ သတိပေးခေါင်းလောင်းသံပဲ။ အရမ်းအရေးကြီးတဲ့ အခြေအနေမျိုးမှာပဲ အသံပေးတာ"

ခေါင်းလောင်းသံ ထွက်ပေါ်လာသည်နှင့် နန်းတော်ကြီးတစ်ခုလုံး အနည်းငယ် ရုတ်ရုတ်သဲသဲဖြစ်သွားပြီး နန်းတော်၏ နေရာအနှံ့အပြားမှ လူရိပ်များမှာ အပေါ်ဘက်ရှိ ရွှေရောင်နန်းတော်ဆီသို့ အပြေးအလွှား သွားနေကြသည်။

"ခမည်းတော် တစ်ခုခုများဖြစ်နေလို့လား"

ချီရှို့၏စိတ်ထဲတွင် မကောင်းသောနိမိတ်တစ်ခု ရုတ်ခြည်းခံစားလိုက်မိသည်။

"မဖြစ်နိုင်ပါဘူး"

ယိုရော့က ပြောလိုက်သည်။

"ခမည်းတော်က ကောင်းကင်ဖြိုခွင်းခြင်းအဆင့်နှစ် သိုင်းပညာရှင်တစ်ယောက်လေ။ ပြီးတော့ နန်းတော်ထဲမှာ မဟာဧကရာဇ်တွေလည်း အများကြီးရှိနေတာပဲ။ သူ ဘာဖြစ်နိုင်မှာမို့လို့လဲ"

ယိုရော့က ထိုသို့ပြောလိုက်သော်လည်း သူ(မ)၏ မျက်နှာအမူအရာကမူ ဆန့်ကျင်ဘက်ဖြစ်နေချေသည်။ အကယ်၍ ဘာမှမဖြစ်ပါက ခေါင်းလောင်းသံ မြည်လာမည်မဟုတ်ပေ။

"ဒီမှာ ခန့်မှန်းမနေကြနဲ့တော့။ သွားကြည့်ရအောင်။ မြန်မြန်သွားစို့"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

သူက အမှန်တကယ်ပင် ကံဆိုးမှုများကို ယူဆောင်လာလေသလားဟု သူ့ကိုယ်သူ တွေးလိုက်မိသည်။ သူတစ်ပါး၏ နန်းတော်သို့ သူရောက်သည်နှင့် သူတို့၏ဧကရာဇ်မှာ မမျှော်လင့်ဘဲ ဘေးအန္တရာယ်နှင့် ကြုံတွေ့ရသတဲ့လား။

ဒီလိုတော့ မဖြစ်သင့်ဘူးမလား။

သူတို့သုံးယောက်သား ရွှေရောင်နန်းတော်ဆီသို့ ပျံသန်းရန် ချီစွမ်းအင်ကို အလျင်အမြန် သုံးလိုက်ကြသည်။ ထိုနေရာတွင် လူအများအပြား စုရုံးရောက်ရှိနေကြပြီဖြစ်၏။ ထိုလူများအားလုံးနီးပါးမှာ မင်းမျိုးမင်းနွယ်များ သို့မဟုတ် မင်းဆက်အတွင်းရှိ အလွန်အရေးပါသော ပုဂ္ဂိုလ်များသာ ဖြစ်ကြသည်။

"မယ်တော်"

ချီရှို့၏မိခင်နှင့် ယိုရော့၏မိခင်တို့မှာ အတူတူရှိနေကြပြီး မင်းဆက်ထဲရှိ အခြားမိန်းမများနှင့် နှိုင်းယှဉ်လျှင် ချီရှို့မိခင်၏ ဝတ်စားဆင်ယင်မှုမှာ အလွန်ရိုးရှင်းလှသည်။ ချီရှို့၏ ဝိညာဉ်သွေးကြော ဖျက်ဆီးခံရပြီးကတည်းက သူတို့၏ အဆင့်အတန်းမှာ ထိုးကျသွားပြီး ကံကောင်းထောက်မစွာဖြင့် ယိုရော့၏မိသားစုက သူတို့ကို ကူညီထောက်ပံ့ပေးထားသောကြောင့် အခြားသူများ၏ အနိုင်ကျင့်ဗိုလ်ကျမှုများမှ ကင်းဝေးခဲ့ရသည်။

"ရှို့အာ... သားတော်ရဲ့ပုံစံက ဘာလို့ ဒီလိုဖြစ်နေရတာလဲ"

ချီရှို့၏မိခင်သည် အလွန်အမင်း စိတ်ဓာတ်ကျနေသော ချီရှို့ကို မြင်လိုက်ရသဖြင့် ဘာဖြစ်ခဲ့သလဲဆိုသည်ကို ခန့်မှန်းမိသွားသည်။

"သူတို့တွေက လွန်ကိုလွန်လွန်းပါတယ်။ သားတော်ရဲ့ ဝိညာဉ်သွေးကြောကို ဖျက်ဆီးခဲ့ပြီးပြီပဲ။ အခု ငါတို့ကို လမ်းဘေးရောက်အောင် တွန်းပို့ချင်နေကြသေးတာလား"

ချီရှို့၏မိခင်မှာ အလွန်ကျက်သရေရှိသော အမျိုးသမီးတစ်ဦးဖြစ်ပြီး အသက်အရွယ်တစ်ခုသို့ ရောက်နေသော်လည်း သူ(မ)၏ ငယ်ရွယ်နုပျိုသော အလှတရားများမှာ ထင်ရှားနေဆဲပင်။ သို့သော် ကျဆင်းသွားသော သူ(မ)၏ အဆင့်အတန်းအရဆိုလျှင် သူ(မ)သာ ကျန်းဟွမ်ဇာတ်လမ်းတွဲထဲတွင် ပါဝင်ပါက အပိုင်းတစ်ပိုင်းတောင် အသက်ရှင်နိုင်မည်မဟုတ်ပေ။

"မယ်တော် မငိုပါနဲ့။ သားတော် ဘာမှမဖြစ်ပါဘူး"

ချီရှို့သည် မျက်ရည်များဝဲနေပြီဖြစ်သော မိခင်ဖြစ်သူကို နှစ်သိမ့်လိုက်သည်။

"ဪ... သားတော် အသစ်ရထားတဲ့ အစ်ကိုကျန်းမုန့်လောင်နဲ့ မိတ်ဆက်ပေးရဦးမယ်။ သူသာမရှိရင် သားတော် ဒီတစ်ခေါက် တော်ဝင်မြို့တော်ကို ပြန်လာနိုင်မှာမဟုတ်ဘူး။ ပြီးတော့ သားရဲ့ ဝိညာဉ်သွေးကြော ပြန်ကောင်းလာတာလည်း သူ့ကျေးဇူးကြောင့်ပါပဲ"

"ဘာ... သားတော်ရဲ့ဝိညာဉ်သွေးကြော ပြန်ကောင်းလာပြီ ဟုတ်လား"

ထိုအမျိုးသမီးမှာ ဝမ်းသာပျော်ရွှင်သွားသည်။ သူတို့၏အဆင့်အတန်း ကျဆင်းခဲ့ရခြင်းမှာ ချီရှို့၏ ဝိညာဉ်သွေးကြော ပျက်စီးသွားခြင်းကြောင့်ပင်။ ယခု ဝိညာဉ်သွေးကြော ပြန်လည်ကောင်းမွန်လာခြင်းနှင့် သူ့အုပ်ချုပ်မှုစွမ်းရည်တို့ ပေါင်းစပ်လိုက်ပါက သူတို့၏အထွတ်အထိပ်သို့ ပြန်ရောက်ရှိနိုင်မည့် အခွင့်အရေးကို ရလိုက်ပြီဖြစ်၏။

"အစ်ကိုကျန်းရဲ့ ကျေးဇူးတွေချည်းပါပဲ"

ချီရှို့က ယခုအခါ သူ့တွင် ဝိညာဉ်သွေးကြောရှစ်ခု ရှိနေပြီဖြစ်ကြောင်း ထည့်မပြောခဲ့ပေ။ ဤသတင်းသာ ပျံ့နှံ့သွားပါက လက်ရှိအချိန်၌ သူ့အတွက် အကျိုးရှိမည်မဟုတ်ပေ။

"မစ္စတာကျန်း... ကျွန်မတို့သားအမိ တကယ်ပဲ ကျေးဇူးတင်ပါတယ်ရှင်"

လှပသော ထိုအမျိုးသမီးက ကျန်းမုန့်လောင်၏ရှေ့တွင် ဒူးထောက်ရန်ပင် ကြိုးစားလိုက်လေသည်။

"ဒီလောက်ယဉ်ကျေးနေစရာ မလိုပါဘူးဗျာ"

ကျန်းမုန့်လောင်လည်း ထိုအမျိုးသမီးကို အမြန်ထူမလိုက်သည်။

"ကျွန်တော်က ချီရှို့ရဲ့သူငယ်ချင်းပါ။ ကူညီရုံလေးပါ။ ဒါနဲ့ အခု ဘာတွေဖြစ်နေတာလဲ။ သန်းခေါင်ယံကြီးမှာ လူတိုင်းကို ဒီနေရာမှာ ဘာလို့လာစုခိုင်းထားတာလဲ"

"အင်း..."

ထိုအမျိုးသမီးက သက်ပြင်းချလိုက်သည်။

"ရှို့အာ... သားတော်က တော်ဝင်မြို့တော်မှာ မရှိတော့ သိမှာမဟုတ်ဘူး။ မင်းရဲ့ခမည်းတော် တစ်ခုခုဖြစ်နေပြီ"

"ခမည်းတော် တစ်ခုခုဖြစ်နေတယ် ဟုတ်လား... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ယိုရော့ပင် အံ့အားသင့်သွားပုံရသည်။ ချီရှို့က တော်ဝင်မြို့တော်တွင် မရှိသော်လည်း သူ(မ)က တစ်ချိန်လုံးရှိနေခဲ့သည် မဟုတ်ပါလော။

"မင်းဆက်ရဲ့တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်ဖို့ ဒီသတင်းကို လျှို့ဝှက်ထားခဲ့တာ။ ဒါပေမဲ့ အခုတော့ အရေးကြီးတဲ့အချိန်ကို ရောက်နေပြီထင်တယ်"

ကျန်းမုန့်လောင်လည်း တစ်ကိုယ်တည်းတွေးလိုက်မိသည်။

"ဝိုး... ဒါက ညလယ်စာစားဖို့ အသံပေးတာမဟုတ်ဘူးပဲ။ စားသောက်ပွဲကြီးစဖို့ အသံပေးနေတာကိုး"

**********************

All Chapters