အခန်း ၁၀၉၁
Vol. 73 Ch. 1091
အခန်း ၁၀၉၁ - မိုက်ခရိုစကုပ်အောက်မှာ အရင်စစ်ဆေးကြည့်ပါရစေ
"မယ်တော်... ဘာတွေဖြစ်နေတာလဲဟင်"
ချီရှို့နှင့် ယိုရော့တို့က စိုးရိမ်တကြီး မေးမြန်းလိုက်ကြသည်။
ချီရှို့က သူ့ခမည်းတော်အပေါ် မကျေနပ်ချက်များ အနည်းငယ်ရှိနေသော်လည်း သူ့ခမည်းတော်က မိသားစုတစ်ခုတည်းအတွက် မဟုတ်ဘဲ မင်းဆက်တစ်ခုလုံးအတွက် တာဝန်ရှိသူတစ်ဦးဖြစ်ကြောင်းကိုမူ အသိစိတ်ဖြင့် နားလည်ပေးနိုင်ပေသည်။
သူ့ခမည်းတော်က မြို့ပေါင်းများစွာကို သူ့ပိုင်နက်နယ်မြေအဖြစ် ပေးအပ်ခဲ့ခြင်းကပင် သူ့အပေါ်ထားသော နောင်တနှင့် အချစ်တို့ကို ပြသနေသည်။
ယိုရော့ဆိုလျှင် ပို၍ပင် ဆိုဖွယ်ရာမရှိပေ။ သူ(မ)သည် ငယ်စဉ်ကတည်းက ခမည်းတော်၏ အသည်းစွဲသမီးတော်လေး ဖြစ်ခဲ့လေရာ ယခုလို ခမည်းတော် တစ်ခုခုဖြစ်နေသည်ဆိုပါက မည်သို့နှယ် မစိုးရိမ်ဘဲနေမည်နည်း။
"ဟူး... ငါပဲ ရှင်းပြပါ့မယ်"
ယိုရော့၏ အမေက သက်ပြင်းချရင်း ပြောလိုက်သည်။
လွန်ခဲ့သည့်တစ်နှစ်က ရွှေစင်မင်းဆက်၏ မြင့်မြတ်သောအရှင် ချီမိုရှန်းသည် ကျင့်ကြံနေစဉ်အတွင်း ရုတ်တရက် နေထိုင်မကောင်းဖြစ်ခဲ့ရသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ ချီစွမ်းအင်များ ရုတ်တရက်ဆိုသလို ထိန်းမရတော့ဘဲ ကလီစာများကို တိုက်ခိုက်ခဲ့သဖြင့် သွေးအန်ပြီး ထိုနေရာမှာပင် မေ့လဲသွား၏။
သူသည် တော်ဝင်မြို့တော်ရှိ သမားတော်အားလုံးကို ချက်ချင်းခေါ်ယူခဲ့သည်။ သမားတော်များ စစ်ဆေးကြည့်ရှုပြီးနောက် ချီမိုရှန်း၏ ခန္ဓာကိုယ်ထဲတွင် သေးငယ်သော ကပ်ပါးပိုးမွှားပေါင်းများစွာ ရှိနေကြောင်း တွေ့ရှိခဲ့ကြသည်။
ထိုကပ်ပါးကောင်များက အလွန်သေးငယ်လွန်းသဖြင့် မျက်စိဖြင့်လည်း မမြင်နိုင်သလို ချီစွမ်းအင်ဖြင့်ပင် စမ်းသပ်နိုင်ရန် ခက်ခဲလှသည်။ ထိုအကောင်များမှာ လက်ခံခန္ဓာကိုယ်၏ ချီစွမ်းအင်များကို မနားတမ်း ဝါးမြိုစားသုံးကြပြီး ညစ်ညမ်းသော စွမ်းအင်များကို ထုတ်လွှတ်ပေးသဖြင့် ကျင့်ကြံမှုကို အနှောင့်အယှက်ပေးရုံသာမက ခန္ဓာကိုယ်ကိုပါ ပြင်းထန်စွာ ပျက်စီးစေနိုင်သည်။
ယုတ္တိနည်းကျပြောရလျှင် ထိုကဲ့သို့သော သတ္တဝါများကို တွေ့ရှိခဲ့ဖူးပြီးဖြစ်ရာ ဖယ်ရှားသတ်ဖြတ်နိုင်မည့် နည်းလမ်းတစ်ခု ရှိသင့်ပေသည်။
အမှန်စင်စစ်တွင် အကယ်၍ ထိုအရာများသာ သာမန်ကပ်ပါးကောင်များဆိုပါက ချီမိုရှန်းကဲ့သို့သော ကောင်းကင်ဖြိုခွင်းခြင်းအဆင့် သိုင်းပညာရှင်တစ်ဦးအနေနှင့် ချီစွမ်းအင်ကို အသုံးပြုရုံဖြင့် သုတ်သင်ပစ်နိုင်သည်။ သို့မဟုတ် ခန္ဓာကိုယ်ပြင်ပသို့ မောင်းထုတ်ပစ်နိုင်ပေသည်။
သို့သော် ထိုကပ်ပါးကောင်များက အလွန်ထူးဆန်းလှပေသည်။ ထိုအကောင်များမှာ ချီစွမ်းအင်ကို အစာအဖြစ် စားသုံးကြပြီး အလွန်အမင်း သေးငယ်လှ၏။ သူတို့ကို သုတ်သင်ပစ်ရန် ကြိုးစားပါက ခန္ဓာကိုယ်ကိုပင် ထိခိုက်စေနိုင်သဖြင့် ရိုးရိုးနည်းလမ်းများဖြင့် လုံးဝအသုံးမဝင်ပေ။
ဆေးဝါးကျွမ်းကျင်သူများနှင့် အဂ္ဂိရတ်ပညာရှင်များမှာ နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့ကြပြီး ထိုကပ်ပါးကောင်များကို သတ်ဖြတ်ရန် ဆေးဝါးများစွာ ဖော်စပ်ခဲ့ကြသော်လည်း ခြွင်းးချက်မရှိ အားလုံးပျက်စီးခဲ့ရ၏။ အလွန်ဆုံး ရရှိနိုင်သည်မှာ သူတို့၏ မျိုးပွားမှုကို နှေးကွေးစေပြီး ကြီးထွားမှုကို ထိန်းချုပ်ပေးနိုင်ရုံမျှသာ။
တစ်နည်းအားဖြင့်ပြောရလျှင် ရောဂါဝေဒနာကို ခေတ္တသက်သာအောင်သာ ပြုလုပ်ပေးနိုင်ပြီး လုံးဝပျောက်ကင်းအောင် မကုသနိုင်ပေ။
အစပိုင်းတွင် ထိန်းချုပ်၍ ရသေးသော်လည်း ရောဂါအခြေအနေ ပိုမိုဆိုးဝါးလာသည်နှင့်အမျှ ချီမိုရှန်း၏ ခန္ဓာကိုယ်မှာ တစ်နေ့ထက်တစ်နေ့ အားနည်းလာပြီး အဆင့်လည်း ကောင်းကင်ဖြိုခွင်းခြင်းအဆင့်တစ်အထိ ထိုးကျသွားခဲ့သည်။ ယခုဆိုလျှင် ချီစွမ်းအင်ကို အသုံးပြုလိုက်သည်နှင့် ခန္ဓာကိုယ်တစ်ခုလုံး အလွန်အမင်း နာကျင်ခံစားရတော့သည်။
ယနေ့ညတွင် သူသည် သွေးမည်းများပင် အန်နေတော့သည်။ ယခုအခါ ဆေးဝါးများဖြင့်ပင် ခန္ဓာကိုယ်ပျက်စီးယိုယွင်းမှုကို ထိန်းချုပ်ရန် ခက်ခဲလာခဲ့လေပြီ။ ရွှေစင်မင်းဆက်ရှိ ကျော်ကြားသော နတ်သမားတော်များနှင့် အဂ္ဂိရတ်ပညာရှင်များအားလုံးနီးပါးကို ချီမိုရှန်းအားကုသရန် တော်ဝင်မြို့တော်သို့ ခေါ်ယူထားပြီးဖြစ်၏။
ခေါင်းလောင်းသံမှာ ဆယ်ကြိမ်လျှင် ကိုးကြိမ်ခန့် မနားတမ်းမြည်ဟီးနေခြင်းကား လက်ရှိအခြေအနေမှာ အလွန်စိုးရိမ်ရကြောင်း ဖော်ပြနေပေသည်။
"သူတို့ ထွက်လာကြပြီ"
ထိုအချိန်တွင် ရွှေရောင်နန်းတော်၏ တံခါးကြီးများမှာ ပွင့်ဟသွားပြီး လူအုပ်ကြီးထဲတွင် ရုတ်တရက်ဆိုသလို ရုတ်ရုတ်သဲသဲဖြစ်သွား၏။
ဤသည်မှာ ချီမိုရှန်း၏ စံအိမ်တော်ဖြစ်၏။ ပုံမှန်အားဖြင့် တိုင်းပြည်ရေးရာများကို စီမံခန့်ခွဲခြင်းနှင့် ကျင့်ကြံခြင်းတို့ကို ပြုလုပ်သည့်နေရာပင်။ သူ့ခွင့်ပြုချက်မရှိဘဲ အပြင်လူများ ဝင်ရောက်ခွင့်မရှိအောင် တင်းကျပ်စွာ တားမြစ်ထားပေသည်။
ဂုဏ်သရေကြီးမားသော အမျိုးသားအကြီးအကဲတစ်စုက တည်ကြည်လေးနက်သော အမူအရာများဖြင့် နန်းတော်ထဲက ထွက်လာကြသည်။
ချီမိုရှန်း၏ မင်းသားများ၊ မင်းသမီးများနှင့် မိဖုရားများလည်း သူတို့အား အမြန်ဝိုင်းအုံလိုက်ကြသည်။
ကျန်းမုန့်လောင်က သူတို့ ရောက်လာကတည်းက သူတို့ကို စိုက်ကြည့်နေသော ဆံပင်ခပ်တိုတိုနှင့် လူငယ်တစ်ယောက်ကို သတိပြုမိလိုက်သည်။ သူ့ခန့်မှန်းချက်သာ မလွဲပါက ထိုလူမှာ ချီရှို့၏ အစ်ကိုကြီးဖြစ်သူ ဒဏ္ဍာရီလာပထမမင်းသားပင် ဖြစ်ပေလိမ့်မည်။
ကျန်းမုန့်လောင်တွင် အာကာသယာဉ် ရှိနေသောကြောင့် ချီရှို့တစ်ယောက် တော်ဝင်မြို့တော်သို့ ဘေးကင်းကင်းဖြင့် ပြန်ရောက်လာသည်ကို မြင်လိုက်ရသောအခါ သူ့နောက်လိုက်များထံမှ သတင်းမရသေးသဖြင့် အံ့အားသင့်သွားသည့် ပုံပေါ်ပေသည်။
ကျန်းမုန့်လောင်ကိုကြည့်သည့် အကြည့်မှာမူ သံသယနှင့် သတိထားမှုများဖြင့် ပြည့်နှက်နေ၏။ ချီရှို့နှင့်ပတ်သက်သမျှ မည်သူ့ကိုမဆို သူ့မျက်လုံးထဲ၌ ဆူးတစ်ချောင်းအဖြစ် သတ်မှတ်ထားပုံရသည်။
"ဆရာဟန်... ကျွန်တော့်ခမည်းတော် ဘယ်လိုနေသေးလဲ"
မင်းသားတစ်ပါးက ရှေ့ဆုံးရှိ ဝတ်ရုံဖြူဝတ်ထားသော အဘိုးအိုကို ချက်ချင်းဖမ်းဆွဲ၍ မေးလိုက်သည်။ သူသည် ရွှေစင်မင်းဆက်တွင် ဂုဏ်သရေအရှိဆုံးနှင့် အထူးချွန်ဆုံး အဂ္ဂိရတ်ပညာရှင်ဖြစ်ပြီး ကောင်းကင်ဘုံအဆင့် ဆေးလုံးများကိုပင် ဖော်စပ်နိုင်ခြေရှိသူဖြစ်ရာ မြင့်မြတ်သောအရှင် ချီမိုရှန်းကိုယ်တိုင်ပင် သူ့ကို အလွန်လေးစားရသည်။
"အရမ်းဆိုးဝါးပါတယ်"
ဆရာဟန်က သက်ပြင်းချလိုက်သည်။
"အရှင်မင်းကြီး၏ အခြေအနေက ကျွန်တော်တို့ ထင်ထားတာထက် ပိုဆိုးနေပါတယ်။ အဆိပ်ရှိတဲ့ ကပ်ပါးကောင်တွေက အရှင်မင်းကြီးရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ ပျံ့နှံ့နေပြီး နည်းလမ်းပေါင်းစုံသုံးခဲ့ပေမဲ့ အရှင်မင်းကြီးရဲ့ ခန္ဓာကိုယ်ကို မထိခိုက်စေဘဲ အဲဒီပိုးမွှားတွေကို သုတ်သင်ဖို့ မတတ်နိုင်ခဲ့ပါဘူး"
"ဒါဆိုရင်..."
"အရှင်မင်းကြီးကို ကုသချင်တယ်ဆိုရင် ဟောက်ထျန်းတိုက်ကြီးပေါ်မှာ ပိုကျွမ်းကျင်တဲ့လူကို ရှာရပါလိမ့်မယ်။ ဒါပေမဲ့..."
ဆရာဟန်သည် ပြောရခက်နေပုံပေါ်သည်။
"ဒါပေမဲ့ ဘာဖြစ်လို့လဲဟင်"
"အရှင်မင်းကြီးရဲ့ လက်ရှိအခြေအနေအရ သူ့ခန္ဓာကိုယ်က နောက်ထပ်သုံးရက်ပဲ ခံနိုင်ပါတော့မယ်။ သုံးရက်ကျော်သွားရင်တော့ သူ့ခန္ဓာကိုယ်ထဲက ချီစွမ်းအင်တွေလည်း အကုန်ခန်းခြောက်သွားတဲ့အထိ ကုန်ခမ်းသွားမှာမို့ နောက်ဆက်တွဲရလဒ်ကတော့..."
"ဆရာကြီး... ကျွန်တော့်ခမည်းတော်ရဲ့ ခန္ဓာကိုယ်ထဲက အဆိပ်ရှိတဲ့ ကပ်ပါးကောင်က ဘာပိုးမွှားလဲဟင်"
"ဒါက အရမ်းရှားပါးတဲ့ အဆိပ်ရှိကပ်ပါးပိုးမွှားတစ်မျိုးပါ။ တိတိကျကျပြောရရင် ကပ်ပါးကောင်လို့တောင် ခေါ်လို့မရပါဘူး"
ဆရာဟန်က ပြောလိုက်သည်။
"ကျွန်တော်တို့ရဲ့ သုတေသနပြုချက်အရ ရှေးဟောင်းစာပေတစ်ခုမှာ သူ့ဖြစ်တည်မှုကို တွေ့ရှိခဲ့ပါတယ်။ ဒီအကောင်က အရမ်းအေးစက်တဲ့ နေရာတွေရဲ့ ရေခဲလွှာတွေထဲမှာပဲ တည်ရှိတတ်တဲ့ အရာဖြစ်ပြီး အရမ်းသန်မာတဲ့ ဇီဝစွမ်းအားကို ပိုင်ဆိုင်ထားသလို အမျိုးအစားစုံလင်တဲ့ ချီစွမ်းအင်တွေကိုလည်း ခုခံနိုင်စွမ်း အရမ်းမြင့်မားပါတယ်"
"အရမ်းအေးစက်တဲ့နေရာတွေ ဟုတ်လား"
မင်းသားမှာ အံ့အားသင့်သွားလေ၏။
"ဒါပေမဲ့ ကျွန်တော်တို့ ရွှေစင်မင်းဆက်က ရာသီဥတုအရမ်းသာယာတဲ့ဒေသမှာ ရှိတာလေ။ အရမ်းအေးတဲ့ အနီးဆုံးနေရာဆိုတာ အနည်းဆုံး မင်းဆက်တစ်ဆယ်မက ဝေးတာကို။ ခမည်းတော်ကလည်း ဘယ်တုန်းကမှ အဲဒီလိုနေရာမျိုးကို သွားခဲ့တယ်လို့ မကြားဖူးပါဘူး။ ဒါဆိုရင် အဲဒီလို ကပ်ပါးကောင်က ခမည်းတော်ရဲ့ ခန္ဓာကိုယ်ထဲကို ဘယ်လိုလုပ်ပြီး ရောက်လာရတာလဲ"
"ဒါကတော့ တတိယမင်းသားကိုယ်တိုင် စဉ်းစားကြည့်ဖို့ပဲ လိုပါတော့တယ်"
ဆရာဟန်က နောက်တစ်ကြိမ် သက်ပြင်းချလိုက်သည်။
"ဆရာပြောချင်တာက တစ်ယောက်ယောက်က ခမည်းတော်ကိုလုပ်ကြံတာလို့ ပြောချင်တာလား"
တတိယမင်းသားသည် ဆရာဟန့်စကား၏ အဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက်လိုက်သည်။
ချီမိုရှန်းတွင် ထိုကဲ့သို့သော ကပ်ပါးကောင် ကူးစက်ခံရရန် အခြားအကြောင်းအရင်းမရှိသဖြင့် တစ်ဦးတစ်ယောက်က ရည်ရွယ်ချက်ရှိရှိဖြင့် ရှာဖွေကာ သူ့ခမည်းတော်အား ကူးစက်အောင် ပြုလုပ်ခဲ့သည်ဟူသော ရှင်းလင်းချက်တစ်ခုသာ ရှိပေတော့သည်။
"အမလေး... ဒီလူယုတ်မာကတော့ သူ့ခမည်းတော် သေခါနီးနေတာတောင် အရှက်မရှိ ပြုံးနေနိုင်သေးတယ်ပေါ့"
ကျန်းမုန့်လောင်မှာ ပထမမင်းသား၏ မျက်နှာပေါ်တွင် ယုတ်မာသော အပြုံးတစ်ပွင့် ပေါ်နေသည်ကို သတိပြုမိလိုက်သည်။
"ဇာတ်လမ်းက ဒီလောက်အထိ ရိုးအီနေမယ်လို့ မထင်ထားဘူး"
ကျန်းမုန့်လောင် တအံ့တဩတွေးလိုက်မိသည်။
"ဒါပေမဲ့ ချီရှို့ကို သတ်ချင်နေတဲ့ အဲဒီကောင်ရဲ့ အပြုအမူကို ကြည့်ရင်တော့ ဒါ မဖြစ်နိုင်ဘူးလို့ ပြောလို့မရဘူးပဲ"
ကျန်းဟွမ်ဇာတ်လမ်းတွဲ၊ ယန်ရှီနန်းတော်ဇာတ်လမ်းတွဲနှင့် အခြားနန်းတွင်းဇာတ်လမ်းတွဲမျိုးစုံကို ကြည့်ဖူးသူတစ်ဦးအနေနှင့် ကျန်းမုန့်လောင်သည် ထိုကဲ့သို့သော ဇာတ်ကွက်များကို ကျွမ်းကျင်စွာ သဘောပေါက်ထားပြီးဖြစ်၏။ ထီးနန်းလုရန် မင်းကြီးကိုလုပ်ကြံသည့် အရာမျိုးမှာ ထူးဆန်းသည့်ကိစ္စ မဟုတ်တော့ပေ။ ပထမမင်းသား၏ အမူအရာကို ကြည့်ခြင်းအားဖြင့် ထိုအဆိပ်ရှိ ကပ်ပါးကောင်ကို သူကိုယ်တိုင်စီစဉ်ခဲ့ခြင်းဖြစ်ရန် ဖြစ်နိုင်ခြေအလွန်များနေပေသည်။
"ကျွန်တော့်ကို အရှင်မင်းကြီးရဲ့အခြေအနေကို စစ်ဆေးကြည့်ရှုခွင့်ပေးလို့ရမလား"
ထိုအချိန်တွင် လူအုပ်ကြီးထဲမှ ငယ်ရွယ်သော အသံတစ်သံ ထွက်ပေါ်လာပြီး လူတိုင်း၏ အာရုံကို ချက်ချင်းပင် ဆွဲဆောင်သွားသည်။
"သူက ဘယ်သူလဲ။ ငါ တစ်ခါမှ မမြင်ဖူးပါဘူး"
"စတ္တမမင်းသားနဲ့ နဝမမင်းသမီးတို့နဲ့ အတူပါလာတာလား"
"ညီလေး... မေးပါရစေဦး။ ညီလေးက ဘယ်သူလဲ"
ဆရာဟန်သည် ကျန်းမုန့်လောင်က ငယ်ရွယ်နေသဖြင့် လျှော့တွက်ခြင်းမရှိဘဲ ကျန်းမုန့်လောင်၏ တည်ငြိမ်အေးဆေးသော အမူအရာကိုပင် အံ့ဩလေးစားသွားသည်။
"ကျွန်တော်က စတ္တမမင်းသားနဲ့ နဝမမင်းသမီးတို့ရဲ့ သူငယ်ချင်းပါ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"အရှင်မင်းကြီးရဲ့သွေး ဒါမှမဟုတ် စွန့်ပစ်ပစ္စည်း တချို့ကို ကြည့်ခွင့်ရနိုင်မလားမသိဘူး"
"ဒါတွေကို ဘာလုပ်ဖို့ကြည့်ချင်တာလဲ"
ဆရာဟန်က မေးလိုက်လေ၏။
"ကျွန်တော့်ကို ကြည့်ခွင့်ပြုနိုင်မလား"
"ရတာပေါ့"
ဆရာဟန်သည် ကျန်းမုန့်လောင် ထိုနမူနာများဖြင့် ဘာလုပ်မည်ကို စူးစမ်းချင်နေသဖြင့် ဖန်ဘူးတစ်ဘူးကို ကျန်းမုန့်လောင်ထံ သတိထား၍ လွှဲပေးလိုက်သည်။
"ဒါကတော့ အရှင်မင်းကြီးရဲ့သွေးပါပဲ။ ဒါပေမဲ့ သတိထားနော်။ ဒီအဆိပ်ရှိကပ်ပါးကောင်က မျက်စိနဲ့ မမြင်နိုင်လို့ မင်းကို အလွယ်တကူ ကူးစက်နိုင်တယ်။ ချီစွမ်းအင်နဲ့ တားဆီးထားရလိမ့်မယ်။ သူက ချီစွမ်းအင်ကို စားသုံးနိုင်ပေမဲ့ ခန္ဓာကိုယ်အပြင်မှာတော့ ချီစွမ်းအင်ကိုသုံးပြီး သုတ်သင်လို့ရပါတယ်"
"သတိပေးတဲ့အတွက်ကျေးဇူးပါ ဆရာကြီး"
ကျန်းမုန့်လောင်လည်း ဖန်ဘူးကို ယူလိုက်လေသည်။ လူတိုင်း အံ့အားသင့်သွားရသည်မှာ သတ္တု၊ ဖန်နှင့် အခြားအမည်မသိပစ္စည်းများဖြင့် ဖွဲ့စည်းထားသည့် အလွန်ကြီးမားပြီး ရှုပ်ထွေးပုံရသော အဖြူရောင်အရာဝတ္ထုတစ်ခုကို ထုတ်ယူလိုက်သည်။
"အစ်ကိုကျန်း... ဘာလုပ်မလို့လဲဟင်"
ချီရှို့က နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
"ဪ... ငါက မှန်ကန်တဲ့ဆေးကို ပေးနိုင်ဖို့အတွက် ဒီကောင့်ရဲ့ဖွဲ့စည်းပုံကို မိုက်ခရိုစကုပ်နဲ့ အရင်လေ့လာချင်လို့ပါ"
ချီရှို့ : "???"
***********************