အခန်း ၁၀၉၂
Vol. 73 Ch. 1092
အခန်း ၁၀၉၂ - ခပ်ပြင်းပြင်းပဋိဇီဝဆေးလေး တိုက်လိုက်ရုံပါပဲ
"အစ်ကိုကျန်း... ခင်ဗျားပြောတဲ့ မိုက်ခရိုစကုပ်ဆိုတာက ဘာကြီးလဲ"
"အင်း... အရမ်းသေးငယ်တဲ့အရာတွေကို မြင်နိုင်စွမ်းရှိတဲ့ မှော်ရတနာတစ်မျိုးလို့ မှတ်လိုက်ပေါ့"
ကျန်းမုန့်လောင်လည်း နည်းပညာခေါင်းပါးလှသော ဤအလယ်အလတ်ကမ္ဘာရှိ လူများနှင့် ဆက်သွယ်ပြောဆိုရသည်မှာ အနည်းငယ်ခက်ခဲသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
"ဒီလိုအံ့ဩဖို့ကောင်းတဲ့ မှော်ရတနာမျိုးလည်း ရှိတယ်ပေါ့"
ချီရှို့က အာမေဍိတ်သံပြု၍ ပြောလိုက်သည်။
"အစ်ကိုကျန်းထုတ်လိုက်တဲ့ ပစ္စည်းက အနည်းဆုံး တော့ အဆင့်ရှစ်မှော်ရတနာပဲဖြစ်ရမယ်"
"ရပါတယ်။ ဒါက တက္ကသိုလ်သုတေသန ဓာတ်ခွဲခန်းတွေမှာ သုံးတဲ့ပစ္စည်းမျိုးပါပဲ။ တိကျမှုက သိပ်မမြင့်ပေမဲ့ ဒီလောက်ဆိုရင် လုံလောက်ပါပြီ"
ဤသည်မှာ သက်ရှိများ၏တည်ဆောက်ပုံ အစရှိသော အရာတို့ကို ကြည့်ရှုလေ့လာရန် လုံလောက်သော တိကျမှုမြင့်မားသည့် မှန်ဘီလူးတစ်ခုမျှသာ ဖြစ်၏။
ကျန်းမုန့်လောင်က အဖြူရောင်ကုတ်အင်္ကျီကို ဝတ်ဆင်ကာ ရော်ဘာလက်အိတ်များကို စွပ်လိုက်သည်။ ထို့နောက် မှန်ပြားလေးတစ်ခုဖြင့် နမူနာယူကာ မိုက်ခရိုစကုပ်အောက်တွင် စတင်ကြည့်ရှု လေ့လာတော့သည်။
"ခန္ဓာကိုယ်အရှည်က ၀.၀၅မိုက်ခရွန်လောက်ရှိတယ်။ ယူကာရီယိုတစ်အမျိုးအစားပဲ။ အမြီးမျှင်နဲ့ ဆဲလ်အမြှေးပါးလည်း ပါတယ်... ဒါက ဘက်တီးရီးယားလေးတစ်ကောင်ပဲ မဟုတ်ဘူးလား"
ကျန်းမုန့်လောင်သည် တစ်ချက်ကြည့်ရုံဖြင့် ကောက်ချက်ချလိုက်နိုင်သည်။
ယေဘုယျအားဖြင့် ဘက်တီးရီးယားများမှာ အရှည် ၅မိုက်ခရွန်မှ ၅၀မိုက်ခရွန်အထိ ရှိပြီး အကျယ်မှာ ၀.၅မှ ၅မိုက်ခရွန်အထိ ရှိတတ်သည်။ သို့သော် ဤနေရာမှာ အခြားကမ္ဘာတစ်ခု ဖြစ်နေသောကြောင့် ဇီဝသက်ရှိများအနေနှင့် ထူးဆန်းသော အရွယ်အစားပုံစံများ ရှိနေခြင်းမှာ မဆန်းလှပေ။ ဤနေရာတွင် အရွယ်အစား ပိုမိုသေးငယ်နေခြင်းမျှသာ ဖြစ်၏။
ဤသည်မှာ ကူးစက်မြန်ပြီး ချီစွမ်းအင်များကိုပင် ဝါးမြိုနိုင်စွမ်းရှိသဖြင့် ကြောက်မက်ဖွယ်ကောင်းသည်ဟု ထင်ရသော်လည်း အခြေခံအားဖြင့်မူ ပရိုကာရီရုတ်ဆဲလ်တစ်ခုသာ။
ဤသည်မှာ ဟောက်ထျန်းတိုက်ကြီးပေါ်တွင် ရှေးယခင်ကတည်းက ကျန်ရစ်ခဲ့သော ဗိုင်းရပ်စ်တစ်ခု ဖြစ်နိုင်ပေသည်။ ရာသီဥတုပြောင်းလဲမှုများကြောင့် အလွန်အေးစက်သော နေရာများတွင် အေးခဲနေခဲ့ပြီး ထိုရေခဲများ အရည်ပျော်သွားသောအခါ တစ်စုံတစ်ယောက်က ဇီဝလက်နက်အဖြစ် အသုံးပြုရန် ယုတ်မာသော ရည်ရွယ်ချက်ဖြင့် သိမ်းဆည်းခဲ့ခြင်း ဖြစ်တန်ရာ၏။ သူတို့ပြောသလောက်လည်း ကြောက်စရာမကောင်းလှပေ။
"ဆရာကြီး... ကျွန်တော် ရှာတွေ့ပြီ"
ရုတ်ခြည်းပင် လူငယ်တစ်ယောက်က စာအုပ်တစ်အုပ်ကိုင်ကာ သူတို့ဆီသို့ ပြေးလာလေသည်။ ထိုလူကား ထိုဆရာဟန်၏ တပည့်တစ်ဦး ဖြစ်ပေသည်။
"ဘယ်လိုလဲ။ အဖြေထွက်ပြီလား"
"ဆရာ.. မှတ်တမ်းတွေထဲမှာ ဒါနဲ့ပတ်သက်တဲ့ တိကျတဲ့ အချက်အလက်ကို ကျွန်တော် တွေ့ထားပါတယ်"
ထိုလူငယ်က ပြောလေသည်။
"ဒါကို ချီစွမ်းအင်စားမရဏပိုးကောင်လို့ ခေါ်ပါတယ်။ နောက်ဆုံးမှတ်တမ်းအရ လွန်ခဲ့တဲ့နှစ်သုံးရာကျော် ချန်းလုံမင်းဆက်ခေတ်က တခြားမင်းဆက်တစ်ခုနဲ့ စစ်ဖြစ်နေချိန်မှာ သူတို့ရဲ့ စစ်သူကြီးက ဒီပိုးကောင် တိတ်တဆိတ် ကူးစက်တာကို ခံခဲ့ရပါတယ်။ တစ်လအတွင်းမှာပဲ ချီစွမ်းအင်ဖြိုခွဲမှုအဆင့်ရှိတဲ့ အဲဒီစစ်သူကြီးဟာ စစ်စခန်းထဲမှာပဲ သနားစရာကောင်းလောက်အောင် သေဆုံးသွားခဲ့ပါတယ်"
"ချီစွမ်းအင်စားမရဏပိုးကောင် ဟုတ်လား"
"ဒီအကြောင်း ငါလည်း ကြားဖူးတယ်။ ဒီပိုးကောင်ကို နှိမ်နင်းဖို့ ဘာနည်းလမ်းမှ မရှိဘူးလို့ ပြောကြတယ်။ အခုအချိန်ထိတော့ ကူးစက်ခံရသူတိုင်း သေဆုံးကြတာချည်းပဲ"
"ဒါဆိုရင် ငါတို့ရဲ့အရှင်မင်းကြီးအတွက် မျှော်လင့်ချက် မရှိတော့ဘူးပေါ့"
"အရှင်မင်းကြီး"
မှူးမတ်တစ်စုနှင့် ချီမိုရှန်း၏ မိဖုရားများမှာ ချက်ချင်းပင် ငိုကြွေးလိုက်ကြသည်။ သူတို့အတွက်မူ အရှင်မင်းကြီးသည် သူတို့၏ အားထားရာ ထောက်တိုင်တစ်ခုဖြစ်၏။ မင်းသားများ အားလုံး ကြီးပြင်းနေပြီဖြစ်သော်လည်း သူ့ဦးဆောင်မှု မရှိပါက ထိုမင်းသားများအနေနှင့် ကြီးလေးသော တာဝန်များကို ထမ်းဆောင်ရန် ရုန်းကန်ရမည်မှာ အသေအချာပင်။
"ငိုမနေကြနဲ့။ အခုအချိန်က ငိုနေရမယ့်အချိန်မဟုတ်ဘူး။ နည်းလမ်းတစ်ခုခု စဉ်းစားရမယ့် အချိန်ပဲ"
"ဟုတ်တယ်။ ဝိုင်းထားတဲ့မင်းဆက်တွေက ငါတို့ကို အမြဲမျက်စိကျနေကြတာ။ ဒီသတင်းသာ ပေါက်ကြားသွားရင် မလွဲမသွေ မတည်မငြိမ် ဖြစ်လာတော့မှာ"
"ပြည်ပရန်တွေကို ခဏထားလိုက်ဦး။ ငါတို့ပြည်သူတွေသာ ဒီအကြောင်းသိသွားရင် ဆူပူအုံကြွမှုတွေ ဖြစ်လာနိုင်တယ်"
"ဒီလိုအခြေအနေမျိုးမှာ အိမ်ရှေ့စံမင်းသားကို အရင်တင်မြှောက်သင့်တယ်လို့ ထင်ပါတယ်"
"မှန်ပါတယ်။ အရှင်မင်းကြီးသာ တကယ် နတ်ရွာစံသွားခဲ့ရင် ကျွန်တော်တို့မင်းဆက်မှာ အရှင်မင်းကြီးအသစ်မရှိဘဲ နေလို့မဖြစ်ဘူးလေ။ ကျွန်တော် ထောက်ခံပါတယ်"
"ပထမမင်းသားကို အရှင်မင်းကြီးအဖြစ် ဆက်ခံဖို့ အကြံပြုပါတယ်။ ပထမအချက်အနေနဲ့ သူက တရားဝင် သားအကြီးဆုံးဖြစ်ပြီး သမိုင်းတစ်လျှောက်မှာလည်း ဖခင်ရဲ့အရိုက်အရာကို တရားဝင်သားကြီးကသာ ဆက်ခံလေ့ရှိပါတယ်။ ပြီးတော့ ပထမမင်းသားက ကောင်းကင်ဖြိုခွင်းခြင်းအဆင့်တစ်ဝက်နီးနီးကို ရောက်နေပြီမို့ တိုင်းပြည်ကို အုပ်ချုပ်နိုင်တဲ့ အရည်အချင်းလည်း ရှိတဲ့အတွက် အကောင်းဆုံးရွေးချယ်မှုပါပဲ"
"ကျွန်တော်လည်း သဘောတူပါတယ်"
...
"ပထမမင်းသားက ခင်ဗျားတို့ကို ဘယ်လောက်ပေးထားလို့လဲ။ ကျွန်တော် နှစ်ဆပေးမယ်ဗျာ"
ကျန်းမုန့်လောင်က ဝင်ပြောလိုက်သည်။
"ခင်ဗျားတို့တွေ ဖားတဲ့နေရာမှာ ဒီထက်ပိုပြီး ပရော်ဖက်ရှင်နယ် မဆန်နိုင်ကြတော့ဘူးလား။ တခြားလူတွေ ရိပ်မိသွားမှာစိုးလို့ လုပ်ပြနေတဲ့ အတိုင်းပဲ"
ပထမမင်းသားကို ထောက်ခံသူများမှာ ချက်ချင်းပင် မျက်နှာပူသွားကြပြီး စောစောကမှ ယုံကြည်မှု အပြည့်ရှိနေသော ပထမမင်းသား၏ မျက်နှာလည်း မှုန်ကုပ်သွားလေသည်။
ဒီအရိုင်းအစိုင်းကောင်လေးက ဘယ်ချောင်ကနေ ရောက်လာတာလဲ။
"ဒါက ငါတို့မင်းဆက်ရဲ့ မဟာဗိမာန်တော်ကွ။ အပြင်လူတစ်ယောက်ဖြစ်တဲ့ မင်းက ဝင်ပြောခွင့်ရှိလို့လား"
"သတ္တမနောင်တော်...မင်းလူတွေက စည်းကမ်းမမဲ့လွန်းဘူးလား။ ခမည်းတော်တောင် နတ်ရွာမစံသေးဘူး။ မင်းက မင်းလူတွေကို ဒီမှာ ရမ်းကားခွင့် ပေးထားတာ။ ဘာဖြစ်ချင်နေတာလဲ"
အခြားမင်းသားများကလည်း ချက်ချင်းပင် ချီရှို့ဘက်သို့လှည့်ကာ ပြစ်တင်ဝေဖန်လာကြသည်။
"ဘာနတ်ရွာစံတာလဲ။ ပိုးကောင်လေး တစ်ကောင်လောက် ဝင်နေတာကို။ ကုမရတဲ့ ရောဂါကြီးလည်း မဟုတ်ဘဲနဲ့ ခင်ဗျားတို့တွေအားလုံးက ခမည်းတော် သေတော့မယ့်အတိုင်း အရမ်းတွေသားကောင်းပီသပြနေကြတာ ရယ်စရာကြီး။ ဘယ်သူက တကယ်ဟန်ဆောင်နေတာလဲဆိုတာ မသိတော့ဘူး"
"အစ်ကိုကျန်း.. ခင်ဗျားပြောတဲ့အဓိပ္ပာယ်က ကျွန်တော့်ခမည်းတော်ကိုကုသဖို့ နည်းလမ်းရှိတယ်ဆိုတဲ့ သဘောလား"
"အစ်ကိုကျန်း.. ခမည်းတော်ကို တကယ်ကုသပေးနိုင်တာလားဟင်။ ရော့ရော့ တောင်းပန်ပါတယ်။ ခမည်းတော်ကို ကယ်ပေးပါနော်"
ယိုရော့မှာ သနားဖွယ်ကောင်းလောက်အောင် မျက်ရည်များကျပြီး ငိုယိုတောင်းပန်နေရှာသည်။
"ဒါက မှိုပိုးဝင်ရုံလောက်ပါပဲ။ ခပ်ပြင်းပြင်းပဋိဇီဝဆေးတစ်မျိုးလောက် သုံးလိုက်ရင်ရပြီ"
ကျန်းမုန့်လောင်သည် ဤဘက်တီးရီးယား၏ ဖွဲ့စည်းပုံကို အကြမ်းဖျင်း ခွဲခြမ်းစိတ်ဖြာပြီးဖြစ်ရာ ကောထန်၏ ဒေတာဘေ့စ်ထဲတွင် ထိုအကောင်နှင့် အလွန်ဆင်တူသော အဏုဇီဝပိုးမွှားအချို့ကို ရှာတွေ့ထားပြီးဖြစ်၏။
ဤဇီဝပိုးမွှားက အလွန်သေးငယ်လှသည်။ ပရိုကာရီရုတ်မျှသာ ဖြစ်သော်လည်း ဆင့်ကဲပြောင်းလဲမှုအဆင့်မှာ အလွန်မြင့်မားပေသည်။ သူတို့မှာ အဆင့်နိမ့်ကမ္ဘာများတွင် မတည်ရှိနိုင်သလို အကယ်၍ ထိုကမ္ဘာမျိုးတွင် ပေါ်ပေါက်လာပါကလည်း သိပ္ပံနည်းပညာဖြစ်စေ၊ အခြားမည်သည့်နည်းလမ်းနှင့်ဖြစ်စေ ဖြေရှင်းနိုင်စွမ်း ရှိမည်မဟုတ်ပေ။
ဤဘက်တီးရီးယားသည် အလွန်ကြမ်းတမ်းသော ပတ်ဝန်းကျင်တွင် ရှင်သန်ကြီးထွားလာသောကြောင့် အဆိပ်အများစုကို ခုခံနိုင်စွမ်း အလွန်မြင့်မားသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ဆေးယဉ်ပါးမှုအားကောင်းသော အထူူဘက်တီးရီးယားတစ်မျိုးနှင့် ဆင်တူလှသည်။
သို့သော် နည်းပညာကို အဓိကထားသည့် အလယ်အလတ်ကမ္ဘာနှင့် အဆင့်မြင့်ကမ္ဘာများတွင်မူ ဖြေရှင်းနိုင်သော နည်းလမ်းများ ရှိနေသည်မှာ ကြာလှချေပြီ။ ပဋိဇီဝဆေးသုံးမျိုးစပ်၊ လေးမျိုးစပ်ကုထုံးများစသဖြင့် ရှိပြီး ဆေးထိုးရန်ပင် မလိုပေ။ လူမသေသေးသရွေ့ သက်ဆိုင်ရာအထူးဆေးဝါးအနည်းငယ် တိုက်လိုက်ရုံဖြင့် ရနိုင်ပေသည်။
သေချာသည်မှာမူ တိကျသော ကုသမှုအစီအစဉ်မှာ ချီမိုရှန်း၏ အခြေအနေပေါ်တွင် မူတည်နေသေးသည်။
"ကောင်းလိုက်တာ"
ချီရှို့နှင့် ရော့ရော့တို့လည်း ချက်ချင်းပင် ဝမ်းသာမျက်ရည်များ ကျလာကြသည်။ သူတို့အတွက် ကျန်းမုန့်လောင်သည် အရာရာကို စွမ်းဆောင်နိုင်သူတစ်ဦး ဖြစ်နေခဲ့လေပြီ။
"အစ်ကိုကျန်း တောင်းပန်ပါတယ်... ခမည်းတော်ကို ကယ်ပေးပါနော်"
"ပြဿနာမရှိပါဘူး။ ဒါပေမဲ့ မှန်ကန်တဲ့ကုသမှုကို ပေးနိုင်ဖို့အတွက် မင်းတို့ခမည်းတော်ရဲ့ ခန္ဓာကိုယ်ကို အရင်ဆုံး စစ်ဆေးကြည့်ဖို့တော့ လိုလိမ့်မယ်"
...
"ပထမမင်းသား... သတင်းတစ်ခု ရထားပါတယ်"
လက်ပါးစေနှင့်တူသော လူတစ်ယောက်က ပထမမင်းသားနားသို့ ရုတ်တရက်ပြေးလာပြီး နားထဲသို့ တစ်စုံတစ်ခုကို တီးတိုးပြောလိုက်သည်။
တစ်ချိန်တည်းမှာပင် ပြင်းထန်လှသော ရန်လိုမှုနှင့် သတ်ဖြတ်လိုသော ရည်ရွယ်ချက်တို့က သူ့အပေါ်သို့ ကျရောက်လာသည်ကို ကျန်းမုန့်လောင် ခံစားလိုက်ရသည်။
လေထုထဲတွင် သူတို့၏အကြည့်များ ပက်ပင်းတိုးသွားကြပြီး ပြင်းထန်သော မီးတောက်များ ထွက်ပေါ်လာသလိုပင်။ ထိုသဲကန္တာရဒေသတွင် ဖြစ်ပျက်ခဲ့သမျှမှာ ပထမမင်းသား၏ နားထဲသို့ တစ်နည်းနည်းဖြင့် ရောက်သွားပြီဖြစ်ကြောင်း အလွန်သိသာလှ၏။
"လုံးဝမဖြစ်နိုင်ဘူး"
ငြိမ်သက်နေခဲ့သော ပထမမင်းသားက နောက်ဆုံးတွင် စကားစပြောလာသည်။
"မင်းက ဘယ်သူမှန်းမသိတဲ့လူတစ်ယောက်အနေနဲ့ ငါ့ခမည်းတော်ရဲ့ ခန္ဓာကိုယ်ကို စိတ်ကြိုက်ဝင်ကြည့်လို့ရမယ် ထင်နေတာလား။ မင်းက ဘယ်သူမို့လို့လဲ"
"အစ်ကိုတော်... သူက ကျွန်တော့်ရဲ့ သူငယ်ချင်းပါ"
ချီရှို့သည် ပထမမင်းသားအား ထိုနေရာတွင်ပင် အစိမ်းလိုက်ဆွဲဖြဲပစ်ချင်သော ဒေါသကို မျိုသိပ်ကာ အံတင်းတင်းကျိတ်လျက် ပြောလိုက်သည်။
"သူငယ်ချင်း ဟုတ်လား။ မင်း အပြင်မှာ ဘယ်လိုလူယုတ်မာမျိုးနဲ့ တွေ့လာလဲဆိုတာ ဘယ်သူသိမှာလဲ
ပထမမင်းသားက ဆက်ပြောလေသည်။
"ငါ အခုလေးတင် သတင်းရတယ်။ ဒီနေ့ ပုရောဟိတ်ကြီးရဲ့ ဟောကိန်းထဲက မိစ္ဆာမျိုးနွယ် ပေါ်လာပြီတဲ့"
ဝုန်း!
ရင်ပြင်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားလေတော့သည်။
လူအများစုအတွက်မူ ပုရောဟိတ်ကြီး၏ ဟောကိန်းမှာ အဓိပ္ပာယ်မရှိသော စကားများသာဖြစ်ပြီး ထိတ်လန့်စရာများကိုသာ ယူဆောင်လာပေးသည့် အရာပင်။
"သတ္တမနောင်တော်... မင်းရဲ့မိစ္ဆာမျိုးနွယ် သူငယ်ချင်းကို ငါတို့နဲ့ မိတ်ဆက်ပေးပါလား"
"ဘာ... အဲဒီလူငယ်က မိစ္ဆာမျိုးနွယ် ဟုတ်လား"
"ငါ သိသားပဲ... သူက ထူးဆန်းတဲ့မှော်ရတနာကိုထုတ်ပြီး အရှင်မင်းကြီးကို ကုသပေးနိုင်တယ်လို့ ပြောနေတာ။ သူက ဒီအခွင့်အရေးကို အရယူပြီး အရှင်မင်းကြီးကို အန္တရာယ်ပြုဖို့ ကြံစည်နေတာ သေချာတယ်"
"ရွှေစင်မင်းဆက်ကို ဖြုတ်ချမယ်... တကယ်လို့ သူသာ အထဲဝင်သွားခဲ့ရင် ပုရောဟိတ်ကြီးရဲ့ ဟောကိန်းက တကယ်ဖြစ်လာနိုင်တယ်"
ပတ်ဝန်းကျင်ရှိလူများမှာ ကျန်းမုန့်လောင်ကို ကပ်ရောဂါဆိုးတစ်ခုလို သဘောထားကာ ချက်ချင်းပင် ရှောင်ဖယ်သွားကြသည်။ လက်နက်အပြည့်အစုံ တပ်ဆင်ထားသော မင်းဆက်၏ တပ်တော်ကလည်း အရပ်မျက်နှာအသီးသီးမှ လျင်မြန်စွာ ချဉ်းကပ်လာကြလေသည်။
ကျန်းမုန့်လောင်လည်း ကူကယ်ရာမဲ့သွားလေသည်။
"အမလေး... ငါက လူတစ်ယောက်ကို ကုသပြီး ကယ်တင်ပေးမလို့ကို။ ဒီလောက်ကြီးကျယ်ခမ်းနားတဲ့ ခြွေရံသင်းပင်းတွေ လိုအပ်လို့လား"
**********************