အခန်း ၁၀၉၃
Vol. 73 Ch. 1093
အခန်း ၁၀၉၃ - စီမံခန့်ခွဲမှုပညာရပ်ကို ယုံလား
"အားလုံးပဲ.. ဒီနေ့ ငါတို့ရွှေစင်မင်းဆက်ရဲ့ သဲကန္တာရတစ်ခုထဲကို မိစ္ဆာမျိုးနွယ်တစ်ယောက် ဆင်းသက်လာတယ်ဆိုတဲ့ သတင်းကို အခုလေးတင် ရလိုက်တယ်။ ငါ့လက်အောက်က အဖွဲ့တစ်ဖွဲ့နဲ့ အမှတ်မထင် သွားဆုံလို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြပေမဲ့ ကံဆိုးစွာနဲ့ပဲ သူတို့အားလုံး အသတ်ခံခဲ့ရတယ်။ ဒီသတင်းကို အသက်ရှင်ကျန်ရစ်တဲ့ စစ်သည်တစ်ယောက်က ပြန်သယ်လာခဲ့တာပဲ"
"သတ္တမနောင်တော်... မင်းက မိစ္ဆာမျိုးနွယ်ကို တော်ဝင်မြို့တော်ထဲခေါ်လာတာ ဘာရည်ရွယ်ချက်နဲ့လဲ"
အိမ်ရှေ့စံမင်းသားက စွပ်စွဲပြစ်တင်နေပြီဖြစ်၏။
"ခမည်းတော်က မင်းကို ပြည်နှင်ဒဏ်ပေးခဲ့တယ်ဆိုရင်တောင် တစ်သက်လုံး ဇိမ်ကျကျနေသွားလို့ရလောက်အောင် စည်းစိမ်ချမ်းသာတွေ ချန်ထားပေးခဲ့တာပဲ။ မင်းက ဘာလို့ ခမည်းတော်ကို ဒုက္ခပေးချင်ရတာလဲ"
"လူတစ်ယောက်ရဲ့မျက်နှာကို မြင်နိုင်ပေမဲ့ စိတ်ကိုတော့ မမြင်နိုင်ဘူးဆိုတာ တကယ်ပဲကိုး။ သတ္တမနောင်တော်... ခမည်းတော်က မင်းကို အဲဒီလောက်တောင် ဂရုစိုက်ပေးခဲ့တာတောင် မင်းက ငါတို့ကို အကြီးအကျယ်စိတ်ပျက်အောင် လုပ်ရက်တယ်ပေါ့"
"သတ္တမနောင်တော်... မင်းနဲ့ ဒီမိစ္ဆာမျိုးနွယ်က ဘယ်လိုပတ်သက်နေတာလဲ။ ထီးနန်းကိုလုယူဖို့ သူ့စွမ်းအားကို အသုံးချဖို့ ကြံစည်နေတာလား။ မင်း တကယ်ယုတ်မာလွန်းတယ်"
ကျန်းမုန့်လောင်နှင့် ပတ်သက်မိသောကြောင့် ချီရှို့မှာ အကျပ်ရိုက်သွားရသည်။ ယခုအခါတွင် အခြားသူများ၏ အခေါ်အဝေါ်အရ "သားကောင်းပီသလွန်းသူ"အဖြစ်သို့ပင် ပြောင်းလဲသွားခဲ့ရလေပြီ။
ချီရှို့ခမျာ မတရားခံရသည်ဟု ခံစားရသည်။ သူ့နောက်သို့ လုပ်ကြံသူများကို စေလွှတ်ခဲ့သူမှာ သူ့အစ်ကိုတော်ဖြစ်ကြောင်း အတပ်သိထားသည်။ ကျန်းမုန့်လောင်က သူ့ကို ကယ်တင်ပေးခဲ့ခြင်းသာ ဖြစ်၏။
သို့သော် ပုရောဟိတ်ကြီး၏ ဟောကိန်းအရ ကျန်းမုန့်လောင်သည် မိစ္ဆာမျိုးနွယ်ဖြစ်နိုင်ခြေ အလွန်များနေပေသည်။ သူကိုယ်တိုင်က ကျန်းမုန့်လောင်ကို လူကောင်းတစ်ယောက်ဟု ယုံကြည်ချင်လျှင်ပင် ယိုရော့ကလည်း ယုံကြည်ပေးရန် ဆန္ဒရှိနေလျှင်ပင် အခြားသူများကမူ ကြောက်ရွံ့မှုကြောင့် လုံးဝယုံကြည်ပေးကြမည် မဟုတ်ပေ။
"မင်း ပြောစရာတစ်ခုခုရှိသေးလား"
အိမ်ရှေ့စံမင်းသားက ကျန်းမုန့်လောင်ကို မောက်မာလှသော အမူအရာဖြင့်ကြည့်ကာ မေးလိုက်သည်။
သူသည် ဤနေရာအထိရောက်အောင် ကြိုးစားပမ်းစား တက်လှမ်းခဲ့ရသည်ဖြစ်ရာ အောင်မြင်မှုရရန် လက်တစ်ကမ်းသာ လိုတော့သည်။ နောက်ဆုံးခြေလှမ်းရောက်မှ သူ့အစီအစဉ်များကို ပျက်စီးခံမည်မဟုတ်ပေ။
ကျန်းမုန့်လောင်အနေနှင့် သူ့ခမည်းတော်ကို ကုသနိုင်မည်ဟု မယုံကြည်ထားသော်လည်း မိမိကိုယ်ကိုယ်လေးစားမှုရှိသော လူဆိုးတစ်ယောက် လုပ်သင့်သည့်အတိုင်း မျှော်လင့်ချက်ရောင်ခြည်လေး တစ်ခဏတာမျှ ပေါ်ထွက်လာခြင်းကိုပင် သူ မလိုလားပေ။
"ငါ့ဘက်ကတော့ ဘာမှပြောစရာမရှိပါဘူး"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ဒီနေ့ သဲကန္တာရထဲမှာ ပေါ်လာတဲ့လူက မိစ္ဆာမျိုးနွယ်လို့ ခင်ဗျားတို့ဘက်က အခိုင်အမာယုံကြည်နေမယ်ဆိုရင်တော့ စိတ်မကောင်းစွာနဲ့ပဲ အဲဒီလူက ငါကလွဲပြီး တခြားလူမဟုတ်ဘူးလို့ ပြောရမှာပဲ။ ဒါပေမဲ့ ငါက မိစ္ဆာမျိုးနွယ်မဟုတ်ဘူးဆိုတာကိုတော့ ပြင်ပေးရလိမ့်မယ်။ နည်းနည်းလောက်တော့ လေးစားမှုလေး ထားပေးစမ်းပါ။ ငါက မိစ္ဆာသခင်ဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုသဘောကျတယ်ကွ"
"သူ ဝန်ခံလိုက်ပြီဟေ့။ သူက တကယ့်မိစ္ဆာမျိုးနွယ်ပဲ"
"မိစ္ဆာမျိုးနွယ်... မိစ္ဆာမျိုးနွယ်... လာကြစမ်း"
ကျန်းမုန့်လောင်က သူ့အဆင့်အတန်းကို ဝန်ခံလိုက်သည်နှင့် ကြောက်ရွံ့ထိတ်လန့်မှုများက လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။ ဟောကိန်းအရ ရွှေစင်မင်းဆက်တစ်ခုလုံးကိုသာမက ဟောက်ထျန်းတိုက်ကြီးတစ်ခုလုံးကိုပါ ပြောင်းပြန်လှန်ပစ်မည့် မိစ္ဆာမျိုးနွယ်ဆိုသည်မှာ ဤလူပင်။ ဤကဲ့သို့သော လူသည် အလွန်တရာ အန္တရာယ်များလှပေမည်။
"မင်း ဝန်ခံလိုက်တာ ကောင်းတယ်"
အိမ်ရှေ့စံမင်းသားက ရယ်မောလိုက်သည်။
"အဲဒီလိုဆိုရင်တော့ ငါတို့ရဲ့ရွှေစင်မင်းဆက်ကို ဘေးအန္တရာယ်မကျရောက်စေဖို့အတွက် မင်းကို ဖယ်ရှားပစ်ရတော့မှာပဲ"
"ဘာ... ဟောကိန်းတစ်ခုတည်းအပေါ် အခြေခံပြီး ငါ့အသက်ကို လိုချင်နေတာလား"
ကျန်းမုန့်လောင်က သရော်လိုက်သည်။
"မင်းတို့ရဲ့ရွှေစင်မင်းဆက်က လုံးဝအဓိပ္ပာယ်မရှိတာပဲ။ ငါ မင်းတို့နဲ့ ဘာရန်ငြိုးတွေများ ရှိနေလို့လဲ။ ငါ့ကို ဒင်္ဂါးပြားတစ်ပြားလေးတောင် မပေးဘဲနဲ့ ရိုက်ချင်ကြသေးတယ်။ မင်းတို့ တော်တော်ယုတ်မာတာပဲ"
"ဟမ့်... မင်း အခုအထိ ဘာမှမလုပ်ရသေးဘူး ဆိုပေမဲ့ အနာဂတ်မှာလည်း လုပ်မှာမဟုတ်ဘူးလို့ ပြောလို့မရဘူးလေ။ နောင်လာမယ့် ပြဿနာတွေကိုကာကွယ်ဖို့ မင်းကို အခုကတည်းက ရှင်းပစ်လိုက်တာ ပိုကောင်းတယ်"
"ယုတ္တိတော့ရှိသားပဲ"
ကျန်းမုန့်လောင် မှတ်ချက်ချလိုက်သည်။
"ဒီမှာရှိတဲ့ ညီအစ်ကိုမောင်နှမတို့ရေ... အိမ်ရှေ့စံမင်းသားမှာ ပုန်ကန်ချင်တဲ့ စိတ်ဓာတ်ရှိတယ်ဆိုတာကို ငါ အတပ်သိတယ်။ သူသာ ထီးနန်းကို ဆက်ခံခွင့်ရရင် ပထမဆုံးလုပ်မယ့်အလုပ်က တော်ဝင်ဝက်မွေးမြူရေးခြံထဲက ဝက်မကြီးကို မတော်မတရားပြုတာပဲ"
သူ့နောက်တွင် ရပ်နေသော ချီရှို့မှာ ချက်ချင်းရယ်ချလိုက်မိသည်။
ဘုရားရေ... လူတွေက မိစ္ဆာမျိုးနွယ်ကို ကမ္ဘာပျက်မယ့်အရေးလို့ ဟောကိန်းထုတ်နေချိန်မှာ ခင်ဗျားက အိမ်ရှေ့စံမင်းသားကို ဝက်တွေကို စော်ကားမယ့်သူအဖြစ် ဟောကိန်းထုတ်နေတယ်ပေါ့။ ဒီထက် နည်းနည်းလောက်ပိုပြီး ယုံနိုင်စရာကောင်းတဲ့အရာမျိုး ဟောကိန်းထုတ်လို့ မရဘူးလား။
"ယုံတဲ့လူ ရှိလားဆိုတာကိုပဲ မေးကြည့်လိုက်"
အိမ်ရှေ့စံမင်းသားက ကျန်းမုန့်လောင်၏ အဓိပ္ပာယ်မရှိသော စကားများကို ပယ်ချလိုက်သည်။
ကျန်းမုန့်လောင်၏ စကားများက လုပ်ကြံဖန်တီးထားသည့်စကားမျိုးနှင့် တူနေသဖြင့် မည်သူကမှ သူ့ကို ယုံကြည်ကြမည် မဟုတ်ပေ။
"အာ... မတတ်နိုင်တော့ဘူးပဲ။ ငါက သိုသိုသိပ်သိပ်နေချင်ပေမဲ့ အခုတော့ အဲဒီလိုလုပ်လို့မရတော့ဘူးထင်တယ်"
ကျန်းမုန့်လောင် သက်ပြင်းချလိုက်လေသည်။
"မင်းတို့ စီမံခန့်ခွဲမှုပညာရပ်ဆိုတာကို ကြားဖူးလား"
"စီမံခန့်ခွဲမှုပညာရပ် ဟုတ်လား။ အဲဒါ ဘာကြီးလဲ"
"အဲဒါက မိစ္ဆာမျိုးနွယ်ရဲ့ ကျင့်စဉ်များလား"
"တော်တော်ကြောက်စရာကောင်းမယ့်ပုံပဲ"
"ကွမ်းကျယ်ယွမ်က ဘာလို့ နတ်ဘုရားတစ်ပါး ဖြစ်နေတာလဲဆိုတာ သိလား"
ကျန်းမုန့်လောင်က မေးလိုက်သည်။
"ဘာလို့လဲဆိုတော့ သူက သူ့ကိုယ်သူ နတ်ဘုရား မဟုတ်ပါဘူးလို့ ပြောထားလို့ပဲ"
လူတိုင်း ဇဝေဇဝါဖြစ်သွားကြသည်။ နတ်ဘုရားဟူသော ဂုဏ်ပုဒ်ကို ခံယူနိုင်လောက်သည့် ကွမ်းကျယ်ယွမ်ဆိုသည်မှာ ဘယ်သူများလဲ။
"ဒီနေ့ သေချာပေါက် မိုးမရွာဘူးလို့ ငါ ရဲရဲကြီး ပြောရဲတယ်"
ကျန်းမုန့်လောင်က ဘာအကြောင်းပြချက်မှ မရှိဘဲ ရုတ်တရက် အော်ပြောလိုက်သည်။
"အဓိပ္ပာယ်မရှိတာ။ ဒီနေ့ ဘယ်လိုလုပ်မိုးရွာမှာလဲ"
"ဟုတ်ပါ့။ ငါတို့ရဲ့ နက္ခတ်ဗေဒင်ဆရာတွေက မိုးလေဝသခန့်မှန်းချက်မှာ တစ်ခါမှ မမှားဖူးဘူး။ နောက်ရက်တွေအထိ နေသာမှာမို့ မိုးရွာဖို့ အကြောင်းကိုမရှိတာ"
"ဒါက သူ့ဟောကိန်းလား။ ဟားဟားဟား... လုံးဝအဓိပ္ပာယ်မရှိတဲ့စကား"
ဂျိန်း!
ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ကောင်းကင်ယံတွင် လျှပ်စီးများ ရုတ်တရက်လက်လာပြီး မိုးခြိမ်းသံများ ဖုံးလွှမ်းသွားလေသည်။ မူလက ကြည်လင်နေသော ကောင်းကင်ပြာကြီးတွင် မမျှော်လင့်ထားပါဘဲ တိမ်တိုက်မည်းများ စုဝေးလာကာ လျှပ်စီးတစ်ချက် လက်ပြီးနောက် မိုးများ သဲကြီးမဲကြီး ရွာသွန်းလာလေတော့သည်။
"ဟားဟားဟား... ကြည့်စမ်း။ ကောင်းကင်ကြီးကတောင် သူ့စကားတွေကို လက်မခံနိုင်ဘူးဟေ့"
သူတို့ ရယ်မောလိုက်ကြသည်။
"သူက ဒီနေ့ သေချာပေါက်မိုးမရွာဘူးလို့ ပြောလိုက်တာနဲ့ ချက်ချင်း မိုးရွာချလာပြီ။ သူက မိစ္ဆာမျိုးနွယ်ပဲ ဖြစ်ရမယ်"
ကျန်းမုန့်လောင် အသာပြုံးလိုက်သည်။
ဤလူများက တကယ်ဝါနုလွန်းသေးသည်။
"အခု ငါ ထပ်ပြောမယ်။ ဒီမိုးက တစ်ညလုံးရွာနေလိမ့်မယ်"
ကျန်းမုန့်လောင်၏စကားများကို တုံ့ပြန်လိုက်သကဲ့သို့ မုန်တိုင်းထန်နေသော ကောင်းကင်ကြီးမှာ စက္ကန့်ပိုင်းအတွင်း ရုတ်တရက် ကြည်လင်သွားသည်။
ရုတ်ခြည်းပင် တစ်ယောက်ယောက်က တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုမိသွားသည်။ ကျန်းမုန့်လောင်က စကားနှစ်ခွန်းပြောလိုက်သည်နှင့် သူ့ဟောကိန်းများနှင့် လုံးဝ ဆန့်ကျင်ဘက်အတိုင်း ဖြစ်သွားချေသည်။
"အိမ်ရှေ့စံမင်းသား... ဒီည ခင်ဗျား သာယာငြိမ်းချမ်းပါစေလို ဆုတောင်းပေးပါတယ်"
ကျန်းမုန့်လောင်က မှတ်ချက်ချလိုက်သည်။
"မင်းတို့ ကြားလိုက်လား။ ဒီမိစ္ဆာမျိုးနွယ်က အိမ်ရှေ့စံမင်းသားကို ငြိမ်းချမ်းပါစေလို့ ဆုတောင်းပေးလိုက်တယ်"
တစ်စုံတစ်ယောက်က ရေရွတ်လိုက်သည်။
"သူ့ဟောကိန်းတိုင်းက ပြောင်းပြန်တွေချည်း ဖြစ်လာမယ်ဆိုရင် ဒီည အိမ်ရှေ့စံမင်းသားတော့..."
ရွှီး!
စကားဆုံးအောင် မပြောရသေးခင်မှာပင် စူးရှသော အလင်းရောင်တစ်ခုက ကောင်းကင်ယံထက် ဖြတ်သန်းသွားပြီး ဥက္ကာခဲတစ်ခုသည် သူတို့ဆီသို့ တိုက်ရိုက်ဦးတည်လာပြီး အိမ်ရှေ့စံမင်းသား ရှိရာဘက်သို့ ပစ်မှတ်ထားနေပုံရသည်။
"ဒါ... ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
အိမ်ရှေ့စံမင်းသားခမျာ အံ့အားသင့်ထိတ်လန့်သွား၏။ ဤကမ္ဘာ၏ ဥက္ကာခဲများမှာ ကျန်းမုန့်လောင်၏ကမ္ဘာရှိ ဥက္ကာခဲများနှင့် မတူပေ။ ဤဥက္ကာခဲမှာ အချင်းတစ်မီတာကျော်ရှိပြီး အလွန်တရာမာကျောသော သတ္တုများဖြင့် ဖွဲ့စည်းထားသည်။ အိမ်ရှေ့စံမင်းသားက ကောင်းကင်ဖြိုခွင်းခြင်းအဆင့်တွင် ရှိနေလျှင်ပင် ထိုအရာကို တားဆီးရန်မှာ ခက်ခဲသော စိန်ခေါ်မှုတစ်ခု ဖြစ်ပေလိမ့်မည်။
သို့သော် အခြားတစ်နည်းနည်းဖြင့် တုံ့ပြန်ရန်ကား အချိန်နှောင်းသွားလေပြီ။
အရေးကြီးအခိုက်အတန့်တွင် သူသည် သူ၏ အပြင်းထန်ဆုံး သိုင်းပညာရပ်ကို ထုတ်သုံးရင်း သူ့ကိုယ်သူကာကွယ်ရန် ချီစွမ်းအင်များအားလုံးကို စုစည်းလိုက်သည်။
ဘုန်း!
ပေါက်ကွဲသံကြီးနှင့်အတူ ဥက္ကာခဲမှာ အစွမ်းထက်သော ချီစွမ်းအင်ကြောင့် ရေတွက်မရနိုင်သော အပိုင်းအစများအဖြစ် ကွဲကြေသွားလေသည်။
အိမ်ရှေ့စံမင်းသားလည်း ဥက္ကာခဲ၏ ရိုက်ခတ်မှုကြောင့် ခပ်ပြင်းပြင်းလွင့်စင်သွားချေသည်။
"အိမ်ရှေ့စံမင်းသား"
ကျန်းမုန့်လောင်အား ဝိုင်းထားရန် ရောက်လာသော စစ်သူကြီးက သူ့ကို အလျင်စလို ထူမပေးလိုက်သည်။
အိမ်ရှေ့စံမင်းသားခမျာ မတ်တတ်ထရပ်နိုင်သော်လည်း သူ့နှုတ်ခမ်းထောင့်မှ သွေးစီးကျနေခြင်းမှာ သူ အမှန်တကယ် ဒဏ်ရာရသွားကြောင်း ပြသနေပေသည်။
အရာအားလုံးက သူ့စကားများနှင့် ဆန့်ကျင်ဘက်အတိုင်း ဖြစ်လာခဲ့သည်။
နောက်ဆုံးတွင် တစ်စုံတစ်ယောက်က လတ်တလောဖြစ်စဉ်များကို စုစည်းသုံးသပ်မိသွားလေသည်။
သူက ရာသီဥတု သာယာမယ်ဟု ပြောလိုက်သည်။ သို့သော် ကောင်းကင်က မိုးရွာချလာ၏။
သူက တစ်ညလုံး မိုးရွာမယ်ဟု ပြောပြန်သည်။ သို့သော် မိုးက ချက်ချင်းတိတ်သွားသည်။
သူက ယနေ့ည အိမ်ရှေ့စံမင်းသားကို ငြိမ်းချမ်းပါစေဟု ဆုတောင်းပေးလိုက်ပြန်သည်။ နောက်တစ်စက္ကန့်မှာပင် အိမ်ရှေ့စံမင်းသားကို ဥက္ကာခဲ ဝင်တိုက်သွားသည်။
အကယ်၍များ သူသည် တစ်နိုင်ငံလုံးရှိ ပြည်သူများကို ကျန်းမာပါစေဟု ဆုတောင်းပေးလိုက်မည်ဆိုလျှင်...
ထို့ပြင် သူက ကမ္ဘာကြီးငြိမ်းချမ်းပါစေဟုများ ထပ်ဆုတောင်းလိုက်မည်ဆိုပါက...
တစ်ချိန်က သူတို့ သိပ္ပံပညာကို ယုံကြည်ခဲ့ကြသော်လည်း ယခုမူ စီမံခန့်ခွဲမှုပညာရပ်ကို ယုံကြည်သွားကြလေပြီ။
ထိုအချိန်တွင် အိမ်ရှေ့စံမင်းသားခမျာ ကျန်းမုန့်လောင်က သူ့အား အမြဲထာဝရကျန်းမာစေရန်နှင့် သားသမီးအများကြီးနှင့် အသက်ရှည်ရှည်နေရပါစေဟုများ ဆုတောင်းပေးလိုက်လေမလားဟု ထိတ်လန့်ကြောက်ရွံ့စွာဖြင့် ကြည့်နေမိတော့သည်။
စီမံခန့်ခွဲမှုပညာရပ်၏ ဆရာတစ်ဆူဆိုသည်မှာ စင်စစ်ကြောက်မက်ဖွယ်ရာပင်။
***********************