အခန်း ၁၀၉၄
Vol. 73 Ch. 1094
အခန်း ၁၀၉၄ - ဒီနေ့ ဘာတွေပဲဖြစ်ဖြစ် ဒီလူ့ကို ငါကယ်မယ်
"ငါ့ရဲ့စီမံခန့်ခွဲမှုစွမ်းရည်ကို စိန်ခေါ်ချင်တဲ့လူ ရှိသေးလား"
ကျန်းမုန့်လောင်၏ အကြည့်က ပတ်ပတ်လည်ကို ဝေ့ဝဲသွားလေရာ အံ့သြစရာကောင်းစွာပင် မည်သူကမှ သူ့မျက်လုံးများကို မရင်ဆိုင်ရဲကြပေ။ သူသည် 'ကျန်းမာရေးကောင်းပြီး မိသားစုသာယာပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်'ဟု ပြောလာမည်ကို ကြောက်ရွံ့နေကြသည်။
"အစ်ကိုကျန်း ဒါက..."
ချီရှို့မှာ အနည်းငယ် နေရခက်သွားသည်။ ကျန်းမုန့်လောင်ဆိုသည်မှာ တော်ဝင်မြို့တော်ထဲသို့ သူ ကိုယ်တိုင် ခေါ်ဆောင်လာခဲ့သူ ဖြစ်၏။ အကယ်၍ ကျန်းမုန့်လောင်သာ ဤနေရာတွင် ပြဿနာတစ်ခုခုဖန်တီးခဲ့ပါက ချီရှို့အနေနှင့်လည်း စိတ်မသက်မသာဖြစ်ရပေလိမ့်မည်။
သို့သော် ယိုရော့၏ မျက်လုံးထဲတွင်မူ ကျန်းမုန့်လောင်၏ ပုံရိပ်ကား အတိုင်းအဆမသိ ကြီးမားနေချေသည်။ ဤအစ်ကိုကျန်းက ရိုးရိုးလေးနှင့်ပင် အလွန်ကြည့်ကောင်းလွန်းလှသည်။ သူသည် စွမ်းအားကြီးမားပြီး သဘောထားကြီးရုံသာမက ပြောလိုက်သည့် စကားတိုင်းကို တကယ်ဖြစ်လာအောင် လုပ်နိုင်စွမ်းရှိသည့်အတွက် မိန်းမငယ်လေးတစ်ယောက်၏ စိတ်ကူးယဉ်အိပ်မက်တိုင်းကို ဖြည့်ဆည်းပေးနိုင်သူ ဖြစ်နေပေသည်။
"စိတ်ချပါ။ ငါ စည်းလွတ်ဘောင်လွတ်မလုပ်ပါဘူး"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ဒီနေ့ မင်းရဲ့ခမည်းတော်ကို ကုပေးမယ်လို့ ကတိပေးထားတဲ့အတိုင်း ငါ့ကတိကို သေချာပေါက်တည်စေရမယ်။ သုံးရက်အတွင်း သွက်လက်ကျန်းမာနေတဲ့ မင်းရဲ့ခမည်းတော်ကို ပြန်ရအောင် လုပ်ပေးမယ်"
ထိုသို့ပြောပြီးနောက် ကျန်းမုန့်လောင်က ချီမိုရှန်းနေထိုင်ရာ နန်းတော်ဆီသို့ ဦးတည်သွားလေသည်။
"မင်းတို့အားလုံး အဲဒီမှာဘာရပ်လုပ်နေကြတာလဲ။ ဒီမိစ္ဆာမျိုးနွယ်က အရှင်မင်းကြီးကို ဒုက္ခပေးတာကို ထိုင်ကြည့်ချင်ကြတာလား"
ချီရှို့၏အစ်ကိုတော်မှာ ချက်ချင်းပင် ဒေါသထွက်သွားသည်။ ကျန်းမုန့်လောင်၏ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားက သူ့ကို အလွန်အမင်း ထိတ်လန့်သွားစေသော်လည်း သူ့ခမည်းတော်ကို ကုသပေးရန်တော့ အမှန်တကယ် ခွင့်မပြုနိုင်ပေ။ အကယ်၍များ သူ အောင်မြင်သွားခဲ့လျှင် ဘယ်လိုလုပ်မည်နည်း။ နှစ်ပေါင်းများစွာ ကြိုးစားလာခဲ့သမျှ သဲထဲရေသွန်ဖြစ်သွားလိမ့်မည်။
"ငါ ပြောမယ်။ ဒီနေ့ ငါ ကယ်ချင်တဲ့လူကို သိကြားမင်းကိုယ်တိုင် ဆင်းလာရင်တောင် တားလို့ရမယ်မထင်နဲ့"
ကျန်းမုန့်လောင်ထံမှ အာဏာစက်များ ဖြာထွက်နေပြီး ကြီးမားလှသော သူ့ဖိအားသက်သက်ဖြင့်ပင် သာမန်စစ်သည်များကို မတ်တပ်ရပ်၍မရအောင် ယိမ်းယိုင်သွားစေသည်။
"သိုင်းပညာရှင် အဆင့်ရှစ်လား"
အိမ်ရှေ့စံမင်းသားက သရော်လိုက်သည်။
"ဒီမိစ္ဆာမျိုးနွယ်က ကြောက်စရာကောင်းလှပြီထင်နေတာ။ ကြည့်ရတာတော့ သူ့ပါးစပ်လေးတစ်ခုလောက်ပဲ အသုံးကျပုံရတယ်"
"ငါက ပါးစပ်ပဲကောင်းတာမဟုတ်ဘူး။ ငါ့လျှာက ပိုပြီးတောင် သွက်သေးတယ်ကွ"
အကြောင်းအရင်းကို မသိရသော်လည်း ဤစကားများကြောင့် ထိုနေရာရှိ အမျိုးသမီးအားလုံးမှာ စော်ကားခံလိုက်ရသလို ခံစားလိုက်ကြရသည်။
အမှန်တော့ ကျန်းမုန့်လောင်၏ စီမံခန့်ခွဲမှုစွမ်းရည်ဆိုသည်မှာ သူ ပေါ့ပေါ့ဆဆ ကြွားလုံးထုတ်၍ ရနိုင်သောအရာမျိုး မဟုတ်ပေ။ ဥပမာအားဖြင့် ကမ္ဘာကြီး ထာဝရငြိမ်းချမ်းပါစေဟု ပြောလိုက်ရုံဖြင့် ကမ္ဘာကြီး ချက်ချင်းပျက်စီးသွားမည် မဟုတ်ပါချေ။ ထိုအရာမှာ သူ့လက်ရှိစွမ်းဆောင်ရည်ထက် ကျော်လွန်နေသောကြောင့်ပင်။ သူ့စွမ်းအားများမှာ သူနှင့်သက်ဆိုင်သော အတိုင်းအတာတစ်ခုအတွင်း၌သာ အကန့်အသတ်ရှိနေပေသည်။
သိုင်းပညာရှင်အဆင့်ရှစ်ရှိ သိုင်းပညာရှင်တစ်ယောက်သည် ရာသီဥတုကို အလွယ်တကူ ပြောင်းလဲနိုင်စွမ်းရှိသည့်အတွက် သူလည်း ရာသီဥတုကို အလိုရှိသလို ပြောင်းလဲပစ်နိုင်ခြင်းပင်။
ကျန်းမုန့်လောင်၏အဆင့်က အိမ်ရှေ့စံမင်းသား၏ ကောင်းကင်ဖြိုခွင်းခြင်းကနဦးအဆင့်ကို မယှဉ်နိုင်သော်လည်း သူသာ အစွမ်းကုန်ထုတ်သုံးလိုက်ပါက ထိုအိမ်ရှေ့စံမင်းသားကို ခွေးတစ်ကောင်လို ရိုက်နှက်နိုင်ပြီး သူ့စီမံခန့်ခွဲမှုစွမ်းရည်ကို အသုံးပြုကာ ဒဏ်ရာရစေနိုင်သည်။
လူများကို ဒုက္ခပေးခြင်းနှင့်ပတ်သက်လျှင် သူလုပ်နိုင်စွမ်းရှိသမျှ မည်သည့်အရာကိုမဆို သူ လုပ်ဆောင်နိုင်သည်။ သူက 'နိုင်ငံတော် ငြိမ်းချမ်းပါစေ'ဟု ပြောလိုက်လျှင်ပင် နောက်တစ်နေ့တွင် ရွှေစင်မင်းဆက်အတွင်းရှိ ကောင်းကင်ဖြိုခွင်းခြင်းအဆင့်အောက် သိုင်းပညာရှင်များအားလုံး ဖျားနာသွားနိုင်သည်။
သို့သော် ကျန်းမုန့်လောင်က အပြစ်မဲ့သူများကို ဒုက္ခမပေးလိုပေ။
"စကားမပြောဘဲနဲ့ မင်းရဲ့စွမ်းရည်ကို သက်သေပြစမ်း"
"ဟားဟားဟား..."
ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။
"မင်းက စကားမပြောနဲ့ဆိုတိုင်း ငါက မပြောရတော့ဘူးလား။ ငါက မင်းကို အလိုလိုက်ရအောင် မင်းအဖေများ မှတ်နေလား။ စကားတစ်ခွန်းတည်းနဲ့ ဖြေရှင်းလို့ရနေတာကို ဘာလို့အပင်ပန်းခံနေမှာလဲ"
အိမ်ရှေ့စံမင်းသားမှာ အံ့သြမှင်တက်သွားသည်။ ဤလူက သမားရိုးကျစည်းမျဉ်းများအတိုင်း ကစားနေခြင်းမဟုတ်ပေ။ ပုံမှန်ဆိုလျှင် ဤကဲ့သို့သော အခြေအနေမျိုးတွင် လူအများက အလျှော့ပေးတတ်ကြသော်လည်း သူကတော့ အလွန်ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုနေသေးသည်။
"ဒါပေမဲ့ ငါ့မှာ ရွေးချယ်စရာမှမရှိတာ။ တကယ်လည်း ငါက မင်းအဖေပဲလေ။ ဒါကြောင့် မင်းဘက်က တောင်းဆိုလာမှတော့ ငါက ဘယ်လိုလုပ်ပြီး မလိုက်လျောဘဲ နေနိုင်ပါ့မလဲ။ စကားမပြောရဘူးလား။ ဒါဆိုလည်း မပြောဘူးကွာ"
ကျန်းမုန့်လောင်က ကူကယ်ရာမဲ့စွာ ပခုံးတွန့်လိုက်သည်။
"ငါ စကားမပြောရင်တောင် ဒီမှာရှိတဲ့ ဘယ်သူကများ ငါ့ကိုတားနိုင်မလဲဆိုတာ ကြည့်ချင်သေးတယ်"
ကျန်းမုန့်လောင်လည်း ပြောစရာရှိသည့်စကားများကို ပြောပြီးနောက် နန်းတော်ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလေသည်။
"တိုက်ခိုက်ကြ!"
စစ်သည်များမှာ စိတ်ထဲတွင် ကြောက်ရွံ့နေကြသော်လည်း အမိန့်ကို မဖီဆန်ရဲကြသဖြင့် လက်နက်များကိုင်ဆောင်ကာ ကျန်းမုန့်လောင်ရှိရာဆီသို့ ပြေးဝင်သွားကြလေသည်။
"မဟာကောင်းကင်တိုက်ပွဲ"
ကျန်းမုန့်လောင်၏ ကိုယ်ပေါ်မှ ချီစွမ်းအင်လှိုင်းလုံးတစ်ခု ဖြာထွက်လာပြီး ရေလှိုင်းများအလား သူ့ကို ဝိုင်းရံထားသော သာမန်စစ်သည်များအားလုံးကို လွင့်စင်သွားစေသည်။
"အစွမ်းထက်လိုက်တဲ့ သိုင်းပညာပါလား"
ထိုနေရာရှိ သိုင်းပညာရှင်များမှာ အံ့သြမှင်တက်သွားကြသည်။
သူတို့အနေနှင့် ကျန်းမုန့်လောင်၏ သိုင်းပညာရပ်များကို တစ်ခါမှ မကြားဖူးသလို မြင်လည်းမမြင်ဖူးကြပေ။ မည်သူ့ကိုမှ ဒဏ်ရာမရစေဘဲ လူများကို ဘေးသို့ တွန်းဖယ်လိုက်ရုံသက်သက်သာ ဖြစ်သဖြင့် စွမ်းအားအပေါ် သူ့ထိန်းချုပ်နိုင်စွမ်းမှာ အဆုံးစွန်ထိ တိကျသေချာလွန်းလှသည်။
"တော်လိုက်တာ"
ယိုရော့က စိတ်လှုပ်ရှားစွာဖြင့် လက်ခုပ်တီးလိုက်သည်။
"အသိဉာဏ်မရှိတဲ့ အဲဒီလူမိုက်တွေကို ရိုက်နှက်ပစ်လိုက်။ အစ်ကိုကျန်းကို တားရဲတဲ့လူ ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲ"
"ယိုရော့"
ယိုရော့၏ မယ်တော်က သမီးဖြစ်သူ၏ ပါးစပ်ကို ချက်ချင်း လှမ်းပိတ်လိုက်သည်။ ကျန်းမုန့်လောင်က မိစ္ဆာမျိုးနွယ်ဖြစ်ကြောင်း ဝန်ခံထားပြီးဖြစ်၏။ သူ(မ)၏သမီးက မိစ္ဆာမျိုးနွယ်တစ်ယောက်နှင့် ဘယ်လိုလုပ် ရောနှောနေနိုင်မည်နည်း။ မိခင်တစ်ယောက်အနေနှင့် ဤအဖြစ်ကို သည်အတိုင်း ကြည့်မနေနိုင်ပေ။
သတ္တမမင်းသားနှင့် သူ(မ)၏သမီးတို့က သူ့ကို ဤမျှထက်ထက်သန်သန် ကူညီပေးလာအောင် ကျန်းမုန့်လောင်က ဘယ်လိုမှော်အတတ်မျိုး သုံးထားသလဲဆိုသည်ကို သူ(မ) တကယ်နားမလည်နိုင်ချေ။
"မယ်တော်"
ယိုရော့က သူ(မ)၏ မိခင်လက်ထဲမှ ရုန်းထွက်လိုက်သည်။ သူ(မ) သိုင်းပညာရှင်အဆင့်သုံး အမျိုးသမီးတစ်ယောက် ဖြစ်သောကြောင့် မိခင်ဖြစ်သူက သူ(မ)ကို မတားဆီးထားနိုင်ပေ။
"ခမည်းတော်က ဒီအခြေအနေရောက်နေပြီကို။ မျှော်လင့်ချက်လေး တစ်စွန်းတစ်စရှိနေရင်တောင် မယ်တော်က မကြိုးစားကြည့်ချင်တော့ဘူးလား"
ယိုရော့၏ မိခင်မှာ ကြက်သေသေသွားသည်။ သူ(မ)သည် အရှင်မင်းကြီး ပြန်လည်ကျန်းမာလာစေရန် ဆန္ဒရှိသော်လည်း ကျန်းမုန့်လောင်၏ ဇာစ်မြစ်ကို မသိရသည့်အပြင် သူ့နည်းလမ်းများကလည်း နားလည်ရခက်ကာ မိစ္ဆာမျိုးနွယ်အကြောင်း ပြောဆိုချက်များနှင့် လုံးလုံးလျားလျား တူညီနေပေသည်။ တစ်နိုင်ငံလုံးကို ပြောင်းပြန်လှန်ပစ်ရန် ရည်ရွယ်ထားသူတစ်ယောက်က အရှင်မင်းကြီးကို ကယ်တင်မည့် စစ်မှန်သော စေတနာကောင်းများ မည်သို့ရှိနိုင်မည်နည်း။
"ရှို့အာ ဒါက..."
ချီရှို့၏အမေလည်း တုံ့ဆိုင်းနေချေသည်။ သူ(မ)၏ အတွေးများက ယိုရော့၏မယ်တော်နှင့် အတူတူပင်။ သို့သော် ချီရှို့က ကျန်းမုန့်လောင်သာမရှိလျှင် သူ ယခုလောက်ဆို သေနေလောက်ပြီဟု ပြောခဲ့သည်။
"မယ်တော်... စဉ်းစားကြည့်လေ။ တကယ်လို့ ဒီနေ့ သားတော်သာ အသက်ရှင်လျက် ပြန်မလာနိုင်ခဲ့ရင် ပြီးတော့ ခမည်းတော်ကိုလည်း ဘယ်သူကမှ မကယ်တင်နိုင်ခဲ့ဘူးဆိုရင် နိုင်ငံတော်ကြီး ဘာဖြစ်သွားမလဲ"
ချီရှို့က မေးလိုက်သည်။
"ဒါကတော့..."
ချီရှို့၏မယ်တော်မှာ တိတ်ဆိတ်သွားသည်။ အကယ်၍ အရာအားလုံးသာ ပုံမှန်လမ်းကြောင်းအတိုင်း သွားမည်ဆိုလျှင် အရှင်မင်းကြီးသည် ရက်ပိုင်းအတွင်း ကွယ်လွန်သွားမည်ဖြစ်ပြီး အိမ်ရှေ့စံမင်းသားအပေါ် မှူးမတ်များ၏ ထောက်ခံမှုအရ သူသာ နိုင်ငံတော်ကို သေချာပေါက် ဆက်ခံခွင့် ရသွားပေလိမ့်မည်။
"ရလဒ်ကို မယ်တော်သိတယ်မဟုတ်လား"
ချီရှို့က ဆက်ပြောသည်။
"ဒါပေမဲ့ အစ်ကိုကျန်းကသာ ဒီနေ့ ခမည်းတော်ကို ကယ်တင်ပေးလိုက်မယ်ဆိုရင်ရော ဘာဖြစ်လာမလဲ"
"မင်းရဲ့ခမည်းတော်က နိုင်ငံတော်ကို ဆက်လက် အုပ်ချုပ်နိုင်မယ်။ ပြီးတော့ မင်းရဲ့ပါရမီတွေလည်း ပြန်ကောင်းမွန်လာပြီး ထီးနန်းလုပွဲမှာ မင်းရဲ့ အစ်ကိုတော်ကို ရှုံးချင်မှရှုံးတော့မှာပေါ့"
ရုတ်ခြည်းပင် ချီရှို့၏မိခင်မှာ တစ်စုံတစ်ရာကို တွေးမိသွားသည်။
"ပြောင်းပြန်လှန်တယ်တဲ့... ဒီစကားလုံးက ဆိုးဝါးတဲ့အရာတစ်ခုတည်းကို ကိုယ်စားပြုနေတာ မဟုတ်ဘူး။ ကောင်းချီးမင်္ဂလာတစ်ခုကို ဆိုလိုတာလည်း ဖြစ်နိုင်တယ်လေ"
သူ(မ)၏ မျက်လုံးများ အရောင်လက်သွားသည်။ အိမ်ရှေ့စံမင်းသား၏ လက်အောက်သို့ ကျရောက်မည့် နိုင်ငံတော်က သူ(မ)သား၏ ပိုင်ဆိုင်မှုဖြစ်လာခြင်းမှာ ပြောင်းပြန်လှန်ပစ်လိုက်ခြင်းပင် မဟုတ်ပါလော။
ပြောင်းပြန်လှန်ပစ်ခြင်းဆိုသည်မှာ ဖျက်ဆီးခြင်းနှင့် အဓိပ္ပာယ်တူသည်ဟု ဘယ်သူကများ ပြောလေသလဲ။
"မင်း သေချင်နေတာပဲ"
သူ့လူများ ကျန်းမုန့်လောင်၏လက်ချက်ဖြင့် တွန်းထုတ်ခံလိုက်ရသည်ကို မြင်သောအခါ အိမ်ရှေ့စံမင်းသားမှာ ရူးမတတ် ဒေါသထွက်သွားသည်။ စောစောကမှ ဥက္ကာခဲတစ်ခုကြောင့် ဒဏ်ရာရထားသဖြင့် သူ အလွန်အရှက်ကွဲခဲ့ရသည်။ ယခုလည်း ကျန်းမုန့်လောင်ကို သူ့အစီအစဉ်များအား ဖျက်ဆီးခွင့်ပေး၍ မဖြစ်တော့ပေ။
ကျန်းမုန့်လောင်၏ သိုင်းပညာရပ်များက ကြောက်မခန်းလိလိ ဖြစ်နေလျှင်ပင် သိုင်းပညာရှင်အဆင့်ရှစ်ဆိုသည်မှာ ထိုအဆင့်မျှသာ။
"ရွှေစင်မင်းဆက်မှာ အပြင်လူတစ်ယောက်က ဘယ်အချိန်ကတည်းက ဩဇာလာညောင်းနေရတာလဲ။ ငါ့ခမည်းတော်ရဲ့ တော်ဝင်ခန္ဓာကိုယ်က မင်း စိတ်တိုင်းကျထိတွေ့လို့ရတဲ့ အရာမဟုတ်ဘူး"
အိမ်ရှေ့စံမင်းသားထံမှ ကြီးမားလှသော ချီစွမ်းအင်များ ပေါက်ကွဲထွက်လာလေသည်။ ထိုစွမ်းအင်များမှာ သူ့လက်မောင်းပေါ်တွင် စုဝေးသွားပြီး ရွှေရောင်ချီစွမ်းအင်လက်သည်းတစ်ခုအဖြစ် ပုံပေါ်လာသည်။
"အစ်ကိုကျန်း.. အဲဒါက ကျွန်မတို့ရွှေစင်မင်းဆက်ရဲ့ အဆင့်ကိုးသိုင်းပညာရပ်ဖြစ်တဲ့ ရွှေလက်သည်းပဲ။ အစ်ကိုတော်မှာ ရွှေဓာတ်ဝိညာဉ်သွေးကြောရှိလို့ ဒီသိုင်းပညာရပ်ကို ကျွမ်းကျင်တယ်။ သတိထားနော်"
ယိုရော့မှာ ကျန်းမုန့်လောင်အစား ချွေးစေးများ ပြန်လာလေသည်။
"စိတ်အေးအေးထား။ မင်းရဲ့အစ်ကိုကျန်း ကိုင်တွယ်နိုင်ပါတယ်"
ကျန်းမုန့်လောင်၏ စွမ်းအားကို မြင်တွေ့ဖူးသော ချီရှို့မှာ အနည်းငယ်မျှပင် စိုးရိမ်ပူပန်ခြင်းမရှိပေ။ တစ်ခုတည်းသော စိုးရိမ်မှုမှာ ကျန်းမုန့်လောင်က အိမ်ရှေ့စံမင်းသားကို သတ်ပစ်လိုက်မလား ဆိုသည်ကိုပင်။
သို့သော် လေဟာပြင်ထဲမှ သွေးနီရောင်အလင်းတန်းတစ်ခု ပျံ့နှံ့လာပြီး ဧရာမအနီရောင် လက်ကြီးတစ်ဖက်က အိမ်ရှေ့စံမင်းသားကို လေထဲတွင် တင်းကျပ်စွာ ဆုပ်ကိုင်လိုက်လေသည်။
"ဒါ... ဒါ ဘာကြီးလဲ"
အိမ်ရှေ့စံမင်းသား၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားသည်။
"ဒါ ဘယ်လိုမှော်အတတ်မျိုးလဲ"
ကောင်းကင်ဖြိုခွင်းခြင်းကနဦးအဆင့်စွမ်းရည်ဖြင့်ပင် သူသည် ဤလက်ကြီးထဲမှ မရုန်းထွက်နိုင်ခဲ့ပေ။
"ဒါက မင်းသိထားတဲ့ ဘယ်ချီစွမ်းအင်ထက်မဆို အဆတစ်ရာ ပိုအစွမ်းထက်တဲ့ အနှိုင်းမဲ့စွမ်းအားပဲ။ ငါ ရှင်းပြရင်တောင် မင်း နားလည်မှာမဟုတ်ပါဘူး"
ကျန်းမုန့်လောင်က အိမ်ရှေ့စံမင်းသားကို ဂရုမစိုက်လေဟန်ဖြင့် ဘေးသို့ လွှင့်ပစ်လိုက်သည်။
"ယုတ်မာဖို့မကြိုးစားခင် ကိုယ့်စွမ်းဆောင်ရည်ကို အရင်ပြန်သုံးသပ်ကြည့်ဦး"
"ဒီမှာရှိတဲ့လူတွေအားလုံး နားထောင်ကြ။ ဒီနေ့ ဘာတွေပဲဖြစ်ဖြစ် ငါ ဒီလူ့ကိုကယ်တင်ဖို့ ဆုံးဖြတ်ထားပြီးပြီ။ ငါ့ကိုတားရဲတဲ့လူမှန်သမျှ အပြင်ကို ဆွဲလွှင့်ခံရမယ်"
********************