← Chapters

အခန်း ၁၀၉၅

Vol. 73 Ch. 1095

အခန်း ၁၀၉၅

Vol. 73 Ch. 1095

အခန်း ၁၀၉၅ - ဒါက အခြေခံဓားသိုင်းပဲ

"ဒီမိစ္ဆာမျိုးနွယ်က ဘာကြီးလဲ"

အိမ်ရှေ့စံမင်းသားကို ဘေးနားရှိ စစ်သည်များက ချက်ချင်းပင် လာရောက်ထူမပေးကြသည်။ သူ့ဒဏ်ရာများက မပြင်းထန်သော်လည်း သူ့မာနမှာမူ ကြီးမားသော ထိုးနှက်ချက်ကို ခံလိုက်ရပေသည်။

ရွှေစင်မင်းဆက်၏ အရှင်မင်းကြီးချီမိုရှန်း၏ သားသမီးများစွာထဲတွင် ဝိညာဉ်သွေးကြောနှစ်ခု ပိုင်ဆိုင်ထားသော ချီရှို့ကလွဲ၍ ချီဖုန်းသည် မွေးရာပါ ပါရမီအကောင်းဆုံးပင်။ သူ့ဝိညာဉ်သွေးကြောက ရွှေဓာတ်ဖြစ်ရုံသာမက အရည်အသွေးပါ အလွန်မြင့်မားလှသည်။

ချီရှို့ကို ဖယ်ရှားပြီးနောက် ရွှေစင်မင်းဆက်တစ်ခုလုံးတွင် သူ့ကို ယှဉ်နိုင်မည့်သူ မရှိတော့ဘူးဟု သူ မူလက ထင်မှတ်ထားသည်။ သို့သော် ယနေ့တွင်မူ လူတစ်ယောက်ထက်သာလွန်သော နောက်ထပ်လူတစ်ယောက်ရှိပြီး တောင်တစ်တောင်ထက် ပိုမြင့်သော နောက်ထပ်တောင်တစ်တောင် ရှိသေးသည်ဟူသော အဓိပ္ပာယ်ကို ပြသသည့်အနေနှင့် ကျန်းမုန့်လောင်က သူ့ကို ပြင်းထန်သော သင်ခန်းစာတစ်ခု ပေးလိုက်လေသည်။

ကျန်းမုန့်လောင်မှာ သိုင်းပညာရှင်အဆင့်ရှစ်တွင်သာ ရှိသေးသော်လည်း ကောင်းကင်ဖြိုခွင်းခြင်းကနဦးအဆင့် စွမ်းဆောင်ရည်များကို ပိုင်ဆိုင်ထားသော သူ့အား အလွယ်တကူပင် အနိုင်ယူသွားသည်။ သူ့စွမ်းအားက ကောင်းကင်ဖြိုခွင်းခြင်းအဆင့် သိုင်းပညာရှင်များကြားတွင်ပင် အလွန်တရာ ထိတ်လန့်ဖွယ်ကောင်းလှသည်ဟု သတ်မှတ်၍ရနေပြီဖြစ်၏။

သူသည် ဤအမှန်တရားကို လက်မခံနိုင်သလို အရှုံးပေးရန်လည်း ဆန္ဒမရှိပေ။

"ဘာကြည့်နေတာလဲ။ လူချောလေးတွေကို မမြင်ဖူးဘူးလား။ ပန်းကန်ပြားလောက်ရှိတဲ့ မျက်လုံးပြူးကြီးတွေနဲ့ ငါ့ကို သတ်ချင်နေတာလား ဘာလား"

ကျန်းမုန့်လောင်က အိမ်ရှေ့စံမင်းသားကို လှောင်ပြောင်လိုက်သည်။

"မကျေနပ်ရင် လာချလေကွာ"

အိမ်ရှေ့စံမင်းသား၏ မျက်နှာမှာ ဒေါသကြောင့် နီရဲသွားသော်လည်း သူတို့နှစ်ဦးကြားရှိ ကြီးမားလှသော စွမ်းအားကွာဟချက်ကို သူ ကောင်းကောင်းနားလည်သည်။ သူသည် ကျန်းမုန့်လောင်၏ ပြိုင်ဘက် မဟုတ်ပေ။ ထို့နောက် နှုတ်ခမ်းကိုက်ပြီး သူ့ဘောင်းဘီအိတ်ကပ်ထဲသို့ အသာလက်နှိုက်လိုက်သည်။

"ဘယ်သူမှ ငါ့ကို မတားတော့ဘူးလား။ ဒါဆို ငါ လူသွားကယ်တော့မယ်"

ကျန်းမုန့်လောင်က ရှေ့သို့ လျှောက်သွားရင်း ရေရွတ်လိုက်သည်။

"လူကယ်မယ့်ဟာကို တားဆီးခံရတာ ငါ ကြီးပြင်းလာတဲ့တစ်လျှောက်လုံး ဒါ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။ တကယ့်ကို ဘာမဆိုဖြစ်နိုင်တာပဲ။ ယုံတောင်မယုံနိုင်ဘူး"

"ရှင်းဝူကျီ.. မင်း ဘာလုပ်နေတာလဲ။ ဇာစ်မြစ်မသိရတဲ့ လူတစ်ယောက်ကို ခမည်းတော်ဆီ ဒီလိုမျိုးချဉ်းကပ်ခွင့် ပေးလိုက်တော့မလို့လား"

မင်းသားချီဖုန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

သူ့အော်သံကို ကြားသွားသည့်အလား ရုတ်ခြည်းပင် အေးစက်သော အလင်းတန်းများ ထုတ်လွှတ်နေသည့် ဓားတစ်လက်က နန်းတော်၏ အတွင်းပိုင်းမှ ပစ်ခွင်းထွက်ပေါ်လာပြီး ကောင်းကင်ယံကို ဖြတ်သန်းကာ ကျန်းမုန့်လောင်ရပ်နေသည့် လှေကားထစ်များပေါ်သို့ နက်ရှိုင်းစွာ စိုက်ဝင်သွားလေသည်။

ခဏအကြာတွင် အဖြူရောင်ဝတ်ရုံနှင့် ခေါင်းစွပ်ဆောင်းထားသော လူတစ်ယောက်သည် အပေါ်က ဆင်းသက်လာပြီး ဓားရိုးပေါ်တွင် ခြေတစ်ဖက်တည်းဖြင့် ရပ်လိုက်လေသည်။

သူ့အရှိန်အဝါက ဓားအိမ်ထဲမှ ဆွဲထုတ်ထားသော ထက်ရှရှဓားတစ်လက်နှင့် တူလှသည်။ သူ့မျက်နှာကို ခေါင်းစွပ်ဖြင့် ဖုံးကွယ်ထားသောကြောင့် မည်သူကမှ သူ့ရုပ်သွင်ကို ရှင်းလင်းစွာ မမြင်ရချေ။

"အစ်ကိုကျန်း.. သတိထားနော်။ သူက ရှင်းဝူကျီတဲ့။ ခမည်းတော်ရဲ့ ကိုယ်ရံတော်လေ။ ကွယ်လွန်သွားပြီဖြစ်တဲ့ ကျွန်တော်တို့စစ်သူကြီးရဲ့ တစ်ဦးတည်းသော သားပေါ့။ သူက ကောင်းကင်ဖြိုခွင်းခြင်းအဆင့်တစ် သိုင်းပညာရှင်တစ်ယောက် ဖြစ်နေပြီ"

ယိုရော့က ထပ်အော်လိုက်ပြန်သည်။

အလိုလိုက်ခံထားရပြီး စည်းကမ်းမဲ့သော ဤမင်းသမီးလေးအတွက် ရှင်းဝူကျီလည်း အလွန် ကူကယ်ရာမဲ့ရသည်။ အကယ်၍ အခြားလူတစ်ဦးဦးသာဆိုလျှင် ယခု ခေါင်းဖြတ်ခံရလောက်ပြီဖြစ်သော်လည်း မင်းသမီးလေးဖြစ်နေသောကြောင့် သူ့အနေနှင့် အရေးယူရန် သတ္တိမရှိပေ။

"မင်း ရှေ့ဆက်သွားလို့မရဘူး"

ရှင်းဝူကျီက ကျန်းမုန့်လောင်ကို ပြောလိုက်သည်။

"ငါ သိတယ်။ ငါက မင်းရဲ့သူဌေးကို သွားကယ်မလို့"

ကျန်းမုန့်လောင်က တည်ငြိမ်စွာ ပြောလိုက်သည်။

"မင်းရဲ့ တားဆီးမှုကြောင့် မင်းတို့ရဲ့အရှင်မင်းမြတ် အသက်ရှင်နိုင်မယ့် အခွင့်အရေးကို လက်လွတ်ဆုံးရှုံးသွားရနိုင်တယ်"

ရှင်းဝူကျီမှာ ကျန်းမုန့်လောင်၏ စကားများက မည်မျှယုံကြည်နိုင်ကြောင်း စဉ်းစားနေသည့်အလား ခဏမျှ တုံ့ဆိုင်းသွားသည်။

"မင်းက တကယ်ပဲ မိစ္ဆာမျိုးနွယ်လား"

"နည်းနည်းပါးပါးပေါ့"

ကျန်းမုန့်လောင်က ပြန်ဖြေလိုက်သည်။

"ပုရောဟိတ်ကြီးရဲ့ ဟောကိန်းအရ မင်းက မင်းဆက်တစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်မယ့်သူပဲ။ အရှင်မင်းမြတ်ကို မင်းက ဘာလို့ ကယ်တင်ချင်ရတာလဲ"

"ယောက်ျားတစ်ယောက်ရဲ့ ကတိဆိုတာကို မင်း နားလည်မှာ မဟုတ်ပါဘူး"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ချီရှို့က သဘောကျစရာကောင်းတယ်လို့ ငါ မြင်တာမို့ သူ့ကို ကူညီပေးချင်ရုံပါ။ အဲဒါက ထူးဆန်းနေလို့လား"

"အားလုံးပဲ ကြည့်လိုက်ကြ"

ရုတ်ခြည်းပင် ချီရှို့က လူအုပ်ကြီး၏အရှေ့သို့ ပြေးထွက်လာပြီး သူ၏ သိုင်းပညာရှင်အဆင့်ခုနစ် အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။

"သိုင်းပညာရှင်အဆင့်ခုနစ်တဲ့လား။ သတ္တမမင်းသားရဲ့ ဝိညာဉ်သွေးကြောက ပျက်စီးသွားပြီ မဟုတ်ဘူးလား"

"သူ့ခန္ဓာကိုယ်က ပြန်ကောင်းသွားပြီလား"

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဆရာဟန်တောင် သူ့အခြေအနေကို ဘာမှမတတ်နိုင်ခဲ့ဘူးလေ။ သူ ဘယ်လိုပြန်ကောင်းလာတာလဲ"

"သတ္တမမင်းသားရဲ့ ချီစွမ်းအင်တွေက ပြောင်းလဲသွားတယ်လို့ မခံစားရဘူးလား။ ပြောပြရခက်ပေမဲ့ သာမန်ချီစွမ်းအင်တွေထက် ပိုပြီးအစွမ်းထက်နေသလိုပဲ"

ချီရှို့၏ ဝိညာဉ်သွေးကြော ပျက်စီးသွားခြင်းကို တော်ဝင်မြို့တော်တစ်ခုလုံး သိထားကြသည်။ သူ သိုင်းပညာရှင် ပြန်ဖြစ်လာတော့မည်မဟုတ်ဟု လူတိုင်းနီးပါး ယူဆထားကြသည်။ အရှင်မင်းမြတ်ကိုယ်တိုင်ပင် သူ့ကို လက်လျှော့လုနီးပါးဖြစ်သော်လည်း ယခုအခါတွင်မူ သူသည် ပြန်လည်မွေးဖွားလာသည့်အလား ဖြစ်နေတော့သည်။

"ကျွန်တော့်ခန္ဓာကိုယ် ပြန်ကောင်းလာတာက အစ်ကိုကျန်းရဲ့ ကျေးဇူးကြောင့်ပါ။ ခင်ဗျားတို့က သူ့ကို မိစ္ဆာမျိုးနွယ်လို့ ခေါ်နေကြပေမဲ့ သူက တကယ်တော့ ကျွန်တော့်ကို ကူညီပေးခဲ့တာပါ"

"သူလား"

"ဒါကြောင့် သတ္တမမင်းသားနဲ့ ဒီလောက်ရင်းနှီးနေတာကိုး"

"သတ္တမမင်းသားရဲ့ ခန္ဓာကိုယ်ကိုတောင် ကုသပေးနိုင်တယ်ဆိုရင် အရှင်မင်းမြတ်ကိုရော တကယ်ကုသပေးနိုင်မလား"

ထိုအချိန်တွင် လူအများအပြားမှာ ယုံကြည်မှုများ စတင်ယိမ်းယိုင်လာကြသည်။

"သတ္တမမင်းသားရဲ့ခန္ဓာကိုယ်ကို မင်း တကယ်ကုသပေးခဲ့တာလား"

ရှင်းဝူကျီလည်း မနေနိုင်ဘဲ မေးလိုက်လေသည်။

"ယုံချင်ယုံ မယုံချင်နေ"

ကျန်းမုန့်လောင်က ဂရုမစိုက်လေဟန်ဖြင့် ပြောလိုက်သည်။ သူတို့၏ယုံကြည်မှုက သူ့အတွက် ဘာအဓိပ္ပာယ်မှ မရှိသည့်အလားပင်။ သူ့ဘက်ကလည်း ဘာအကျိုးအမြတ်မှ ရထားခြင်းမရှိပေ။

"ဒါဆိုလည်း..."

"တော်တော့...အဓိပ္ပာယ်မရှိတာတွေ"

ချီဖုန်း သည်းမခံနိုင်တော့ပေ။

"သူက သတ္တမမင်းသားကို ကုပေးခဲ့တယ်ဆိုရင်တောင် သတ္တမမင်းသားရဲ့ ယုံကြည်မှုကို လိမ်လည်လှည့်ဖြားဖို့ ဟန်ဆောင်နေတာမဟုတ်ဘူး။ ပြီးတော့ ခမည်းတော်ဆီကို ချဉ်းကပ်ဖို့ အခွင့်အရေးရှာနေတာ မဟုတ်ဘူးဆိုတာကို ဘယ်သူက အာမခံနိုင်မှာလဲ။ မိစ္ဆာမျိုးနွယ်ပေါ်လာတဲ့ အချိန်နဲ့ ခမည်းတော်ဆီကို ပိုးမွှားဝင်ရောက်လာတဲ့ အချိန်က တိုက်ဆိုင်လွန်းနေတယ်လို့ မင်းတို့မထင်ဘူးလား"

ထိုစကားကို ကြားလိုက်ရချိန်တွင် လူတိုင်းကလည်း ယုံကြည်လက်ခံစရာ ကောင်းသည်ဟု တွေးမိသွားကြသည်။

"ရှင်းဝူကျီ.. အိမ်ရှေ့စံမင်းသားအနေနဲ့ မင်းကို ငါ အမိန့်ပေးမယ်။ ဒီမိစ္ဆာမျိုးနွယ်ကို အခုချက်ချင်း ဖမ်းဆီးလိုက်စမ်း"

ချီဖုန်းက သူ့အိတ်ကပ်ထဲတွင် အကြာကြီးနှိုက်ထားသော လက်ကို နောက်ဆုံးတွင် ဆွဲထုတ်လိုက်၏။ သူ့လက်ထဲတွင်မူ ရွှေစင်မင်းဆက်၏ အထိမ်းအမှတ်တံဆိပ်ဖြင့် အလှဆင်ထားသော ရွှေရောင်အမိန့်ပြားတစ်ခုကို ကိုင်ဆောင်ထားလေသည်။

"ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်ပဲ"

ဤသည်မှာ ဧကရာဇ်၏ အာဏာစက်ကို ကိုယ်စားပြုပြီး ထီးနန်းဆက်ခံမည့်သူသာလျှင် ထိုအရာကို ပိုင်ဆိုင်ရန် အရည်အချင်းပြည့်မီပေသည်။

ချီဖုန်းက ဤအမိန့်ပြားကို ရထားနှင့်ပြီးဖြစ်၏။ ဆိုလိုသည်မှာ ချီဖုန်းသည် ချီမိုရှန်း၏ ဆက်ခံသူအဖြစ် ရွေးချယ်ခံထားရခြင်းပင်။

ထိုအမိန့်ပြားကို မြင်သောအခါ ကျေနပ်ဂုဏ်ယူနေသော အမူအရာဖြင့် ချီဖုန်းကလွဲ၍ ကျန်လူများ၏ အမူအရာများမှာ ပြောင်းလဲသွားကြသည်။

ချီရှို့ တော်ဝင်မြို့တော်က ထွက်ခွာသွားပြီးကတည်းက မပေါ်လွင်သော အခြားညီအစ်ကိုများနှင့်ယှဉ်လျှင် ချီဖုန်းသည် တစ်ဦးတည်းသော ကြောက်မခန်းလိလိပြိုင်ဘက် ဖြစ်လာခဲ့သည်။ မကြာသေးခင်ကပင် ချီမိုရှန်းက သူ့အား အိမ်တော်သို့ လျှို့ဝှက်စွာ ဆင့်ခေါ်ပြီး ဤအမိန့်ပြားကို လွှဲပြောင်းပေးအပ်ခဲ့သည်။

သို့သော် အရှင်မင်းမြတ် သက်ရှိထင်ရှား ရှိနေသရွေ့ သူသည် အမွေခံတစ်ဦးမျှသာ ဖြစ်နေပေဦးမည်။။ ကောင်းကင်ဖြိုခွင်းခြင်းအဆင့် သိုင်းပညာရှင်တစ်ယောက်က နှစ်ပေါင်းနှစ်ထောင်တိုင်အောင် အလွယ်တကူ အသက်ရှင်နေထိုင်နိုင်ကြောင်း ထည့်တွက်ကြည့်လျှင် ချီမိုရှန်းသည် ယခုမှ အသက်နှစ်ရာသုံးရာသာ ရှိသေးသည်။ သူ ဘယ်အချိန်မှ ထီးနန်းစွန့်မည်ကို မည်သူသိနိုင်မည်နည်း။ သူ့ကိုလုပ်ကြံရန် ကြံစည်နေသူမှာ သူ့သားအကြီးဆုံး ဖြစ်နေလိမ့်မည်ဟု ချီမိုရှန်း လုံးဝတွေးမိမည်မဟုတ်ပေ။

"ဘာလဲ။ ငါ့စကားတွေက အရာမဝင်တော့ဘူးလား"

ချီဖုန်းက ရှင်းဝူကျီကို စိုက်ကြည့်လိုက်သည်။

"အမိန့်တော်အတိုင်းပါ"

ရှင်းဝူကျီမှာ အမှားတစ်ခု ဖြစ်နေလျှင်ပင် အမိန့်ပြားကိုင်ဆောင်ထားသူ၏ အမိန့်များကို ခြွင်းချက်မရှိ နာခံရပေမည်။ သူ့တာဝန်မှာ အမိန့်ကို အကောင်အထည်ဖော်ရန်သာ။

"တောင်းပန်ပါတယ်။ ဒါပေမဲ့ ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်ကို ဖီဆန်လို့မရဘူး"

မြွေပွေးတစ်ကောင်နှင့်တူသော နောက်ထပ်ဓားတစ်လက်သည် ရှင်းဝူကျီ၏လက်ထဲတွင် ပေါ်လာပြီး ကျန်းမုန့်လောင်၏ နှလုံးသားဆီသို့ ဦးတည်သွားလေသည်။ ဤဓားမှာ လေထုကို ထက်ရှစွာ ဖြတ်တောက်သွားသော အသံနှင့်အတူ ကြီးမားလှသော ချီစွမ်းအင်များကို သယ်ဆောင်လာသည်။ ကြမ်းတမ်းလှသော ဓားစွမ်းအင်အများအပြားက ကျန်းမုန့်လောင်၏ ခန္ဓာကိုယ်ကို ချက်ချင်း ပစ်မှတ်ထားလာကြသည်။

"ဟူး"

ကျန်းမုန့်လောင် သက်ပြင်းချလိုက်သည်နှင့် တစ်ပြိုင်နက် "သက်တံ"ဟု ကမ္ပည်းထိုးထားသော ဓားတစ်လက်က လက်ထဲတွင် ပေါ်လာလေသည်။ ထိုအရာမှာ "သက်တံဓား"ပုံစံကို အခြေခံ၍ သွန်းလုပ်ထားသော အဆင့်ကိုးသိုင်းလက်နက်တစ်ခု ဖြစ်၏။

"တုကူဓားသိုင်းကိုးကွက် ဓားဖြိုခွင်းဟန်"

သူ့ဓားသိုင်းသည် ဟန်ရေးပြမှုများ လုံးဝမရှိပါဘဲ အရှေ့သို့ ပေါ့ပေါ့ပါးပါး ထိုးနှက်လိုက်ခြင်းမျှသာ ဖြစ်၏။

"ဘာ"

ရှင်းဝူကျီ၏ မျက်လုံးထဲတွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ ကျန်းမုန့်လောင်၏ ချီစွမ်းအင်ကျင့်စဉ်မှာ အမှန်တကယ်ပင် အစွမ်းထက်လှသော်လည်း သူ့မျက်လုံးထဲတွင်မူ ခြိမ်းခြောက်နိုင်လောက်သည့် အဆင့်မျိုး မရှိပေ။ သို့တိုင် ကျန်းမုန့်လောင်ကမူ သူ့ဓားသိုင်းကွက်ထဲမှ တစ်ခုတည်းသော အားနည်းချက်ကို ချက်ချင်းရှာတွေ့သွားသည်။

ဤသည်မှာ အဆင့်ကိုးဓားသိုင်းတစ်ခုပင်။ ကောင်းကင်ဖြိုခွင်းခြင်းအဆင့် သိုင်းပညာရှင်တစ်ယောက်က ထိုသိုင်းကို ထုတ်သုံးခြင်းမှာ မျှော်လင့်ထားသည့်အတိုင်း ဖြစ်သော်လည်း သိုင်းအဆင့်ရှစ် သိုင်းပညာရှင်တစ်ယောက်က အားနည်းချက်ကို ရှာတွေ့သွားသည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် ရှက်စရာကောင်းလှသည်။

သို့သော် ချီစွမ်းအင်၏ ကြီးမားလှသော ကွာဟချက်ကြောင့် ရှင်းဝူကျီ၏ဓားကို ရပ်တန့်သွားစေရုံသာ တတ်နိုင်ပြီး ကျန်းမုန့်လောင်၏ ဓားဖြိုခွင်းဟန်က သူ့ကို ဒဏ်ရာမရစေနိုင်ပေ။

"ဒါက ဘာဓားသိုင်းလဲ"

ရှင်းဝူကျီ မေးလိုက်မိသည်။ အံ့ဩစရာကောင်းလောက်အောင်ပင် ဤဓားထဲတွင် အခြေခံသဘောတရားများဆီသို့ ပြန်ရောက်သွားသော ခွန်အားတစ်ရပ်ကို သူ ခံစားလိုက်ရသည်။ ဤထိုးနှက်ချက်ကို မြင်တွေ့လိုက်ရုံဖြင့် သူ့ကိုယ်ပိုင်ဓားသိုင်းလည်း အလင်းပွင့်သွားခဲ့သည်။

"အဲဒါက တကယ်တော့ ဓားသိုင်းမဟုတ်ပါဘူး"

ကျန်းမုန့်လောင်က ပြန်ဖြေလိုက်သည်။

"မင်းအနေနဲ့ နာမည်တပ်ချင်တယ်ဆိုရင်တော့ အဲဒါက အခြေခံဓားသိုင်းပဲ"

**********************

All Chapters