← Chapters

အခန်း ၄၂၁

Vol. 43 Ch. 421

အခန်း ၄၂၁

Vol. 43 Ch. 421

အပိုင်း (၄၂၁)

ကျုံးရှန်သည် အနောက်ဘက်စွန်း ပင်လယ်ပြင်ထက်၌ ဖြည်းညှင်းစွာ လမ်းလျှောက်နေ၏။ သူသည် ခရီးကို အလျင်စလိုသွားရန် ရည်ရွယ်ချက် မရှိချေ။ ထိုစဉ် အေးစိမ့်နေသည့် ပင်လယ်လေဆိုးတစ်သုတ် တိုက်ခတ်လာကာ လေဆိုးထဲတွင် ယင်စွမ်းအင်ဓားသွားများစွာပါဝင်လာသည်။ သို့သော် ထိုယင်စွမ်းအင် ဓားသွားများသည် ကျုံးရှန်၏ ခန္ဓာကိုယ်နှင့် ထိတွေ့မိသောအခါ ကြေမွသွားပြီး သူ၏ ခန္ဓာကိုယ်ကို အနည်းငယ်မျှပင် တုန်လှုပ်စေနိုင်ခြင်း မရှိခဲ့ပေ။ သူသည် တစ်လှမ်းပြီးတစ်လှမ်း ရှေ့သို့ လှမ်းသွားလိုက်လျှင် သူ၏ ခြေလှမ်းတိုင်းသည် မိုင်ပေါင်း သန်းချီသည့် စီရင်စုများကို ဖြတ်ကျော်သွားကာ ကောင်းကင်နှင့် မြေကြီးကြားရှိ မည်သည့်အရာမျှ သူ၏ ခြေလှမ်းများကို တားဆီးနိုင်စွမ်း မရှိသည့်အလားပင် ဖြစ်သည်။ ထိုသို့ဖြင့် ကျုံးရှန်တစ်ယောက်အနောက်ဘက်စွန်း ပင်လယ်၏ အဆုံးသတ်အထိ လျှောက်လှမ်းသွားလိုက်လျှင် ပြည်နယ်တစ်ခုစာခန့် ကျယ်ဝန်းသည့် ကျွန်းတစ်ကျွန်းသည် သူ၏မြင်ကွင်းအတွင်းဝင်ရောက်လာ၏။ ထိုကျွန်းပေါ်၌ နတ်ဘုရားသတ်ဖြတ်ရေးအဖွဲ့၏ အဓိကဌာနချုပ် တည်ရှိနေခြင်းပင်။ ကျွန်းတစ်ခုလုံး၌ တစ္ဆေ ငိုကြွေးသံများ ဝံပုလွေ အူသံများဖြင့် ပြည့်နှက်နေကာ မြက်တစ်ပင်မျှပင် ပေါက်ရောက်ခြင်းမရှိသလို သာမန်လူ တစ်ယောက်မှလည်း မရှိချေ။ သူ၏နတ်ဘုရားအာရုံဖြင့်စစ်ဆေး ကြည့်လိုက်လျှင် ထိုကျွန်းပေါ်၌ အနိမ့်ဆုံးကျင့်ကြံသူသည်ပင် သူတော်စင်အဆင့် ၆ နှင့် ထိုထက်ပိုမြင့်သည့်အဆင့်တွင် ရှိနေသည်ကို တွေ့လိုက်ရသည်။ နတ်ဘုရားသတ်ဖြတ်ရေးအဖွဲ့တစ်ခုလုံး၌ လူအများကြီး မရှိဘဲ ထောင်ဂဏန်းခန့်သာ ရှိနေကာ ထိုလူများ၏မျက်နှာထားသည် နှစ်သောင်းချီ သက်တမ်းရှိသည့် ရေခဲတောင်များကဲ့သို့ အေးစက်နေ၏။ လူတိုင်းသည် ပြင်ပကမ္ဘာ၌ ရက်စက်ကြမ်းကြုတ်သည့် သွေးစွန်းနာမည်များ ကိုယ်စီ ရှိကြကာ သူတို့အားလုံးသည် နတ်ဘုရားသတ်ဖြတ်ရေးအဖွဲ့၏ အမာခံအင်အား ပင်ဖြစ်သည်။ "ရှင်းရှန်ရှီ...မိစ္ဆာအိုကြီး ယန်ယွီ.. " "အကုန် ထွက်လာကြစမ်း" ကျုံးရှန်သည် နတ်ဘုရားသတ်ဖြတ်ရေးအဖွဲ့ရှိ လွတ်မြောက်ခြင်းအဆင့် မိစ္ဆာအိုကြီးများ၏ နာမည်များကို မိသားစုဝင်များကဲ့သို့ အော်ရွတ်လိုက်သည်။ သူ၏အသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း ဧရာမခေါင်းလောင်းကြီးတစ်လုံးကို ထိုးလိုက်သကဲ့သို့ ကျွန်းပေါ်၌ ပဲ့တင်ထပ်သွားကာ လျှပ်စီးများလက်လာပြီး မိုးခြိမ်းသံများနှင့် လေပြင်းများ တိုက်ခတ်လာသည်။ သို့သော် ကျွန်းပေါ်ရှိ အသံများအားလုံး တိတ်ဆိတ်သွားကာ မည်သည့်အရာကိုမှ ကြောက်ရွံ့လေ့မရှိသည့် ရက်စက်ကြမ်းကြုတ်သော မိစ္ဆာဆိုးကြီးများ ကြောက်လန့်သွားကြလေပြီ။ သို့ဖြင့် မည်သူမှ ကိုယ်တိုင်ထွက်လာ၍ ရင်ဆိုင်ရဲခြင်း မရှိချေ။ ထိုသည်ကိုမြင်လျှင် ကျုံးရှန် သွားဖြဲကာ ပြုံးလိုက်ပြီး လက်တစ်ချောင်းဆန့်ထုတ်၍ အောက်ဘက်သို့ ပေါ့ပါးစွာ ဖိချလိုက်သည်။ ထိုအခါ ကျွန်းကြီးတစ်ခုလုံး၌ ချက်ချင်းပင် ဧရာမအပေါက်ကြီးတစ်ခု ဖြစ်ပေါ်သွားပြီး မြေငလျင်လှုပ်သကဲ့သို့ ကျွန်းတစ်ခုလုံး တုန်ခါသွားသည်။ နစ်မြုပ်သွားလုနီးပါးပင် ဖြစ်သွားလေသည်။ထိုသည်က ကျုံးရှန်တစ်ယောက် သူ၏ အင်အားကို လျှော့သုံးထားခြင်း ရလဒ်သာ ရှိသေးသည်။ အကယ်၍ သူသာ အစွမ်းကုန် အသုံးပြုလိုက်ပါက မျက်တောင်တစ်ခတ်အတွင်းပင် ကျွန်းကြီးတစ်ခုလုံး လုံးဝ ပျက်စီးသွားပေလိမ့်မည်။ ထိုအချိန်၌ ရက်စက်ကြမ်းကြုတ်သည့် မိစ္ဆာဆိုးကြီးများသည် နောက်ဆုံးတွင် အငြိမ်မနေနိုင်တော့ချေ။ ကျွန်း၏အထက်လေထဲ၌ အနက်ရောင် လေဆင်နှာမောင်း ဆယ်ခုကျော် လွင့်ပျံတက်လာကာ ကျုံးရှန်ရှေ့၌ ရက်စက်ကြမ်းကြုတ်သည့် မိစ္ဆာအိုကြီး ဆယ်ဦးကျော် ပေါ်လာသည်။ အလယ်၌ ရပ်နေသူမှာ နာမည်ဆိုးဖြင့်ကျော်ကြားလှသည့် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ ရက်စက်အယုတ်မာဆုံး မိစ္ဆာဖြစ်သည့် ရှင်းရှန်ရှီ ပင်။ ထိုမိစ္ဆာဆိုး ဆယ်ဦးကျော်သည် ယခုအချိန်၌ ရက်စက်ကြမ်းကြုတ်သော အသွင်အပြင် အနည်းငယ်မျှပင် မရှိတော့ဘဲ တစ်ယောက်ချင်းစီတိုင်းသည် ဖားယားသည့် အပြုံးများ ပြုံးထားကာ ရိုးအယောင်ဟန်ဆောင်နေကြသည်။ အကယ်၍ ထိုသတင်းသာ ပြင်ပသို့ ပျံ့နှံ့သွားပါက လူတိုင်း မေးပြုတ်ကျလောက်အောင် အံ့ဩသွားစေရန် လုံလောက်ပေလိမ့်မည်။ "သခင်ကြီး... အနောက်ဘက်စွန်း ပင်လယ်ကို ဘာကိစ္စများ ရှိလို့ ကြွလာပါသလဲခင်ဗျာ" မျက်နှာအပြည့် မုတ်ဆိတ်မွေးများ ဖုံးလွှမ်းနေပြီး သတ်ဖြတ်လိုစိတ်နှင့် အရိုင်းဆန်မှုများ အပြည့်ရှိသည့် ရှင်းရှန်ရှီသည် လက်ကိုပွတ်ကာ ခေါင်းညိတ်ရင်း ရိုသေစွာ ဆိုလိုက်သည်။ သူ၏အမူအရာသည် အဆိုးဝါးဆုံး မိစ္ဆာဆိုသည့် ဂုဏ်ပုဒ်နှင့် လုံးဝ မကိုက်ညီဘဲ အသေခံရဲသော ရဲရင့်မှုမျိုးလည်း လုံးဝ ရှိမနေပေ။သို့သော် သူတို့သည်လည်း စိတ်ထဲ၌ ခါးသီးနေကြ၏။ ယခင်တစ်ကြိမ် မိစ္ဆာသန္ဓေသား လုယူမှု မအောင်မြင်ပြီးကတည်းက သူတို့ကိုတိုက်ခိုက်သူမှာ ကျုံးရှန်ဖြစ်ကြောင်း နားလည်ထားကြသည်။ ထို့အပြင် ကျုံးရှန်သည် လက်တစ်ဝှေ့ယမ်းရုံဖြင့် ဂိုဏ်းကြီးဆယ်ခု၏ မဟာမိတ်တပ်များကို ဖျက်ဆီးပစ်ကြောင်းကိုလည်း သိရှိထားသဖြင့် သူတို့၏ စိတ်ထဲ၌ ပြန်လည်ခုခံလိုသော အတွေး အနည်းငယ်မျှပင် မရှိတော့ပါ‌ချေ။ သူတို့သည် မိစ္ဆာအိုကြီးများ ဖြစ်သော်လည်း အရူးများ မဟုတ်သောကြောင့်ပင်။အရူးများသာလျှင် ဦးနှောက်မရှိဘဲ ကျုံးရှန်ကဲ့သို့ပုဂ္ဂိုလ်မျိုးကိုရူးသွပ်စွာသွားရောက်တိုက်ခိုက်ရဲမည် ဖြစ်သည်။ သူတို့တစ်ယောက်ချင်းစီတိုင်းသည် အလွန် ကောက်ကျစ်စဉ်းလဲသူများ ဖြစ်သည်။ အကယ်၍ ရက်စက်ကြမ်းကြုတ်မှုနှင့် ကိုက်ညီသည့် ဉာဏ်ပညာမျိုး မရှိပါက သူတို့သည် စောစီးစွာကတည်းကပင် သေဆုံးသွားကြပေလိမ့်မည်။ ရှင်းရှန်ရှီ၏စကားကိုကြားလျှင် ကျုံးရှန် ခေါင်းညိတ်လိုက်သည်။ သို့သော် သူသည် ရှင်းရှန်ရှီ၏ စကားကို ငြင်းပယ်ခြင်း သို့မဟုတ် လက်ခံခြင်း မပြုခဲ့ချေ။ "တခြားလူတွေရော ဘယ်မှာလဲ" "အားလုံးကို ခေါ်ထုတ်လိုက်"မိစ္ဆာအိုကြီးများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြန်မဖြေရဲကြချေ။ ကျုံးရှန်တစ်ယောက် နတ်ဘုရားသတ်ဖြတ်ရေးအဖွဲ့ တစ်ခုလုံးကို မျိုးဖြုတ်သတ်ပစ်မည်ကို ကြောက်ရွံ့နေကြခြင်းဖြစ်သည်။ "တကယ့်ကို အချိန်ဆွဲနေကြတာပဲ" မိစ္ဆာအိုကြီးများ၏တွန့်ဆုတ်နေမှုကိုမြင်လျှင် ကျုံးရှန် လက်ဝှေ့ယမ်းကာ စိတ်နှလုံးမျိုးစေ့ ဆယ်ခုကျော် ထုတ်လွှတ်ပြီး သူတို့၏ ရင်ဘတ်ထဲသို့ ဝင်ရောက်သွားစေလိုက်သည်။ သနားစရာ မိစ္ဆာဆိုးများသည် ပြန်လည်ခုခံရန်ပင် အခွင့်အရေး မရှိလိုက်ဘဲ တုံ့ပြန်ရန် အချိန်မရလိုက်ခင်တွင် စိတ်နှလုံးကွန်ရက်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားကြသည်။ ထိုအခါ သူတို့ဆီမှ ကြီးမားလှသည့် စိတ်နှလုံးစွမ်းအင်များ စိတ်နှလုံးကွန်ရက်အတွင်းသို့ စီးဝင်လာသဖြင့် ကျုံးရှန် ကျေနပ်စွာ ခေါင်းညိတ်လိုက်မိသည်။ ထိုမိစ္ဆာအိုကြီးများ ပါဝင်လာခြင်းကြောင့် စိတ်နှလုံးကွန်ရက်၏ စွမ်းအင်ထုတ်လွှတ်နိုင်စွမ်းသည် သုံးပုံတစ်ပုံကျော်အထိ တိုးမြင့်လာ၏။ သူတို့သည် လွတ်မြောက်ခြင်းအဆင့် မိစ္ဆာများဟူသော ဂုဏ်ပုဒ်နှင့် လိုက်ဖက်လှကာ တစ်ယောက်ချင်းစီတိုင်း၏ စိတ်နှလုံးသည် ပင်လယ်ကြီးကဲ့သို့ ကျယ်ပြောလှပြီး ကြီးမားသည့် စိတ်နှလုံးစွမ်းအင်များကို အလွယ်တကူ ထုတ်လွှတ်ပေးကြလေသည်။ ထို့အပြင် သူတို့သည် စိတ်နှလုံးစွမ်းအင်အပေါ် နားလည်မှုအချို့လည်းရှိနေကာ ခိုင်မာသောစိတ်နှလုံးကို ပိုင်ဆိုင်ထားကြသည်။ ခိုင်မာသည့် စိတ်နှလုံးမရှိဘဲ မည်ကဲ့သို့ မိစ္ဆာဆိုးတစ်ယောက် ဖြစ်လာနိုင်မည်နည်း။ ရှင်းရှန်ရှီ အပါအဝင် မိစ္ဆာဆိုးအားလုံးသည် စိတ်နှလုံးမျိုးစေ့ စိုက်ပျိုးခံရပြီးနောက် အရာအားလုံးကို ချက်ချင်းနားလည်သွားကာ သူတို့၏ စိတ်နှလုံးစွမ်းအင်များကို ချက်ချင်းပင် တိကျပိုင်နိုင်စွာ ထိန်းချုပ်နိုင်သွားကြသည်။ ထို့နောက် သူတို့သည် ကျုံးရှန်အား စိတ်ရောကိုယ်ပါ လေးစားကြည်ညိုစွာဖြင့် အရိုအသေပြုလိုက်ကြသည်။ "စိတ်နှလုံးအရှင်သခင်ကို ဂါရဝပြုပါတယ်"သို့ဖြင့် ကျုံးရှန် အများကြီး ရှင်းပြနေစရာ မလိုအပ်ဘဲ သူတို့ကိုယ်တိုင် နတ်ဘုရားသတ်ဖြတ်ရေးအဖွဲ့၏ ကျင့်ကြံသူအားလုံးကို ခေါ်ထုတ်လာကြတော့သည်။ ကျင့်ကြံသူဦးရေ စုစုပေါင်း သုံးထောင်ရှစ်ရာကိုးဆယ့်ခုနစ်ဦး။ ကျုံးရှန် လက်ဝှေ့ယမ်းလိုက်ပြီး စိတ်နှလုံးမျိုးစေ့ ၃၈၉၇ခုကို ဖြန့်ကြဲကာ လူတိုင်းအတွက် စိတ်နှလုံးမျိုးစေ့များ ချပေးလိုက်သည်။ ထိုလူများ၏ ကျင့်ကြံမှုသည် အလွန်မြင့်မားပြီး စိတ်နှလုံးစွမ်းအင်များကလည်း အလွန်အားကောင်းလှသည်။ ထို့ကြောင့် ကျုံးရှန်၏ စိတ်နှလုံးစွမ်းအင်များသည်လည်း ထပ်မံ၍ အလွန်အမင်း မြင့်တက်လာပြန်သည်။ ထိုအကျိုးသက်ရောက်မှုသည် အလွန်များပြားသည့်စိတ်နှလုံးစွမ်းအင်များကိုထုတ်ပေးသောကြောင့် ကျုံးရှန်တစ်ယောက်ကျယ်လောင်စွာပင် ဟစ်ကြွေးလိုက်မိသည်။ သူ၏ကိုယ်ပိုင်ကျင့်ကြံမှုအဆင့်သည်လည်း အလွန်များပြားသောစိတ်နှလုံးစွမ်းအင်များ၏အကူအညီဖြင့် အဆင့်သုံးဆင့် တိုက်ရိုက်တိုးတက်သွားကာ ကောင်းကင်နှင့် မြေကြီးကြား၌ လေပြင်းများတိုက်ခတ်လာပြီး တိမ်များ စုရုံးလာသည်။ ပြင်းထန်သည့် ထူးဆန်းသော မြင်ကွင်းများ ဖြစ်ပေါ်လာသော်လည်း ထိုမြင်ကွင်းအားလုံးသည် ချက်ချင်း ဖိနှိပ်ခံလိုက်ရ၏။ ထို့နောက် ကျုံးရှန်သည် အဆင့်တက်မှုမှဖြစ်ပေါ်လာသောစွမ်းအင်များကို စိတ်နှလုံးကွန်ရက်ဖြင့် တိုက်ရိုက် မျိုချပစ်လိုက်သည်။ သို့ဖြင့် ကျုံးရှန်တစ် ယောက် သူတော်စင်အဆင့် ၆ သို့ အဆင့်တက်သွားလေပြီ။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ သူတော်စင်နိုင်ငံသည် ပိုမို ခိုင်မာလာကာ ကြယ်တာရာ အပိုင်းအစများ၏ လွှမ်းမိုးမှုအောက်၌ မဟာကမ္ဘာအဆင့်ရှိ သူတော်စင်နိုင်ငံအဖြစ် အချိန်မရွေး ပြောင်းလဲနိုင်စွမ်းရှိလာသည်။ "ကောင်းပြီ... မင်းတို့အရင်.. သူတော်စင်နိုင်ငံထဲကို ဝင်နှင့်ကြ" ကျုံးရှန် လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီး လူသုံးထောင်ကျော်နှင့်အတူ မိစ္ဆာအိုကြီး ဆယ်ဦးကျော်ကို သူ၏ သူတော်စင်နိုင်ငံတော်ထဲသို့ ထည့်သွင်းလိုက်သည်။ ထိုမိစ္ဆာဆိုးများသည် အနာဂတ်၌ မယုံကြည်နိုင်လောက်အောင် အသုံးဝင်မည့် အံ့ဖွယ်တပ်ဖွဲ့တစ်ခု ဖြစ်လာကာ ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေပေလိမ့်မည်။ လူတိုင်းသည် ကျုံးရှန်၏ စကားကို နားထောင်ပြီး အလွန်အမင်း ကြည်ညိုကိုးကွယ်သွားကြပြီဖြစ်သဖြင့် ကျုံးရှန်၏ စကားကို ကြားသောအခါ မည်သည့် ခုခံမှုမျှ မလုပ်ကြဘဲ လိမ္မာစွာဖြင့် ဝင်ရောက်သွားကြတော့သည်။

ဤသို့ဖြင့် နာမည်ဆိုးဖြင့်ကျော်ကြားလှသော ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ မိစ္ဆာအဖွဲ့အစည်းသည် ကျုံးရှန်၏ သိမ်းသွင်းခြင်းကို ခံလိုက်ရလေပြီ။ ယခုအချိန်မှစ၍ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၌ နတ်ဘုရားသတ်ဖြတ်ရေးအဖွဲ့ ဟူသည့် အဖွဲ့အစည်း ရှိတော့မည်မဟုတ်တော့ပေ။ သူတို့သည် ကျုံးရှန်၏ အလွယ်တကူ သိမ်းသွင်းမှုအောက်တွင်စိတ်နှလုံးကွန်ရက်၏အစိတ်အပိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားကြပြီဖြစ်သည်။ မိစ္ဆာအိုကြီးများ၏ စိတ်ရောကိုယ်ပါ အညံ့ခံမှုကိုမြင်လျှင် ကျုံးရှန် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်မိသည်။ ထိုကောင်များသည် ရက်စက်ကြမ်းကြုတ်သော်လည်း သူတို့၏ စိတ်နှလုံးစွမ်းအင်သည် အကြွင်းမဲ့ အားကောင်းလှ၏။ သူတို့ တစ်ယောက်ချင်းစီတိုင်းသည် စွမ်းအင်အရင်းအမြစ်တစ်ခုဖြစ်ကာ စိတ်နှလုံးကွန်ရက်အတွက် များပြားလှသော စိတ်နှလုံးစွမ်းအင်များကို ထုတ်လွှတ်ပေးနေကြသည်။ ထို့အပြင် ထို စိတ်နှလုံးစွမ်းအင် ထုတ်လွှတ်မှုနှုန်းသည် သာမန်ကျင့်ကြံသူများထက် များစွာ သာလွန်နေလေသည်။ ထိုသို့ဖြစ်ရခြင်းမှာ ရက်စက်ကြမ်းကြုတ်သည့် မိစ္ဆာအိုကြီးအများစု၌ ခိုင်မာသော စိတ်နှလုံး ရှိနေကြသောကြောင့်ဖြစ်သည်။ သို့မဟုတ်ပါက အပြစ်များပြည့်နှက်နေသည့် မိစ္ဆာဆိုးများ ဖြစ်လာရန် မဖြစ်နိုင်ပေ။ ကောင်းမှုလုပ်ရန် ခိုင်မာသည့် စိတ်နှလုံးရှိရန် လိုအပ်သကဲ့သို့ မကောင်းမှုလုပ်ရန်အတွက်လည်း ခိုင်မာသော စိတ်နှလုံးရှိရန် လိုအပ်သည်။ အကောင်းအဆိုး၊ အမှားအမှန်များကို ဖယ်ထားလိုက်ပါက စိတ်နှလုံးဆိုသည်မှာ သန့်စင်ပြီး အပြစ်ကင်းလှသည်။ အမှားအမှန်၊ အကောင်းအဆိုးဆိုသည်မှာ စိတ်နှလုံးအပြင်ဘက်၌ ဝတ်ဆင်ထားသည့် အင်္ကျီတစ်ထည်မျှသာ ဖြစ်ပြီး အမှန်စင်စစ် အားကောင်းနေသည့်အရာမှာ စိတ်နှလုံး၏မူလ အနှစ်သာရပင်။သို့ဖြင့် ရက်စက်ကြမ်းကြုတ်သည့် မိစ္ဆားများကို ရှင်းလင်းပြီးနောက် ကျုံးရှန်သည် အလယ်ပိုင်းသူတော်စင်ကုန်းမြေတိုက်ကြီးသို့ ဆက်လက် ဦးတည်လျှောက်လှမ်းသွားတော့၏။

All Chapters