အခန်း ၄၂၂
Vol. 43 Ch. 422
အပိုင်း (၄၂၂)
အလယ်ပိုင်းသူတော်စင်ကုန်းမြေတိုက်ကြီးဟူသည်မှာ ယခင် အကန့်အသတ်မဲ့ကမ္ဘာ၏ ရှန့်ကျိုးပြည်နယ် ကိုးဆယ့်ကိုးခုဖြစ်ပြီး ဂူချန်ရှာ၏ဇာတိလည်းဖြစ်သည်။ ထိုနေရာသည် ယခုအခါ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ အကြီးမားဆုံးသော ပြည်နယ်တစ်ခု ဖြစ်ကာ တိုက်ကြီးတစ်ခုလုံး၏ အထူးခြားဆုံးနေရာပင်ဖြစ်သည်။ တိကျရှင်းလင်းစွာဆိုရပါလျှင် ရှန့်ကျိုးဟူသည့် ကြီးမားလှသော ပြည်နယ်ကြီးသည်လည်း ကမ္ဘာပြင်ပဧည့်သည်ပင် ဖြစ်ပြီး ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ မူလ စီရင်စု(ပြည်နယ်)တစ်ခု မဟုတ်ပါချေ။ ယင်းသည် အကန့်အသတ်မဲ့ကမ္ဘာမှ လာရောက်ခြင်း ဖြစ်ကာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး တည်ရှိနေသည့် စကြာဝဠာ၏ မူလပုံစံပင် ဖြစ်သည်။ ထိုမြေပေါ်၌ ဂူချန်ရှာကဲ့သို့ ပုဂ္ဂိုလ်များ ပေါ်ထွက်လာရုံသာမက ဧကရာဇ်ထျန်းဖူ ကဲ့သို့ ပြိုင်ဘက်ကင်းဧကရာဇ်များလည်း ပေါ်ထွက်ခဲ့ဖူးသဖြင့် ထူးခြားချက် မရှိဟု ပြောလျှင် ကျုံးရှန် မယုံကြည်ချေ။ အရေးအကြီးဆုံးအချက်မှာ ထိုပြည်နယ်ထဲ၌ စိတ်နှလုံးစွမ်းအင်၏ သော့ချက် ကိန်းဝပ်နေခြင်း သို့မဟုတ် စိတ်နှလုံးစွမ်းအင်နှင့်ဆိုင်သော ဉာဏ်အလင်းပွင့်မှု တစ်စုံတစ်ရာ ရှိနေခြင်းမျိုး ဖြစ်သည်။ အကယ်၍ ကျုံးရှန်သာ ထိုလျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်ပါက မကြာမီ စိတ်နှလုံးစွမ်းအင်အပေါ် ဉာဏ်အလင်းပွင့်မှုရရှိနိုင်မည် ဖြစ်ကာ သူ၏စွမ်းအင်ကိုလည်း ထပ်မံ တိုးတက်လာစေပေလိမ့်မည်။ ယခုအချိန်၌ သူ၏ ကျင့်ကြံမှုသည် သူတော်စင်အဆင့် ၆ သို့ ရောက်ရှိနေပြီ ဖြစ်၏။ အကြီးမားဆုံး အပြောင်းအလဲမှာ သူ၏ ခန္ဓာကိုယ်တွင်းရှိ သူတော်စင်ကမ္ဘာသည် တဖြည်းဖြည်း ပို၍ ခိုင်မာလာခြင်းပင်။ သူ၏သူတော်စင်ကမ္ဘာသည်အစစ်အမှန် ကံကြမ္မာစီးဆင်းမှုများဖြင့် မဟာကမ္ဘာအဖြစ်သို့ ပြောင်းလဲလာမည့် အလားအလာ ရှိနေပြီး အဆင့်ပြောင်းလဲမှုတစ်ကြိမ် အောင်မြင်သွားသည်နှင့် ထျန်းယွမ်အဆင့်၏ အစွမ်းအစများကို ပိုင်ဆိုင်လာကာ ကျင့်ကြံမှုလည်း အံ့မခန်း တိုးတက်လာမည်ဖြစ်သည်။ ခန္ဓာကိုယ်နှင့် စိတ်နှလုံးစွမ်းအားတို့၏ ဆက်နွယ်မှုသည် အဆုံးအစမဲ့ ပင်လယ်နှင့် ရေစုပ်စက်ကဲ့သို့ပင်။ ကျင့်ကြံခြင်းအဆင့်သည် ရေစုပ်စက်ဖြစ်ကာ ပင်လယ်ထဲမှ ရေမည်မျှ စုပ်ယူနိုင်မည်ကို ဆုံးဖြတ်ပေးသည်။ ရေပမာဏ နည်းခြင်း၊ များခြင်းမှာမူ ခန္ဓာကိုယ်ဟူသည့် ရေစုပ်စက်အပေါ်၌ အကြွင်းမဲ့မူတည်နေ၏။ ထို့အတူ စိတ်နှလုံးကွန်ရက်ကို အဆက်မပြတ် ချဲ့ထွင်ခြင်းမှာလည်း ရွေးချယ်စရာတစ်ခု ဖြစ်သည်။ ယင်းသည် ပင်လယ်ထဲသို့ ရေပိုက်များစွာ တစ်ပြိုင်နက်တည်း ထိုးစိုက်ကာ ရေစုပ်စက်ကို ကူညီ၍ ရေစုပ်ယူသကဲ့သို့ ဖြစ်ပြီး စိတ်နှလုံးစွမ်းအား စုပ်ယူနှုန်းပမာဏလည်း ပိုမို များပြားလာပေလိမ့်မည်။ အမှန်စင်စစ်တွင် ကျုံးရှန်၏ ကျင့်စဉ်အဆင့် တိုးတက်လာသည်နှင့်အမျှ သူ၏ စိတ်နှလုံးစွမ်းအားများကိုလည်း ပိုမို စုပ်ယူနိုင်လာကာ ကျင့်ကြံခြင်းစွမ်းအားများလည်း ကြီးမားသော အရှိန်အဟုန်ဖြင့် ခုန်ပျံကျော်လွှားမှုကို ရရှိလေ့ရှိသည်။ သို့သော် ကျုံးရှန်သည် အလျင်လိုခြင်း၊ စိတ်လှုပ်ရှားခြင်း အလျဉ်းမရှိချေ။ အဘယ်ကြောင့်ဆိုသော် သူ၏လက်ရှိ စွမ်းအားဖြင့် မဟာကမ္ဘာကို စိုးမိုးရန် လုံလောက်နေပြီ ဖြစ်၏။ ထျန်းယွမ်အဆင့် စွမ်းအားရှင်များပင်လျှင် သူ့ကို ရင်ဆိုင်ရန် အကြိမ်ကြိမ် စဉ်းစားရမည်ဖြစ်ကာ ယွမ်စွမ်းအားရာချီ၊ ထောင်ချီရှိသည့် ထိပ်တန်းထျန်းယွမ်အဆင့် စွမ်းအားရှင်များမှလွဲ၍ သာမန်ထျန်းယွမ်အဆင့်များကို သူ အရေးမစိုက်ပေ။ အလယ်ပိုင်းသူတော်စင်ကုန်းမြေတိုက်၏ မြို့တော်ဟောင်းအတွင်း။ ထိုနေရာ၌ ဧကရာဇ်ထျန်းဖူ၏ ရှေးဟောင်းနန်းတော်ကြီးကို ထိန်းသိမ်းထားဆဲ ဖြစ်၏။ သို့သော် နန်းတော်တစ်ခုလုံးကို အကြိမ်ကြိမ် မွှေနှောက်ရှာဖွေပြီး ဖြစ်သဖြင့် မည်သည့်သဲလွန်စမျှ တွေ့ရှိရခြင်း မရှိချေ။ နန်းတော်ကို ယခင်ရှန့်ကျိုးပြည်နယ်မှ မျိုးဆက်ဟောင်းများ၏ သားစဉ်မြေးဆက်များက အချိန်မှန် လာရောက် သန့်ရှင်းရေး ပြုလုပ်ကြသည်။ သူတို့သည် ဧကရာဇ်ထျန်းဖူ၏ သစ္စာရှိ ကျွန်ယုံများ၏ မျိုးဆက်များ ဖြစ်ပြီး ဘိုးဘေးတို့၏ ညွှန်ကြားချက်ကို လိုက်နာနေကြခြင်းသာ ဖြစ်သည်။ ထို့အပြင် မြို့တော်ဟောင်းကို အကြိမ်ပေါင်းများစွာ ရှာဖွေစုံစမ်းသော်လည်း ထူးခြားမှု မတွေ့ရှိသဖြင့် မကောင်းကြံရွယ်သူများအားလုံး နန်းတော်ဟောင်းကို လက်လျှော့သွားကြပြီဖြစ်သည်။ ထို့ကြောင့်ပင် ထိုနေရာသည် ပြန်လည် ငြိမ်းချမ်းသွားရခြင်း ဖြစ်၏။ နန်းတော်ဟောင်းတစ်ခုလုံးသည် ခေတ်ကာလများစွာကို ဖြတ်သန်းပြီးနောက် အကြိမ်ကြိမ် ပျက်စီးပြိုကျသော်လည်း သစ္စာရှိ ကျွန်ယုံမျိုးဆက်များက ပြန်လည် ပြုပြင်ကြသဖြင့် ဆက်လက်တည်ရှိနေသေးသည်။ကျုံးရှန်သည် အလယ်ပိုင်းသူတော်စင်ကုန်းမြေတိုက်၏ နယ်မြေအတွင်းသို့ ဝင်ရောက်လိုက်သည်။ ယင်းသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးတစ်ခုလုံး၌ အကြီးမားဆုံးဖြစ်သည့် စီရင်စုနယ်မြေပင်။ ရှန့်ကျိုးပြည်နယ်၏စီရင်စုတစ်ခု အရွယ်အစားမှာ နန်ယန်စီရင်စု ဆယ်ခုကျော်ခန့်နှင့် ညီမျှနေကာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ ဗဟိုတည့်တည့်၌တည်ရှိပြီး တိုက်ကြီးတစ်ခုလုံး၏ နှလုံးသားသဖွယ် ဖြစ်သည်။ ယင်း၌ အလွန်ထူးခြားသော အဓိပ္ပာယ် ရှိနေကာ နက်နဲသည့် စီစဉ်မှုတစ်ခုလည်း ရှိနေနိုင်သေးသည်။အလယ်ပိုင်းသူတော်စင်ကုန်းမြေတိုက်ကို လွန်ခဲ့သော နှစ်ပေါင်း သန်းချီကတည်းကပင် ရေတွက်မရနိုင်သည့် စွမ်းအားရှင်များက ထပ်ခါတလဲလဲ စူးစမ်းလေ့လာပြီးဖြစ်သည်။ သို့သော်လည်း မည်သူမှ မည်သည့်ထူးခြားချက်ကိုမျှ ရှာမတွေ့ခဲ့ကြချေ။ သို့သော် ကျုံးရှန်ကမူ ထိုသူတို့နှင့် မတူညီပေ။ သူသည် အလယ်ပိုင်းသူတော်စင်ကုန်းမြေတိုက်အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် တစ်ပြိုင်နက် စီရင်စုနယ်မြေတစ်ခုလုံး၏ ကံတရားအရှိန်အဝါများ အလွန်တရာ ကြီးထွားနေသည်ကို ခံစားလိုက်ရသည်။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးရှိ အခြားမည်သည့်နေရာမှ ထိုနေရာ၏ကံတရားအရှိန်အဝါလောက် ပြင်းထန်ခြင်းမရှိချေ။ ထိုနေရာသည် တိုက်ကြီးတစ်ခုလုံး၏ ကံတရားအရှိန်အဝါ ဗဟိုချက်သကဲ့သို့ ဖြစ်နေကာ ကံတရားအရှိန်အဝါများသည် အလယ်ပိုင်းသူတော်စင်ကုန်းမြေတိုက်တစ်ခုလုံးသို့ ပျံ့နှံ့ နေခြင်းပင်။ သူ၏နတ်ဘုရားအာရုံဖြင့် ကျပန်း လှည့်လည်ကြည့်ရှုလိုက်သောအခါ စက္ကန့်တိုင်း၌ လူပေါင်းများစွာ ကံကောင်းခြင်းများနှင့် ကြုံတွေ့နေရသည်ကို မြင်တွေ့လိုက်ရသည်။ ထိုသူများသည် ကံကောင်းခြင်းများကြောင့် အဆက်မပြတ် စွမ်းအားကြီးမားလာပြီး နောက်ဆုံး၌ သေဆုံးသွားကြကာ ကံကောင်းခြင်းများအဖြစ်သို့ ပြန်လည် ပြောင်းလဲသွားသည်။ ကောင်းကင်နှင့်မြေကြီး၏ ကံကြမ္မာအရှိန်အဝါ။ကံကြမ္မာသံသရာလည်ခြင်း။ မရေမတွက်နိုင်သည့် လူများသည် ကံကောင်းခြင်းများကြောင့် ထိပ်တန်းသို့ ရောက်ရှိလာကြသည်။ ထိုသူတို့သည် ကြီးထွားလာကာ စွမ်းအားကြီးမားလာကြပြီးနောက် ပြန်လည် ကျဆုံးသွားလျှင် အခြားသူများ၏ ကံကောင်းခြင်းများအဖြစ်သို့ ပြောင်းလဲသွားရသည်။ ထိုအကြောင်းအကျိုးသံသရာကို ချိုးဖျက်နိုင်သူ အရေအတွက်မှာ အလွန်နည်းပါးလှပြီး ပြင်းထန်သောစိတ်ဓာတ်ရှိသူနှင့် ထူးဆန်းမှုမြောက်မြားစွာကိုပိုင်ဆိုင်ထားမှသာ သံသရာမှ လွတ်မြောက်နိုင်ကြ၏။ သို့သော် ထိုလွတ်မြောက်သူများသည်လည်း ပြိုင်ဘက်ကင်းဟု မဆိုနိုင်သေးချေ။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးအတွက်မူ ထိုသူတို့သည် ပိုမိုကြီးမားသည့် အာဟာရတစ်မျိုးမျှသာ ဖြစ်သည်။ ကျုံးရှန်သည် ထိုနေရာ၌ ဖြည်းညှင်းစွာ လမ်းလျှောက်နေကာ အလယ်ပိုင်းသူတော်စင်ကုန်းမြေတိုက်တစ်ခုလုံးရှိ ပင်လယ်တစ်မျှ ကံကောင်းခြင်းများ ကို ကြည့်ရှုနေသည်။ ကံကောင်းခြင်းများတွင် ဝမ်ရှန့်စွမ်းအားရှင်များ ချန်ထားရစ်ခဲ့သည့်အရာများသာမက မူလအကန့်အသတ်မဲ့ကမ္ဘာမှ စွမ်းအားရှင်များ ချန်ထားရစ်ခဲ့သည့်အရာများလည်း ပါဝင်သည်။ ထိုကံကောင်းခြင်းများအားလုံးသည် အလယ်ပိုင်းသူတော်စင်ကုန်းမြေတိုက်၏ နေရာအနှံ့အပြား၌ မြှုပ်နှံထားခြင်း ခံရကာ ရေစက်ပါသူများကို စောင့်ဆိုင်းနေကြ၏။ကျုံးရှန်သည် လမ်းလျှောက်ရင်း အတွေးထဲ၌နှစ်မြောနေသည်။ သူသည် ထိုကဲ့သို့ ဘဝမျိုးကို ကျင့်သားရနေပြီ ဖြစ်သဖြင့် တွေးတော နားလည်သဘောပေါက်ရင်း ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ မြေပြင်ပေါ်၌ လှည့်လည် သွားလာနေတော့သည်။
အလယ်ပိုင်းသူတော်စင်ကုန်းမြေတိုက်သည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ အခိုင်မာဆုံးသော အခြေခံအုတ်မြစ် ရှိသည့် စီရင်စုနယ်မြေ ဖြစ်သဖြင့် ကျုံးရှန် လမ်းလျှောက်လာရင်း သံသရာမှ လွတ်မြောက်နိုင်မည့်ကံကောင်းခြင်းများစွာကိုလည်း တွေ့ရှိနေရသည်။ ထိုကံကောင်းခြင်းများသည် လွတ်မြောက်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်ကို မွေးထုတ်ပေးနိုင်ရန်ပင် အခွင့်အလမ်း များရှိနေလေသည်။ ထိုအချက်မှ ကံကောင်းခြင်းများနှင့် ပတ်သက်၍ အခြား မည်သည့် စီရင်စုနယ်မြေမျှ အလယ်ပိုင်းသူတော်စင်ကုန်းမြေတိုက်နှင့် ယှဉ်ပြိုင်နိုင်မည် မဟုတ်ကြောင်းဖော်ပြနေသည်။ ကျုံးရှန် လမ်းလျှောက်လာရင်းဖြင့် နောက်ဆုံး၌ မြို့တော်ဟောင်းဆီသို့ ရောက်ရှိလာသည်။ ထိုနေရာသည် ဧရာမ မြို့တော်ကြီးတစ်ခု ဖြစ်ပြီး လူဦးရေ ဘီလီယံနှင့်ချီ ရှိသော ကျင့်ကြံသူများစွာ အခြေချ နေထိုင်နေကြသည်။ သို့သော် ထိုနေရာရှိ သဘာဝစွမ်းအင်များမှာ ပြည့်ဝမှုမရှိသဖြင့် မည်သည့် အစွမ်းထက်ဂိုဏ်း သို့မဟုတ် အင်အားကြီးမိသားစုမျှ ကြီးစိုးထားခြင်း မရှိချေ။ ကျုံးရှန်၏ အကြည့်များသည် မြို့တစ်ခုလုံးကို စစ်ဆေးပြီးနောက် မြို့ပြင်ရှိ တောင်ကတုံးပေါ်မှ ဟောင်းနွမ်းနေသော ဘုရားကျောင်းပျက်တစ်ခု အပြင်ဘက်တွင် ရပ်တန့်သွားသည်။ ကျောင်းတော်အတွင်း၌ ပျက်စီးနေသည့် ရုပ်တုတစ်ခုကို ပူဇော်ထားပြီး ထိုရုပ်တုသည် ကျုံးရှန်၏ အာရုံကို ဆွဲဆောင်သွားခြင်းပင်။ ကြယ်တာရာတစ်သောင်းအရှင်သခင် ကျူးကော့ယာ။ ထိုသူသည် လွန်ခဲ့သောနှစ်ပေါင်းများစွာက ဂူချန်ရှာ နောက်သို့ လိုက်ပါခဲ့သည့် လက်အောက်ငယ်သားများထဲမှ တစ်ဦး ဖြစ်ပြီး ဉာဏ်ရည်ထက်မြက်ကာ ညာလက်ရုံး ဖြစ်ခဲ့သည်။ ထိုသူကို ဂူချန်ရှာ၏ လူယုံဟု ပင်ခေါ်ဆိုနိုင်ပေသည်။ နှစ်ပေါင်းများစွာ ကြာမြင့်သွားသော်လည်း အလယ်ပိုင်းသူတော်စင်ကုန်းမြေတိုက်၏ မြေပြင်ပေါ်၌ သူ၏ ရုပ်တုနှင့် ကျောင်းတော် ကျန်ရစ်နေဆဲဖြစ်သည်။ကျုံးရှန် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ဘုရားကျောင်းရှေ့သို့ ဆင်းသက်လိုက်သည်။ ထိုကျောင်းတော်ကို ပူဇော်သူများ ရှိနေဆဲ ဖြစ်ကာ အသက် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ဆံထုံးထုံးထားသောကလေးငယ်အချို့သည် တာအိုဝတ်ရုံများကို ဝတ်ဆင်ထားကာ တိတ်ဆိတ်စွာ တံမြက်လှည်းနေကြသည်။ အသက်အနည်းငယ် ပိုကြီးသည့် ကလေးငယ်အချို့မှာမူ နောက်ဖေးခြံဝင်းအတွင်း၌ ကိုယ်ခံပညာ လေ့ကျင့်နေကြ၏။ သို့သော် ထိုကလေးများသည် နိယာမနယ်ပယ်သို့ မဝင်ရောက်ရသေးဘဲ သေမျိုး သိုင်းပညာရှင်အဆင့်၌သာ ရှိနေကြသေးကာ အသက် ဆယ့်ခြောက်နှစ်အရွယ် လူငယ်တစ်ဦးက သူတို့ကို သွန်သင်လမ်းပြပေးနေသည်။ ထိုလူများမှလွဲ၍ ကျောင်းတော်၏ ပင်မခန်းမဆောင်အတွင်း၌ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထိုင်နေသည်ကိုသာမြင်လိုက်ရသည်။ ထိုသူသည် မျက်စိမှိတ်လျက် ဖျာကြမ်းပေါ်၌ တင်ပျဉ်ခွေ ထိုင်နေကာ သူ၏ခေါင်းပေါ်၌ ကြယ်တာရာမြစ်ကြီးတစ်ခု ပေါ်နေသည်။ ထိုကြယ်တာရာမြစ်အတွင်း၌ ဖြစ်တည်ခြင်းနှင့် ပျက်သုဉ်းခြင်းများ အဆုံးမရှိ ပြောင်းလဲနေလေသည်။