← Chapters

အခန်း ၄၂၃

Vol. 43 Ch. 423

အခန်း ၄၂၃

Vol. 43 Ch. 423

အပိုင်း (၄၂၃)

သို့သော် ထိုသက်လတ်ပိုင်းလူထံမှ အရှိန်အဝါ အနည်းငယ်မျှပင် ထွက်ပေါ်နေခြင်းမရှိဘဲ သာမန်လူတစ်ယောက်သကဲ့သို့သာထင်ရသည်။ ကျုံးရှန် ဆင်းသက်လာသည့် အခိုက်အတန့်၌ ထိုသူသည် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်၏။ ထိုအခါခေါင်းပေါ်ရှိ ကြယ်တာရာမြစ်ကြီးလည်း ချက်ချင်း ပျောက်ကွယ်သွားပြီး တစ်ခါမှ မပေါ်ပေါက်ခဲ့ဖူးသကဲ့သို့ ဖြစ်သွားသည်။ သူ၏ မျက်လုံးများအတွင်း ကြယ်ရောင်များ တစ်ချက်လင်းလက်သွားကာ မတ်တတ်ရပ်လိုက်ပြီး အင်္ကျီလက်ကို ညင်သာစွာ ခါယမ်း၍ အပြင်ဘက်သို့ ဖြည်းညှင်းစွာ ထွက်လာသည်။ ကျုံးရှန် ဝင်မလာရသေးမီ၌ပင် ကျောင်းတော်တံခါးမှာ အလိုအလျောက် ပွင့်သွားသည်။ ထိုသူသည် အဖြူနှင့် အမည်း ရောစပ်ထားသည့် စာပေပညာရှိဆန်ဆန်ဝတ်ရုံကို ဝတ်ဆင်ထားကာ ယဉ်ကျေးသိမ်မွေ့ပြီး မိုင်သောင်းချီ ရှည်လျားသည့် ကြယ်တာရာမြစ်ကြီးသကဲ့သို့ နက်နဲသည့်အရှိန်အဝါမျိုးရှိနေ၏။ ကျုံးရှန်ကို မြင်လျှင် လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးလိုက်သည်။"ဧည့်သည်တော် ရောက်လာမှန်း မသိလိုက်လို့... ခရီးဦးကြို မပြုမိတာခွင့်လွှတ်ပါ..." ကျုံးရှန်ကလည်း ထိုနည်းတူ ပြန်လည် အရိုအသေပေးလိုက်သည်။ ထိုအဖြူအမည်းရောစပ်ထားသည့် ဝတ်ရုံကိုဝတ်ဆင်ထားသော သတ်လတ်ပိုင်းလူသည် ကျောင်းတော်အတွင်းသို့ လက်ဖြင့် ညွှန်ပြလာ၏။ "ကျောင်းတော်ထဲဝင်ပြီး စကားပြောရအောင်..." ကျုံးရှန်လည်း ခေါင်းညိတ်လိုက်ပြီး ဘုရားကျောင်းအတွင်းသို့ ဝင်လာခဲ့လိုက်သည်။ ခြံဝင်းငယ်ကို ဖြတ်သန်းသွားသောအခါ ခြံဝင်းအတွင်းရှိ အသက် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ကလေးငယ်များသည် သူ့ကို စူးစမ်းလိုစိတ်အပြည့်ဖြင့် ကြည့်ရှုလာကြသည်။ ကျုံးရှန် အနည်းငယ် အကဲခတ်ကြည့်လိုက်လျှင် ထိုကလေးများ၏ ပါရမီသည် အလွန်တရာ မြင့်မားနေသည်ကို ထိတ်လန့်ဖွယ် တွေ့ရှိလိုက်ရသည်။ ထိုအချိုးအစားအရ ဝမ်ရှန့်နတ်ဘုရားကောင်းကင်ဘုံကမ္ဘာမှ သာမန်လူများကိုပင် မှီလုနီးပါးဖြစ်နေသောကြောင့်ပင်။ ထိုအထဲမှ သုံးပုံတစ်ပုံသည် မွေးရာပါ သူတော်စင်အဆင့်ပါရမီရှင်များ ဖြစ်ကာ သုံးပုံနှစ်ပုံမှာ ပြိုင်ဘက်ကင်းအဆင့် ပါရမီရှင်များ ဖြစ်နေကြသည်။ ထိုကဲ့သို့သော ပါရမီရှင်မျိုးသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးရှိ မည်သည့်ဂိုဏ်း၌မဆို အဓိကတပည့်များ ဖြစ်လာနိုင်ပြီး ကျင့်စဉ်အဆင့်များကို တဟုန်ထိုး ဖြတ်ကျော်ကာ သူတော်စင်အဆင့်သို့ လွယ်ကူစွာ ကျင့်ကြံနိုင်ကြသည်။ သို့သော် ထိုနေရာ၌ သူတို့သည် ကျင့်ကြံနေပုံ မရဘဲ စာဖတ်ခြင်း ၊ လက်ဝှေ့၊ ခြေကန် သိုင်းပညာအချို့တို့ကိုသာ လေ့ကျင့်နေကြရ၏။ ကျုံးရှန်သည် ထိုလူ၏ နောက်သို့လိုက်ကာ ခြံဝင်းငယ်ကို ဖြတ်သန်း၍ ပင်မခန်းမဆောင်အတွင်းသို့ ဝင်ရောက်လာသည်။ ထို့နောက်တွင် သက်လတ်ပိုင်းအရွယ်ယဥ်ကျေးသိမ်မွေ့ဟန်ရှိသည့် သက်လတ်ပိုင်းလူသည် စားပွဲငယ်တစ်လုံးကို သယ်ဆောင်လာကာ လူနှစ်ဦးသည် ဖျာကြမ်းများပေါ်၌ မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။ အဖြူအမည်း ရောစပ်ထားသည့် ဝတ်ရုံကိုဝတ်ဆင်ထားသောထိုသူသည် ရေနွေး အိုးတစ်လုံးကို ထုတ်ယူကာ မီးမွှေးလိုက်ပြီး စမ်းရေနှင့် လက်ဖက်ခြောက်များ ထည့်၍ စတင်ကျိုချက်လိုက်သည်။ သူ၏ အရှိန်အဝါမှာ ယဉ်ကျေးသိမ်မွေ့ကာ အေးချမ်းတည်ငြိမ်လှ၏။ ကျုံးရှန်သည် အများကြီး တွေးတောနေခြင်းမရှိဘဲ ပွင့်လင်းစွာဖြင့် မေးလိုက်သည်။"မင်းက ကျူးကော့ယာရဲ့ ဆက်ခံသူလား..." ကျုံးရှန်၏ စကားကို ကြားသောအခါ ရေ နွေးကျိုနေသည့် လူလတ်ပိုင်းသည် ခေတ္တမျှ ရပ်တန့်လိုက်ကာ ခေါင်းမော့ကြည့်ရှုလာသည်။ သူသည် ကျုံးရှန်ကို အကြည့်မလွှဲဘဲ စိုက်ကြည့်ပြီးနောက် ဖြည်းညှင်းစွာ ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်ပါတယ်.. ကျွန်တော်က ကျူးကော့ဟုန်ပါ" ထိုစကားကြားလျှင် ကျုံးရှန် ခေါင်းညိတ်လိုက်၏။ အရာအားလုံးကို စကားလုံးများဖြင့် ထပ်၍ဖော်ပြရန် မလိုအပ်တော့ချေ။ ထိုသူသည် ကျူးကော့ယား၏ ဆက်ခံသူ အစစ်အမှန်ဖြစ်ကာ သွေးသားတော်စပ်သည့် မျိုးဆက်တစ်ဦး ဖြစ်နေပြီး သူ၏ ကျင့်စဉ်အဆင့်မှာလည်း နိမ့်ကျခြင်းမရှိပေ။ အခြားသူများက သူ၏ အစစ်အမှန် ကျင့်စဉ်အဆင့်ကို မြင်နိုင်မည်မဟုတ်သော်လည်း ကျုံးရှန်ကမူ ရှင်းလင်းစွာ မြင်နိုင်လေသည်။ ကျူးကော့ဟုန်သည် အစစ်အမှန် ထျန်းယွမ်အဆင့် စွမ်းအားရှင်တစ်ပါး ဖြစ်နေပြီး အနည်းဆုံး ယွမ်စွမ်းအားယူနစ်တစ်ရာနီးပါးကို ပိုင်ဆိုင်ထားသည်။ထျန်းယွမ်နယ်ပယ်ထဲ၌ ထူးချွန်သူတစ်ဦးပင်။ ထို့နောက်တွင် ကျုံးရှန် ထပ်မံမေးမြန်းလိုက်၏။ "ဒါဆို နဂါးမဲ့နှလုံးသားကျင့်စဉ်ကိုလည်း ကျင့်ကြံမှာပေါ့..." ထိုစကားထွက်ပေါ်လာသောအခါ ကျူးကော့ဟုန်၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ခါသွားကာ ကျုံးရှန်ကိုထပ်မံ၍ခေါင်းမော့ ကြည့်လိုက်ပြန်သည်။ ကျုံးရှန်သည် လက်ကိုဝှေ့ယမ်းကာ နဂါးမဲ့နှလုံးသားကျင့်စဉ်၏ လွတ်လပ်သည့် အရှိန်အဝါအနည်းငယ်ကို ထုတ်လွှတ်ရင်း ပြုံးပြလိုက်သည်။ "ငါလည်း ကျင့်ကြံတယ်လေ" "ဒါပေမဲ့ ငါက နဂါးမဲ့နှလုံးသားကျင့်စဉ်ကို ဆက်မကျင့်တော့ဘူး..ကိုယ်ပိုင် စိတ်နှလုံးလမ်းစဉ်ကို ရှာတွေ့သွားပြီ"သူ၏ စကားသည် သံတူကြီးတစ်လက်သကဲ့သို့ ကျူးကော့ဟုန်ကို ပို၍ တည်ငြိမ်မှု ကင်းမဲ့သွားစေတော့သည်။ သို့ဖြင့်ကျူးကော့ဟုန်တစ်ယောက် ပွင့်လင်းစွာဖြင့် ချီးကျူးလိုက်မိသည်။ "ခင်ဗျားက.. တကယ့်ကို အံ့ဖွယ်ပညာရှင်ပဲ" "ခင်ဗျားရဲ့ ကျင့်စဉ်အဆင့်က သူတော်စင်အဆင့် ၆ဆိုတာ ကျွန်တော် မြင်နိုင်ပေမဲ့.. ခင်ဗျားရဲ့ တကယ့်စွမ်းအားကတော့ ခန့်မှန်းလို့မရအောင် နက်နဲလှတယ်" "ခင်ဗျားကို ရင်ဆိုင်ရတဲ့အခါ ကြယ်တာရာ သမုဒ္ဒရာကြီးကို ရင်ဆိုင်နေရသလိုပဲ..." ကျူးကော့ဟုန်၏ ချီးကျူးစကားကိုကြားလျှင် ကျုံးရှန်သည် အဓိကအကြောင်းရင်းကို ထောက်ပြလိုက်သည်။ "အမှန်အတိုင်း ပြောရရင်..ငါ့ရဲ့စွမ်းအားက မဟာကမ္ဘာကြီးထဲမှာ ပြိုင်ဘက်ကင်းနေပြီ" "မဟာကမ္ဘာရဲ့ကောင်းကင်တာအိုကိုတောင် ဖိနှိပ်နိုင်ဖို့.. ငါ့မှာ ယုံကြည်ချက်ရှိတယ်" "ပြီးတော့ အချိန်တွေ ကုန်ဆုံးလာတာနဲ့အမျှ ငါ့ရဲ့စွမ်းအားကလည်း စက္ကန့်တိုင်း တိုးတက်နေတာ..." "မင်းက နဂါးမဲ့နှလုံးသားကျင့်စဉ်ကို ကျင့်ကြံတယ်ဆိုတော့ စိတ်နှလုံးစွမ်းအားက ပင်လယ်ကြီးလို ကျယ်ပြောတယ်ဆိုတာ နားလည်သင့်တယ်.." "စိတ်နှလုံးဟာ..အဆုံးအစမရှိသလောက်ပဲ..." "ဒါပေမဲ့..ဘယ်လောက်ထုတ်လွှတ်နိုင်သလဲနဲ့ ဘယ်လောက်နှိုးဆွနိုင်သလဲ ဆိုတာကတော့ အကန့်အသတ် ရှိတယ်" "စိတ်နှလုံးဆိုတာ ..ပင်လယ်ကြီးနဲ့ ဆက်သွယ်ထားတဲ့ ရေပိုက်လိုပဲ... ပိုက်ပိုကြီးလေ ပင်လယ်ရေ ပိုစုပ်နိုင်လာလေဖြစ်တယ်" "စိတ်နှလုံးစွမ်းအားကို ကျင့်ကြံတယ်ဆိုတာ... စိတ်နှလုံးရဲ့ ထွက်ပေါက် တစ်နည်းဆိုရရင် ရေပိုက်ရဲ့ဘယ်လောက်ကျယ်နိုင်သလဲကို ကျင့်ကြံတာပဲ..." "ထွက်ပေါက် ပိုကြီးလေ ထုတ်လွှတ်လိုက်တဲ့ စိတ်နှလုံးစွမ်းအားက ပိုအားကောင်းလာလေဖြစ်လိမ့်မယ်" "ဟုတ်တယ်မလား..." ကျုံးရှန်၏ ရှင်းပြချက်အသေးစိတ်ကိုနားထောင်ပြီးနောက် အမေးစကားကိုကြားလျှင် ကျူးကော့ဟုန်တစ်ယောက် ခေါင်းညိတ်ပြလိုက်သည်။ သူသည် ကျုံးရှန်ကို နဂါးမဲ့နှလုံးသားကျင့်စဉ်အား သုတေသနပြုကာ စိတ်နှလုံးစွမ်းအားကို ခန့်မှန်း၍မရသည့် အဆင့်အထိ ဖော်ထုတ်နိုင်ခဲ့သည့် စီနီယာတစ်ဦးအဖြစ် မှတ်ယူလိုက်တော့သည်။ "ခင်ဗျားပြောတာ မှန်ပါတယ်..ဒါကြောင့်မလို့ ဒီကလေးတွေကို ကျွန်တော် ပျိုးထောင်နေတာ..." "သူတို့ကို ဘယ်ကျင့်စဉ်ကိုမှ ပေးကျင့်ဖို့ အစီအစဉ်မရှိဘူး" "စာဖတ်၊ သိုင်းကျင့်ခိုင်းပြီး စိတ်နှလုံးကို သန့်စင်အောင်ထားဖို့၊ အတွင်းစိတ်ကို သန့်စင်အောင်ထားဖို့ပဲ..." "သူတို့ အသက် ဆယ့်ရှစ်နှစ်ပြည့်သွားတဲ့အခါကျမှ နဂါးမဲ့နှလုံးသားကျင့်စဉ်ကို သင်ပေးမယ်" "အချင်းချင်း အပြန်အလှန် ရောင်ပြန်ဟပ်ပြီး အပြန်အလှန် ခံစားကြည့်ရင် တစ်ခုခု ရကောင်းရနိုင်ပါတယ်" ကျူးကော့ဟုန်၏ ရည်ရွယ်ချက်ကိုကြားလျှင် ကျုံးရှန် ခေါင်းညိတ်လိုက်သည်။ သူ၏ လမ်းစဉ်မှာလည်း မှန်ကန်ပေ၏။ ကွဲပြားခြားနားသော စိတ်နှလုံး အပြောင်းအလဲများကို လေ့လာစောင့်ကြည့်ခြင်းဖြင့် အတွေ့အကြုံနှင့် နားလည်သဘောပေါက်မှုများကို ရယူခြင်းပင်။ ဆက်လက်ပြီး ကျုံးရှန်သည် ပြဿနာ၏ အရင်းအမြစ်ကို ထိမိစွာ ထောက်ပြလိုက်သည်။ "မင်းရဲ့ လမ်းစဉ်က မှန်ပါတယ်..." "ဒါပေမဲ့ ကလေးတွေလောက်နဲ့တင် စိတ်နှလုံးအပြောင်းအလဲတွေကို ဖော်ပြဖို့ မလုံလောက်သေးဘူး" "နမူနာနည်းလွန်းတော့ အသုံးဝင်တဲ့ ကောက်ချက်ချဖို့ ခက်လိမ့်မယ်..." ထိုအခါ ကျူးကော့ဟုန်သည် သူ၏ အစီအစဉ်များကို ပြောပြလိုက်သည်။ "စီနီယာ... ကျွန်တော်..ဒီကလေးတွေကို ပျိုးထောင်ပြီးသွားရင်... ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးကနေ ထွက်ခွာပြီး ပိုင်ရွှီနယ်မြေထဲကို သွားရောက် လည်ပတ်လေ့ကျင့်ဦးမယ်..." "ဒီစမ်းသပ်မှုကို ဆက်လုပ်သွားဖို့ တခြား မဟာကမ္ဘာတွေကို ရှာဖွေရလိမ့်မယ်..." ထိုစကားများအရ ကျူးကော့ဟုန်သည် အစစ်အမှန်ပါရမီရှင်တစ်ဦးဖြစ်ကြောင်းဖော်ပြနေကာ အတိတ်က ကျူးကော့ယာကဲ့သို့ပင်။ သူ့တွင်ကိုယ်ပိုင် အကြံဉာဏ်များ၊ အမြော်အမြင်များနှင့် စီစဉ်မှုများရှိပြီး အခြားသူများ၏ လွှမ်းမိုးမှုကို ခံမည်မဟုတ်ချေ။ ကျုံးရှန်လည်း သူ့ကို အတင်းအကျပ်ဖိအားပေးမနေဘဲ ခေါင်းညိတ်ပြလိုက်သည်။ "ကောင်းပြီ..မင်း အောင်မြင်မယ်လို့ ငါ ယုံတယ်" ထိုစဉ် ရေနွေးအိုးထဲမှ ရေများ စတင်ဆူပွက်လာသည်။ ကျူးကော့ဟုန်သည် မြေစေးခွက် နှစ်ခွက်ကို ထုတ်ယူကာ ကြည်လင်နေသည့် ရေနွေးများကို ငှဲ့ထည့်လိုက်သည်။ ပူလောင်နေသည့် ရေများ ခွက်ထဲသို့ ကျဆင်းသွားလျှင် သင်းပျံ့သော လက်ဖက်ရနံ့များ ထွက်ပေါ်လာကာ မွှေးကြိုင်လှသည့် ရနံ့ကြောင့် စိတ်အေးချမ်းသာယာသွားစေသည်။ ကျုံးရှန်သည် အကြမ်းရည်ခွက်ကို မကာ ညင်သာစွာ မှုတ်လိုက်သည်။ နှာခေါင်းဝ၌ တေ့၍ ရှူရှိုက်လိုက်သောအခါ ကြယ်တာရာသောင်းချီနှင့် အပြောင်းအလဲသောင်းချီပါဝင်သည့် အလွန်တန်ဖိုးကြီးမားသော လျှို့ဝှက်ချက်များနှင့် အတွေ့အကြုံများ ကိုခံစားလိုက်ရလေသည်။ သာမန် ကျင့်ကြံသူတစ်ဦးသာ ဤအကြမ်းရေတစ်ခွက်သောက်လိုက်ရပါက ကြယ်တာရာ နက်နဲမှုများကို ချက်ချင်း နားလည်သဘောပေါက်သွားမည်ဖြစ်ကာ အဆင့်တူများထဲ၌ ထူးချွန်ပြောင်မြောက်သူတစ်ဦး ဖြစ်လာပေမည်။ကျုံးရှန်သည် အကြမ်းရည်ကို တစ်ကျိုက်တည်းနှင့် အကုန်သောက်လိုက်၏။ ထို့နောက် မတ်တတ်ရပ်ကာ အရိုအသေပြုနှုတ်ဆက်လိုက်သည်။ ကျူးကော့ဟုန်လည်း အရိုအသေပေးလိုက်ကာ အပေါက်ဝသို့ပြန်၍ လိုက်ပို့ပေးသည်။ သူတို့နှစ်ဦးစလုံး ကိုယ်တိုင် အတည်ပြုလိုသည့် အရာများကို အသီးသီး ရရှိသွားကြပြီဖြစ်သည်။

ကျုံးရှန်က လက်တစ်ချက်ဝှေ့ယမ်းလိုက်သောအခါ စိတ်နှလုံးမျိုးစေ့တစ်စေ့နှင့် စိတ်နှလုံးကွန်ရက်အကြောင်း မှတ်တမ်းတင်ထားသည့် ကျောက်စိမ်းပြားတစ်ခု ထွက်ပေါ်လာသည်။ "နှုတ်ဆက်တဲ့အနေနဲ့ မင်းကိုပေးစရာ လက်ဆောင်ကြီးကြီးမားမားတော့ မရှိပါဘူး.. ဒီပစ္စည်းလေးကိုတော့ လေ့လာကြည့်ဖို့ ပေးခဲ့မယ်..." ကျုံးရှန်သည် အံ့ဖွယ်တစ်ခုကို ပေးလိုက်ခြင်း ဖြစ်ကာ အမြစ်တွယ် အညှောက်ပေါက်လာနိုင်မည်လားဆိုသည်မှာ ကျူးကော့ဟုန်၏ ကံကြမ္မာအပေါ်၌သာ မူတည်ပေတော့သည်။ အနာဂတ်၌ ကျူးကော့ဟုန်သည်လည်း စိတ်နှလုံးကွန်ရက်ကို ဖန်တီးလာနိုင်မည်လားဆိုသည်ကို မည်သူမှ ရှင်းလင်းစွာ မပြောနိုင်ပါချေ။ "ဒါ... ဒါက..." ကျူးကော့ဟုန် အလွန်တရာ အံ့ဩတုန်လှုပ်သွားကာ သူ၏ ပါးစပ်ပင် အနည်းငယ် ဟသွားသည်။ ခန့်ညားလှသည့် ထျန်းယွမ်အဆင့် စွမ်းအားရှင်ကြီးတစ်ပါးက ထိုကဲ့သို့သော မျက်နှာအမူအရာမျိုးကို ပြသလာခြင်းသည် အလွန်တရာ စဉ်းစားရခက်လှ၏။ ကျုံးရှန် ပြုံးလိုက်ပြီး နောက်သို့ပင် လှည့်မကြည့်ဘဲ လွတ်လပ်ပေါ့ပါးသောအမူအရာဖြင့်ထွက်ခွာသွားတော့သည်။ သူသည် ကြယ်တာရာတစ်သောင်းအရှင်သခင်၏ ကျောင်းတော်မှ ထွက်ခွာသွားကာ မည်သို့ပျောက်ကွယ်သွားသည်ကို မည်သူမှ မသိလိုက်ကြချေ။ ကျူးကော့ဟုန်သည် စိတ်နှလုံးမျိုးစေ့ကို လက်ထဲ၌ ဆုပ်ကိုင်ထားကာ မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေမိသည်။ သူ၏လက်ထဲရှိ ထူးဆန်းသည့် မျိုးစေ့သည် စိတ်နှလုံးကို ဖွင့်လှစ်နိုင်သည့် သော့တစ်ချောင်းအလား ခံစားရစေသောကြောင့်ဖြစ်သည်။ စိတ်နှလုံးမျိုးစေ့ကို သူ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ချင်စိတ်များ ထိန်းမရအောင် ဖြစ်ပေါ်လာသော်လည်း နောက်ဆုံး၌ထိန်းချုပ်န်ိုင်သွားကာတင်ပျဉ်ခွေထိုင်၍ စတင်လေ့လာတော့သည်။

All Chapters