← Chapters

အခန်း ၄၂၄

Vol. 43 Ch. 424

အခန်း ၄၂၄

Vol. 43 Ch. 424

အပိုင်း (၄၂၄)

အခြားတစ်ဖက်၌။ကျုံးရှန်သည် ထိုနေရာမှ ထွက်ခွာလာပြီး မြို့တော်ဟောင်းဆီသို့ ဝင်ရောက်သွားသည်။ သူသည် ဥယျာဉ်အတွင်း လမ်းလျှောက်နေသကဲ့သို့ ပေါ့ပါးလွတ်လပ်နေကာ မြို့တော်ဟောင်းကို ကြည့်ရှုစစ်ဆေးလိုက်သည်။ ထို နောက်ကျုံးရှန်၏ မျက်လုံးများအတွင်း၌ အခြေခံသဘောတရားတစ်ခုခုကို နားလည်သွားသည့်အရိပ်အယောင်များဖြတ်ပြေးသွားသည်။'စိတ်ဝင်စားစရာပဲ... ဧကရာဇ်ထျန်းဖူကအရာအားလုံးကို အသေးစိတ် စီစဉ်ထားတာတဲ့ပုံပဲ...' 'ဒါပေမဲ့ သူကဘယ်အဆင့်ပုဂ္ဂိုလ်ဖြစ်နေလို့ ဒီကစားပွဲကို ကစားနေမှန်းတော့ မသိရဘူး...' သူ၏ အကြည့်များသည် တည်ငြိမ်လှကာ အလွန်ဝေးကွာလှသော အဝေးတစ်နေရာရှိ နန်းတော်ဆီသို့ လှမ်းကြည့်နေသည်။ မြို့တော်ဟောင်းမှာ အကြိမ်ကြိမ် ပြုပြင်မွမ်းမံခံရပြီး နှစ်ပေါင်း သန်းချီ ကြာမြင့်လှပြီ ဖြစ်သည်။ သို့သော် ထူးဆန်းသိမ်မွေ့သော အငွေ့အသက်တစ်မျိုး ရှိနေဆဲ ဖြစ်ကာကျုံးရှန်၏ အသိစိတ်အာရုံများ ထိုအထဲသို့ နစ်မြုပ်သွားလျှင် သာမန်မဟုတ်သည့် နေရာအချို့ကို ခံစားမိလိုက်သည်။ ယင်းသည် အရှိန်အဝါနှင့် စိတ်ဆန္ဒ ဖြစ်၏။ မြို့တော်ဟောင်း၏ အရှိန်အဝါသည် အလွန်ထူးဆန်းလှပြီး ကျုံးရှန်သည် လောကကြီးနှင့် အဆက်အသွယ်ပြတ်တောက်ကာ သီးခြားဖြစ်နေသည့် ခံစားချက်မျိုးကို ခံစားမိလိုက်သည်။ ထိုခံစားချက်သည် သူ၏ စိတ်နှလုံးကို အနည်းငယ် လှုပ်ခတ်သွားစေကာ အတွင်းစိတ်ထဲ၌ မငြိမ်မသက်မှုများ စတင်ဖြစ်ပေါ်လာသည်။ ယင်းသည် အလွန်တရာ ထူးဆန်းလှ၏။ သူ၏ စွမ်းအားနှင့် စိတ်နှလုံးကြံ့ခိုင်မှုအရ အကြောင်းပြချက်မရှိဘဲ စိတ်မတည်မငြိမ်ဖြစ်ရန် အကြောင်းမရှိချေ။ သူ၏ အဆင့်၌ စိတ်နှလုံးဆိုသည်မှာ ကြိုတင်နိမိတ် တစ်မျိုးပင် ဖြစ်ပေသည်။ ကျုံးရှန် အာရုံစူးစိုက်ကာ ကြည့်ရှုလိုက်သောအခါ အမြင်အာရုံများ အနည်းငယ် ဝေဝါးလာသည်။ 'ဒီနေရာက သာမန်မဟုတ်ဘူး.. လျှို့ဝှက်ချက်တွေ ဘယ်လောက်တောင် ဖုံးကွယ်ထားလဲဆိုတာ မသိရသေးဘူး...' ထိုအချိန်တွင်ဩဇာတိက္ကမ အပြည့်ပါသည့် အသံတစ်သံသည် သူ၏ နားထဲသို့ ဝင်ရောက်လာ၏။ "နန်းတော်ကို လာခဲ့..." ထိုအသံကိုကြားလျှင် ကျုံးရှန် သည် မြို့တော်ဟောင်း၏ကောင်းကင်ယံမှ မြေပြင်ပေါ်သို့ ချက်ချင်း ဆင်းသက်လိုက်တော့သည်။ ကျုံးရှန်သည် မြို့တော်ဟောင်းအတွင်းသို့ တိုက်ရိုက် ဆင်းသက်လျှင် ရှေးဟောင်းနန်းတော် တည်ရှိသည့် နေရာ၌ လူသူကင်းမဲ့နေကာ နှစ်ပေါင်းများစွာ ကြာအောင် စွန့်ပစ်ခံထားရသဖြင့် ယိုယွင်းပျက်စီးမှုအနည်းငယ်ရှိနေသည်ကို သတိထားမိလိုက်သည်။ ပေါင်းပင်မျိုးစုံသည် နေရာအနှံ့ ပေါက်ရောက်နေပြီး သစ်ပင်ကြီးများက နန်းဆောင်များကို ဖုံးကွယ်ထားသဖြင့် မြင်ကွင်းသည် အနည်းငယ် ထူးဆန်းကာ ကြောက်မက်ဖွယ်ကောင်းနေ၏။ ဘေးဘက်၌ အလယ်ပိုင်းသူတော်စင်ကုန်းမြေတိုက်၏ အကြီးမားဆုံးမြို့တော်ဖြစ်သည့် ရှန့်ကျိုးမြို့ ရှိသည်။ သို့သော် ရှေးဟောင်းနန်းတော်ဆီသို့ မည်သူမှ အလည်အပတ် လာရောက်ခြင်း၊ ဂါရဝပြုခြင်းများ မရှိကြချေ။ ယင်းအချက်သည် အလွန်တရာ သံသယဖြစ်ဖွယ်ကောင်းနေကာ ရှန့်ကျိုးမြို့ခံများသည် ထိုနေရာကို အထူးရှောင်ကြဉ်ကြဟန်ရှိသည်။ လွန်ခဲ့သည့်စက္ကန့်အနည်းငယ်က ကြားခဲ့ရသည့် ထူးဆန်းသော ခေါ်သံနှင့် သူ၏စိတ်နှလုံးအတွင်းမှ အကြောင်းမဲ့ စိုးရိမ်ပူပန်မှုများကို ပြန်လည်တွေးတောကြည့်သည်။ ကျုံးရှန်သည် ထိုနေရာ၌ ထူးခြားမှုတစ်ခုခု ရှိမည်ဟု ခံစားမိကာ သူ၏ စိတ်နှလုံးကို တည်ငြိမ်အောင် ထားလိုက်ပြီး နန်းတော်ထဲသို့ ဝင်သွားလိုက်သည်။ နန်းတော်ကြီးသည် မြို့ငယ်တစ်မြို့စာမျှ ကျယ်ဝန်း ပေသည်။ သူသည် ညီလာခံခန်းမနေရာသို့ တိုက်ရိုက်လျှောက်လမ်းသွားလိုက်သည်။ ထိုနေရာသည် ယခင်က ဧကရာဇ်ထျန်းဖူ ညီလာခံကျင်းပခဲ့သည့် နေရာ ဖြစ်သလို နန်းတော်တစ်ခုလုံး၏ ဗဟိုချက်လည်း ဖြစ်သည်။ ယခုအချိန်၌ ညီလာခံခန်းမရှိမြေပြင်သည် အက်ကွဲနေပြီး ရွှေရောင်လွှမ်းသော ခမ်းနားသည့် အလှဆင်မှုများလည်း ပျောက်ကွယ်နေလေပြီ။ အရာအားလုံးသည် ဟောင်းနွမ်းပျက်စီးနေကာ သမိုင်းဝင် ဖုန်မှုန့်များနှင့် ယိုယွင်းမှုများဖြင့် ပြည့်နှက်နေ၏။ 'ဒါက ရှေးဟောင်းမြို့တော်လား...' ကျုံးရှန်တစ်ယောက် ပျက်စီးယိုယွင်း နေသည့် နန်းတော်ဟောင်းကိုကြည့်ကာသက်ပြင်းတစ်ချက်ချလိုက်မိလိုက်သည်။ နဂါးတံဆိပ်စာအုပ်မှ မှတ်တမ်းများအရ ယခင်နှစ်များက ဤနေရာ၌ စစ်မှန်သော စကြာဝဠာခေတ်သစ်ကို စတင်ဖွင့်လှစ်ခဲ့ပြီး ကောင်းကင်နှင့် မြေကြီး၏ အတားအဆီး ချုပ်နှောင်မှုများကို ချိုးဖျက်ခဲ့သည်ဟူ၍ဖြစ်သည်။ ထိုအချိန်က ပန်းပေါင်းစုံ ပွင့်လန်းလာပြီး မဟာစကြာဝဠာကြီးများ ဖြစ်ပေါ်လာကာ အမွေအနှစ်မျိုးစုံနှင့် ယဉ်ကျေးမှုအမျိုးမျိုးသည် မိုးရွာပြီးနောက် ထွက်ပေါ်လာသည့် ဝါးပင်ပေါက်လေးများကဲ့သို့ အဆက်မပြတ် ပေါ်ထွက်လာခဲ့ဖူးသည်။ မရေမတွက်နိုင်သော စကြာဝဠာများ အဆက်မပြတ် မွေးဖွားဖြစ်တည်လာခြင်း၊ ထိုစကြဝဠာများ၏ အဆက်မပြတ်ကြီးထွားလာမှုများနှင့် အချင်းချင်းပေါင်းစပ်ခြင်းများ ဖြစ်ပေါ်ခဲ့ကာ ထိုဖြစ်စဉ်များသည် ယနေ့ခေတ် ကမ္ဘာကြီး၏ အခြေခံအုတ်မြစ် ဖြစ်လာခဲ့သည်။ယင်းအရာအားလုံးသည် နဂါးမဲ့နတ်ဘုရားဘုရင်ကြောင့်ဟု ဆိုခြင်းထက် ဧကရာဇ်ထျန်းဖူ၏ လက်ရာဟု ဆိုလျှင် ပို၍ မှန်ကန်ပေလိမ့်မည်။ ယခုလက်ရှိ ဝမ်ရှန့်နတ်ဘုရားကုန်း မြေတိုက်ကြီးတည်ရှိနေသည့် စကြာဝဠာအပါအဝင် အရာအားလုံးသည် ဧကရာဇ်ထျန်းဖူနှင့် တစ်နည်းမဟုတ်တစ်နည်းဖြင့် ဆက်စပ်နေကြ၏။ ကျုံးရှန်သည် ညီလာခံခန်းမထဲသို့ ဝင်ရောက်လိုက်ကာ ဆွေးမြည့်နေသော သစ်သားတံခါးကို တွန်းဖွင့်လိုက်သည်။ ထိုအခါ ဖုန်မှုန့်များ တစ်သီတစ်တန်းကြီး ကျဆင်းလာသဖြင့် ကျုံးရှန် လေတစ်ချက် မှုတ်ထုတ်ကာ လေပြင်းတစ်ရပ် တိုက်ခတ်သွားစေလိုက်သည်။ထိုအခါ ခန်းမကြီးတစ်ခုလုံးလည်း အသစ်တစ်ဖန် ပြန်လည် လင်းလက်သွားလေပြီ။ ညီလာခံခန်းမကြီးသည် အလွန် ကျယ်ဝန်းလှပြီး အထွတ်အထိပ်ကာလတွင် မှူးမတ် ထောင်ချီ၍ ဝင်ဆံ့နိုင်ပေလိမ့်မည်။ အမြင့်ဆုံးနေရာ၌ ရွှေရောင်ပလ္လင်တစ်ခု ရှိနေသော်လည်း ထိုပလ္လင်၌ မည်သည့် ထူးခြားမှုမှ မရှိချေ။ ပလ္လင်တစ်ခုလုံး ရွှေရောင်လွှမ်းနေကာ ရွှေစင်ဖြင့် ပြုလုပ်ထားပုံရ၏။ သို့သော်လည်း ရွှေသည် သာမန်လူများအတွက်သာ အလွန်တန်ဖိုးကြီးပြီး ကျင့်ကြံသူမျအတွက်မူ အမှိုက်သရိုက်သဖွယ် ဖြစ်သည်။ ထိုနေရာ၌ ထူးဆန်းမှုအချို့ ရှိနေပုံရသဖြင့် သာမန်လူများက အနီးသို့ မကပ်ရဲကြသောကြောင့်သာ ရွှေပလ္လင်သည်ယခုအချိန်အထိ အကောင်းပတိရှိနေသေးခြင်းဖြစ်လေသည်။ ကျုံးရှန်သည် အနည်းငယ် အကဲခတ်ကြည့်လိုက်ပြီးမှ ပလ္လင်နားသို့ ဖြည်းညှင်းစွာ လျှောက်သွားကာ ထိုင်ချလိုက်သည်။ ပလ္လင်တစ်ခုလုံး၌ ထူးခြားမှု မရှိသလို ထိုင်ရသည်မှာလည်း သက်သောင့်သက်သာ မရှိလှပေ။ သို့သော် ထိုအချိန်၌ သူ၏ ပတ်ဝန်းကျင်သည် ရုတ်တရက် ပြောင်းလဲသွားကာ နန်းတော်တစ်ခုလုံး အသစ်သဖွယ် ပြောင်းလဲသွားသည်။ ယခုအခါ ကျုံးရှန်သည် ညီလာခံခန်းမအတွင်း၌ မတ်တတ်ရပ်နေပြီး သူ၏ ရှေ့ရှိ ရွှေနဂါးပလ္လင်ပေါ်၌ ဩဇာအပြည့်ရှိသည့် လူလတ်ပိုင်းတစ်ဦး ထိုင်နေသည်။ ထိုသူ၏ မျက်နှာပေါ်၌ မည်သည့် ခံစားချက်မှ မရှိဘဲ မျက်လုံးများက တည်ငြိမ်နေကာ စကြာဝဠာပေါင်း ထောင်သောင်းမကပါဝင်နေသကဲ့သို့ပင်။ရေတွက်မရနိုင်သော အကြောင်းအကျိုး ဖြစ်စဉ်များသည် သူ၏ မျက်လုံးထဲ၌ လည်ပတ်နေကာ ကြောက်မက်ဖွယ်ကောင်းသော ထူးဆန်းသည့် မြင်ကွင်းမျိုးစုံ အဆက်မပြတ် ပေါ်ထွက်နေသည်။ ထိုမြင်ကွင်းများထဲတွင် မြေကြီးများ အက်ကွဲသွားခြင်း ၊ ကောင်းကင်နှင့် မြေကြီး ပျက်သုဉ်းသွားခြင်း၊ နတ်ဘုရားနှင့် မိစ္ဆာများ စစ်ခင်းခြင်း နှင့် ဗုဒ္ဓများ ကျဆုံးသွားခြင်းများအပြင် ရေတွက်မရသည့် စကြာဝဠာများ ပျက်သုဉ်းခြင်း၊ ပြန်လည် မွေးဖွားလာခြင်း၊ထပ်မံ၍ ပျက်သုဉ်းသွားခြင်းစသည်ဖြင့် ဖြစ်တည်ခြင်းနှင့်ပျက်သုဉ်းခြင်းအမျိုးမျိုးပါဝင်နေသည်။ သူ၏ မျက်လုံးများကို ကြည့်ရုံမျှဖြင့် ကျုံးရှန်၏ ရင်ထဲ၌ အုံကြွမှုတစ်ခုကို ခံစားလိုက်ရကာ သူ၏ အတွင်းစိတ်ထဲ၌ လှိုင်းလုံးများ ရိုက်ခတ်နေသကဲ့သို့ လှုပ်ခတ်မှုများ အဆက်မပြတ် ဖြစ်ပေါ်လာသည်။ သူ၏ လက်ရှိ စိတ်နှလုံးစွမ်းအားသည် မဟာကမ္ဘာအတွင်း၌မည်သူမှ မယှဉ်နိုင်လောက်အောင် အစွမ်းထက်နေပြီ ဖြစ်သည်ကို သိထားရမည်ဖြစ်သည်။ ထိုသည်ပင်လျှင် လှုပ်ခတ်မှုများဖြစ်ပေါ်လာသဖြင့် ကျုံးရှန်တစ်ယောက် ခေတ္တမျှသွေးလန့်သွားရသည်။ "ဧကရာဇ်ထျန်းဖူဟာ နာမည်အတိုင်း...ခေတ်အဆက်ဆက်မှာ ပြိုင်ဘက်ကင်းတဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်ထိုက်ပါပေတယ်..." ကျုံးရှန်သည် လေးစားစွာဖြင့် ချီးကျူးလိုက်သည်။ ယင်းစကားသည် သူ၏ ရင်တွင်းမှ လှိုက်လှဲစွာ ချီးကျူးလိုက်ခြင်း ဖြစ်၏။

ထိုစကားကြားလျှင် ဧကရာဇ်ထျန်းဖူ၏မျက်နှာထက်ဝယ် အပြုံးတစ်ပွင့် ပွင့်လန်းလာသည်။ သူ၏ အပြုံးထဲ၌ မွေးရာပါ ဧကရာဇ်တစ်ပါး၏ အရှိန်အဝါဖြာထွက်နေသည်။ သူသည် စကြာဝဠာ၏ အကန့်အသတ်ထက် ကျော်လွန်သည့် နေရာမှ လာရောက်ပုံရသော်လည်း သူ၏ စိတ်ဆန္ဒတစ်ခုမှ ဖြစ်တည်လာသည့် ကိုယ်ပွားသည်ပင် အလွန် ကျက်သရေရှိနေပေသည်။ "မင်းလည်း မဆိုးပါဘူး... ငါ့သား ချန်ရှာကလွဲပြီး တခြားလူတစ်ယောက်က စိတ်နှလုံးရဲ့ နက်နဲမှုကို နားလည်နိုင်လိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး..." ဧကရာဇ်ထျန်းဖူက ဖြည်းညှင်းစွာ ပြောလိုက်လျှင် သူ၏ လေသံထဲ၌ ချီးကျူးမှုနှင့် အသိအမှတ်ပြုမှုများ ပါဝင်နေသည်။

"စိတ်နှလုံးလမ်းစဉ်ဆိုတာ..ပင်လယ်ကြီးထဲ လှေလှော်နေသလိုပဲ... အဆုံးမရှိဘူးလို့ ခံစားရစေတယ်..." "ဒါပေမဲ့ စိတ်နှလုံးလမ်းစဉ်မှာ မပြည့်စုံတဲ့ အပိုင်းတွေလည်း ရှိနေတယ်လို့ ကျွန်တော် အမြဲခံစားမိတယ်..." ကျုံးရှန်သည် ချီးကျူးမှုကြောင့် ဝမ်းသာပီတိဖြစ်သွားသောအမူအရာမျိုးမရှိသလို ထောက်ခံခြင်း သို့မဟုတ် ကန့်ကွက်ခြင်းမပြုဘဲ သူ၏ အတွင်းစိတ်ထဲမှ အမြင်ကို ရုတ်တရက် ထုတ်ဖော်ပြောဆိုလိုက်သည်။ ထိုအခါ ဧကရာဇ်ထျန်းဖူ၏ မျက်နှာထက်မှ အပြုံးများ ပိုမို တောက်ပလာသည်ကို မြင်လိုက်ရ၏။ "ကောင်းတယ်... မင်းမှာ ဒီလိုအသိမျိုး ရှိနေတာက မင်းဟာ စိတ်နှလုံးလမ်းစဉ်ကို နက်နက်ရှိုင်းရှိုင်း လေ့လာထားတယ်ဆိုတာကို ပြသနေတာပဲ...""တကယ်တော့ စိတ်နှလုံးလမ်းစဉ်က အကန့်အသတ်မရှိဘူးလို့ ထင်ရပေမဲ့ အကန့်အသတ် ရှိပါတယ်..." "စိတ်ဆန္ဒဆိုတာ စိတ်နှလုံးကနေ မွေးဖွားလာတာဖြစ်ပြီး... အဲဒါက စိတ်နှလုံးရဲ့ ပြင်ပ ဖြစ်သလို ကမ္ဘာကြီးနဲ့ ဆက်သွယ်ထားတဲ့ တစ်ခုတည်းသော ထွက်ပေါက်ပဲ..." "စိတ်နှလုံးက အဆုံးအစမရှိပေမဲ့ စိတ်ဆန္ဒကတော့ အကန့်အသတ် ရှိတယ်..." "ကိုယ့်ရဲ့ စိတ်ဆန္ဒကို အကန့်အသတ်မရှိတဲ့အရာအဖြစ် ပြောင်းလဲနိုင်မှသာ အဆုံးမဲ့ စွမ်းအားကို အမှန်တကယ် ပိုင်ဆိုင်နိုင်လိမ့်မယ်..." "ချန်ရှာရဲ့ အကြံအစည်ကတော့ ဧရာမ စကြာဝဠာကြီးတစ်ခုကို ဖန်တီးပြီး အဆုံးမဲ့တဲ့ စိတ်နှလုံးနမူနာတွေကို ပုံဖော်ဖို့ပဲ..." "စိတ်နှလုံးနမူနာတိုင်းက မတူညီတဲ့ အပြောင်းအလဲတွေကို ဖြစ်ပေါ်စေမှာဖြစ်ပြီး... အဆုံးသတ်မှာ အဲဒါတွေ စုပေါင်းသွားရင် အကန့်အသတ်မရှိတဲ့ အဆုံးမဲ့ စိတ်ဆန္ဒစွမ်းအား ဖြစ်တည်လာလိမ့်မယ်..." ဧကရာဇ်ထျန်းဖူသည် ဖြည်းညှင်းစွာ ရှင်းပြနေသည်။ ကျုံးရှန်အား မိမိ၏ စိတ်ဆန္ဒကို မည်သို့ လေ့လာချဲ့ထွင်ရမည်ကို သွန်သင်ပြနေသည့်အလားထင်ရသည်။ ကျုံးရှန်သည် ဧကရာဇ်ထျန်းဖူ၏ရှင်းပြချက်များကိုဂရုတစိုက်နားထောင်လိုက်ပြီးနောက်တွင် တစ်စုံတစ်ခုကို နားလည်သွားကာ ခေါင်းညိတ်ပြလိုက်သည်။ စိတ်ဆန္ဒသည် စိတ်နှလုံး၏ အဓိကအစိတ်အပိုင်း ဖြစ်ကာ စိတ်နှလုံးကို လက်တွေ့ ပုံဖော်ပေးသည့် အရာ ဖြစ်သည်။ စိတ်ဆန္ဒတွင် ကိုယ်ရည်ကိုယ်သွေး၊ စရိုက်လက္ခဏာ၊ အကြံအစည် စသည်ဖြင့် လူတစ်ဦးကို ဖွဲ့စည်းထားသည့် အရာများစွာ ပါဝင်သည်။ ယင်းအရာများတွင် ပိုမိုအသေးစိတ်ကျသော အချက်အလက်များစွာ ပါဝင်နေသော်လည်း အခြေခံအားဖြင့် ယင်းတို့သည် စိတ်နှလုံး၏ ပြင်ပသရုပ်ဖော်မှုပင်။ ကျုံးရှန်သည် မိမိ၏ စိတ်နှလုံးစွမ်းအားကို အဆက်မပြတ် မြှင့်တင်လိုခြင်းမှာ အခြေခံအားဖြင့် သူ၏ စိတ်ဆန္ဒကို မြှင့်တင်နေခြင်း ဖြစ်သည်။ စိတ်ဆန္ဒ ပိုမို အားကောင်းလေ နှိုးဆွနိုင်သည့် စိတ်နှလုံးစွမ်းအား ပိုမို များပြားလေ ဖြစ်၏။ တစ်နည်းဆိုရသော် စိတ်ဆန္ဒသည် စိတ်နှလုံး၏ ပြတင်းပေါက် ဖြစ်သကဲ့သို့ စိတ်နှလုံးစွမ်းအား၏ ထွက်ပေါက်လည်း ဖြစ်ပေတော့သည်။

All Chapters