အခန်း ၄၂၅
Vol. 43 Ch. 425
အပိုင်း (၄၂၅)
"ဧကရာဇ်ကို မေးပါရစေ... စိတ်ဆန္ဒကို အကန့်အသတ်မရှိအောင် ဘယ်လိုလုပ်ရမလဲ..." ကျုံးရှန်သည် အသေအချာစဉ်းစားစားပြီး နောက် ဧကရာဇ်ထျန်းဖူအား ခါးညွှတ် အရိုအသေပေးကာ မေးမြန်းလိုက်၏။ သူ၏ စရိုက်အရ လောကရှိ မည်သူ့ကိုမှ အရိုအသေပေးမည် မဟုတ်ချေ။ သို့သော် ဧကရာဇ်ထျန်းဖူမှာမူ ချွင်းချက်ပင်။ဧကရာဇ်ထျန်းဖူသည် အလွန်လျှို့ဝှက်ဆန်းကြယ်သည့် တည်ရှိမှုတစ်ခု ဖြစ်ပြီး သူ၏ ဇာစ်မြစ်မှာ ဂူချန်ရှာ၏ အောင်မြင်မှုထက် များစွာ ကျော်လွန်နေသည်။ သူသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်စကြာဝဠာပြင်ပရှိ အဆင့်မြင့်မားသော ကမ္ဘာများမှ လာရောက်ခြင်းပင် ဖြစ်နိုင်ပေလိမ့်မည်။ ကျုံးရှန်နှင့် သူ၏ ကွာခြားချက်မှာ ပဉ္ဓဂံနှင့် မျဉ်းဖြောင့်တစ်ကြောင်းအကြား ကွာခြားသကဲ့သို့ တိုင်းတာ၍ပင်မရနိုင်ပေ။ ထိုအချက်နှင့် ပတ်သက်၍ ကျုံးရှန် အနည်းငယ် တော့ခန့်မှန်းမိလေသည်။ မေးခွန်းကို ကြားသောအခါ ဧကရာဇ်ထျန်းဖူ ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။ "စကြာဝဠာတစ်ခုလုံးကို ကိုယ့်ရဲ့ဖြစ်တည်မှုလို့သဘောထားပြီး ဂုဏ်သိက္ခာတွေ အရှက်ခွဲခံရခြင်းတွေကြောင့် မတုန်လှုပ်မှသာ စိတ်ဆန္ဒကို သန့်စင်နိုင်မယ်..." "စိတ်နှလုံးဆိုတာ စကြာဝဠာဖြစ်သလို... စကြာဝဠာဆိုတာလည်း စိတ်နှလုံးပဲ..." "မင်းရဲ့ စိတ်ဆန္ဒက စကြာဝဠာကြီးလို ကျယ်ပြောပြီး သည်းခံခွင့်လွှတ်မှု ကြီးမားလာတဲ့အခါ မင်းရဲ့ စိတ်ဆန္ဒလည်း ကြီးမားလာလိမ့်မယ်..." "မင်းရဲ့ စိတ်နှလုံးစွမ်းအားတွေလည်း ကြီးမားလာလိမ့်မယ်..." သူ၏ စကားများသည် ကျုံးရှန်ကို အတွေးနက်သွားစေသည်။ ရေတွင်းထဲမှ ဖားသည် ရေတွင်းထဲ၌သာ လှုပ်ရှားနိုင်ကာ တောက်ပသည့် လနှင့် နေတို့သည် ကျယ်ပြောလှသော ကြယ်တာရာကောင်းကင်ကို ပိုင်ဆိုင်ကြသည်။ ထိုခြားနားချက်နှစ်ခုကြားမှနောက်ဆုံး အောင်မြင်မှုသည် နှိုင်းယှဉ်၍ ရမည်မဟုတ်ချေ။ ကျုံးရှန်သည် တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားလေပြီ။ သူအတွေးထဲမှသတိပြန်ဝင်လာပြီး နောက်တစ်ကြိမ် ခေါင်းမော့ကြည့်လိုက်သောအခါ သူ၏ ပတ်ဝန်းကျင် အခြေအနေမှာ မသိမသာပင် ပြန်လည် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ သူသည် ရွှေနဂါးပလ္လင်ပေါ်၌ ထိုင်နေဆဲ ဖြစ်သော်လည်း ပတ်ဝန်းကျင်၌ မည်သူမှ မရှိတော့ချေ။ ကျုံးရှန်သည် အလျင်အမြန် မတ်တတ်ရပ်လိုက်ကာ ရွှေနဂါးပလ္လင်ကို အရိုအသေပေးလိုက်သည်။ သူနှင့် တွေ့ဆုံခဲ့သည့်သူသည် ဧကရာဇ်ထျန်းဖူတစ်ယောက် ခန့်မှန်း၍မရနိုင်သည့် နည်းလမ်းဖြင့် ချန်ရစ်ထားခဲ့သော စိတ်ဆန္ဒကိုယ်ပွားတစ်ခု ဖြစ်သည်။ သူသည်ကျုံးရှန်အား အထူး ရည်ရွယ်၍ စိတ်နှလုံးစွမ်းအင်အပေါ်နားလည်မှုတိုးတက်လာစေရန် သွန်သင်ပြသပေးခဲ့သည်။ ယခင်က ကျုံးရှန်၏ အမြင်၌ စိတ်ဆန္ဒနှင့် စိတ်နှလုံး၏ ဆက်သွယ်မှုမှာ အတွင်းစိတ်၏ မှီခိုရာမျှသာ ဖြစ်သည်။ သို့သော်ယခုနားလည်မှုအရ စိတ်ဆန္ဒသည်လည်း အတွင်းစိတ်ကဲ့သို့ အရေးကြီးကာ စိတ်နှလုံး၏ ထွက်ပေါက်အဖြစ် ဆောင်ရွက်နိုင်စွမ်းရှိနေသည်။"ကြည့်ရတာ အစီအစဉ်တွေကို မြန်မြန်လုပ်မှ ဖြစ်တော့မယ်..." ကျုံးရှန် တစ်ကိုယ်တည်းကြားရုံမျှ တီးတိုး ရေရွတ်လိုက်သည်။ သူ၏ အကြံအစည်မှာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးကို အမြန်ဆုံး စုစည်းရန်နှင့် တစ်ချိန်တည်း၌ မိမိ၏ ကျင့်ကြံခြင်းအဆင့်ကို နတ်ဘုရားအဆင့်ကျော်လွန်အောင် ကျင့်ကြံကာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ စိတ်ဆန္ဒကို ဖျက်ဆီးပစ်ရန် ဖြစ်သည်။ ထိုအချိန်တွင် သူ၏ သူတော်စင်နိုင်ငံသည်လည်း မဟာကမ္ဘာအဆင့်သို့ ရောက်ရှိနေရမည် ဖြစ်သည်။ သို့ဖြင့် ဝမ်ရှန့်နတ်ဘုရားကုန်း မြေတိုက်ကို အခြေခံအုတ်မြစ်အဖြစ် သတ်မှတ်ကာ ပိုင်ရွှီနယ်မြေ၏ ပြင်ပနေရာများကို စူးစမ်းလေ့လာမည်ပင်။ သို့သော် ယခုအခါ အစီအစဉ်များကို ပို၍အရှိန်မြှင့်ရန် လိုအပ်နေသည်ဟု တွေးထင်လာသည်။ အလယ်ပိုင်းသူတော်စင်ကုန်းမြေတိုက်၏ အခြေခံအုတ်မြစ်သည် အလွန်တရာ အားကောင်းနေဆဲ ဖြစ်ကာ ဂိုဏ်းကြီးများနှင့် မိသားစုကြီးများစွာ ရှိနေသည်။ သူတို့အများစုတွင် အကန့်အသတ်မဲ့ကမ္ဘာခေတ်မှ ဆင်းသက်လာသည့် ရှေးဟောင်းအမွေအနှစ်များ ပိုင်ဆိုင်ထားကြပြီး ထိုအမွေအနှစ်များမှ ကျင့်စဉ်များသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ ကျင့်စဉ်များထက် ပိုမို နက်နဲကာ လျှို့ဝှက်ဆန်းကြယ်ပေလိမ့်သည်။ 'ဒါဆို အလယ်ပိုင်းသူတော်စင်ကုန်းမြေတိုက်ကို အရင်ဆုံး သိမ်းပိုက်ရမယ်...' သို့ဖြင့် ကျုံးရှန်တစ်ယောက် စိတ်ထဲ၌ ခိုင်မာသောဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ ထိုသို့ဆုံးဖြတ်ချက်ချရခြင်း၏ နောက်ထပ် အကြောင်းရင်းတစ်ခုလည်း ရှိသေးသည်။ အလယ်ပိုင်းသူတော်စင်ကုန်းမြေတိုက်၏ နာမည်ဖြစ်သည့် ကျုံးရှန့်ကျိုး ဟူသော အမည်မှာ ကျုံးရှန်စီရင်စု နှင့် ဆင်တူနေပြီး သူ၏တည်ရှိမှုနှင့်မမြင်နိုင်သည့် အကြောင်းအကျိုး ဆက်စပ်မှုများစွာ ရှိနေသောကြောင့်ပင်။ အလယ်ပိုင်းသူတော်စင်ကုန်းမြေတိုက်ကို သိမ်းပိုက်လိုက်ခြင်းသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးရှိ လူသားမျိုးနွယ်၏ အခြေခံအုတ်မြစ်ကို စုစည်းလိုက်ခြင်းနှင့် တူညီ၏။သို့သော် အလယ်ပိုင်းသူတော်စင်ကုန်းမြေတိုက်သည် မိသားစုကြီးသုံးခု၏ အသိုက်အမြုံလည်း ဖြစ်ကာ သူတို့၏ အခြေခံအုတ်မြစ် တည်ရှိရာ နေရာလည်း ဖြစ်သည်။ ကျုံးရှန်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် မြို့တော်ဟောင်းထဲမှ ထွက်ခွာကာ အလယ်ပိုင်းသူတော်စင်ကုန်းမြေတိုက်၏ ကောင်းကင်ယံထက်၌ တည်ငြိမ်စွာ လွင့်မျောရပ်တန့်လိုက်သည်။ ထို့နောက်သူ၏ လက်ကို ဝှေ့ယမ်းလိုက်လျှင် အလင်းကန့်လန့်ကာများ အစီအရီ ထွက်ပေါ်လာပြီး လူတိုင်း ခေါင်းမော့ကြည့်လိုက်သည်နှင့်ပင် ထိုအလင်းကန့်လန့်ကာများကို မြင်တွေ့နိုင်သွားသည်။ "ဒီနေ့ကစပြီး အလယ်ပိုင်းသူတော်စင်ကုန်းမြေတိုက်ကို ငါ့ရဲ့ ထျန်းဂိုဏ်းနတ်ဘုရားမင်းဆက်က တရားဝင် လွှဲပြောင်းယူလိုက်ပြီ..." "အာခံတဲ့သူ မှန်သမျှ သတ်ပစ်မယ်..." ကျုံးရှန်၏ ကြေညာချက်သည် အလွန် ပြတ်သားလှ၏။ သူ၏ကြေညာချက်ကိုကြားလျှင် အလယ်ပိုင်း သူတော်စင်ကုန်း မြေတိုက်တစ်ခုလုံးချက်ချင်းပင် ဆူညံပွက်လောရိုက်သွားကာ အထူးသဖြင့် မိသားစုကြီးသုံးခုမှ လူများသည် ပို၍ပင် ထိတ်လန့်သွားကြသည်။ ကျုံးရှန်သည် သူတို့၏ တံခါးဝအထိ လာရောက် တိုက်ခိုက်သည်ဟုပင် ထင်မှတ်သွားကြခြင်းပင်။ မိသားစုကြီးသုံးခု၏ လက်အောက်ငယ်သားများသည် သူတို့၏သက်ဆိုင်ရာခေါင်းဆောင်များထံ အလျင်အမြန် လာရောက် သတင်းပို့ကြ၏။ "ခေါင်းဆောင်... ကျုံးရှန်က အလယ်ပိုင်းသူတော်စင်ကုန်းမြေတိုက်ကို သိမ်းပိုက်တော့မယ်... ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ..." လက်အောက်ငယ်သားများ အံ့ဩသွား လောက်အောင်ပင် မိသားစုခေါင်းဆောင် သုံးဦး၏ သဘောထားသည် ထပ်တူညီနေခဲ့သည်။ "အလယ်ပိုင်းသူတော်စင်ကုန်းမြေတိုက်ကို စွန့်လွှတ်လိုက်... မိသားစုတစ်ခုလုံး ဟင်းလင်းပြင် အက်ကွဲကြောင်းကြားမှာရှိတဲ့ သူတော်စင်နိုင်ငံထဲကို ပြောင်းရွှေ့မယ်..."
"သူနဲ့ လုံးဝ သွားရင်မဆိုင်ကြနဲ့..." မိသားစုကြီးသုံးခုသည် အလွန်တရာ လျင်မြန်ကြကာ အထုပ်အပိုးများ သိမ်းဆည်း၍ ထွက်ပြေးရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် မကြာမီပင် တပည့်များ၊ အဖွဲ့ဝင်များနှင့် မိသားစု ပိုင်ဆိုင်မှုများ အားလုံးကို သူတော်စင်နိုင်ငံထဲသို့ ပြောင်းရွှေ့လိုက်ကာ ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားကြတော့သည်။ ကျန်ရစ်ခဲ့သောအခြား ဂိုဏ်းငယ်လေးများသည် ပြန်လည် ခုခံရန် မဆိုထားနှင့် ကျုံးရှန်၏ တည်နေရာကိုပင် ရှာမတွေ့နိုင်ကြချေ။ သူတို့အားလုံးသည် မည်သို့သော အခြေအနေသို့ ရောက်ရှိနေကြမှန်းပင် ရှင်းလင်းစွာမသိကြသေးပေ။ မိသားစုကြီးသုံးခု၏ ထွက်ပြေးမှုကို သတိထားမိလျှင် ကျုံးရှန် အနည်းငယ် ပြုံးလိုက်သည်။ သူသည် နေရာကိုသာ လိုချင်ပြီး လူကို မလိုချင်သဖြင့် သူတို့ မည်သည့်နေရာသို့ သွားသည်ကို လုံးဝ ဂရုမစိုက်ပါချေ။ အမှန်တွင် ထိုမိသားစုများကို မည်သည့်အခါကမှ အရေးမစိုက်ခဲ့သောကြောင့် ထွက်ပြေးသွားသည်ကို လွှတ်ထားလိုက်ခြင်းလည်းဖြစ်သည်။ သို့နှင့် နောက်ဆက်တွဲ ကိစ္စရပ်များကို ဖြေရှင်းရန် ပိုမိုအဆင်ပြေ သွားသည်။ သူ့၌ အလယ်ပိုင်းသူတော်စင်ကုန်းမြေတိုက်ကို လျင်မြန်စွာ ထိန်းချုပ်နိုင်မည့် ရိုးရှင်းပြီး ကြမ်းတမ်းသော နည်းလမ်းတစ်ခု ရှိပေသည်။ ထိုနည်းလမ်းမှာ စိတ်နှလုံးမျိုးစေ့များကို ကြဲချရန်ပင်။ သူ၏အစီအစဉ်အတိုင်း မျက်တောင်တစ်ခတ်အတွင်း သန်းရာချီသည့် စိတ်နှလုံးမျိုးစေ့များကို ကြဲချလိုက်သည်။ ထိုအခါ ရှေးဟောင်းမိသားစုများမှ အာဏာပိုင်များနှင့် အကြီးအကဲများအပါအဝင် သေမျိုးလောကရှိ အရာရှိများ ၊ ဂိုဏ်းခေါင်းဆောင်များ အားလုံး ကျုံးရှန်ကြဲချလိုက်သည့် စိတ်နှလုံးမျိုးစေ့များကို ရရှိသွားပြီး စိတ်နှလုံးကွန်ရက်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာကြသည်။ ချိတ်ဆက်မှု အောင်မြင်သွားသောအခါ ထိုသူများသည် အရာအားလုံးကို နားလည်သွားကြကာ ကျုံးရှန်အပေါ် အပြည့်အဝ ကျိုးနွံသွားကြတော့သည်။ စိတ်နှလုံးမျိုးစေ့သည် လူသားများ၏ အသက်ကို ထိန်းချုပ်သော နည်းလမ်းတစ်မျိုး ဖြစ်ပြီး အလွန် အသုံးဝင်ကာ ရိုးရှင်း ကြမ်းတမ်းလှသည်။ ကျုံးရှန်သည် မျက်တောင်တစ်ခတ်အတွင်းပင် အလယ်ပိုင်းသူတော်စင်ကုန်းမြေတိုက်ရှိ အဓိက အင်အားစုများကို ထိန်းချုပ်လိုက်ခြင်းဖြစ်သည်။ ထိုခေါင်းဆောင်များ အားလုံး သူ၏ စိတ်နှလုံးကွန်ရက်ထဲသို့ တစ်ပြိုင်နက်တည်း ဝင်ရောက်လာကြလျှင် ဖန်တီးသူအနေဖြင့် ကျုံးရှန်သည် ကွန်ရက် အဖွဲ့ဝင်များအပေါ် အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း ရှိသွား၏။ ထိုသူများသည် သာမန်ပါရမီမျှသာ ဖြစ်ပြီး စိတ်နှလုံးမှာလည်း သာမန်သာ ဖြစ်သည်။ စိတ်နှလုံးကွန်ရက် မရှိပါက သူတို့၏ အနာဂတ် အောင်မြင်မှုသည် အကန့်အသတ် ရှိပေလိမ့်မည်။ ဆန့်ကျင်ဘက်အနေဖြင့် ကွန်ရက်သို့ ဝင်ရောက်လိုက်ရခြင်းသည် သူတို့အတွက် ကံကောင်းမှုတစ်ရပ်ပင်။ အကန့်အသတ်မဲ့ကမ္ဘာ၏ရှန့်ကျိုးရှေးဟောင်းမိသားစုများမှ လာသူများသည်လည်း ထိုနည်းတူပင်ဖြစ်ကာ မျက်စိတစ်မှိတ်အတွင်း မိသားစုခေါင်းဆောင်များအားလုံး၏ စိတ်နှလုံးများ ထိန်းချုပ်ခံလိုက်ရပြီး ကျုံးရှန်အား ရိုသေစွာ ရှိခိုးပူဇော်လိုက်ကြကာ ဘိုးဘေးများကိုပင် ဂရုမစိုက်ကြတော့ချေ။စိတ်နှလုံးကွန်ရက်၏ အစွမ်းသည် အလွန်တရာ အံ့သြဖွယ်ကောင်းလှသည်။ ထို့နောက် ကျုံးရှန်သည်သူ၏နတ်ဘုရားစွမ်းရည်များကို အသုံးပြုကာ ထျန်းဂိုဏ်းစီရင်စုကို အလယ်ပိုင်းသူတော်စင်ကုန်းမြေတိုက်သို့ ပြောင်းရွှေ့လိုက်ပြီး နှစ်ခုလုံးကိုပေါင်းစည်း၍ ထျန်းရှန့်ကုန်းမြေတိုက်အဖြစ် ပြောင်းလဲလိုက်သည်။ ကောင်းကင်နှင့် မြေကြီးကြား၌ နောက်တစ်ကြိမ် အပြောင်းအလဲ ဖြစ်ပေါ်လာလေပြီ။
ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ စီရင်စုနယ်မြေများသည် အလွန်တရာ ကျိုးပဲ့လွယ်ကာ အင်အားကြီးကျင့်ကြံသူများ၏တိုက်ပွဲကြောင့် အလွယ်တကူပျက်စီးနိုင်သည်။ သို့သော်လည်း ကျုံးရှန်ကဲ့သို့ နယ်မြေများကို ရွှံ့ရုပ်လုံးသွင်းသကဲ့သို့ စိတ်ကြိုက် ပြောင်းရွှေ့ပေါင်းစပ်နိုင်သူ မရှိသေးချေ။ နယ်မြေအချင်းချင်း ပေါင်းစပ်နိုင်သူဟူ၍မူ ကျုံးရှန်တစ်ဦးသာရှိပေလိမ့်မည်။ ထိုသို့ဖြစ်ရခြင်းမှာ သူသည် မဟာကမ္ဘာနှင့် ပတ်သက်၍ အလွန် နက်ရှိုင်းသည့် နားလည်သဘောပေါက်မှု ရှိလာသောကြောင့်ဖြစ်သည်။ ထိုနားလည်မှုများသည် သူ၏ သူတော်စင်နိုင်ငံ၏ ပြောင်းလဲမှုများမှ ဉာဏ်အလင်းပွင်းခြင်းပင်။ ကျုံးရှန်၏သူတော်စင်နိုင်ငံသည် မကြာမီ မဟာကမ္ဘာအဖြစ်သို့ ပြောင်းလဲတော့မည် ဖြစ်ပြီး ဖန်တီးသူအနေဖြင့် ယင်းအတွင်းမှအပြောင်းအလဲများကို သူ ရှင်းလင်းစွာ ခံစားသိရှိနိုင်သည်။ သို့ဖြင့် လက်တစ်ချက်ဝှေ့ယမ်းရုံဖြင့် မဟာကမ္ဘာကို ပြောင်းလဲနိုင်စွမ်းရှိလာခြင်း ဖြစ်သည်။ "နောင်ကို ထျန်းရှန့်ကုန်းမြေတိုက်က ထျန်းဂိုဏ်းနတ်ဘုရားမင်းဆက်ရဲ့ ဌာနချုပ် ဖြစ်လာလိမ့်မယ်..." ကျုံးရှန်သည် သူ၏နတ်ဘုရားစွမ်းရည်ကိုအသုံးပြု၍ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး တစ်ခုလုံးကို ကြေညာလိုက်သည်။ သူ၏ အသံသည် ဝမ်ရှန့်နတ်ဘုရားကုန်း မြေတိုက်ပေါ်ရှိ သက်ရှိအားလုံးထံသို့ ရောက်ရှိသွားကာ ထိုမျှမက ဟင်းလင်းပြင် အက်ကွဲကြောင်းများမှတစ်ဆင့် အနီးအနားရှိမဟာကမ္ဘာများသို့ပါဆက်လက်ပျံ့နှံ့သွားတော့သည်။