အခန်း ၄၂၆
Vol. 43 Ch. 426
အပိုင်း (၄၂၆)
ကျုံးရှန်၏အသံသည် ငရဲမဟာကမ္ဘာကိုပါပျံ့နှံ့ရောက်ရှိသွားသဖြင့် ငရဲကောင်းကင်တာအို စိတ်ဆန္ဒဖြစ်သော ဟွာထျန်းပင်လျှင် ထိုအချက်အလက်များကို လက်ခံရရှိလိုက်သည်။ ဟွာထျန်းသည် ယခုအချိန်ထိ ငရဲကမ္ဘာ၏အင်အားများကို စုစည်းနေဆဲပင်။"ဟမ့်... ကျုံးရှန်..မင်းက တော်တော် အစွမ်းထက်လာတာပဲ..." ကောင်းကင်တာအို စိတ်ဆန္ဒ ဖြစ်သည့် သူပင်လျှင် မဟာကမ္ဘာတစ်ခုလုံးကို စုစည်းကာ သက်ရှိအားလုံးကို တစ်စိတ်တစ်ဝမ်းတည်း ဖြစ်အောင် ပြုလုပ်ရန် လွယ်ကူလှခြင်းမရှိချေ။ ယခုအချိန်အထိ ငရဲကမ္ဘာရှိ အင်အားစု ရှစ်ဆယ်ရာခိုင်နှုန်းကိုသာ ပေါင်းစည်းနိုင်သေး၏။ ထိုအထဲ၌ လွတ်မြောက်ခြင်း အရှင်သခင် ခုနစ်ပါးကဲ့သို့ စွမ်းအားရှင်များ ပါဝင်ရုံသာမက ထာဝရအရှင်အဆင့်နှင့် ထျန်းယွမ်အဆင့် မိစ္ဆာသခင်များလည်း ပါဝင်ကြသည်။ သူတို့သည် ဟွာထျန်း၏ ညွှန်ကြားမှုအောက်၌ စည်းလုံးညီညွတ်သော မဟာမိတ်အဖွဲ့တစ်ခုအဖြစ် ဖွဲ့စည်းထားကာ ရည်ရွယ်ချက်မှာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးကို တိုက်ခိုက်ရန် ဖြစ်သည်။ ဟွာထျန်းသာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ စိတ်ဆန္ဒကို ဝါးမျိုနိုင်မည် ဆိုပါက ငရဲမဟာကမ္ဘာသည် နောက်တစ်ကြိမ် ထပ်မံ၍ ကျယ်ပြန့်လာကာ ဆင့်ကဲပြောင်းလဲမှုများ ဖြစ်ပေါ်လာမည်။ ထိုအခါငရဲမဟာကမ္ဘာရှိ သက်ရှိတိုင်းသည်လည်း ကြီးမားသော အကျိုးကျေးဇူးများကို ရရှိမည်ဖြစ်သည်။ ထိုအကျိုးအမြတ်များကြောင့်သာ တစ်ကွဲတစ်ပြားဖြစ်နေသောအင်အားစုများကို လျင်မြန်စွာ စုစည်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ကျုံးရှန်အတွက်မူ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးကို ပြင်ဆင်ဖွဲ့စည်းရန် ထိုမျှလောက် ရှုပ်ထွေးနေစရာ မလိုအပ်ဘဲ စိတ်နှလုံးမျိုးစေ့များကို ကြဲချရန်သာ လိုအပ်သည်။ သီအိုရီအရ စိတ်နှလုံးမျိုးစေ့များသည် အကန့်အသတ်မရှိဘဲ ကွန်ရက် ပိုမိုကျယ်ပြန့်လာလေ သူ၏ စိတ်နှလုံးကွန်ရက် စွမ်းအားလည်း ပိုမို အားကောင်းလာလေ ဖြစ်သည်။ ကျုံးရှန်အတွက် စိတ်နှလုံးမျိုးစေ့ကြဲချခြင်းမှာ အပေါင်းလက္ခဏာဆောင်သည့် တိုးတက်မှု လုပ်ငန်းစဉ်တစ်ခု သာဖြစ်သည်။ ယခုအချိန်တွင် ကျုံးရှန်တစ်ယောက် အလွန် တည်ငြိမ်နေ၏။ သူသည် မိမိ၏ အစီအစဉ်များကို တစ်ဆင့်ပြီးတစ်ဆင့် စနစ်တကျ လုပ်ဆောင်နေကာ နန်းတက်ပွဲ ပြီးဆုံးသွားပါက မျိုးဆက်သစ် ဧကရာဇ်တစ်ပါး ဖြစ်လာပေမည်။ ထိုအခါ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး တစ်ခုလုံးကို စုစည်းနိုင်မည် ဖြစ်ပြီး လူသားမျိုးနွယ် ဖြစ်စေ၊ မျိုးနွယ်ခြားများဖြစ်စေ သူ့အား ကျိုးနွံရမည့်အချိန်သို့ရောက်ရှိလာပေလိမ့်မည်။ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးကို စုစည်းပြီးနောက် ဆက်လုပ်ရမည့်အရာမှာ ဝမ်ရှန့်ကောင်းကင်တာအို၏ သိစိတ်ကို အပြီးတိုင် တိုက်ခိုက်ချေမှုန်းရန် ဖြစ်သည်။ ထိုသိစိတ်ဆန္ဒကို ရှင်းထုတ်နိုင်ပါက ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး တစ်ခုလုံးကို ပြန်လည်မွမ်းမံကာ ထျန်းဂိုဏ်းနတ်ဘုရားမင်းဆက်အတွက် အခြေစိုက်စခန်း တည်ထောင်မည်။ ထိုသည်ကမှ ကျုံးရှန်၏ နောက်ဆုံးရည်မှန်းချက် ဖြစ်သည်။ အခြေစိုက်စခန်းအဖြစ် ပြောင်းလဲမွမ်းမံပြီးမှသာ ပိုင်ရွှီနယ်မြေထဲသို့ စိတ်ချလက်ချ စူးစမ်းလှည့်လည်သွားလာနိုင်မည်ပင်။ သီအိုရီအရ ဝမ်ရှန့်နတ်ဘုရားကောင်းကင်တာအိုသည် ထျန်းတောက်ကျန်းအဆင့်ရှိ အစွမ်းထက်သူတစ်ဦး ဖြစ်၏။ သို့သော်လည်း လက်တွေ့၌ အနည်းငယ် ကွာခြားမှုရှိနေသည်။ အကြောင်းမှာ မဟာကမ္ဘာတစ်ခု၏ ကောင်းကင်တာအို၌ အစစ်အမှန် ထျန်းတောက်ကျန်းစွမ်းအား မရှိဘဲ ထိုအဆင့်အတန်းသာ ရှိနေခြင်းကြောင့် ဖြစ်သည်။ မဟာကမ္ဘာတာအိုသည် ထျန်းတောက်အဆင့်ဝိညာဉ်၌ ရှိသော်လည်း ထျန်းယွမ်အဆင့် ခန္ဓာကိုယ်သာ ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးသည် ထျန်းယွမ်အဆင့်ထဲမှ ထူးချွန်သူတစ်ဦးနှင့် တူညီသည့် စွမ်းအားမျိုးသာ ရှိပြီး ထျန်းတောက်ကျန်းအဆင့် ဝိညာဉ်နှင့် စိတ်ဆန္ဒအတွက် လုံးဝမသင့်တော်သည့် ခန္ဓာကိုယ်ပင်။ သို့သော်လည်း ဝမ်ရှန့်နတ်ဘုရားကုန်း မြေတိုက်၏ သိစိတ်ဆန္ဒမှာ သာမန် ထျန်းယွမ်အဆင့် စွမ်းအားရှင်ထက် အဆပေါင်းများစွာ သာလွန်နေသေးပြီး သူ၏စွမ်းအားသည် ထျန်းကျဲအဆင့်သို့ ရောက်ရှိနေလေပြီ။ ထိုသည်မှာ လက်ရှိ ကျုံးရှန်အတွက် ပြင်းထန်သည့် စိန်ခေါ်မှုတစ်ခုဖြစ်သည်။ ထို့ကြောင့် ကျုံးရှန်သည် အရာအားလုံးကို ပြင်ဆင်ပြီးမှသာ ဝမ်ရှန့်မဟာကမ္ဘာ၏ စိတ်ဆန္ဒကို စိန်ခေါ်မည်ဖြစ်သည်။ သို့ဖြင့်ဆက်လက်၍ သူ၏ ပုဂ္ဂိုလ်ရေးကိစ္စအချို့ကို ဖြေရှင်းရန် ပြင်ဆင်လိုက်သည်။ အတိတ်၌ ကျုံးရှန်တွင် ဇနီးများစွာ ရှိခဲ့သည်။ သူ၏ ပထမဆုံးဇနီးမှာ ဝမ်ဟွာချိုင့်ဝှမ်း၏ သူတော်စင်မ ဖြစ်ကာ ထူးခြားသည့် နေရာတစ်ခု၌ စူးစမ်းလေ့လာစဉ် မထင်မှတ်ဘဲ ဆုံတွေ့ခဲ့ကြသည်။ အကြိမ်အနည်းငယ်ခန့် တိုက်ဆိုင်စွာတွေ့ဆုံပြီးနောက် အဆင့်တူအတွင်း ပြိုင်ဘက်ကင်းသည့် ကျုံးရှန်သည် သူမ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခဲ့သဖြင့် မကြာမီပင် အတူတကွနေထိုင်ခဲ့ကြသည်။သို့ဖြင့် သူတို့နှစ်ဦး၌ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ၏ ဒုတိယမြောက် ဂိုဏ်းချုပ်ဖြစ်လာမည့် ကျုံးတောက် ဟူသည့် ကလေးတစ်ယောက် ရရှိခဲ့၏။ ထိုသို့မဟုတ်ပါက သူ့၌ ဤမျှများပြားသော မျိုးဆက်များ ရှိလာမည်မဟုတ်ချေ။ ယခု သူသွားမည့်နေရာမှာ ဝမ်ဟွာချိုင့်ဝှမ်းပင်။ ထိုချိုင့်ဝှမ်းသည် နန်လင်စီရင်စု၌ တည်ရှိပြီး နန်ယန်စီရင်စုနှင့် မဝေးလှသလို ဟွမ်ရှားမျိုးနွယ်စုတို့၏ နယ်မြေနှင့်လည်း ကပ်လျက်ရှိသဖြင့် ထိုမျိုးနွယ်ခြားများ၏ နှောင့်ယှက်ခြင်းကို မကြာခဏ ခံရလေ့ရှိသည်။ သို့သော် ဝမ်ဟွာချိုင့်ဝှမ်း၏ အင်အားသည် အလွန် ကြီးမားလှကာ နန်လင်စီရင်စုတစ်ခုလုံးကို စောစီးစွာကတည်းက အုပ်စိုးထားသည့် သက်တမ်းရင့် ဂိုဏ်းကြီးတစ်ခု ဖြစ်သည်။ ထိုအချိန်က ကျုံးရှန်အတွက်မူ ယင်းသည် ဧရာမအင်အားစုကြီးတစ်ခုဖြစ်ခဲ့သည်။ နန်လင်စီရင်စု၌ ဧရိယာ သိန်းချီကျယ်ဝန်းကာ ရှေးဦးခေတ် မြေမျက်နှာသွင်ပြင်ကို ထိန်းသိမ်းထားသည့် ရှေးဟောင်း ဟုန်ဟွမ်သစ်တောကြီးတစ်ခု ရှိ နေသည်။ ထိုအတွင်း၌ ဟုန်ဟွမ်နှင့် မန်ဟွမ်မျိုးစိတ်ကဲ့သို့ ကြောက်မက်ဖွယ် သားရဲကြီးများ ရှိနေသော်လည်း ရှေးဟောင်းအမွေအနှစ်များနှင့် ဆေးဖက်ဝင်အပင်များ ပေါများသောကြောင့် ကျင့်ကြံရန်အတွက် အဖိုးတန်သည့် မြင့်မြတ်မြေတစ်ခုပင်။ ထိုစဉ်က ကျုံးရှန်နှင့်သူ၏ဇနီးဖြစ်သူသည် ဟုန်ဟွမ်သစ်တော၌ ဆုံတွေ့ခဲ့ကြကာ ထိုအချိန်က သူတို့နှစ်ဦးစလုံးသည် နိယာမအဆင့် ၁၈ ၏ ရွှေအမြု တေအဆင့်၌သာ ရှိကြသေးသည်။ သစ်တောထဲ၌ ဆုံတွေ့စဉ် ဟွာချန်းချောင်သည် ဟုန်ဟွမ်မျိုးစိတ် ဖြစ်သည့် တောင်ကျားနက်၏ လိုက်လံတိုက်ခိုက်မှုကို ခံနေရကာ ပြင်းထန်စွာ ဒဏ်ရာရထားခဲ့သည်။ ကျားနက်သည် အစွမ်းထက်လှပြီး နိယာမအဆင့် ၂၀ ရှိသည့် ကျင့်ကြံသူနှင့် တူညီသောအဆင့်တွင်ရှိနေသဖြင့် သူမထက် အဆင့်နှစ်ဆင့် ပိုမြင့်နေသည်။ ထိုကွာခြားချက်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပုံမှန် နိယာမအဆင့် ၂၀ ကျင့်ကြံသူတစ်ဦးသည် နိယာမအဆင့် ၁၈ ကို အလွယ်တကူ သတ်ဖြတ်နိုင်သောကြောင့်ပင်။ သူမသည် နည်းလမ်းမျိုးစုံသုံးကာ သုံးရက်သုံးညတိုင်တိုင် ထွက်ပြေးခဲ့သော်လည်း ကျုံးရှန်နှင့် ဆုံတွေ့သည့်အချိန်အထိ ကျားနက်၏ ရန်မှ မလွတ်မြောက်နိုင်သေးချေ။ ထိုစဉ်က ကျုံးရှန်သည် ရုပ်ရည်သန့်ပြန့်သည့် လူငယ်လေးတစ်ဦးသာ ဖြစ်ပြီး မည်သည့်လက်နက်မှ ကိုင်ဆောင်ထားခြင်းမရှိဘဲ ယခုကဲ့သို့ ရိုးရှင်းသည့် အဖြူရောင် ဝတ်ရုံရှည်ကိုသာ ဝတ်ဆင်ကာ လွတ်လပ်ပေါ့ပါးစွာနေလေ့ရှိသူဖြစ်သည်။ သူသည် ဟုန်ဟွမ်သစ်တောထဲ၌ ဆေးဖက်ဝင်အပင်များ ရှာဖွေရန် ရောက်ရှိနေခြင်း ဖြစ်သော်လည်း ကျားနက်၏ ရန်ပြုခံနေရသည့် မိန်းမလှလေးတစ်ဦးနှင့် မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့သည်။ ထိုအချိန်က ကျုံးရှန်သည် ကံတရားကျိန်စာသင့်မထားသေးဘဲ လွတ်လပ်ပေါ့ပါးနေသဖြင့် မိန်းမလှလေးနှင့် နီးစပ်ခွင့်ရမည့် အခွင့်အရေးကို လက်လွတ်မခံခဲ့ချေ။ ဟွာချန်းချောင်မှာ ဝမ်ဟွာချိုင့်ဝှမ်း၏ သူတော်စင်မ ဖြစ်ပြီး ဝမ်ဟွာအသွင်ပြောင်းခြင်းခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားကာ အလွန်အမင်းလှပသောရုပ်ရည်အဆင်းရှိသူဖြစ်သည်။ ထို့ကြောင့် အလှတရားကြိုက်သည့် လူငယ်တစ်ဦးဖြစ်သော ကျုံးရှန်သည် မိန်းမလှလေးကိုကယ်တင်၍သူရဲကောင်းတစ်ယောက်ဖြစ်မည့် အခွင့်အရေးကို လက်လွတ်ခံခဲ့ခြင်းမရှိပေ။ သူသည် ကြောက်မက်ဖွယ် ကျားနက်ကို ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် ရဲရဲဝံ့ဝံ့တိုက်ခိုက်ကာ လျင်မြန်စွာ သတ်ဖြတ်နိုင်လိုက်သဖြင့် ဟွာချန်းချောင်၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်သွားသည်။ ကျုံးရှန်၏ ကျင့်ကြံခြင်းအဆင့်မှာလည်း နိယာမအဆင့် ၁၈ သာ ဖြစ်သည်။ သို့သော်သူသည် အဆင့်နှစ်ဆင့်ကျော်၍ ဟုန်ဟွမ်ကျားနက်ကို သတ်ဖြတ်နိုင်လိုက်သဖြင့် အဆင့်တူ၌ ပြိုင်ဘက်ကင်းတစ်ယောက်ဖြစ်ကြောင်း သက်သေပြသွားလေပြီ။ အဆင့်တူအတွင်းပြိုင်ဘက်ကင်းသည့် အမျိုးသားနှင့် လှပသည့် အမျိုးသမီးတို့မှာ လူငယ်မျိုးဆက်ထဲမှ ထူးချွန်သူများ ဖြစ်ကြသဖြင့် မကြာမီပင် အနေနီးသွားကြသည်။
သို့သော် ဝမ်ဟွာချိုင့်ဝှမ်း၏ သူတော်စင်မ ဖြစ်သောကြောင့် အဆင့်တူ ထူးချွန်သူဖြစ်သည့်တိုင် ဇာစ်မြစ်မသိရသူတစ်ဦးနှင့် အလွယ်တကူ လက်ထပ်၍မရချေ။ ထို့ကြောင့် ဂိုဏ်းမှ အစွမ်းထက်သူများကို စေလွှတ်ကာ ဟွာချန်းချောင်၏ ဆရာဖြစ်သူ ဟွာဝူချွဲ့ ကိုယ်တိုင် လိုက်လံသတ်ဖြတ်လေတော့သည်။ ဟွာဝူချွဲ့၏ ကျင့်စဉ်သည် နိယာမအဆင့် ၂၈ နယ်ပယ်အဆင့် ဖြစ်သဖြင့် ထိုအချိန်က သူတို့နှစ်ဦးအတွက် စိတ်ကူးယဉ်၍ မရနိုင်လောက်အောင် အစွမ်းထက်လှသည်။ သူတို့နှစ်ဦး လိုက်လံသတ်ဖြတ်ခံရစဉ် ဟွာချန်းချောင်၏ ဆရာသည် သူမအား အသက်အန္တရာယ်ဖြစ်စေမည့် ဒဏ်ရာမျိုး မပေးသော်လည်း ကျုံးရှန်အတွက်မူ အလွန်ကံဆိုးလှ၏။ သူ့၌ နေ့စဉ်မှတ်တမ်းတင်ခြင်းစနစ် ရှိကာ အဆင့်တူများထက် သာလွန်နေသော်လည်း အခြေခံအားနည်းသဖြင့် ထိုမျှ မြင့်မားသည့်အဆင့်ရှိသူကို ရင်ဆိုင်ရန် ခက်ခဲခဲ့သည်။ သို့ဖြင့် သူသည် ထူးခြားသည့် နည်းလမ်းများဖြင့် လွတ်မြောက်သွားခဲ့သော်လည်း အကြိမ်ကြိမ် ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။ ဟွာချန်းချောင်သည်လည်း သူနှင့်အတူ လိုက်ပါထွက်ပြေးခဲ့ပြီး လမ်းတစ်လျှောက် ဒုက္ခမျိုးစုံ ခံစားခဲ့ရကာ တစ်ခါတစ်ရံ၌ ရိုးရှင်းစွာ တူးထားသည့် ဂူထဲတွင်ပင် အိပ်ရသည့် အချိန်များပင်ရှိသည်။ မကြာမီ သူတို့နှစ်ဦး၌ ကလေးတစ်ယောက်ရရှိခဲ့လေသည်။ ထိုကာလအတွင်း ဟွာဝူချွဲ့၏ ရက်စက်စွာ တိုက်ခိုက်မှုကြောင့် ဟွာချန်းချောင် တစ်ယောက်အတွင်းဒဏ်ရာရသွားခဲ့ရာ ကျုံးရှန်သည် ဆေးဖက်ဝင် ပစ္စည်းများဖြင့် ပြန်လည်ကုသပေးခဲ့ရသေးသည်။ နောက်ပိုင်း၌ ဝမ်ဟွာချိုင့်ဝှမ်းက လိုက်လံသတ်ဖြတ်ခြင်းကို ရပ်တန့်လိုက်သလို ကျုံးရှန်ကလည်း ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေကို တည်ထောင်နိုင်ခဲ့သည်။ ထိုအချိန်မှစ၍ သူ၏ ကျင့်စဉ်အဆင့်သည်လည်း တဖြည်းဖြည်း တိုးတက်လာတော့သည်။ သို့သော် အထွတ်အထိပ်သို့ ရောက်ချိန်၌ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ ဝေဝါးစွာနိုးထနေသောသိစိတ်ဆန္ဒကို ထိပါးမိသွားသဖြင့် ကံတရား ကျိန်စာသင့်ခြင်းကို ခံလိုက်ရသည်။ ထိုအချိန်က ဟွာချန်းချောင်သည်လည်း ထိုကျိန်စာသင့်မှုကြောင့် ဝမ်ဟွာချိုင့်ဝှမ်းနှင့် ဆက်စပ်နေသည့် မတော်တဆမှုတစ်ခုအတွင်း သေဆုံးခဲ့ရသည်။သူတော်စင်မ ထွက်ပြေးသွားသောကြောင့် ဝမ်ဟွာချိုင့်ဝှမ်းမှ သူတော်စင်အသစ်တစ်ယောက်ကို ထပ်မံရှာဖွေခဲ့ရာ အမှန်တကယ်ပင် ရှာတွေ့သွားခဲ့သည်။ သူတော်စင်မအသစ်သည် ဟွမ်ဟွာချိုင့်ဝှမ်း၏ ဘိုးဘေးဖြစ်သူထံမှ ဆက်ခံသူအမွေအနှစ်ရရှိခဲ့သော်လည်း ဟွာချန်းချောင်ကဲ့သို့ ထူးခြားသည့် ခန္ဓာကိုယ် မရှိချေ။ ထိုစဉ်က ကျုံးရှန်သည်လည်း ဂိုဏ်းအတွက် တိုက်ပွဲဝင်နေရသည့်အပြင် ကျိန်စာကိစ္စကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေသဖြင့် ဟွာချန်းချောင်ကို ဂရုမစိုက်နိုင်ခဲ့ပေ။ အကျိုးဆက်အနေဖြင့် ဝမ်ဟွာချိုင့်ဝှမ်း၏ သူတော်စင်မသစ်သည် ဟွာချန်းချောင်၏ မိသားစုကို အသုံးချကာ သူမကို ချိုင့်ဝှမ်းသို့ လှည့်စားခေါ်ဆောင်သွားပြီး ခန္ဓာကိုယ် လုယူ၍ လူမြင်ကွင်းတွင်သတ်ဖြတ်ခဲ့သည်။