အခန်း ၄၂၇
Vol. 43 Ch. 427
အပိုင်း (၄၂၇)
ကျုံးရှန်တစ်ယောက် ထိုသတင်းကို ကြားလျှင် အလွန်ဒေါသထွက်သွားပြီး ကလဲ့စားချေရန် ကြံစည်လိုက်ချိန်တွင် ကံတရားကျိန်စာသည် ရုတ်တရက် အပြည့်အဝ ပေါက်ကွဲထွက်လာခဲ့၏။ ရလာဒ်အနေဖြင့် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေသည် ပြင်းထန်စွာ တိုက်ခိုက်ခံခဲ့ရကာ သူ၏သားဖြစ်သူ ကျုံးတောက်မှာလည်း မတော်တဆမှုတစ်ခုကြောင့် မြေအောက်မီးတောင်ပေါက်ကွဲမှုအကြား ပြာဖြစ်သွားခဲ့ရသည်။ ကံကောင်း ထောက်မစွာဖြင့် ကျုံးတောက်မှာ ထိုအချိန်က လူကြီးဖြစ်နေပြီဖြစ်သဖြင့် မျိုးဆက်အချို့ ကျန်ရှိ နေခဲ့ခြင်းဖြစ်သည်။ ဆက်လက်၍ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ သည် အကြောင်းအရင်းကြီးကြီးမားမားမရှိဘဲ ကောင်းကင်ပြစ်ဒဏ်မိုးကြိုးများဖြင့် ပစ်ချခြင်း ခံရကာ တပည့်သောင်းဂဏန်းခန့် သေဆုံးခဲ့ပြန်သည်။ထိုအချိန်က ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေတွင် တပည့်ပေါင်း တစ်သိန်းခန့်သာ ရှိသေးသဖြင့် ကျုံးရှန်အတွက် ကြီးမားသည့် ဘေးအန္တရာယ်ပင်။ သူနှင့်သွေးသားတော်စပ်သူအများစုသေဆုံးသွားခဲ့ကာ သူတည်ထောင်ခဲ့သည့်ဂိုဏ်းသည် ဆိုးရွားသောအခြေအနေသို့ကျရောက်သွားသဖြင့် ကျုံးရှန်တစ်ယောက်ပြိုလဲလုနီးပါး ဖြစ်သွားရသည်။ နောက်ပိုင်းတွင် သူသည် အင်မော်တယ်တစ်သန်းတောင်တန်းထဲသို့ ဝင်ရောက်ကာ ရှောင်ပုန်းခဲ့၏။ သို့သော်လည်း ထိုမုန်းတီးမှုကို ဘယ်သောအခါမှ မမေ့ခဲ့ပါချေ။ "ချန်းချောင်... မင်းအတွက် အကြွေးတွေကို ပြန်တောင်းရမယ့် အချိန်ရောက်ပြီ" ကျုံးရှန် တစ်ကိုယ်တည်းတီးတိုး ရေရွတ်ကာ ခြေလှမ်းအနည်းငယ်ဖြင့် နန်လင်စီရင်စုထဲသို့ ဝင်ရောက်သွားလိုက်သည်။ ယခုအချိန်တွင် ဝမ်ဟွာချိုင့်ဝှမ်းမှာ ဟွမ်ရှားမျိုးနွယ်စုတို့၏ ကျူးကျော်မှုကို ခုခံနေရပြီဖြစ်ကာ နန်လင်စီရင်စု၏ တစ်ဝက်ခန့် ပင်သိမ်းပိုက်ခံလိုက်ရလေပြီ။ ဟွမ်ရှားမျိုးနွယ်စုသည် အလွန်ပင်ရက်စက်ကြမ်းကြုတ်ကာ ကျုံးရှန် မရှိသည့်နှစ်များအတွင်း အစွမ်းပြနေသည့် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေမှလွဲ၍ ပတ်ဝန်းကျင်ရှိ စီရင်စုများကို သိမ်းပိုက်ထားခဲ့ပြီး သဲကန္တာရထဲရှိ ဟွမ်ရှားနတ်ဘုရားများမှာလည်း အလုံးအရင်းနှင့် ထွက်လာနေကြပြီဖြစ်သည်။ယခုအချိန်တွင် ဟွမ်ရှားမျိုးနွယ်စုသည် ဝမ်ဟွာချိုင့်ဝှမ်း၏ နယ်နိမိတ်အစွန်းပိုင်းသို့ ရောက်ရှိနေလေပြီ။ ဝမ်ဟွာချိုင့်ဝှမ်းဆိုသည်မှာ နာမည်အတိုင်းပင် အမျိုးသမီးများသာ ရှိသည့် ဂိုဏ်းဖြစ်ကာ မည်သည့်အမျိုးသားမှ ဝင်ရောက်ခွင့်မရှိပေ။ ဂိုဏ်းတစ်ခုလုံးကို အမျိုးသမီးများဖြင့် ဖွဲ့စည်းထားပြီး ဂိုဏ်းချုပ်မှအစ တပည့်များအထိ အမျိုးသမီးများသာ ဖြစ်သည်။ ထိုအမျိုးသမီးများသည် နတ်မိမယ်များသဖွယ်လှပပြီး ခန္ဓာကိုယ်မှလည်း မွှေးပျံ့သည့် ရနံ့များ ထွက်ပေါ်နေသဖြင့် ဂိုဏ်းပေါင်းစုံ၏ အိပ်မက်ထဲမှ စိတ်ကူးယဥ်ချစ်သူများပင်။ ရံဖန်ရံခါတွင် ဝမ်ဟွာချိုင့်ဝှမ်းသည် လက်ထပ်ပေးခြင်းဖြင့် တပည့်များကို အပြင်လောကသို့ပို့လေ့ရှိကာ လက်ထပ်သွားသည့် တပည့်များသည် ဂိုဏ်းမှ ထွက်ခွာသွားသည်ဟုဆိုကြသည်။ အပြင်ပန်းအရ ဂိုဏ်းအချင်းချင်းလက်ဆက်ပေးခြင်းဖြင့် ရင်းနှီးမှုတည်ဆောက်ကာ ငြိမ်းချမ်း ရေးကိုထိန်းသိမ်းသည်ဟုဆိုသော်လည်း ထိုသူများသည် တကယ်တမ်းတွင်မူ အင်အားကြီးဂိုဏ်းများထံမှ အကျိုးအမြတ်ရရန် စေခိုင်းခြင်းခံရသည့် ဂိုဏ်း၏အပေါင်ပစ္စည်းများသာဖြစ်သည်။ ထိုရက်စက်သည့်အမှန်တရားကြောင့် ကျုံးရှန်သည် ဝမ်ဟွာချိုင့်ဝှမ်းကို အလွန်ရွံရှာခြင်းဖြစ်သည်။ ထို့အပြင် သူ၏ဇနီးသည်ကို သတ်ဖြတ်သည်သာမက သူမ၏ခန္ဓာကိုယ်ကိုပါ အလွတ်မပေးဘဲ လုယူသွားခြင်းသည် အလွယ်တကူပြေလည်သွားနိုင်သည့် ရန်ငြိုးမဟုတ်ပါချေ။ ကျုံးရှန်သည် တိုက်ပွဲဖြစ်ပွားရာ နေရာ၏ ကောင်းကင်ယံထက်၌ ဖြည်းညှင်းစွာ လျှောက်လှမ်းနေသည်။ သူ၏ အောက်ဘက်မှ ဟွမ်ရှားမျိုးနွယ်စုနှင့် ဝမ်ဟွာချိုင့်ဝှမ်းတို့၏ တိုက်ပွဲမှာ အလွန်ပြင်းထန်နေပြီး ဝမ်ဟွာချိုင့်ဝှမ်းသည် အားနည်းသည့် ဘက်သို့ကျရောက်နေ၏။ အကြောင်းမှာ ဟွမ်ရှားမျိုးနွယ်စုမှ နတ်ဘုရားတစ်ပါး ထွက်လာသောကြောင့်ဖြစ်သည်။ အထွတ်အထိပ် နတ်ဘုရားအဆင့်ကျင့်ကြံသူ။ လေနတ်ဘုရား ရှု။ ကျုံးရှန်တစ်ယောက် ဖုံးကွယ်ထားခြင်းမရှိဘဲ ထင်ရှားစွာ ပေါ်လာလျှင် လူတိုင်းသည် တိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်ကာ သူ့ကို မော့်ကြည့်လာကြသည်။ "လူသားအကြီးအကဲ.. ငါတို့လူသားတွေရဲ့ အကြီးအကဲပဲ" ဝမ်ဟွာချိုင့်ဝှမ်းမှ လူများ ပျော်ရွှင်စွာဖြင့် အော်ဟစ်လိုက်ကြလျှင် ဟွမ်ရှားမျိုးနွယ်စုမှ လူများ မျက်နှာပျက်သွားလေသည်။ လေနတ်ဘုရား ရှု၏မျက်နှာအမူအရာသည်ပို၍ပင်ဆိုးရွားလှ၏။ အဘယ်ကြောင့်ဆိုသော် သူမသည် ထိုလူကိုမြင်ဖူးနေသောကြောင့်ပင်။ နောက်တစ်ခဏတွင် ကျုံးရှန်းသည် တိုက်ပွဲ၌ရှိနေသူအားလုံး ထိတ်လန့်သွား စေမည့် လုပ်ရပ်တစ်ခုကို လုပ်ဆောင်လိုက်သည်။ ထိုအရာမှာ သူသည် လက်ဝါးတစ်ဖက်ဆန့်ထုတ်ကာ ယင်ကောင် ရိုက်သကဲ့သို့ ဝမ်ဟွာချိုင့်ဝှမ်းမှ အဖွဲ့ဝင်အားလုံးကို ရိုက်ချလိုက်ခြင်းပင်။ လှပသည့် မိန်းမလှလေးများအားလုံး ပြာဖြစ်သွားလေပြီ။ သို့သော် ကျုံးရှန်၏ မျက်နှာထားသည် တည်ငြိမ်နေဆဲဖြစ်သည်။"အားလုံးပဲ ငါ့ဇနီးအတွက် အဖော်ပြုပေးလိုက်ကြပါ" ဆက်လက်၍ သူသည် ဟွမ်ရှားမျိုးနွယ်စုဘက်သို့ လှည့်ကာ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်လျှင် ဟွမ်ရှားမျိုးနွယ်စုအားလုံး ယင်ကောင်ကို နင်းသတ်လိုက်သကဲ့သို့ ပြားချပ်သွားပြီး ဖုန်မှုန့်များအဖြစ်လွှင့်စင်ပျောက်ကွယ်သွားသည်။ မြေပြင်ပေါ်တွင် မိုင်သိန်းချီ ကျယ်ဝန်းသည့် ခြေရာကြီးတစ်ခုသာ ကျန်ရှိခဲ့၏။ လေနတ်ဘုရား ရှုအပါအဝင် ဟွမ်ရှားမျိုးနွယ်စုမှလူများအားလုံး အမှုန့်ဖြစ်သွားခြင်းပင်။ အလောင်းဟူ၍ အစအနပင် မကျန်ခဲ့ချေ။ ထိုအဖွဲ့နှစ်ဖွဲ့လုံးကို ရှင်းထုတ်ပြီးနောက် ကျုံးရှန်သည် ဝမ်ဟွာချိုင့်ဝှမ်းဘက်သို့ ဦးတည်လိုက်သည်။ ဝမ်ဟွာချိုင့်ဝှမ်းသည် နာမည်အတိုင်းပင် ချိုင့်ဝှမ်းတစ်ခုအတွင်း၌တည်ရှိနေပြီး ပန်းမျိုးစုံ ပွင့်လန်းကာ သစ်တောများ၊ မြက်ခင်းများ၊ ငှက်သံများဖြင့် သာယာလှပနေသည်။ ထို့အပြင်ချိုင့်ဝှမ်းအတွင်း၌ ဝိညာဉ်စွမ်းအားများ ပေါများသလို အဖိုးတန် ပန်းများလည်းပေါက်ရောက်ရှင်သန်နေပြီး ငြိမ်းချမ်း လွတ်လပ်သောခံစားမှုကိုပေးစွမ်းနေသဖြင့် ကောင်းမွန်သည့်နေရာတစ်ခုဖြစ်သည်။ ထိုကဲ့သို့သောနေရာတွင် ကျုံးရှန်၏ဇနီး သေဆုံးခဲ့ရသည်။ ထို့ကြောင့် ကျုံးရှန်သည် သာယာလှပအေးချမ်းနေသောချိုင့်ဝှမ်းကို အသေအချာကြည့်လေပိုပြီး ရွံရှာလေဖြစ်လာသည်။ သူ ပေါ်လာသည့်အခါ ဝမ်ဟွာချိုင့်ဝှမ်းမှ လူအားလုံး မြင်လိုက်ရပြီး အထူးသဖြင့် လူနှစ်ဦးသည် အလွန်အမင်းထိတ်လန့်သွားကြ၏။ ထိုလူနှစ်ဦးမှာ ဟွာချန်းချောင်၏ ဆရာ ဟွာဝူချွဲ့ နှင့် သူတော်စင်မသစ် ဟွာပိုင်ခိုင်ပင်။ ကျုံးရှန်သည် ပြာဖြစ်သွားလျှင်တောင်မှ သူတို့ကို မှတ်မိနေမည်ဖြစ်သည်။ သူတို့ကို မြင်သောအခါ စကားအပိုမပြောတော့ဘဲ ချိုင့်ဝှမ်းတစ်ခုလုံး ပေါ်သို့ခြေတစ်လှမ်း နင်းချလိုက်သည်။ ထိုအခါ ခြေတစ်ချက်နင်းလိုက်ရုံဖြင့် မြက်ပင်များပင် မကျန်ခဲ့ဘဲ ချိုင့်ဝှမ်းအတွင်းရှိအရာအားလုံး ချုပ်ငြိမ်း သေဆုံးသွားသည်။ မည်သူမှ လွတ်မြောက်ခြင်းမရှိခဲ့ပါချေ။အစအနပင် ကျန်ရစ်ခြင်းမရှိဘဲ သန့်ရှင်းရက်စက်သည့် မျိုးတုန်းသတ်ဖြတ်ခြင်းပင်။ သတ်ဖြတ်ပြီးနောက် ကျုံးရှန်သည် ချက်ချင်း ထွက်ခွာခြင်းမပြုပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ဇနီးသည် ဤချိုင့်ဝှမ်းအတွင်း နှစ်များစွာပိတ်လှောင်ခံခဲ့ရသဖြင့် သူမ၏ကျန်ရှိနေသည့် ဝိညာဉ်အစအနများကို ရှာတွေ့နိုင်သေးသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ကျုံးရှန်က သူမကို ပြန်လည်ရှင်သန်စေရန်ကြိုးစားမည်ဖြစ်သည်။ သူ၏ ယခုလက်ရှိ စွမ်းအားဖြင့် ထိုအရာသည် ခက်ခဲသောကိစ္စမဟုတ်ဘဲ အလွယ်တကူ လုပ်ဆောင်နိုင်စွမ်းရှိလေသည်။ ကျူံးရှန်သည် လက်တစ်ဖက် မြှောက်ကာ တစ်စုံတစ်ခုကို အာရုံခံသည်။ မျက်တောင်တစ်ချက်အတွင်း သူ၏လက်ဝါးရှေ့တွင် အရိပ်တစ်ခု စုစည်းလာသည်။ ထိုအရိပ်မှာ လှပသည့် အမျိုးသမီးတစ်ဦး၏ အရိပ်ပင်။ အမျိုးသမီးသည် အချိုးအစားကျသောခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားကာ တည်ငြိမ်လှပသော အငွေ့အသက်မျိုးရှိနေသည်။ သို့သော် သူမ၏ မျက်လုံးများမှာမူ ဗလာဖြစ်နေ၏။ စက္ကန့်အနည်းငယ်အတွင်း ကျုံးရှန်၏လက်ဝါးရှေ့မှပုံရိပ်သည် တဖြည်းဖြည်းပိုမိုထင်ရှားလာကာ သူမ၏ မျက်လုံးများသည် ပိုမိုအသက်ဝင်လာသည်။ သို့သော်လည်း ထိုပုံရိပ်သည် အပြည့်အဝ ရှင်းလင်းစွာဖြစ်ပေါ်လာခြင်းမရှိဘဲ သူမ၏ပုံရိပ်သည် အားနည်းဖျော့တော့နေသည်။ သူမ၏မျက်လုံးများသည် တဖြည်းဖြည်းကြည်လင်လာပြီး ကျုံးရှန်ကို မြင်လျှင် တိုးညင်းစွာ ရေရွတ်လိုက်သည်။ "အကို..." "ကျွန်မရဲ့ အသိစိတ် ပြန်ကောင်းလာတာလား.." "ဒါ..ဘာဖြစ်နေတာလဲ" သူမသည် ယခုမှ ဝိညာဉ်ပြန်လည်စုစည်းနေသည့် အနေအထားတွင်ရှိနေသဖြင့် လက်ရှိ အခြေအနေကို နားမလည်နိုင်သေးချေ။ သေဆုံးပြီးနောက် သူမ၏ ဝိညာဉ်သည် ပိတ်လှောင်ခြင်းခံထားရသဖြင့် အသိစိတ်မဲ့နေခဲ့ကာအချိန်ကြာမြင့်စွာ ပွတ်တိုက်ခံရပြီးနောက်တွင် အလွန်အားနည်းနေလေပြီ။ ကျုံးရှန်သည် သူမ၏ မျက်နှာကို ထိရန် လက်လှမ်းလိုက်သော်လည်း သူမ၏ပုံရိပ်ကိုဖြတ်သန်းသွားသည်။ "မင်းကိုကယ်ဖို့အချိန်တွေ အရမ်းကြာသွားခဲ့တာကိုယ့်အမှားပါ" ကျုံးရှန်တွင် သူမ၏ ဝိညာဉ်ကို စုစည်းနိုင်သည့် စွမ်းအားရှိသော်လည်း တစ်ခါတည်းဖြင့် သူမ၏ဝိညာဉ်ကို လုံးဝပြန်ကောင်းသွားအောင် မကုသနိုင်ပေ။"အကို...ရှင် အခု အရမ်းအစွမ်းထက်လာတာကို ကျွန်မ ခံစားရတယ်..." "နောက်ဆုံးတော့ ရှင်ကတကယ့်ကို ပြိုင်ဘက်ကင်းဖြစ်လာပြီပဲ" ဟွာချန်းချောင်သည် ညင်သာစွာ ပြုံးလိုက်သည်။ သူမ၏အပြုံးသည် ပန်းလေးတစ်ပွင့်ကဲ့သို့ ဖြူစင်လှပနေဆဲပင်။ ယခုလက်ရှိတွင် သူမ၏ ဝိညာဉ် ပြန်လည်ကောင်းမွန်လာစေရန်အတွက် ဝိညာဉ်စွမ်းအင် ပေါများသည့်နေရာတွင် အနားယူရန် လိုအပ်နေသည်။ သို့မှသာ သူမ၏ အသိစိတ်သည် သဘာဝအလျောက် ပြန်လည်ကောင်းမွန်လာလိမ့်မည်ဖြစ်သည်။ ကျုံးရှန်သည် သူ၏ စိတ်နှလုံးစွမ်းအားဖြင့် အတင်းအကျပ် ကုသပေးနိုင်သော်လည်း ထိုသို့ပြုလုပ်ပါက သူမ၏ အသိစိတ်ကို ထိခိုက်နိုင်လေသည်။ အလိုဆန္ဒ၊ ဝိညာဉ် နှင့် စိတ်အာရုံတို့သည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေပြီး လူတစ်ယောက်၏ အရေးအကြီးဆုံး အစိတ်အပိုင်းများ ဖြစ်သည်။ ဟွာချန်ချောင်သည် သူ၏ ဇနီးဖြစ်သည့်အတွက်ကျုံးရှန်တစ်ယောက် ပေါ့ပေါ့တန်တန် လုပ်ဆောင်ခြင်းမရှိချေ။ သူမကို ပုံမှန်အတိုင်း ပြန်ဖြစ်ရန်အတွက် အချိန်ယူကုသရမည်ဆိုလျှင်ပင် သူသည် ဂရုတစိုက် သတိကြီးစွာဖြင့်လုပ်ဆောင်သွားမည်ဖြစ်သည်။ "ချန်းချောင်...မင်းအနားယူဖို့ ကိုယ်ရဲ့ သူတော်စင်နိုင်ငံထဲပို့ပေးမယ်" "အဲဒီမှာ သေချာပြန်အနားယူလိုက်ပါ"
ကျုံးရှန်သည် အပြုံးဖြင့် ဆိုလိုက်လျှင် ဟွာချန်းချောင်သည် ဆက်၍စကားမပြောတော့ဘဲ ညင်သာစွာဖြင့်ခေါင်းညိတ်လိုက်သည်။ သူမ၌ ပြောစရာစကားများနှင့် မေးစရာမေးခွန်းများစွာရှိနေသော်လည်း ကျုံးရှန်၏ စကားကို နားထောင်လိုက်ခြင်းဖြစ်သည်။ သူမသည် ကျုံးရှန် ဆုံးဖြတ်ချက်ကို မည်သည့်အခါမျှ ဆန့်ကျင်ခြင်းမရှိခဲ့ပေ။ ထိုသည်မှာ သူမ၏ နှလုံးသားအနက်ရှိုင်းဆုံးမှလာသည့် စစ်မှန် သော သစ္စာတရားပင်။ ကျုံးရှန် လက်တစ်ချက်ဝှေ့ယမ်းကာ သူမကို သူတော်စင်နိုင်ငံထဲသို့ ခေါ်ဆောင်သွားလိုက်သည်။ တစ်ချိန်တည်းတွင် စိတ်စွမ်းအားဖြင့် ဝိညာဉ်ကို အထောက်အပံ့ပေးမည့် အဖိုးတန်ပစ္စည်းအချို့ကိုပါ ဖန်တီးလိုက်၏။ သို့သော် ထိုမျှဖြင့် မလုံလောက်သေးဟုခံစားလိုက်ရသဖြင့် သူမအတွက် ထိပ်တန်း ဝိညာဉ်အားဖြည့်ပစ္စည်းတစ်ခုကို ရှာဖွေပေးရန် ဆုံးဖြတ်လိုက်သည်။ ထိုအခါမှသာ သူမ၏ ဝိညာဉ်ကို ပြန်လည်ကုသနိုင်ရုံသာမက ပိုမိုအစွမ်းထက်လာစေမည်ဖြစ်သည်။ ကျုံးရှန်သည် သူ၏မှတ်ဉာဏ်ထဲရှိ တည်နေရာများကို စဉ်းစားလိုက်သောအခါရုတ်တရက် အစွမ်းထက်သည့် အရာတစ်ခုကို သတိရသွားသည်။ ထိုအရာသည် ဗုဒ္ဓဓာတ်တော် အောက်ပင်နိမ့်ကျခြင်းမရှိဘဲ အနည်းဆုံးအနေဖြင့် ထိပ်တန်းအဆင့်ရှိသည့် ထျန်းယွမ်ပစ္စည်းတစ်ခု ဖြစ်သည်။ ထိုအရာသည် ကျောက်မျက်ရတနာတစ်ခု ဖြစ်ကာ တောင်ထိပ်တစ်ခုပေါ်တွင်တည် ရှိ နေသည်။ ထိုနေရာမှာ မြောက်ပိုင်းနယ်မြေအတွင်း လူရိုင်းများ နေထိုင်သည့် မန်ဟွမ်နယ်မြေတွင် ဖြစ်သည်။ သာမန်တောင်ထိပ်တစ်ခုသာ ဖြစ်သဖြင့် ထိုကျောက်မျက်သည် ယခုတိုင် ရှိနေသေးမည်လားဆိုသည်ကိုတော့ ကျုံးရှန်ပင် မသိပါချေ။