← Chapters

အခန်း ၄၂၈

Vol. 43 Ch. 428

အခန်း ၄၂၈

Vol. 43 Ch. 428

အပိုင်း (၄၂၈)

ကျုံးရှန်သည် ထိုအထိ တွေးမိသွားသောအခါ တိကျသည့် တည်နေရာကို ပြန်လည်မှတ်မိသွားပြီး မြောက်ပိုင်းနယ်မြေရှိ မန်ဟွမ်နယ်မြေဘက်သို့ ဦးတည်လိုက်သည်။ မြောက်ပိုင်းနယ်မြေရှိ မန်ဟွမ်နယ်မြေမှာ လူရိုင်းမျိုးနွယ်စုတို့၏ အခြေစိုက်စခန်း ဖြစ်သည်။ လူရိုင်းမျိုးနွယ်စုသည် ဟွမ်ရှားမျိုးနွယ်စုနှင့် တူညီပြီး လူသားမျိုးနွယ်ဝင်များမဟုတ်ဘဲ မျိုးနွယ်ခြားများပင်။ သေချာသည်မှာ ယင်းသည် လူသားမျိုးနွယ်၏ နှိုင်းယှဉ်ချက်သာ ဖြစ်ကာ မျိုးနွယ်စုတိုင်းသည် မိမိတို့မျိုးနွယ်စုမှမဟုတ်သည့် အခြားမျိုးနွယ်စုများကို မျိုးနွယ်ခြားဟု သတ်မှတ်ထားကြပြီးသူတို့ကိုယ်တိုင်သာလျှင် ကောင်းကင်နှင့်မြေကြီး၏ စစ်မှန်သည့် အမွေဆက်ခံသူများဟု သတ်မှတ်ထားကြသည်။ လူရိုင်းမျိုးနွယ်စုသည် လူရိုင်းနတ်ဘုရားများနှင့် မိစ္ဆာနတ်ဘုရားများကို ကိုးကွယ်ကြ၏။ လူရိုင်းမျိုးနွယ်စုများသည် အခြေခံအားဖြင့် မျိုးနွယ်စုတစ်ခုစီ၌ မိမိတို့ကိုးကွယ်ယုံကြည်သည့် နတ်ဘုရားများနှင့် ထိုသက်ဆိုင်ရာနတ်ဘုရားများ၏ သင်္ကေတအမှတ်အသားများရှိကြသည်။ ယခင် မြောက်ပိုင်းဓားကုန်းမြေတိုက်အနီးရှိ မိစ္ဆာမျောက်ဝံမျိုးနွယ်စုနှင့် မန်ရှားမြွေမျိုးနွယ်စုမှ နတ်ဘုရားတို့ကဲ့သို့ပင်။ လူရိုင်းနတ်ဘုရားများထဲမှ အချို့မှာ မိစ္ဆာနတ်ဘုရားများလည်း ဖြစ်ကြ၏။ လူရိုင်းများသည် လူသားများနှင့် ဆင်တူသော်လည်း လူသားများထက် ပို၍ ကြမ်းကြုတ်ရက်စက်ကာ တစ်ဦးစီတိုင်းသည် ကြောက်မက်ဖွယ်ကောင်းသည့် ရုပ်သွင်၊ ချွန်ထက်သောသွားများနှင့် တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြသည်။ သို့သော်လည်း သူတို့၏ဉာဏ်ရည်မှာမူ လူသားများကဲ့သို့မြင့်မားမှုမရှိချေ။ သာမန် လူရိုင်းများ၌ အလွန်နိမ့်ကျသည့် ဉာဏ်ရည်သာရှိပြီး အစိမ်းစား သွေးသောက်သည့် ဘဝမျိုးကိုသာ ဖြတ်သန်းကြသည်။ မျိုးနွယ်စုအတွင်းရှိ ပရောဟိတ်များနှင့် နတ်ဆရာများသာလျှင် အတိုင်းအတာတစ်ခုအထိ ဉာဏ်ရည်မြင့်မားကြ၏။ သူတို့သည် ပူဇော်ပသခြင်းနှင့် ယုံကြည်ကိုးကွယ်ခြင်းများမှတစ်ဆင့် မျိုးနွယ်စု၏ နတ်ဘုရားများနှင့် သင်္ကေတအမှတ်အသားများထံမှ စွမ်းအားများ ရယူနိုင်ကြသည်။ ထိုသည်က ယုံကြည်မှုစွမ်းအား၏ အသုံးပြုပုံတစ်မျိုးပင်။ လူရိုင်းမျိုးနွယ်စု၌ လယ်ယာစိုက်ပျိုးရေးနည်းစနစ်မရှိဘဲ ရှေးဓလေ့ရိုးရာအရ အမဲလိုက်ခြင်းသာ ရှိကာ လူသားများကိုလည်း သာမန် သားကောင်များကဲ့သို့ သတ်ဖြတ်အမဲလိုက်လေ့ရှိသည်။ ထို့အပြင်သူတို့သည် လူသားမျိုးနွယ်စု၏ နယ်စပ်များဆီသို့ မကြာခဏ ကျူးကျော်လေ့ရှိကာ လူသားမျိုးနွယ်နှင့် တင်းမာသောဆက်ဆံရေးရှိသည်။ သို့သော် လူရိုင်းနတ်ဘုရားများ၏ ကျူးကျော်လိုစိတ်သည် ဟွမ်ရှားမျိုးနွယ်စုမှ နတ်ဘုရားများထက် အနည်းငယ် သက်သာသေးသည်။ ဟွမ်ရှားမျိုးနွယ်စုမှ အကောင်များမှာမူ လူသားမျိုးနွယ်အပေါ် သတ်ဖြတ်လိုသည့် သီးသန့် ဝါသနာတစ်ခု ရှိနေခြင်းပင်။ ကျုံးရှန်သည် မန်ဟွမ်နယ်မြေအတွင်း လမ်းလျှောက်နေ၏။ ထိုနေရာမှာ စီရင်စု နယ်မြေ ရှစ်ခုစာခန့် ကျယ်ဝန်းကာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ မြောက်ပိုင်းနယ်မြေတစ်ခုလုံးနီးပါးခန့်ကို နေရာယူထားလေသည်။ မန်ဟွမ်နယ်မြေအတွင်း၌ သယံဇာတများ ပေါများကာ အပြင်လောက၌ ပျောက်ကွယ်သွားသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော ဆေးဖက်ဝင်အပင်များနှင့် ရှားပါးမျိုးစိတ်များပင် ရှိနေတတ်သည်။ ထို့ကြောင့် အနီးအနားရှိ စီရင်စုများမှ လူသားမျိုးနွယ်နှင့် ကျင့်ကြံသူများသည် မန်ဟွမ်နယ်မြေအတွင်းသို့ စွန့်စားဝင်ရောက်ကာ ထိုဆေးဖက်ဝင်အပင်များနှင့် ရှားပါးပစ္စည်းများကို ရှာဖွေစုဆောင်းလေ့ရှိကြသလို အနီးအနားရှိ လူသားအင်အားစုကြီးများသည်လည်း မန်ဟွမ်နယ်မြေကို ရဲတင်းစွာ ဝင်ရောက်တိုက်ခိုက်လေ့ရှိသည်။ ယခုအချိန်တွင် နယ်စပ်ဒေသ၌ တိုက်ပွဲများဖြစ်ပွားကာ အလွန် ပြင်းထန်နေသည်။ သို့သော် မြောက်ပိုင်းနယ်မြေ တစ်ခုလုံးကို ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးနှင့်နှိုင်းယှဉ်ကြည့်ပါက ငြိမ်းချမ်းလှသည်ဟု ဆိုနိုင်သည်။ မန်ဟွမ်နယ်မြေသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ ကသောင်းကနင်းအခြေအနေကြောင့် သက်ရောက်မှု သိပ်မရှိလှပေ။ လူရိုင်းမျိုးနွယ်စုသည် လူသားနယ်မြေများကို မသိမ်းပိုက်နိုင်သလို လူသားမျိုးနွယ်များသည်လည်း သူတို့ကို အပြီးအသတ်နိုင် အောင်မတိုက်ခိုက်နိုင်ဘဲ နှစ်ဖက်အင်အားစု မျှချေအနေအထား၌ ရှိနေသည်။ အခြား အကြောင်းအရင်းတစ်ခုမှာ လူရိုင်းမျိုးနွယ်စု၏ မျိုးဆက်ပြန့်ပွားမှုနှုန်းသည် အလွန် နိမ့်ကျသောကြောင့် ဖြစ်သည်။ လူရိုင်းမျိုးနွယ်စုများတွင် ကလေးငယ်များ၏ အသက်ရှင်သန်နိုင်စွမ်းသည် အလွန် နိမ့်ကျလှပြီး ရံဖန်ရံခါ၌ မိခင်ရော ကလေးပါ သေဆုံးရသည့် ရလဒ်မျိုး ဖြစ်ပေါ်လေ့ရှိသည်။ ထိုအချက်သည် လူဦးရေတိုးတက်မှုကို အလွန် နှေးကွေးသွားစေခြင်းပင်။ ထိုအချိန်တွင် ယင်းလူရိုင်းမျိုးနွယ်စုနှင့်တူညီသည့် စီရင်စုဧရိယာအတွင်းရှိ လူသားမျိုးနွယ်၏ လူဦး‌ ရေစုစုပေါင်းသည် အဆပေါင်း ဆယ်ချီ၍ ပိုများပြားနေတတ်သည်။ထိုအချက်မှာ လူရိုင်းမျိုးနွယ်စုသည် မွေးရာပါ ခွန်အားကြီးမားကာ ကျားများ၊ ကျားသစ်များကို လက်ဗလာဖြင့် ဆွဲဖြဲနိုင်ပြီး ခန္ဓာကိုယ် တောင့်တင်းသော်လည်း လူသားမျိုးနွယ်နှင့် သရေတူသာ တိုက်ခိုက်နိုင်နေရသည့် အဓိကအကြောင်းအရင်းဖြစ်သည်။လူသားမျိုးနွယ်သည် လူအင်အားကိုအသုံးပြု၍ ခွန်အားကြီးမားသောလူရိုင်းမျိုးနွယ်စုများ၏တိုက်ခိုက်မှုကိုထိန်းထားကာ နှစ်ဖက်စလုံး အကြိတ်အနယ်ဖြစ်နေသည့် အခြေအနေကို ဖြစ်ပေါ်စေခဲ့၏။ကျုံးရှန်သည် မှတ်ဉာဏ်ထဲရှိ မန်ဟွမ်နယ်မြေ၏ တည်နေရာအတိုင်း လူရိုင်းမျိုးနွယ်စု တစ်ခု၏ ကောင်းကင်ယံသို့ ရောက်ရှိလာသည်။ ဝက်ဝံရိုင်းမျိုးနွယ်စု။ ထိုနေရာရှိ လူရိုင်းများသည် ဝက်ဝံရိုင်းနတ်ဘုရားကို ကိုးကွယ်ကြပြီး မျိုးနွယ်စု၏ သင်္ကေတအမှတ်အသားမှာ ကြီးမားသည့် ဝက်ဝံကြီး တစ်ကောင်ပုံ ဖြစ်သည်။ ထိုဝက်ဝံကြီးသည် နတ်ဘုရားအဆင့် ၃ အထွတ်အထိပ်သို့ ရောက်ရှိနေသည့် စစ်မှန်သော နတ်ဘုရားတစ်ပါးပင်။ ယင်းသည် ရှေးဟောင်းခေတ်ကာလမှ တည်ရှိခဲ့သည့် ဟုန်ဟွမ်ခရမ်းရောင်မျက်လုံး ဝက်ဝံဖြစ်ကာ နှစ်ပေါင်းများစွာ ယဇ်ပူဇော်ပသမှုခံယူထားခဲ့ပြီး‌ နောက် အစစ်အမှန်နတ်ဘုရားတစ်ပါးဖြစ်လာလေပြီ။ ထိုဝက်ဝံသည် လူရိုင်းမျိုးနွယ်စုများထဲမှ မျိုးနွယ်စုတစ်စု၏ ကိုးကွယ်မှုကို ခံယူကာ ယုံကြည်မှုစွမ်းအားနှင့် ပူဇော်မှုများကို ရယူထားပြီး တစ်ချိန်တည်း၌ပင် ထိုမျိုးနွယ်စုကို ကာကွယ်ပေးသည်။ ထိုသည်မှာ နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုးတူပူးပေါင်းဆောင်ရွက်သည့် ဆက်ဆံရေးဖြစ်သည်။ ကျုံးရှန်၏ ပစ်မှတ်မှာ ထိုဝက်ဝံရိုင်းမျိုးနွယ်စု နယ်မြေအတွင်းရှိ တောင်ငယ်တစ်ခုပေါ်၌ ဖြစ်သည်။ ထိုတောင်သည် မြင့်မားလှခြင်းမရှိသလို ရှားပါးသည့် သယံဇာတများလည်း မရှိဘဲ ထူးခြားမှုမရှိသည့် သာမန်ဆေးဖက်ဝင်အပင်များနှင့် အပင်များသာထွက်ရှိသည်။ အလွန် သာမန်ဆန်လှသည့် တောင်ငယ်တစ်ခုပင်။ သို့သော် ယခုအချိန်တွင် နှစ်သန်းချီ ကြာမြင့်ခဲ့ပြီးနောက် တောင်ခြေ၌ မျိုးနွယ်စုငယ်တစ်ခု စတင်ပေါ်ပေါက်နေပြီ ဖြစ်ကာ လူဦးရေမှာ သိန်းဂဏန်းအထိ ရှိနေ၏။ သူတို့သည် အနီးအနားရှိ တောတောင်များမှ သားရဲများကို အမဲလိုက်ကာ တိရစ္ဆာန်အချို့ကိုလည်း မွေးမြူထားကြသည်။ သစ်သီးများကို ခူးဆွတ်ကြသော်လည်း စိုက်ပျိုးရေးကိုမူ မလုပ်ဆောင်တတ်ကြချေ။ ထိုအချက်က ကျုံးရှန်ကို အနည်းငယ် ထူးဆန်းသွားစေသည်။ စိုက်ပျိုးရေးနည်းစနစ်မှာ ခက်ခဲနက်နဲသည့် နည်းပညာမျိုး မဟုတ်ပါပေ။ မျိုးနွယ်စု၏ နတ်ဆရာများသည် သူတို့ကို အဘယ်ကြောင့် စိုက်ပျိုးရေး လုပ်ခိုင်းခြင်းမရှိဘဲ အစိမ်းစားသွေးသောက်သည့် သားကောင်ရှာဖွေသော ရှေးဟောင်းဘဝကို ဆက်လက်ထိန်းသိမ်းထားစေသနည်း။ ကျုံးရှန်သည် ခေါင်းရမ်းလိုက်ကာ ထိုရှုပ်ထွေးသည့်အရာများကို ဆက်မတွေးတော့ချေ။ သူသည် အနည်းငယ် တွက်ချက်ကြည့်လိုက်ရုံဖြင့် အဖြေကို သိသွားသောကြောင့်ပင်။ မျိုးနွယ်စု၏ နတ်ဘုရားသည် ထိုလူရိုင်းများ၏ အမဲလိုက်သည့် မွေးရာပါ အသိစိတ်ကို တမင်တကာ ထိန်းသိမ်းထားပုံရသည်။ သို့မှသာ ထိုမျိုးနွယ်စုရှိ လူများကိုလည်း ပူဇော်ပသသည့် ပစ္စည်းများအဖြစ် အသုံးပြုနိုင်မည်ဖြစ်သည်။ ထိုသည်က သွေးယဇ်ပူဇော်ခြင်းအခမ်းအနားမျိုးကိုဆိုလိုသည်။ ကျုံးရှန်သည် ခြေလှမ်းကျဲကြီးများဖြင့်သွားလိုက်ကာ ပစ်မှတ်ဖြစ်သည့်တောင်ငယ်ပေါ်သို့ ရောက်ရှိလာသည်။ တောင်ပေါ်တွင် လူရိုင်းများ တည်ဆောက်ထားသည့် ကင်းမျှော်စင်တစ်ခု ရှိနေပြီး မျိုးနွယ်စုထဲမှ ကင်းသမားအချို့စောင့်ကြပ်နေကြသည်။ သူတို့အားလုံးသည် ရုတ်တရက် ပေါ်လာသည့် ကျုံးရှန်ကို မြင်သောအခါ လန့်ဖျပ်သွားကာ ချက်ချင်းပင် လှံတံများ၊ လေးမြားများဖြင့် တိုက်ခိုက်လိုက်ကြသည်။ ထိုလူရိုင်းများအားလုံးသည် သေမျိုးအဆင့် လူရိုင်းများ ဖြစ်ကာ ကင်းသမားအဖြစ် တာဝန်ယူနိုင်ခြင်းကပင် မျိုးနွယ်စုထဲ၌ အစွမ်းထက်သူများ ဖြစ်နေပြီဟုယူဆနိုင်သည်။ သူတို့ထဲမှ အမြင့်ဆုံးကျင့်ကြံခြင်းအဆင့်မှာပင် သေမျိုးနယ်ပယ် သိုင်းသခင်အဆင့်သာရှိ၏။ ထိုလူရိုင်းများ ပစ်လွှတ်လိုက်သည့် လှံတံများသည် ကျောက်ဆောင်များကို ဖောက်ထွင်းနိုင်ကာ ပစ်ခတ်လိုက်သော မြှားများသည် ကျားသစ်များကိုပင် ဖောက်ထွင်းနိုင်စွမ်း ရှိကြသော်လည်း ထိုတိုက်ခိုက်မှုများ ကျုံးရှန်၏ ကိုယ်ပေါ်သို့ ကျရောက်လာသောအခါ မည်သည့် အကျိုးသက်ရောက်မှုမှ မရှိခဲ့ချေ။ ကျုံးရှန်သည် သူတို့ကို တစ်ချက်ပင် လှည့်မကြည့်တော့ဘဲ ကျောက်တုံးကြီးတစ်တုံးဆီသို့ လျှောက်သွားလိုက်သည်။ ထိုကျောက်တုံးကြီးသည် တောင်ထိပ်ပေါ်၌ အလွန် သိသာထင်ရှားနေကာ မီတာဆယ်ချီမြင့်ပြီး အနက်ရောင်အဆင်းရှိသည်။ အလွန်တရာ မာကျောလှပြီး သဘာဝအတိုင်း ဖြစ်ပေါ်နေသည့် သံရိုင်းတုံးကြီးတစ်တုံးဖြစ်ကာ အဖိုးတန်ပစ္စည်းဟု မဆိုနိုင်သော်လည်း နှစ်သန်းချီတိုင်အောင် မဆွေးမြေ့နိုင်ရန် လုံလောက်ပေသည်။ ဝမ်ရှန့်နတ်ဘုရားကမ္ဘာငယ်၌ ထိုကျောက်မျက်ရတနာသည် သံမဏိကျောက်တုံးကြီး၏ ထိပ်ပိုင်းတွင် မြှုပ်နှံထားခြင်း ပင်။ 'တူးယူသွားပြီလား...' ကျုံးရှန်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် လက်ကိုဆန့်ထုတ်ကာ ကျောက်တုံး၏မျက်နှာပြင်ကိုထိတွေ့လိုက်သည်။ ထိုအခါ မရေမတွက်နိုင်သော မြင်ကွင်းများ ပေါ်ပေါက်လာကာ ပုံရိပ်တစ်ခုစီတိုင်း၌ ဤနေရာ၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များပါဝင်နေသည်။အတိတ်ကိုပြန်ပြောင်းကြည့်ရှုခြင်း။ အသက်ရှူကြိမ် အနည်းငယ်အကြာတွင် ကျုံးရှန်သည် ဤနေရာ၏ နှစ်သန်းချီအတွင်းဖြစ်ပျက်ခဲ့သမျှ အရာများကို စစ်ဆေးပြီးသွားကာ ကျောက်မျက်ရတနာ မည်သည့် နေရာသို့ရောက်သွားသည်ကိုလည်း မြင်တွေ့လိုက်ရသည်။ လွန်ခဲ့သည့် နှစ်တစ်သိန်းက လူရိုင်းမျိုးနွယ်စုတွင် ပြိုင်ဘက်ကင်း လူငယ်တစ်ဦး ပေါ်ထွက်လာခဲ့၏။ ထိုလူငယ်မှာ ထျန်းကျောင်းမျိုးနွယ်စုမှ ဖြစ်ကာ နှစ်တစ်သန်းတွင် တစ်ခါသာ တွေ့ရတတ်သည့် အလွန် အစွမ်းထက်သော ပါရမီမျိုး ပိုင်ဆိုင်ထားသည်။ ထိုလူငယ်သည် မျိုးနွယ်စုအတွင်းမှ ကောင်းကင်ဘုံ၏ အချစ်တော်ပင်။ ထျန်းကျောင်းမျိုးနွယ်စုမှ ထိုလူငယ်သည် လေ့ကျင့်ရေးဆင်းစဉ်အတွင်း နှစ်တစ်သောင်းသက်တမ်းရှိ ကျားမိစ္ဆာတစ်ကောင်၏ လိုက်လံသတ်ဖြတ်မှုကို ခံရကာ ဤတောင်ထိပ်ပေါ်သို့ ထွက်ပြေးလာခဲ့သည်။ ထိုအချိန်တွင် လူငယ်သည် သံရိုင်းတုံးကြီးပေါ်၌ မြှုပ်နှံထားသည့် ထူးဆန်းသော ကျောက်မျက်ရတနာကို တွေ့ရှိသွားခဲ့ပြီး ထိုကျောက်မျက်ကို တူးယူခဲ့သည်။ ထိုအခါ ထူးဆန်းသောအဖြစ်အပျက်များဖြစ်‌ပေါ်လာကာ လူငယ်ကို လိုက်လံတိုက်ခိုက်နေသည့်ကျားမိစ္ဆာသည် မျက်စိတစ်မှိတ်အတွင်း ထိုကျောက်မျက်၏ ဝိညာဉ်စုပ်ယူခြင်းကို ခံလိုက်ရသည်။ လူငယ်သည် ကျောက်မျက်နှင့် ပထမဆုံး ထိတွေ့သည့် သက်ရှိဖြစ်သောကြောင့် ကျောက်မျက်သည် သူ့ကို အန္တရာယ်မပေးခြင်းပင်။

All Chapters