အခန်း ၄၂၉
Vol. 43 Ch. 429
အပိုင်း (၄၂၉)
သို့ဖြင့် ကျောက်မျက်နှင့်လူငယ်တို့ နှစ်ဦးကြား၌ ထူးဆန်းသည့် ဆက်သွယ်ချက်တစ်ခု ဖြစ်ပေါ်သွားခဲ့ကာ ထိုအချိန်မှစ၍ ကိုယ်တိုင်ရွေ့လျားနိုင်စွမ်းမရှိသော ကျောက်မျက်သည် လူငယ်ကို မှီခိုကာ အတူတကွ စွန့်စားခန်းထွက်ကြတော့သည်။ ကျောက်မျက်သည် ဝိညာဉ်များအပေါ်၌ ထူးခြားသည့် ဝါသနာတစ်ခု ရှိနေကာ သက်ရှိများ အစာစားရန် လိုအပ်သကဲ့သို့ သက်ရှိဝိညာဉ်များကို မြိုချလေ့ရှိသည်။ ထိုဝါသနာသည် ထျန်းကျောင်းမျိုးနွယ်စုမှလူငယ်၏စွန့်စားခန်းများတွင်များစွာအထောက်အကူပြုခဲ့ပြီး ပိုမိုအင်အားကြီးမားလာစေ၏။ သို့ဖြင့်နောက်ပိုင်းနှစ်များတွင် ထိုလူငယ်သည် ထျန်းကျောင်းမျိုးနွယ်စု၏ ခေါင်းဆောင် ဖြစ်လာသည်။ ကျုံးရှန်သည် ထျန်းကျောင်းမျိုးနွယ်စု၏တည်နေရာကို ချက်ချင်း ရှာဖွေလိုက်ကာ ထိုနေရာသို့ဦးတည်လိုက်သည်။ သူ၏ အမြန်နှုန်းအရ အတွေးတစ်ချက်ဖြင့် မိုင်ပေါင်းသန်းချီသော ခရီးကို ဖြတ်ကျော်လိုက်ကာ မျက်တောင်တစ်ခတ်အတွင်း မူလနေရာမှ ပျောက်ကွယ်၍ ထျန်းကျောင်းမျိုးနွယ်စု၏ အပြင်ဘက်တွင် ပေါ်လာသည်။ ထျန်းကျောင်းမျိုးနွယ်စုသည် အလွန် ကြီးမားသည့် မျိုးနွယ်စုကြီးတစ်ခု ဖြစ်ကာ ပတ်ပတ်လည် မိုင်တစ်သန်း အကွာအဝေးကိုလွှမ်းမိုးထားပြီး မျိုးနွယ်စုငယ် ဆယ်ဂဏန်းခန့် ၏အလယ်၌ တည်ရှိသည်။ မျိုးနွယ်စုငယ်အားလုံးသည် ထျန်းကျောင်းမျိုးနွယ်စုကို မှီခိုနေရသည့် မျိုးနွယ်စုခွဲများပင်ဖြစ်သည်။မိုင်တစ်သန်းအကျယ်အဝန်း အလယ်ဗဟိုသည် ထျန်းကျောင်းမျိုးနွယ်စု၏ အဓိက ဌာနချုပ် ဖြစ်ကာ လူဦးရေ သန်းချီ နေထိုင်သည်။ မန်ဟွမ်နယ်မြေအပြင်ဘက်ရှိ လူသားမျိုးနွယ် စီရင်စုများ၌ လူဦးရေ သန်းချီရှိခြင်းမှာ ပြောပလောက်သည့် ကိစ္စမဟုတ်ပေ။ သို့သော် မန်ဟွမ်နယ်မြေအတွင်း၌မူ ထိုပမာဏသည် အလွန် အံ့မခန်း ပင်ဖြစ်ကာ ဧရာမမျိုးနွယ်စုကြီးတစ်ခုအဖြစ် တည်ရှိရန်လုံလောက်နေပြီဖြစ်သည်။ ပတ်ဝန်းကျင်ရှိ မျိုးနွယ်စုခွဲ ဆယ်ဂဏန်းခန့်ကိုပါ ထည့်တွက်လိုက်မည်ဆိုလျှင် ထျန်းကျောင်းမျိုးနွယ်စု၌ လူဦးရေ သန်းရာချီ ရှိပြီး အခြေအနေအတော်လေး ကောင်းမွန်သည့် အနေအထားပင်။ ထို့အပြင် ထျန်းကျောင်းမျိုးနွယ်စု တစ်ခုလုံး၏ တိုးတက်မှုသည် အလွန် စည်ပင်ဝပြောကာ စိုက်ပျိုးရေးယဉ်ကျေးမှု အရိပ်အယောင်အချို့ပင် ပေါ်ပေါက်နေလေပြီ။ မျိုးနွယ်စု၏ အပြင်ဘက်၌ လေးထောင့်ပုံစံ စိုက်ခင်းများကို ပုံဖော်ထုတ်ထားပြီး ပြောင်းဖူးနှင့် ဆင်တူသည့် သီးနှံအချို့ကို စိုက်ပျိုးထားကာ စိုက်ခင်းများကိုအထူး ဂရုစိုက်စောင့်ရှောက်သူများ ရှိနေသဖြင့် သီးနှံများ၏ ကြီးထွားမှုမှာ ကျေနပ်ဖွယ်ကောင်းလှသည်။ ထိုအခြေအနေများအရ ထျန်းကျောင်းမျိုးနွယ်စုခေါင်းဆောင်၏ အင်အားသည် နတ်ဘုရားအဆင့်ထက် သာလွန်နေနိုင်ကြောင်း ညွှန်ပြနေသည်။ သို့မဟုတ်လျှင် မျိုးနွယ်စုအတွင်း စိုက်ပျိုးရေးကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်မည်မဟုတ်ချေ။ ထို့အပြင် ကျောက်မျက်ရရှိသွား သောလူငယ်သည် နှစ်တစ်သိန်းကြာ ဖွံ့ဖြိုးတိုးတက်လာပြီးနောက် မျိုးနွယ်စုမှ ကိုးကွယ်သည့် ထျန်းကျောင်းနတ်ဘုရားပင် ကြောက်ရွံ့ရသည့် အင်အားကို ပိုင်ဆိုင်နေပြီဖြစ်ကြောင်းလည်း ဖော်ပြနေသည်။ ဤသည်က ကျောက်မျက်၏ ထူးခြားမှုကို ဖော်ပြရန် လုံလောက်လေသည်။ ကျုံးရှန်သည် အကြည့်တစ်ချက် ဝေ့ဝဲကြည့်လိုက်ပြီးနောက် ပစ်မှတ်ကို လျင်မြန်စွာ တွေ့ရှိသွားသည်။ မျိုးနွယ်စု၏ အလယ်ဗဟို၌ ကြီးမားသည့် အိမ်တစ်လုံး ရှိနေကာ အခြား ရိုးရှင်းသည့် အိမ်များနှင့် နှိုင်းယှဉ်ပါက အလွန်ကြီးမားခမ်းနားနေသည်။ ထိုအထဲတွင် လူငယ်တစ်ဦး တင်ပျဉ်ခွေ ထိုင်နေကာ ထိုသူမှာ ကျုံးရှန် ရှာဖွေနေသည့် လူငယ်ပင်။ နှစ်တစ်သိန်း ကြာမြင့်သွားသော်လည်း ထိုသူသည် လူငယ်ပုံစံအတိုင်းပင် ရှိနေသေးပြီး ကျောက်မျက်ကို ရရှိချိန်ကထက် အနည်းငယ်သာ အသက်ပိုကြီးသွားပုံပေါ်သည်။ ယခုအချိန်တွင် ထိုသူသည် မျက်စိမှိတ် တင်ပျဉ်ခွေထိုင်ရင်း ကျင့်စဉ်တစ်ခုကို ကျင့်ကြံနေ၏။ထိုလူငယ်၏ လည်ပင်း၌ မှေးမှိန်သည့် အမည်းရောင် အလင်းတန်းများ ဖြာထွက်နေသော ကျောက်မျက်တစ်ခုကို ဆွဲထားသည်။ဝိညာဉ်ဝါးမြိုနိုင်သောကျောက်မျက်။ မျက်တောင်တစ်ခတ်အတွင်း သူ၏အရှေ့၌ ကျုံးရှန်ပေါ်လာသည်။ သို့သော် လူငယ်သည် အနည်းငယ်မျှပင် သတိမထားမိပါချေ။ ထိုအချက်က သူ၏ အင်အားမှာ နတ်ဘုရားအဆင့်သို့ မထိုးဖောက်နိုင်သေးကြောင်း ဖော်ပြနေသည်။ ကျုံးရှန်သည် ကျောက်မျက်ကို ဖြုတ်ယူရန် လက်ဆန့်ထုတ်လိုက်စဉ် အမည်းရောင်အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာကာ သူ့ကို လွှမ်းခြုံသွားသည်။ ထိုအခါ ကျုံးရှန်သည် သူ၏ ဝိညာဉ် ဆွဲထုတ်ခံရတော့မည်ကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်သွားလေသည်။ ကျောက်မျက်သည် ကျုံးရှန်၏ ဝိညာဉ်ကို စုပ်ယူရန် ကြိုးစားလိုက်ခြင်းပင်။ ထိုအချိန်တွင်မှ လူငယ်၏ မျက်လုံးပွင့်လာကာ သူ၏ စူးရှတောက်ပသောအကြည့်များသည် ကျုံးရှန်ပေါ်သို့ကျရောက်သွားသည်။ "လူသားမျိုးနွယ်က အစွမ်းထက်သူလား...""မင်း.. ဘယ်သူလဲ" သူ့အရှေ့၌ အသံတိတ် ပေါ်လာနိုင်ခြင်းမှာ အနှီလူသားသည် သာမန်မဟုတ်ကြောင်းဖော်ပြနေသည်။ သို့သော် လူရိုင်းမျိုးနွယ်စုမှလူငယ်လေးသည် အနည်းငယ်မျှပင် စိုးရိမ်ပူပန်ခြင်း မရှိချေ။ သူသည် ကျုံးရှန်၏ ရည်ရွယ်ချက်ကို ချက်ချင်း ခန့်မှန်းမိသွားလေသည်။ "မင်းက...ငါ့ရဲ့ ဝိညာဉ်ကျောက်တုံးကို ခိုးချင်နေတာလား... သေလမ်းရှာနေတာပဲ" လူငယ်သည် သူ၏ရင်ဘတ်ရှေ့ရှိ အမည်းရောင် ကျောက်မျက်ကို ဆုပ်ကိုင်လိုက်သောအခါ ကျုံးရှန်ကိုလွှမ်းခြုံထားသော အမည်းရောင် အလင်းတန်းသည် ပိုမို သိပ်သည်းပြင်းထန်လာ၏။ ထို့နောက် အစွမ်းထက်သည့် စုပ်ယူမှုအားကြီးတစ်ခုဖြစ် ပေါ်လာသဖြင့် ကျုံးရှန်ဝိညာဉ်ကို သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်သွားစေလုနီးပါးပင်ဖြစ်သွားစေသည်။ သို့သော်လည်း ကျုံးရှန်သည် တုန်လှုပ်သွားခြင်းမရှိဘဲ လှောင်ပြုံးတစ်ချက်သာ ပြုံးလိုက်သည်။ "မဆိုးဘူး... ဒီကစားစရာလေးက တစ်ခုခုတော့ တစ်ခုခုပဲ.. " "အထဲမှာ အဆုံးအစမဲ့တဲ့ ဝိညာဉ်စွမ်းအားတွေ ပါဝင်နေပြီး စကြဝဠာတစ်ခုစာလောက်ရှိတဲ့.. မရေမတွက်နိုင်တဲ့ ဝိညာဉ်တွေ ရှိနေတယ်လို့ ငါ ခံစားမိတယ်..." "လာစမ်း" သူသည် လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီး ခဲဖျက်တစ်ခုကဲ့သို့ ဝိညာဉ်ကျောက်တုံးမှ ဖြာထွက်နေသည့် အမည်းရောင် အလင်းတန်းများကို ဖယ်ရှားပစ်လိုက်သည်။ ဝိညာဉ်ကို ပြင်းထန်စွာစုပ်ယူနေသည့်စွမ်းအားကို တိုက်ရိုက် ဖယ်ရှားပစ်လိုက်ခြင်းပင်။ ထို့နောက် ကျုံးရှန်သည် လက်ဆန့်ကာ ဝိညာဉ်ကျောက်တုံးကို ဖမ်းဆုပ်လိုက်သည်။ ထိုအခါမှ လူရိုင်းမျိုးနွယ်စုမှလူငယ်လေးသည် အလွန်အမင်း ထိတ်လန့်သွားရတော့သည်။ သူသည် နှစ်တစ်သိန်းအတွင်း အစွမ်းထက်သူ မရေမတွက်နိုင်အောင် ကြုံတွေ့ခဲ့ဖူးကာ ထိုသူ အားလုံးသည် သူ၏ ဝိညာဉ်ကျောက်တုံးကို လိုချင်တပ်မက်ခဲ့ကြသော်လည်း မည်သူမှ လုယူနိုင်ခြင်းမရှိခဲ့ချေ။ ကျောက်မျက်၏ အမည်းရောင် အလင်းတန်းအောက်တွင် နတ်ဘုရားအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသူများ၏ ဝိညာဉ်ပင်လျှင် တည်ငြိမ်မှု မရှိနိုင်ခဲ့သောကြောင့်ဖြစ်သည်။ သို့သော် သူ၏ အရှေ့ရှိ လူသား အစွမ်းထက်သူကမူ အခက်အခဲအနည်းငယ်မျှပင်မရှိဘဲ ကျောက်မျက်ကို အလွယ်တကူ ယူဆောင်သွားလေပြီ။ ကျုံးရှန်သည် ဝိညာဉ်ကျောက်တုံးကို ရယူပြီးနောက် လူငယ်ကို တစ်ချက်မျှပင် လှည့်မကြည့်တော့ဘဲ သူ၏ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားတော့သည်။ထိုလူသည် နှစ်တစ်သိန်းအတွင်းအင်အားများစွာကို စုဆောင်းထားပြီးဖြစ်သဖြင့် ဝိညာဉ်ကျောက်တုံး မရှိလျှင်တောင်မှ တိတ်တဆိတ် ဆက်လက်ဖွံ့ဖြိုးတိုးတက်နိုင်ပေသည်။ ထို့ကြောင့် ကျုံးရှန်သည် သူ့ကို ဂရုမစိုက်ခြင်း ဖြစ်၏။ သူ ဂရုစိုက်သည်မှာ ဝိညာဉ်ကျောက်တုံးသာ ဖြစ်သည်။ ထျန်းကျောင်းမျိုးနွယ်စုမှ ထွက်ခွာလာပြီးနောက် ကျုံးရှန်သည် ခြေလှမ်းအနည်းငယ် လှမ်းလိုက်ကာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ ကြယ်တာရာများဖြင့်တောက်ပနေသောကောင်းကင်ယံအတွင်း၌ တင်ပျဉ်ခွေထိုင်လိုက်ပြီး ဝိညာဉ်ကျောက်တုံးကို ထုတ်ယူကာ စတင်လေ့လာတော့သည်။ဝိညာဉ်ကျောက်တုံးအထဲရှိ ဝိညာဉ်များ၏ တည်ရှိမှုများမှာ ချေဖျက်ခံရလုနီးပါး ဖြစ်နေပြီး အသန့်စင်ဆုံး ဝိညာဉ်စွမ်းအင်များ ဖြစ်လာနေပြီပင်။ သို့သော် အစွမ်းထက်သည့် ဝိညာဉ်အနည်းငယ်မှာမူ ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။ ထိုဝိညာဉ်များသည် ဤစကြဝဠာမှ သက်ရှိများ မဟုတ်ကြဘဲ သူတို့တွင် လူတစ်ယောက်ကို အသက်ရှူကြပ်စေလောက်အောင် အစွမ်းထက်လှသည့် အော်ရာများရှိနေကြသည်။ ဥပမာအားဖြင့် ခရမ်းရောင် ခေါင်းကိုပိုင်ဆိုင်ထားသည့် ကတုံးတစ်ကောင်ဖြစ်သည်။ ထိုကတုံးသည် ခရမ်းရောင် ကန်စွန်းဥကြီးတစ်ခုနှင့် တူသော်လည်း သူ၏တစ်ကိုယ်လုံးမှ ကြောက်မက်ဖွယ်ကောင်းသည့် အစွမ်းထက်အရှိန်အဝါများ ဖြာထွက်နေသည်။ ထိုကောင်သည် ထျန်းတောက်ကျန်းအဆင့်ထက် မနိမ့်ကျသည့် အစွမ်းထက်သူ တစ်ဦး ဖြစ်နိုင်သည်။ သေချာသည်မှာ ထိုသည်က သူ၏ မူလခန္ဓာကိုယ်ကျင့်ကြံခြင်းအဆင့်ကို ရည်ညွှန်းလေသည်။ ထို့အပြင် ခရမ်းရောင်ကတုံးနှင့် ဆင်တူသည့် အခြားတည်ရှိမှုများစွာလည်း ရှိ နေသေးသည်။ ဝိညာဉ်အဖြစ်ဆက်လက်တည်ရှိနေနိုင်သူတိုင်းသည် ခြွင်းချက်မရှိ အစွမ်းထက်သူများထဲမှ အစွမ်းထက်သူများသာ ဖြစ်ကြ၏။ သို့သော် သူတို့အားလုံးသည်ပင် ဝိညာဉ်ကျောက်တုံး၏ သိမ်းဆည်းခြင်းကို ခံခဲ့ရ သေးသည်။ ထိုအဖြစ်ကို အသေအချာစဉ်းစားကြည့်သောအခါ ကျုံးရှန်တစ်ယောက် နားမလည်နိုင်ဖြစ်သွားရသည်။ ဝိညာဉ်ကျောက်တုံး၏ လက်ရှိစွမ်းအားမှာ ထျန်းတောက်ကျန်းအဆင့်သို့ ရောက်ရှိရန် မလုံလောက်ကြောင်း သိသာလှသည်။ ထိုသို့မဟုတ်ပါက သူကိုယ်တိုင်ပင် ကျောက်တုံးမှထွက်ပေါ်လာသည့် ဝိညာဉ်စုပ်ယူအားကို ခုခံနိုင်မည်မဟုတ်ချေ။ သူသည် ဝိညာဉ်ကျောက်တုံး၏ စုပ်ယူမှုခံရခြင်းကို လွယ်ကူစွာ ခုခံနိုင်ခဲ့သဖြင့် ကျောက်တုံး၏ စွမ်းအားမှာ အထွတ်အထိပ် အခြေအနေတွင် မရှိကြောင်း ဖော်ပြနေသည်။ ယင်းသည် ဒဏ်ရာတစ်စုံတစ်ရာ ရရှိထားခဲ့ပြီး ပြန်လည်သက်သာလာသည့် အခြေအနေတွင် ရှိနေခြင်းဖြစ်ရပေမည်။ ထိုသို့မဟုတ်ပါက ကျုံးရှန်တစ်ယောက် ဤမျှလွယ်ကူစွာ သိမ်းပိုက်နိုင်ခဲ့မည် မဟုတ်ပေ။ သို့သော် အထဲ၌ ချုပ်နှောင်ခံထားရသည့် အခြားစကြဝဠာများမှ အစွမ်းထက်သူများ၏ ဝိညာဉ်များသည် အစစ်အမှန်ပင် ဖြစ်သည်။"ဒီကျောက်တုံးက..လူသိများမှာ သေချာသလောက်ပဲ.." ကျုံးရှန်သည် စိတ်ဝိညာဉ်စွမ်းအားကို သတိထား၍ အသုံးပြုကာ ဝိညာဉ်ကျောက်တုံးပေါ်၌ လမ်းကြောင်းတစ်ခု ဖွင့်လှစ်ပြီး အတွင်းရှိ သန့်စင်သည့် ဝိညာဉ်စွမ်းအင်များကို ဆွဲထုတ်လိုက်သည်။
ထို့နောက်တွင် ဝိညာဉ်စွမ်းအင်များကိုသူ၏ သူတော်စင်နိုင်ငံအတွင်း ဟွာချန်းချောင် ရှိနေသည့်နေရာသို့ ရောက်ရှိသွားစေလိုက်သည်။ ဝိညာဉ်စွမ်းအားများ ပြည့်နှက်နေသည့် နယ်မြေတစ်ခု ဖြစ်ပေါ်လာလေပြီ။ ထ်ိုနေရာသည် သူ၏ ဇနီးဖြစ်သူ ဝိညာဉ်ကိုကုစားပေးရန် အတွက်ဖြစ်သည်။ သို့ဖြင့် ဝိညာဉ်ကျောက်တုံး၏ အထောက်အပံ့ဖြင့် ဟွာချန်းချောင်၏ ဝိညာဉ်သည် မကြာမီပင် ယခင်ကဲ့သို့ ပြန်လည်ကောင်းမွန်လာ ပေတော့မည်။ ထိုအချိန်ရောက်မှသာ ကျုံးရှန်သည် သူမအတွက် ခန္ဓာကိုယ်တစ်ခု ပြန်လည်ဖန်တီးပေးကာ သူ၏တာဝန်တစ်ခုကို အောင်မြင်ပြီးမြောက်သွားမည် ဖြစ်သည်။ ကျုံးရှန်သည် ထိုအရာအားလုံးကို လုပ်ဆောင်ပြီးနောက် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးအတွင်းရှိ တားမြစ်နယ်မြေများဆီသို့ အကြည့်ရောက်သွားသည်။ ငရဲပြည်နှင့် ဆင်တူစွာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးအတွင်း၌လည်း တားမြစ်နယ်မြေအချို့ ရှိနေ၏။ ထိုတားမြစ်နယ်မြေများ၏ ဇာစ်မြစ်သည် လျှို့ဝှက်ဆန်းကြယ်လှသလို အလွန်လည်း အန္တရာယ်များလှသည်။ သာမန်လူဖြစ်စေ၊ နတ်ဘုရားအဆင့် အစွမ်းထက်သူဖြစ်စေ အမှတ်တမဲ့ ဝင်ရောက်မိပါက ကြီးမားသည့် အန္တရာယ်နှင့် အလွယ်တကူကြုံတွေ့ရနိုင်လေသည်။ လွတ်မြောက်ခြင်းအဆင့်ရှိ မိစ္ဆာအိုကြီးများပင်လျှင် အတွင်းရှိ လျှို့ဝှက်ချက်များကို ဖြေရှင်းနိုင်ခြင်းမရှိကြချေ။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးအတွင်း၌ ထိုကဲ့သို့ တားမြစ်နယ်မြေ လေးခု ရှိနေကာ တစ်ခုစီတိုင်းသည် ကြားရုံမျှဖြင့် ကြောက်ရွံ့တုန်လှုပ်သွားစေနိုင်သည်။ ကျုံးရှန်သည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ တားမြစ်နယ်မြေများအားလုံးကို ရတနာများအဖြစ် ပြောင်းလဲဖန်တီးရန် သို့မဟုတ် ထူးဆန်းသည့် သိစိတ်ဆန္ဒ တစ်စုံတစ်ရာကို ထုတ်ယူရန်ဆုံးဖြတ်လိုက်သည်။ ထို့နောက်တွင်မှ ယင်းတို့ကို သူ၏သူတော်စင်နိုင်ငံအတွင်းသို့ ထည့်သွင်းကာ အစွမ်းထက်သည့် သူတော်စင်နိုင်ငံ သက်ရှိများအဖြစ် ပျိုးထောင်ပေးမည် ဖြစ်သည်။