အခန်း ၄၃၀
Vol. 43 Ch. 430
အပိုင်း (၄၃၀)
အမှန်စင်စစ်တွင် သူတော်စင်နိုင်ငံအတွင်းရှိ သက်ရှိများနှင့် သူတော်စင်နိုင်ငံသည် အပြန်အလှန် ဆက်နွယ်နေသည့် တည်ရှိမှုများဖြစ်သည်။ ထို့ကြောင့် သူတော်စင်နိုင်ငံအတွင်းရှိ သက်ရှိများ ပို၍ အစွမ်းထက်လေ သူတော်စင်နိုင်ငံလည်း ပို၍ အစွမ်းထက်လာလေပင်။ အကယ်၍ ကျုံးရှန်၏ သူတော်စင်နိုင်ငံကို စာရွက်အလွတ်တစ်ရွက်နှင့် နှိုင်းယှဉ်ပါက ယခု အစီအစဉ်သည် သူ၏ သူတော်စင်နိုင်ငံအတွက် မတူညီသည့် အရောင်အသွေးများကို ခြယ်သပေးရန် ဖြစ်သည်။ သူတော်စင်နိုင်ငံတော်၌ ပိုမိုများပြားသည့် ဂုဏ်သတ္တိများနှင့် ဝိသေသလက္ခဏာများ ရှိလာစေရန် ဖြစ်သလို ပိုမိုစုံလင်သည့် စွမ်းအားများနှင့် ပါရမီများ ရရှိလာစေရန်လည်း ဖြစ်သည်။ထိုအခါမှသာ သူ၏သူတော်စင်နိုင်ငံသည်ပို၍ အစွမ်းထက်သည့် သက်ရှိများစွာကို မွေးဖွားလာနိုင်မည် ဖြစ်သည်။ သို့ဖြင့် ကျုံးရှန်သည် တားမြစ်နယ်မြေများကို ဟာမိုမိစ္ဆာသွေးပင်လယ် ကိုယ်ပွား ကျုံးထျန်းကဲ့သို့ သန့်စင်ဖန်တီးရန် တွေးတောလိုက်မိသည်။ ကျုံးထျန်းမှာ အမှန်စင်စစ်တွင် အစွမ်းထက်သည့် သိစိတ်ဆန္ဒ သယ်ဆောင်ထားသည့် ကျုံးရှန်၏ကိုယ်ပွားတစ်ခု ဖြစ်သည်။ ကျုံးရှန်သည် ဆုံးဖြတ်ချက်ချလိုက်သော်လည်း အလျင်စလို လှုပ်ရှားခြင်းမရှိသေးဘဲ ကောင်းကင်ယံ၌ ရပ်တန့်ကာ မျက်လုံးများကို တိတ်ဆိတ်စွာ မှိတ်ထားလိုက်သည်။ သူသည် နတ်ဘုရားအာရုံနှင့် စွမ်းအားများအားလုံးကို ရုပ်သိမ်းလိုက်သဖြင့် သာမန်လူတစ်ယောက်အလား ဖြစ်သွားလေသည်။ ထို့နောက် သူသည် ကောင်းကင်နှင့်မြေကြီးကြား လွင့်မျောနေသည့် မြူမှုန်လေးတစ်ခုပမာ မည်သူမှ သတိမထားမိနိုင်လောက်အောင် ဝမ်ရှန့်နတ်ဘုရားကုန်း မြေတိုက်နှင့် အပြည့်အဝ ပေါင်းစည်းသွားသကဲ့သို့ ဖြစ်လာတော့သည်။ သူ၏ စိတ်ဝိညာဉ်သည် ယခုအခါ မဟာကမ္ဘာလောကအတွင်းရှိ အရာခပ်သိမ်းကို ပြီးပြည့်စုံစွာ တုပနိုင်စွမ်းရှိလာပြီ ဖြစ်၏။ စိတ်ကို စုစည်းကာ အပြည့်အဝ အာရုံစိုက်မည်ဆိုလျှင် ကျုံးရှန်တုပဖန်ဆင်းထားသည့်ရုပ်သွင်ကို ဝမ်ရှန့် ကောင်းကင်တာအိုသိစိတ်ပင် ခွဲခြားသိမြင်နိုင်စွမ်း ရှိမည်မဟုတ်ပေ။ သူသည် ထိုအတိုင်း တိတ်ဆိတ်စွာဖြင့်ရပ်နေခဲ့သည်။ သို့ဖြင့် တစ်ရက်နှင့်တစ်ည ကြာမြင့်ပြီးနောက်မှသာ မျက်လုံးများကို ပြန် ဖွင့်လိုက်သည်။ "ကောင်းကင်ပြင်ပကလာတဲ့ ဒီတားမြစ်နယ်မြေတွေက... တစ်ခုခုတော့တစ်ခုခုပဲ"
"ကြည့်ရတာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးက.. တကယ်ကို မဟာကမ္ဘာတွေရဲ့ ဆုံမှတ်တစ်ခုဖြစ်နေတာပဲ" ကျုံးရှန်တစ်ယာက် ကောင်းကင်ယံသို့ နက်ရှိုင်းသည့် အကြည့်များဖြင့် ကြည့်ကာ တိုးညင်းစွာ ရေရွတ်လိုက်သည်။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး တစ်ခုလုံး၌ လျှို့ဝှက်ချက်များစွာဖြင့် ပြည့်နှက်နေသည်။ ဤနေရာသည် မဟာကမ္ဘာတစ်ခုသာ ဖြစ်သော်လည်း စကြဝဠာ၏ မူလအနှစ်သာရအချို့ ကိန်းအောင်းနေကာ ထိုထဲတွင် မဟာတားမြစ်နယ်မြေများ၊ မရေမတွက်နိုင်သည့် ငရဲကမ္ဘာငယ်များနှင့် အလယ်အလတ်ကမ္ဘာများ မြောက်မြားစွာပါဝင်သည်။ ထို့ထက် ပို၍ အရေးကြီးသည်မှာ ကောင်းကင်ပြင်ပ သို့မဟုတ် ပြင်ပကမ္ဘာမှ ရောက်ရှိလာသည့် အရာများ ဖြစ်သည်။ ထိုအရာများကို စကြဝဠာရတနာများဟု ခေါ်ဆိုသင့်ပေမည်။ အဘယ်ကြောင့်ဆိုသော်ယင်းတို့၌ စကြဝဠာ၏ မူလအနှစ်သာရ စွမ်းအားများ ပါဝင်နေသောကြောင့်ဖြစ်သည်။ ပြင်ပကမ္ဘာမှ ရောက်ရှိလာသည့် အရာများကို သူ၏သူတော်စင်နိုင်ငံအတွင်းပေါင်းစပ်နိုင်မည်ဆိုပါက နောင်တစ်ချိန်၌ ကျုံးရှန်သည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ သိစိတ်ဆန္ဒကို လွယ်ကူစွာ ဝါးမြိုနိုင်လာပေလိမ့်မည်။ ထိုအရာများသည် သော့တစ်ချောင်းနှင့် တူ၏။ ယင်းကို အသုံးပြု၍ ကျုံးရှန်သည် ဝမ်ရှန့် ကောင်းကင်တာအိုသိစိတ်ဆန္ဒနှင့် တူညီသည့် အင်အားအဆင့်သို့ ချောမွေ့စွာ ရောက်ရှိသွားနိုင်သည်။ ထို့အပြင် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး တည်ရှိရာ စကြဝဠာ၏ အချိတ်အဆက်အချို့ကိုလည်း အာရုံခံနိုင်လာကာ သူကိုယ်တိုင်သည်လည်း စကြဝဠာ၏ အစိတ်အပိုင်းတစ်ခုကဲ့သို့ဖြစ်လာပေမည်။ ထိုအခါ စကြဝဠာတစ်ခုလုံး၌ ကျုံးရှန်ကို တားဆီးနိုင်မည့်အရာ ရှိတော့မည်မဟုတ်သလို ပိုင်ရွှီနယ်မြေ သည်လည်း သူ့ကိုအခက်အခဲများစွာတွေ့စေမည်မဟုတ်တော့ချေ။ ထိုအရာတို့မှလွဲ၍ ကျုံးရှန်စိတ်ဝင်စားသည့်အရာဟူ၍ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ တားမြစ်နယ်မြေလေးခုသာရှိသည်။ တားမြစ်နယ်မြေလေးခုသည် တစ်ချိန်က ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ ကြောက်မက်ဖွယ် နယ်မြေများ ဖြစ်ခဲ့ကြ၏။ နယ်မြေ တစ်ခုစီတိုင်း၌ ထျန်းယွမ်အဆင့်၊ ထျန်းကျဲအဆင့်တို့နှင့် ညီမျှသော စွမ်းအားရှိသည့်အမျိုးအမည်မသိအရာများ ကိန်းအောင်းနေကာ မရေမတွက်နိုင်သော ဒဏ္ဍာရီများနှင့် ကြောက်မက်ဖွယ် နာမည်ဆိုးများကို ချန်ရစ်ထားခဲ့သည်။ ဒဏ္ဍာရီများအရ တားမြစ်နယ်မြေလေးခု၏ မူလအနှစ်သာရမှာ ပြင်ပစကြဝဠာတစ်ခုမှ လာခြင်းဖြစ်သည်ဟု ဆိုကြသည်။ ပိုင်ရွှီနယ်မြေ အပြင်ဘက်ရှိ အမည်မသိ ကမ္ဘာများမှ လာရောက်ခဲ့ခြင်းပင်။ ကွဲပြားသည့် စကြဝဠာလေးခုမှ လွင့်စဉ်လာခြင်းဖြစ်ကာ ထိုစကြဝဠာတစ်ခုစီ၌ ကိုယ်ပိုင် ထူးခြားချက်များ အပြည့်ရှိနေပေမည်။ အတိတ်ကာလတွင် မည်သူမှ ထိုတားမြစ်နယ်မြေလေးခုကို သိမ်းပိုက်ရန်မကြံစည်ရဲကြချေ။ တစ်ချိန်က ပြိုင်ဘက်ကင်း အရှင်သခင်တစ်ပါးသည် နတ်ဘုရားအဆင့်ကျွမ်းကျင်သူ ရာချီ၏ စွမ်းအားများကို စုစည်းကာ ယင်းတို့ကို သန့်စင်ရန် ကြိုးပမ်းခဲ့သည်။ ဝမ်းနည်းစရာကောင်းသည်မှာ အရေးအကြီးဆုံး အချိန်ရောက်သောအခါ တားမြစ်နယ်မြေများ လှုပ်ခတ်လာပြီး အခြားစကြဝဠာတစ်ခု၏ စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာသဖြင့် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ စွမ်းအားတစ်ဝက်ကို မတော်တဆ စုပ်ယူသွားခြင်းဖြင့်အဆုံးသတ်သွားသည်။ ထို့နောက် ထိုအရှင်သခင်နှင့် နတ်ဘုရားကျွမ်းကျင်သူအားလုံးကျရှုံးသွားခဲ့ကာ တားမြစ်နယ်မြေများ၏ စွမ်းအားသည်သာ နှစ်ဆပို၍တိုးသွားခဲ့လေသည်။ သို့ဖြင့်ယခုအခါ တားမြစ်နယ်မြေများ၏စွမ်းအားမှာ ယှဉ်ပြိုင်နိုင်စွမ်းကင်းမဲ့လောက်အောင် အစွမ်းထက်နေလေပြီ။ အကယ်၍ ထိုအချိန်ကနတ်ဘုရားအဆင့်များထဲ၌ ထာဝရအရှင်အဆင့် ကျွမ်းကျင်သူ ဆယ်ဂဏန်းခန့်သာ ပေါ်ထွက်လာခဲ့မည်ဆိုလျှင် တားမြစ်နယ်မြေ၏ စွမ်းအားကို အပြည့်အဝ သန့်စင်နိုင်ခဲ့ပေလိမ့်မည်။ ထိုအခါ တားမြစ်နယ်မြေများကို အောင်မြင်စွာ ပုံသွင်းဖန်တီးနိုင်ကာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး တစ်ခုလုံးကို အုပ်စိုးရန်ပင် လုံလောက်သည်အထိ စွမ်းအားကြီးမားလာနိုင်၏။ ထိုကိစ္စရပ်များကို ကျုံးရှန် မသိရှိထားသလို သိရှိရန်လည်းမလိုအပ်ပါချေ။ အဘယ့်ကြောင့်ဆိုသော် သူ၏ ခန္ဓာကိုယ်အတွင်းတွင် ထာဝရအရှင်အဆင့်ထက်ပို၍ကြီးမားသော စွမ်းအားများ ရှိနေသောကြောင့်ပင်။ ထို့ကြောင့် တားမြစ်နယ်မြေများ၏ သိစိတ်ဆန္ဒကဲ့သို့ အစွမ်းထက်သည့် တည်ရှိမှုမျိုးပင်လျှင် အချိန်တစ်ခုကြာ ဖိနှိပ်ခံရပါက ကျုံးရှန်၏ ချုပ်နှောင်မှုကို ခံရမည် ဖြစ်သည်။ ထိုမျှမက ကျုံးရှန်၏ တိုက်ရိုက် ဝါးမြိုမှုကိုပါ ခံရနိုင်ကာ သူ၏ စွမ်းအားအရင်းအမြစ်အဖြစ်ပင် ပြောင်းလဲသွားနိုင် လေသည်။ ယခင်က နတ်ဘုရားအဆင့် ကျွမ်းကျင်သူများနှင့် ရှေးဟောင်းအရှင်သခင်များသာ ထိုအချက်ကို သိရှိသွားခဲ့မည်ဆိုလျှင် အသေအကြေ ရိုက်နှက်ခံရလျှင်ပင် ကြီးမားသည့် ပေးဆပ်မှုမျိုးဖြင့် တားမြစ်နယ်မြေများကို ပုံသွင်းဖန်တီးတော့မည် မဟုတ်ချေ။ ကျုံးရှန်သည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးရှိ တားမြစ်နယ်မြေလေးခုကို သူ၏သိစိတ်ဆန္ဒ အဖြစ် ပုံသွင်းဖန်တီးမည်ဖြစ်သည်။ တားမြစ်နယ်မြေလေးခုမှာ ထျန်းမိုပင်လယ်၊ ကျွမ်းတိသေမင်းနယ်မြေ၊ မိုဟော်ရေကန်နှင့် ပင်းဖာတောင်တို့ဖြစ်ကြသည်။ ထျန်းမိုပင်လယ်အကြောင်းကိုသည် ထူးဆန်းသည့် စွမ်းအားများ ပြည့်နှက်နေပြီး အစွမ်းထက်သူ မရေမတွက်နိုင်အောင် ဝါးမြိုခဲ့သည့် အမည်းရောင်သမုဒ္ဒရာကြီး ဖြစ်ကာ ကောင်းကင် မိစ္ဆာမျိုးနွယ်စုနှင့် ဆက်စပ်နေသည်ဟု ဒဏ္ဍာရီများ ရှိသည်။ ကျွမ်းတိသေမင်းနယ်မြေမှာလည်း ထူးဆန်းသည့် နေရာတစ်ခု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မည်သည့် သက်ရှိမဆို ထိုအတွင်းသို့ ဝင်ရောက်သွားပါက စိတ်ဝိညာဉ်များ ပျောက်ဆုံးသွားကာ သက်မဲ့ ရုပ်အလောင်းများအလား ဖုတ်ကောင်များအဖြစ် ပြောင်းလဲသွားနိုင် သောကြောင့်ပင်။ နတ်ဘုရားနယ်ပယ် အဆင့် ၃ အထွတ်အထိပ်ရှိ နတ်ဘုရားများပင်လျှင် ထို လွှမ်းမိုးမှုကို ခံရနိုင်ကာ အတွင်းနတ်ဆိုး၏အနှောင့်အယှက်များကြား နစ်မွန်းသွားတတ်ပြီး လွှမ်းမိုးမှုကို ဖယ်ရှားနိုင်ရန် အချိန်ကြာမြင့်စွာ ပြန်လည်ကျင့်ကြံရန် လိုအပ်ပေသည်။
ထိုသည်မှာ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု နည်းလမ်းတစ်ခု ဖြစ်၏။ သို့သော် ထိုနည်းလမ်း၏ အဆင့်အတန်းသည် အလွန် မြင့်မားလှကာ ဝမ်ရှန့် နတ်ဘုရားကုန်း မြေတိုက်၏တားမြစ်နယ်မြေဟူသောအမည်နှင့်ထိုက်တန်လေသည်။ တစ်နှစ်က အထွတ်အထိပ် နတ်ဘုရားတစ်ပါး ဝင်ရောက်သွားခဲ့ရာ ထိုစွမ်းအားဖြင့် လွှမ်းမိုးမှု ခံလိုက်ရပြီး စိတ်နှလုံးအတွင်း တာအို ဒဏ်ရာတစ်ခု ကျန်ရစ်ခဲ့သည်ဟု ကောလာဟလများ ရှိခဲ့၏။ နောက်ဆုံးတွင် နှစ်သန်းပေါင်းများစွာ တံခါးပိတ်ကျင့်ကြံပြီးမှသာ ထိုဒဏ်ရာကို ကုသနိုင်ခဲ့သဖြင့် လုံးဝ တန်ကြေးမမျှသည့် ကိစ္စရပ်တစ်ခု ဖြစ်ခဲ့သည်။ မိုဟော်ရေကန်မှာလည်း ကျွမ်းတိသေမင်းနယ်မြေနည်းတူပင် ထူးဆန်းမှုများရှိနေသည်။ ရေကန်အတွင်း၌ မိစ္ဆာမီးတောက်များ ပွက်ပွက်ဆူနေကာ အရာအားလုံးကို လောင်ကျွမ်းပြာကျစေနိုင်သော်လည်း မီးစွမ်းအင် တာအိုစည်းမျဥ်းနိယာမများ ပါဝင်ခြင်းမရှိဘဲ အသက်နှင့် သေခြင်းတရား၏ လမ်းဆုံလမ်းခွတစ်ခုနှင့်ပို၍ တူညီ နေသည်။ ရေကန်အတွင်းအစွမ်းထက်သူများ ဝင်ရောက်သွားလျှင်ပင် ခန္ဓာကိုယ်နှင့် ဝိညာဉ်ပါ အစအနမကျန် ပျောက်ကွယ်သွားရမည်ဖြစ်သည်။ စိတ်နှလုံးအတွင်း တာအို ဒဏ်ရာရရှိခဲ့သော အထွတ်အထိပ်နတ်ဘုရား၏ ပထမဆုံး ပစ်မှတ်မှာ ထိုနေရာပင်။ သို့သော် သူနှင့် သူ၏ လက်အောက်ခံ အစွမ်းထက်သူ အချို့ ပူးပေါင်း၍ မိုဟော်ရေကန်ကို သွားရောက်စူးစမ်းကြသောအခါ ကြောက်မက်ဖွယ် အခြေအနေတစ်ခု ဖြစ်ပေါ်လာခဲ့၏။ မိစ္ဆာမီးတောက်ရေကန်အတွင်း၌ သူတို့ သေဆုံးနေသည့် မြင်ကွင်းများ ပေါ်ပေါက်လာသည်ကို မြင်တွေ့ခဲ့ခြင်းဖြစ်သည်။ သူတို့ကို အထိတ်တလန့် အဖြစ်ရဆုံးမှာ ထိုသေဆုံးနေသည့် မြင်ကွင်းများ ပေါ်လာသည်နှင့်အမျှ သူတို့သည် မကြာခင်သေဆုံးတော့မည့်အလား ခံစားလိုက်ရလေသည်။သို့ဖြင့် ပြင်းထန်သည့် အန္တရာယ်သိစိတ် အာရုံကြောင့် သူတို့သည် မိုဟော်ရေကန်မှ အလျင်စလိုထွက်ပြေးခဲ့ကြကာ ကျွမ်းတိသေမင်းနယ်မြေကိုသာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးတစ်ခုဖြစ်သည့် ပင်းဖာတောင်တွင်လည်း ခန့်မှန်း၍မရနိုင်သော စွမ်းအားများ ရှိနေ၏။ ထိုတားမြစ်နယ်မြေအတွင်းဝင်သွားပါက ထိုသူတို့သည် စစ်မက်လိုလားသည့် စိတ်ဆန္ဒများ ဖြစ်ပေါ်လာကာ အချင်းချင်းရူးသွပ်စွာတိုက်ခိုက်မှုများဖြစ်ပေါ်လာကြမည်ဖြစ်သည်။ ထိုစိတ်ဆန္ဒ ပေါ်လာသည်နှင့် မည်သည့်နည်းလမ်းကို အသုံးပြုစေကာမူ အမြစ်ပြတ် ဖယ်ရှားရှင်းလင်းရန် မဖြစ်နိုင်တော့ချေ။ တစ်ဦးနှင့်တစ်ဦးရူးသွပ်စွာ သတ်ဖြတ်တိုက်ခိုက်ခြင်းတွင် နစ်မြောသွားခြင်း သို့မဟုတ် ထိုစိတ်ဆန္ဒကိုဖိနှိပ်ရန်ကြိုးစားခြင်းတို့ဖြင့်သာ ကျင့်ကြံခြင်းအဆင့်ရပ်တန့်ကာ သေဆုံးသွားပေမည်။
Book 43 end.