← Chapters

အခန်း ၅၀၁

Vol. 51 Ch. 501

အခန်း ၅၀၁

Vol. 51 Ch. 501

အခန်း(၅၀၁) စန်းပိုတောင်တန်း

စန်းပိုတောင်တန်းတွင် မရေမတွက်နိုင်သော မိုးထိမြင့်မားသည့် တောင်ထွတ်များနှင့် ရင်သပ်ရှုမောဖွယ် တောင်ကြားများ ရှိနေသည်။

အမြဲတမ်းဖုံးလွှမ်းနေသော မြူခိုးများက တောင်ထိပ်များကို လွှမ်းခြုံထားပြီး သေစေနိုင်လောက်သည့် အန္တရာယ်များကို ဖုံးကွယ်ထားသည်။ တောင်တန်း၏ အလယ်တွင် မတ်စောက်သော တောင်ကမ်းပါးယံများနှင့် အဆုံးမဲ့ချောက်ကမ်းပါးကြီးများ ရှိနေပြီး ထိုနေရာရှိ ကြမ်းတမ်းစွာတိုက်ခတ်နေသော လေပြင်းများကြောင့် သစ်ရွက်များနှင့် ကျောက်ခဲများ လေထဲတွင်လွင့်စင်နေကြသည်။ ချွန်ထက်သော ကျောက်ဆောင်များနှင့် ရှေးဟောင်းသစ်ပင်ကြီးများက မြေပြင်အနှံ့တွင် ပေါက်ရောက်နေကာ ရေတံခွန်များက လေထဲတွင်ရေခဲနေပြီး ထူးဆန်းသောကျောက်တုံးကြီးများက ချောက်ကမ်းပါးများကြား အလေးချိန်မဲ့စွာ လွင့်မျောနေကြသည်။

အပျော်တမ်းဖုန်းရွှေပညာရှင်များပင် ဤနေရာတွင် အချိန်ဖြုန်းရန် မဝံ့ရဲကြပေ။

ပြင်းထန်လွန်းလှသော သတ်ဖြတ်ခြင်းအငွေ့အသက်များက သာမန်ကျင့်ကြံသူများ၏ စိတ်ကိုပင် လွှမ်းမိုးဝါးမျိုသွားနိုင်သည်။

သို့သော်လည်း လီကျစ်ဖျင်နှင့် ကျန်းမုန့်ချူးတို့အတွက်မူ ဤဝန်းကျင်အခြေအနေကပင် သူတို့၏ အခင်းအကျင်များကို ပိုမိုစွမ်းအားထက်မြက်စေနိုင်သည်။

ထိုသတ်ဖြတ်လိုစိတ်များက ကောင်းကင်နှင့်မြေကြီး၏ ရက်စက်ကြမ်းကြုတ်မှုမှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။ ဤရက်စက်မှုကို စီးဆင်းစေခြင်းအားဖြင့် သူတို့၏ ထောင်ချောက်ဆင်ခြင်းနှင့် သတ်ဖြတ်ခြင်း အခင်းအကျင်းများကို ပုံမှန်ကန့်သတ်ချက်များထက်ကျော်လွန်ကာ မြှင့်တင်နိုင်ပေမည်။

"ဒဏ္ဍာရီလာ အခင်းအကျင်းနှစ်ခု ဒီနေ့ ပေါ်ထွက်လာတာကို မြင်တွေ့ရတာက ငါ သေရရင်တောင် တန်သွားပါပြီ။" လျူယွမ်ချင်းက အန္တရာယ်များသောတောင်ထွတ်များကို အကဲခတ်ကြည့်ရှုရင်းနှင့် ခေါင်းကို တမ်းတမ်းတတရမ်းကာ မှတ်ချက်ချလိုက်သည်။

သူက အခင်းအကျင်းပညာရပ်၌ ကျွမ်းကျင်သော်လည်း ကျင့်စဉ်အဆင့်မှာ ပေါင်းစည်းခြင်းအဆင့်သာ ရှိသေးသည်။

အခင်းအကျင်းအများစုက ဖန်တီးသူ၏ကိုယ်ပိုင်ခွန်အားကို မလိုအပ်သော်လည်း ကြယ်ခုနစ်ပွင့် နဂါးချည်နှောင်အခင်းအကျင်းနှင့် မိစ္ဆာနှိမ်နင်းကောင်းကင်ဓားအခင်းအကျင်းတို့မှာ ကောင်းကင်စွမ်းအားများကို ထိန်းချုပ်နိုင်သည့် အနည်းဆုံး ဟင်လင်းပြင်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများကို လိုအပ်လေသည်။ ထိုအချက်ကပင် လျူယွမ်ချင်း၏ နားလည်နိုင်စွမ်း တိမ်ကောနေသေးသည့်အပိုင်း ဖြစ်သည်။

"အကြီးအကဲလျူ... ဒီလိုစကားမျိုး မပြောသင့်ပါဘူး။" ကျန်းမုန့်ချူးက တည်ကြည်သော်လည်း နှစ်သိမ့်သည့်လေသံဖြင့် ပြောလိုက်သည်။ "မိစ္ဆာမျိုးနွယ်စုမှာ ကျွန်တော်တို့ရဲ့ မဟာတက်လှမ်းခြင်းအဆင့် ဘိုးဘေးတစ်ယောက်တည်းကို ရင်ဆိုင်ဖို့ မိစ္ဆာမဟာပဏ္ဍိတငါးပါး ရှိနေပေမယ့် ဟင်းလင်းပြင်ချောက်နက် အထဲမှာ ပုန်းအောင်းနေတဲ့ ကျွန်တော်တို့ရဲ့ လူသားမျိုးနွယ်ထိပ်သီးပညာရှင်တွေကို မမေ့ပါနဲ့။ သူတို့သာ ဝင်ပါလာခဲ့ရင် မိစ္ဆာမဟာပဏ္ဍိတငါးပါးဆိုတာက ဘာမှမဟုတ်တော့ဘူး။ ကျွန်တော်တို့က အချိန်ဆွဲထားဖို့ ဘိုးဘေးနဲ့အတူ မိစ္ဆာတွေရဲ့တိုက်ခိုက်မှု အနည်းငယ်ကို တောင့်ခံထားဖို့ပဲလိုတာပါ။"

"မျှော်လင့်ရုံပဲတတ်နိုင်တာပေါ့။" ဤအချိန်တွင် လျူယွမ်ချင်အနေဖြင့် ပုန်းကွယ်နေသော လူသား ထိပ်သီးပညာရှင်များ ဝင်ရောက်လှုပ်ရှားလာရန်သာ ဆုတောင်းနိုင်တော့သည်။

သို့မဟုတ်ပါက... လရိပ်ဂိုဏ်းအနေဖြင့် ဘိုးဘေးကြီး၏ ကမ္ဘာငယ်လေးထဲသို့ ဆုတ်ခွာရတော့မည် ဖြစ်သည်။

ဒါက ဘယ်လောက်တောင် ပျင်းစရာကောင်းလိုက်မလဲ... အဟက်။

"ကျုပ် အခင်းအကျင်းရဲ့ ဗဟိုချက်တွေကို သွားစစ်ဆေးနေတုန်း ခင်ဗျားတို့ ဒီမှာပဲစောင့်နေကြ။" လီကျစ်ဖျင်က အသိပေးလိုက်ပြီးနောက် ဝန်းရံနေသောတောင်ထွတ်များဆီသို့ ဓားစီးလျက် ပျံသန်းသွားသည်။

စန်းပိုတောင်တန်းတွင် မရေမတွက်နိုင်သော ထူးဆန်းသည့်တောင်ထွတ်များ ရှိသည်။

ပင်မတောင်တန်းကြီးကိုဝန်းရံထားသော တောင်ထွတ်(၃၆)ခုကို ရွေးချယ်ကာ စန်းပိုတောင်ကြားကို ထောင်ချောက်ဆင်ထားသည်။ ၎င်းတောင်ကြားက မိစ္ဆာများအနေဖြင့် စန်းပိုရွှံ့နွံတောကြီးကို ဖြတ်ကျော်ကာ အချိန်မဖြုန်းချင်ပါက မလွဲမသွေဖြတ်သန်းရမည့်လမ်းကြောင်း ဖြစ်သည်။

ယခုအခါ ထိုတောင်ထွတ် (၃၆)ခုစီတိုင်းတွင် တပြိုင်တည်း လွင့်ထူနေသော ပဲ့တင်ထပ်သင်္ကေတများ ထိုးချုပ်ထားသည့် မိစ္ဆာနှိမ်နင်းရေးအလံတော်များ စိုက်ထူထားသည်။ အခင်းအကျင်း၏ အလယ်ဗဟိုတွင်တော့ မူလခရမ်းရွှေဖြင့် သွန်းလုပ်ထားသော ဝိညာဉ်ချည်နှောင်ခြင်းသံတိုင် (၈၁)ခုက မြေကြီးထဲသို့စိုက်ဝင်နေပြီး ၎င်းတို့အပေါ်တွင် ရေးထွင်းထားသောကန့်သတ်ချက်များက အောက်ဖက်ရှိ မြေကြောများနှင့် ချိတ်ဆက်ထား၏။ တစ်ကြိမ်အသက်သွင်းလိုက်သည်နှင့် မိုင်တစ်သောင်းပတ်လည်မှ စိတ်ဝိညာဉ်ချီစွမ်းအင်များ စုစည်းလာကာ လေထဲတွင် ဓားအစီအရင်တစ်ခု အကောင်အထည်ပေါ်လာမည်ဖြစ်သည်။

တောင်ဘက်တောင်ထွတ်၏ ဗဟိုချက်ကို စစ်ဆေးပြီးနောက် လီကျစ်ဖျင်၏မျက်နှာက ရုတ်တရက် မှောင်မိုက်သွားသည်။

တောင်ဘက်ကောင်းကင်ပြင်က မကောင်းဆိုးဝါးဆန်လာကာ မင်ရည်လိုမျိုး မည်းနက်နေသော တိမ်တိုက်ကြီးများက ဖိချလာသဖြင့် တောင်တန်းကြီးများပင် ကျုံ့ဝင်သွားသလိုထင်ရသည်။

မိုးမရွာဘဲ အဝေးမှမိုးခြိမ်းသံများ ဒိန်းဒိန်းမည်ကာ မြည်ဟည်းနေပြီး တောင်ကြားများတစ်လျှောက် လေပြင်းများတိုက်ခတ်လာကာ အကျိုးအပဲ့အပျက်အစီးများကို လွင့်စင်သွားစေသည်။

"မိစ္ဆာစွမ်းအင်တွေပဲ။" လီကျစ်ဖျင် မျက်မှောင်ကြုတ်သွား၏။ သတ်ဖြတ်ခြင်းဒီရေလှိုင်းလုံးကြီးတစ်ခု ချဉ်းကပ်လာသကဲ့သို့ ကြီးမားလှသောဖိအားကို သူ ခံစားလိုက်ရသည်။

ပင်မတောင်ထွတ်တွင်တော့ ကျန်းမုန့်ချူးက ကောင်းကင်ယန္တရားပြားမှတစ်ဆင့် အခင်းအကျင်းကို စောင့်ကြည့်နေသည်။

မိစ္ဆာစွမ်းအင်ကို ကိုယ်စားပြုသော ကြက်သွေးရောင်ဆီများက ယန္တရားပြား၏အလယ်ဗဟိုရှိ သူတို့၏ အခင်းအကျင်းကိုကိုယ်စားပြုသော ညပုလဲလုံးလေးကို ဝါးမျိုလွှမ်းခြုံနေပြီဖြစ်သည်။

"သူတို့ လာနေကြပြီ..." လီကျစ်ဖျင်က တိုးတိုးးလေး ရေရွတ်လိုက်သော်လည်း သူ၏အသံက အခင်းအကျင်းတစ်ခုလုံးဆီသို့ ပျံ့လွင့်သွားသည်။

သွေးဆာနေသည့်အပုပ်နံ့များကို သယ်ဆောင်လာသောလေဆိုးများနှင့်အတူ အဝေးရှိ သစ်တောများ အတွင်းတွင် တောက်ပနေသော မျက်လုံးအစုံပေါင်း မရေမတွက်နိုင်အောင် လင်းလက်လာကြသည်။

မမြင်ရသော ဖိအားတစ်ခုက လေထုထဲတွင်ပြည့်နှက်နေပြီး အသက်ရှူရသည်ပင် ခက်ခဲလာစေသည်။

ပင်မတောင်ထွတ်သို့ ပြန်ရောက်လာပြီးနောက် လီကျစ်ဖျင်နှင့် ကျန်းမုန့်ချူးတို့ အသက်အောင့်ထားကာ အခင်းအကျင်းအတွင်း သူတို့ကိုယ်သူတို့ ဖုံးကွယ်ထားလိုက်ကြသည်။

မိစ္ဆာနှိမ်နင်းရေးအလံတော်များ အနည်းငယ်တုန်ခါနေသော်လည်း မြှုပ်ထားသော ဝိညာဉ်ချည်နှောင်ခြင်း သံတိုင်များကမူ သူတို့၏တည်ရှိမှုကို ဖုံးကွယ်ထားသည်။ ဤအခင်းအကျင်းများ၏ အပြောင်မြောက်ဆုံး အချက်မှာ အသက်မသွင်းရသေးခင်အချိန်အထိ လုံးဝငြိမ်သက်နေသယောင် ဟန်ဆောင်နိုင်ခြင်းပင်။

ယန္တရားပြားပေါ်တွင် ပျံ့နှံ့လာနေသော သွေးရောင်ကိုကြည့်ရင်း လီကျစ်ဖျင်က မေးလိုက်သည်။ "အစ်ကိုကျန်း... သူတို့ ကျုပ်တို့ရဲ့ ထောင်ချောက်ထဲဝင်လာမယ်လို့ ခင်ဗျား ထင်လား။"

စဉ်းစားခန်းဖွင့်ပြီးနောက် ကျန်းမုန့်ချူးက ခေါင်းညိတ်လိုက်သည်။ "မိစ္ဆာတွေက တောင်တန်းတစ်သောင်းကနေ ထွက်လာကတည်းက တားဆီးမယ့်သူမရှိဘဲ ချီတက်လာခဲ့ကြတာဆိုတော့ သူတို့ရဲ့ မာနတွေက အထွတ်အထိပ်ကို ရောက်နေမှာပဲ။ သူတို့က လရိပ်ဂိုဏ်း ထွက်ပြေးသွားပြီလို့ ထင်နေလောက်တယ်။ ဒီနေရာမှာ ချုံခိုတိုက်ခိုက်မယ်လို့ ဘယ်တော့မှ မျှော်လင့်ထားမှာမဟုတ်ဘူး။"

"ဒါလည်း ဟုတ်တာပဲ။"

လရိပ်ဂိုဏ်းမှတပည့်များက အသစ်တီထွင်ထားသော ကိရိယာများကို နေရာချနေသည်ကို လီကျစ်ဖျင် သတိထားမိလိုက်သည်။ ထိုအရာများမှာ သူတို့၏ဘိုးဘေးကြီး ဖန်တီးထားသော "ချင်းယွန်တာမီနိတ်တာ"ဟု ခေါ်သည့် ပစ္စည်းများဖြစ်ပြီး ၎င်းတို့၏ စွမ်းဆောင်ရည်အစစ်အမှန်ကိုမူ မည်သူမျှ မသိကြသေးပေ။

ရှန်းထျန်ကောသည် ပစ္စည်းကိရိယာများအားလုံးကို တောင်တန်းများထဲသို့ ပြောင်းရွှေ့ထားခဲ့သည်။ အခင်းအကျင်း၏ထိန်းချုပ်မှုအောက်တွင် အစိတ်အပိုင်းများထုတ်လုပ်တပ်ဆင်ရန် မရပ်မနားလုပ်ရှားနေသည့် ဧရာမစက်ရုပ်လက်တံကြီး တစ်ရာကျော် ရှိနေသည်။ ရှန်းထျန်ကောက မိစ္ဆာများ၏ ချီတက်လာမှုနှင့်အပြိုင် အပြင်းအထန်ကြိုးစားခဲ့ရာ ညတွင်းချင်းမှာပင် တာမီနိတ်တာရာာပေါင်းများစွာနှင့် ချင်းယွန်အမ်-၄ သေနတ်များကို ထုတ်လုပ်နိုင်ခဲ့သည်။

"ဘိုးဘေးနဲ့ အကြီးအကဲရှန်းရဲ့ တီထွင်မှုတွေက တကယ်ပဲ အသုံးဝင်ပါ့မလား။" လီကျစ်ဖျင်က သူ၏ စိုးရိမ်ပူပန်မှုများကို ဖျောက်ဖျက်မပစ်နိုင်ဘဲ တွေးတောနေမိသည်။

မဟာတက်လှမ်းခြင်းအဆင့် မိစ္ဆာငါးကောင်။

သူတို့၏တာဝန်မှာ အချိန်ဆွဲရန်သက်သက်သာ ဖြစ်နေသည့်တိုင် စိုးရိမ်စရာပင်။

ကောလာဟလများအရ တာမီနိတ်တာများ၏ အဓိကနည်းပညာမှာ ကမ္ဘာမြေဟုခေါ်သော အခြားသော လောကတစ်ခုမှ လာသည်ဟု ဆိုကြသည်။ ထိုကမ္ဘာ၏ စွမ်းအင်စနစ်မှာ စက်မှုယန္တရားတည်ဆောက်မှုများမှလွဲ၍ အခြားအရာအားလုံးတွင်နိမ့်ကျသည်ဟု သိရသည်။ ထိုသို့သော ခေတ်နောက်ကျသည့်ကမ္ဘာမှ ထုတ်ကုန်များက ချင်းယွန်ဘုံ၏ အဆင့်မြင့်ကျင့်စဉ်ပညာရပ်များနှင့် အမှန်တကယ် ပေါင်းစပ်အလုပ်လုပ်နိုင်ပါမည်လား။

"တာမီနိတ်တာဆိုတဲ့နာမည်ကတော့ တော်တော်လေး လိုက်ဖက်သားပဲ။" ကျန်းမုန့်ချူး ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။

အမှန်တကယ်တော့ မိစ္ဆာအုပ်ကြီးအပေါ် ဤကိရိယာများ၏ စွမ်းဆောင်ရည်နှင့်ပတ်သက်၍ သူက သံသယရှိသည်။ ၎င်းမှာ မဟာတက်လှမ်းခြင်းတစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် "အသေးအဖွဲ စက်မှုလှည့်ကွက်များ"ထက် ရိုးရာကျင့်စဉ်များကိုသာ ပိုမိုယုံကြည်သည့် မွေးရာပါဘက်လိုက်မှုတစ်ခုပင်။

တစ်ချိန်တည်းမှာပင် ပင်မတောင်ထွတ်၏အတွင်းပိုင်းကို ဧရာမလိုဏ်ဂူကြီးတစ်ခုအဖြစ် ထွင်းထားပြီး ထိုနေရာရှိ စင်မြင့်တစ်ခုပေါ်တွင် လရိပ်ဂိုဏ်းမှ တပည့်ထောင်ပေါင်းများစွာ စုရုံးနေကြသည်။

မျက်နှာချင်းဆိုင်ရှိ ကျောက်နံရံတွင် စက်ဝိုင်းပုံအပေါက်များစွာ ရှိနေပြီး ၎င်းတို့အနီးတွင် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ခြင်းတောင်းများနှင့် တူးဖော်ထားခါစ ဝိညာဉ်ကျောက်စိမ်းများက ဝန်းရံထားသည်။

ဤပစ်ခတ်ရန်အပေါက်များက မိစ္ဆာများစုဝေးနေသည့်တောင်ကြားကို စီးမိုး၍မြင်နေရကာ သူတို့၏ ရည်ရွယ်ချက်မှာ ရှင်းလင်းထင်ရှားလှသည်။

သေနတ်များအသုံးပြုသည့်စစ်ပွဲနှင့် မရင်းနှီးသော်လည်း ရှန်းထျန်ကောသည် သာမန်လူသားများ၏ မြို့ရိုးကာကွယ်ရေးစစ်ပွဲများကို အတုယူကာ ခုခံကာကွယ်မှုပုံစံကို ဖန်တီးခဲ့သည်။ သူက ပင်မတောင်ထွတ်ကြီးကို ပစ်ခတ်ရန်အပေါက်များနှင့် အကာအကွယ်အစီအရင်များပါဝင်သည့် ခံတပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲပေးခဲ့ပြီး တိုက်ခိုက်နိုင်စွမ်းနှင့် တပည့်များ၏ လုံခြုံရေးနှစ်ခုစလုံးကို အမြင့်ဆုံးရောက်အောင် မြှင့်တင်ပေးထားသည်။

ခံစစ်ကျိုးပေါက်သွားပါက ထွက်ပြေးနိုင်ရန်အတွက် အနောက်တွင် လွတ်မြောက်ရာတံခါးပေါက်တစ်ခု ရှိနေသည်။

ဘိုးဘေးကြီး ရှင်းပြခဲ့သည့်အတိုင်းပင် ဤချုံခိုတိုက်ခိုက်မှုက မိစ္ဆာများကိုခြိမ်းခြောက်ရန်နှင့် အချိန်ဆွဲရန်အတွက်သာ အဓိကရည်ရွယ်သည်။

"မိစ္ဆာတပ်ကြီး ချဉ်းကပ်လာပြီ။" ပစ်ပေါက်များကိုစောင့်ကြည့်နေသော တပည့်တစ်ဦးက ရုတ်တရက် အော်ပြောလိုက်သည်။

တောင်ဘက်ကောင်းကင်ယံတွင် ကောင်းကင်ကြီးကို ဖုံးလွှမ်းသွားစေနိုင်လောက်သည့် ပေတစ်သောင်း အကျယ်ရှိသော အတောင်ပံများဖြင့် ရွှေအတောင်ပံနှင့် ဂဠုန်ငှက်တစ်ကောင် ဖြတ်သန်းပျံသန်းလာသည်။

အတောင်ပံခတ်လိုက်တိုင်း တောင်ကြားများကိုတုန်ခါသွားစေသော လေပြင်းများ ထွက်ပေါ်လာပြီး ၎င်း၏ ဓားသဖွယ်ထက်မြက်လှသော အမွေးအတောင်များက လင်းလက်နေကာ စန်းပိုတောင်တန်းကြီးကို မထီမဲ့မြင်ဟန်ဖြင့် အကဲခတ်ကြည့်ရှုနေသည်။

ရွှေတောင်ပံ ဂဠုန်မိစ္ဆာမဟာပဏ္ဍိတသည် လရိပ်ဂိုဏ်း၏မြင်ကွင်းထဲသို့ ပထမဆုံး ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်...

သို့သော် ၎င်းက ပုန်းကွယ်နေသော အခင်းအကျင်းများကို သတိပြုမိပုံမရချေ။

...

All Chapters