← Chapters

အခန်း ၅၀၃

Vol. 51 Ch. 503

အခန်း ၅၀၃

Vol. 51 Ch. 503

အခန်း(၅၀၃) အခင်းအကျင်းကို မဟာပဏ္ဍိတငါးပါး ဖျက်ဆီးခြင်း

"လူသားတွေရဲ့ အသေးအဖွဲလှည့်ကွက်လေးတွေက ကျွမ်းကျင်သူတွေရှေ့မှာ လာကြွားရဲတယ်ပေါ့လေ။"

ရွှေရောင်သံချပ်ကာ ဝတ်ဆင်ထားသော ရုပ်သွင်ဖန်ဆင်းမဟာပဏ္ဍိတသည် ခေါင်းမော့ကာ နားကွဲမတတ် ဟိန်းဟောက်လိုက်ပြီး ၎င်း၏နဖူးပေါ်ရှိ ဦးချိုတွင် မိုးကြိုးလျှပ်စီးများ ရစ်ခွေလည်ပတ်သွားသည်။

၎င်း၏ ဧရာမလက်ဝါးကြီးများကို ပူးချိတ်လိုက်ပြီးနောက် ပြင်းထန်စွာ ပြန်ခွဲထုတ်လိုက်ရာ လက်ထဲရှိ ပေါင်တစ်ထောင်အလေးချိန်ရှိသော စစ်ပုဆိန်ကြီးမှာ မိုးကြိုးစွမ်းအင်များ စီးဝင်သွားသကဲ့သို့ ဖြစ်သွားပြီးနောက် ထိန်းချုပ်မရသောလျှပ်စီးများ တဖျပ်ဖျပ်လက်သွား၏။ ထိုဧရာမပုဆိန်ကို ခေါင်းပေါ်သို့မြှောက်တင်လိုက်သည်နှင့် တစ်ပြိုင်နက် ကောင်းကင်ယံတစ်ခွင်တွင် မည်းနက်သောတိမ်တိုက်ကြီးများ လိမ့်တက်လာကာ မိုးခြိမ်းသံများက အန္တရာယ်ပေးမည့်ဟန်ဖြင့် မြည်ဟည်းလာသည်။

ကောင်းကင်နှင့်မြေကြီးကြားရှိ စိတ်ဝိညာဉ်ချီစွမ်းအင်များ လှိုင်းထန်လာပြီး မိုးကြိုးစွမ်းအားများက ပုဆိန်သွားတစ်လျှောက် စုစည်းသွားသည်။ ထို့နောက်တွင် မိစ္ဆာမဟာပဏ္ဍိတသည် ပုဆိန်ရိုးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး ၎င်း၏တုတ်ခိုင်သောခွာများကို မြေကြီးထဲသို့ ခိုင်မြဲစွာစိုက်ချလိုက်ကာ မုန်တိုင်းခေါ်ယူနိုင်သော မိုးကြိုးပုဆိန်ကြီးကို အောက်သို့လွှဲချလိုက်သည်။

ဘုန်း။

နားကွဲမတတ် မိုးချုန်းသံများနှင့်အတူ။

ဧရာမပုဆိန်ကြီးသည် တောင်များကိုခွဲထုတ်နိုင်ပြီး ကမ္ဘာမြေကိုပျက်စီးစေနိုင်သော အင်အားဖြင့် ကျဆင်းလာကာ ကြယ်ခုနစ်ပွင့်နဂါးချည်နှောင်အချင်းကျင်း၏ ဗဟိုချက်ပေါ်သို့ တိုက်ရိုက်ကျရောက်သွားသည်။ မိစ္ဆာမဟာပဏ္ဍိတ၏ လွှမ်းမိုးနိုင်လွန်းသောအင်အားသည် ပထမဆုံးတိုက်ခိုက်မှုမှာပင် မည်သည့်စွမ်းအားကိုမှ ချန်လှပ်မထားခဲ့ပေ။

"ဒုက္ခပဲ။" လီကျစ်ဖျင်၏မျက်နှာက သိသိသာသာ ဖြူရော်သွားပြီး အခင်းအကျင်း၏ ဗဟိုချက်ကို အားဖြည့်ရန် စိတ်ဝိညာဉ်ချီစွမ်းအင်များကို အပြင်းအထန် စီးဆင်းစေလိုက်သည်။

သို့သော် ဧရာမပုဆိန်ကြီးဖြတ်သန်းသွားသော နေရာတိုင်းတွင် ဟင်းလင်းပြင်ကိုယ်တိုင်ကပင် မိုးကြိုးစွမ်းအားကြောင့် မှုန့်မှုန့်ညက်ညက် ကြေမွသွားရလေသည်။ လျှပ်စီးနှင့် မီးတောက်များ ရောယှက်သွားပြီး ခုခံမှုအားလုံးကို အချည်းနှီးဖြစ်စေသည့် ကမ္ဘာပျက်မည့်အသွင်အပြင်များကို ဖန်တီးလိုက်သည်။

ဝုန်း။

ကောင်းကင်ကြီးကိုယ်တိုင် အကြမ်းဆွဲဖြဲခံလိုက်ရသကဲ့သို့ပင် မြေကြီးကိုပါ တုန်ဟည်းသွားစေသော ပေါက်ကွဲမှုကြီးတစ်ခု ကောင်းကင်ယံကို ထိုးခွဲသွားလေသည်။

ကြယ်ခုနစ်ပွင့်နဂါးချည်နှောင်အခင်းအကျင်း၏ ဗဟိုချက်သည် ပုဆိန်၏ ရိုက်ခတ်မှုအောက်တွင် ဖုန်မှုန့်များအဖြစ် ပေါက်ကွဲထွက်သွားသည်။ တောက်ပနေသော အလင်းတိုင်ခုနစ်ခုမှာ ပြင်းထန်စွာ တုန်ခါသွားပြီးနောက် ကျိုးပဲ့သွားကာ ကောင်းကင်ရှိ ဓူဝံကြယ်စုပုံသဏ္ဌာန်မှာ မှန်ကွဲများကဲ့သို့ အက်ကွဲသွား၏။ မရေမတွက်နိုင်သော ရွှေရောင်သံကြိုးများလည်း သတ္တုအပိုင်းအစများအဖြစ် ကြေမွသွားကာ ဟင်းလင်းပြင်ထဲ ပျောက်ကွယ်သွားလေသည်။

ကြယ်ခုနစ်ပွင့်နဂါးချည်နှောင်အခင်းအကျင်းက ချက်ချင်းပင် ကျိုးပေါက်သွားခဲ့သည်။

ယခင်ကအခင်းအကျင်းကြောင့် ဖိနှိပ်ခံထားရသော မိစ္ဆာစစ်သည်များနှင့် စစ်သူကြီးများက ပြန်လည်၍ လွတ်လပ်သွားကြပြီး စန်းပိုတောင်တန်း၏ပင်မတောင်ထွတ်ဆီသို့ ဓားမိုးများကြားမှ ဆက်လက်ချီတက်လာသည်။ မိစ္ဆာမဟာပဏ္ဍိတများက သူတို့၏နောက်ခံအဖြစ် ရှိနေရာ စိတ်ဓာတ်ရေးရာများက အကြောက်အလန့်ကင်းသော အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိသွားကြသည်။

ထိုပုဆိန်ချက် တစ်ချက်တည်းက အခင်းအကျင်းကို ဖျက်ဆီးပစ်လိုက်ရုံမက လရိပ်ဂိုဏ်းတပည့်များ၏ စိတ်ဓာတ်များကိုပါ ချိုးနှိမ်ပစ်လိုက်သည်။

မိစ္ဆာမျိုးနွယ်စုအပေါ် လူသားကျင့်ကြံသူများက သာလွန်သည်ဟု ခဏတာမျှ ခံစားလိုက်ရသည့် ခံစားချက်များအားလုံး ချက်ချင်း အငွေ့ပျံပျောက်ကွယ်သွားရသည်။

"မင်းလက်ချက်နဲ့ အခင်းအကျင်းတစ်ခု ပျက်သွားပြီ။ နောက်တစ်ခုကိုတော့ ငါ ဖျက်ဆီးလိုက်မယ်။" တောင်ရွှေ့မဟာပဏ္ဍိတက ရိုင်းစိုင်းစွာ ဟိန်းဟောက်လိုက်သည်။

ကြက်သွေးရောင်မီးတောက်များ ရစ်ခွေနေသော အမွေးနက်ဝက်ဝံမိစ္ဆာကြီးက ကောင်းကင်သို့ ရုတ်တရက် ပစ်တက်သွား၏။

တွေးဆ၍ပင်မရနိုင်အောင် ၎င်း၏သံချပ်ကာအထပ်ထပ်ဝတ်ဆင်ထားပြီး လေးလံထိုင်းမှိုင်းပုံရသော ခန္ဓာကိုယ်ကြီးက တစ်မုဟုတ်ချင်းမှာပင် မီတာသောင်းနှင့်ချီ အမြင့်သို့ ရောက်ရှိသွားလေသည်။ ၎င်း၏ လက်မောင်းများကို ဖြန့်ကားလိုက်ရာ မိစ္ဆာမီးတောက်များဖြင့် ဖွဲ့စည်းထားသော ဧရာမသံဆူးတင်းပုတ်ကြီးတစ်ခု ၎င်း၏ရင်ဘတ်ရှေ့တွင် ပေါ်လာသည်။ ထိုလက်နက်က လေနှင့်ထိတွေ့သည်နှင့် အဆတစ်ရာခန့် ကြီးထွားလာပြီး ဝက်ဝံမဟာပဏ္ဍိတ၏ ဧရာမခန္ဓာကိုယ်ကြီးကိုပင် သေးငယ်သွားစေသည်။

"ဒီအရှင်သခင်အတွက်…" တောင်ရွှေ့မဟာပဏ္ဍိတသည် တောင်များကိုလောင်ကျွမ်းစေနိုင်သော မီးတောက်များရစ်ခွေနေသည့် မည်းနက်သောလေဆင်နှာမောင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မိစ္ဆာနှိမ်နင်း ကောင်းကင်ဓားအစီအရင်၏ အခြေခံအုတ်မြစ်ဆီသို့ တိုက်ရိုက် ဝင်တိုက်လိုက်သည်။ "ကျိုးပျက်စမ်း။"

"ထိန်းချုပ်ရေးအချင်းအကျင်း ကျိုးပေါက်သွားပြီ။ သတ်ဖြတ်ရေး အချင်းအကျင်းကိုတော့ ဒီလောက်လွယ်လွယ် အပျက်ခံလို့မရဘူး။"

"သူ့ကိုတားကြ။"

အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် လီကျစ်ဖျင်နှင့် ကျန်းမုန့်ချူးတို့ တစ်ပြိုင်နက် လှုပ်ရှားလိုက်သည်။

သူတို့က ကောင်းကင်ဓားအစီအရင်၏ ဒုတိယတဆင့် မှော်အဝန်းအဝိုင်းများတွင် နေရာယူလိုက်ကြပြီး ဤမဟာအခင်းအကျင်းကြီးကို လည်ပတ်စေရန် သူတို့၏စွမ်းအားအပြည့်ကို ထုတ်သုံးလိုက်ကြသည်။ သူတို့၏ ကိုယ်ပိုင်ကျင့်စဉ်အဆင့်များက မဟာတက်လှမ်းခြင်းအဆင့် မိစ္ဆာမဟာပဏ္ဍိတများကို ယှဉ်နိုင်ရန် အခွင့်အရေး လုံးဝမရှိပေ။ အစီအရင်နှင့် ကောင်းကင်မြေကြီးစွမ်းအင်များကို အသုံးချမှသာ ခုခံနိုင်ရန် မျှော်လင့်ချက် ရှိနိုင်မည်ဖြစ်သည်။

ဝီ။

မရေမတွက်နိုင်သော ဓားမြည်သံများနှင့်အတူ ကောင်းကင်ဓားအစီအရင်အတွင်းရှိ ဓားချီများအားလုံး ချက်ချင်း စုစည်းသွားကြသည်။

ပျံသန်းနေသောဓားတစ်သိန်းက လေထဲတွင် ထိုးဖောက်မရနိုင်သော ဓားနံရံတစ်ခုကို ရက်လုပ်လိုက်ပြီး ထက်မြက်လှသောဓားသွားများက ချဉ်းကပ်လာနေသော တောင်ရွှေ့မဟာပဏ္ဍိတဆီ တိုက်ရိုက်ဦးတည်နေသည်။

ဝက်ဝံမဟာပဏ္ဍိတက လှောင်ပြောင်ဟန်ဖြင့် နှာခေါင်းရှုံ့လိုက်ပြီး ၎င်း၏ သံဆူးတင်းပုတ်ကြီးကို အလျားလိုက် လွှဲရိုက်လိုက်သည်။ "ကောင်းကင်နဲ့မြေကြီးကို ဝါးမျိုစမ်း။"

ထိုလက်နက်က ကောင်းကင်ကိုလောင်ကျွမ်းစေနိုင်သော မီးတောက်များပါဝင်သည့် လေပြင်းများကို ဖန်တီးလိုက်ပြီး သက်ရှိသက်မဲ့အရာအားလုံးကို ဝါးမျိုနိုင်သော ဝဲကတော့ကြီးတစ်ခုအဖြစ် ဖြစ်တည်သွားသည်။ ထိုလေဆင်နှာမောင်း၏ဗဟိုတွင်တော့ တောင်ရွှေ့မဟာပဏ္ဍိတ ရှေ့သို့တိုးလာသည်နှင့်အမျှ ဟင်းလင်းပြင် ကိုယ်တိုင်က ပုံပျက်သွားရကာ သစ်ပင်ပန်းမန်များကို ပြာအဖြစ်ပြောင်းလဲသွားစေပြီး ကျောက်ဆောင်များကိုပါ ချော်ရည်ပူများအဖြစ် အရည်ပျော်ကျသွားစေသည်။

ဖျက်ဆီး၍မရနိုင်ဟုထင်ရသော ဓားနံရံကြီးမှာ ထိုလောင်ကျွမ်းနေသော မုန်တိုင်းကြီး၏အရှေ့တွင် စက္ကူတစ်ရွက်လို ပျက်စီးသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အပိုင်းအစများအဖြစ် ဆွဲဖြဲခံလိုက်ရသည်။

ကာကွယ်ရေးတံတိုင်း ကျိုးပေါက်သွားသည်နှင့် မျက်နှာဖြူရော်နေသော လီကျစ်ဖျင်နှင့် ကျန်းမုန့်ချူးက ပြန့်ကျဲသွားသော ဓားချီများကို ပြန်လည်စုစည်းရန် ကြိုးစားလိုက်ကြသည်။

သို့သော်လည်း...

ဘုန်း။

တောင်ရွှေ့မဟာပဏ္ဍိတက ဥက္ကာပျံတစ်စင်းလို ကျဆင်းလာပြီး ကပ်ဆိုးကြီးတစ်ခုကဲ့သို့ အင်အားဖြင့် မြေပြင်ပေါ်သို့ဆင်းသက်လာရာ မြေကြီးတစ်ခုလုံး တုန်လှုပ်သွားသည်။ ၎င်းနှင့်အတူ သယ်ဆောင်လာသော ဖျက်ဆီးနိုင်စွမ်းရှိသည့်မီးမုန်တိုင်းကြီးက အခင်းအကျင်း၏အခြေခံအုတ်မြစ်ထဲသို့ တိုက်ရိုက်ရိုက်ခတ်သွားပြီး၊ ဂျုံခင်းထဲတံစဉ်ရိတ်သကဲ့သို့ ၎င်း၏သံဆူးတင်းပုတ်ကြီးလွှဲရိုက်သွားရာ ဝိညာဉ်ချည်နှောင်သံတိုင် (၈၁)လုံး ကြေမွသွားပြီး ကျန်ရှိနေသော အခင်းအကျင်းသင်္ကေတများကိုပါ မီးတောက်များက ဝါးမျိုသွားခဲ့သည်။ မိစ္ဆာနှိမ်နင်းကောင်းကင်ဓားအစီအရင်မှာ ပြိုကျသွားပြီး ကောင်းကင်ယံရှိ ဧရာမဓားကြီးများမှာ ကမ္ဘာပျက်ကိန်း မီးရှူးမီးပန်းများကဲ့သို့ပေါက်ကွဲကာ မီးခဲများအဖြစ် ကျဆင်းလာတော့သည်။

အစီအရင်ပျက်စီးသွားမှုမှ ထွက်ပေါ်လာသော တန်ပြန်မှုက ဒုတိယတဆင့် မှော်အဝန်းအဝိုင်းများရှိ ကျင့်ကြံသူနှစ်ဦးကို ချက်ချင်း လွှမ်းခြုံသွား၏။

ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူနှစ်ဦးစလုံး တစ်ပြိုင်နက်တည်း မျက်နှာရှုံ့မဲ့သွားပြီး ခံတွင်းများမှ သွေးများပန်းထွက်လာကာ စွမ်းအင်အငွေ့အသက်များက ညှိုးနွမ်းသွားခဲ့သည်။

ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့်နှင့် မဟာတက်လှမ်းခြင်းအဆင့်တို့ကြားရှိ ကွာဟချက်မှာ နောက်ဆုံးတွင် ကျော်လွှားမရနိုင်ကြောင်း သက်သေပြလိုက်ခြင်းပင် ဖြစ်လေသည်။ အချင်းအကျင်းများနှင့် သဘာဝစွမ်းအင်များကို အသုံးချခဲ့လျှင်ပင် သူတို့၏ပေါင်းစပ်ကြိုးပမ်းမှုက မိစ္ဆာမဟာပဏ္ဍိတတစ်ပါး၏ တိုက်ခိုက်မှုကို အကောင်းဆုံးအခြေအနေတွင် ခဏတာမျှသာ တောင့်ခံနိုင်စွမ်း ရှိသည်။

"ဒါအကုန်ပဲလား။"

မိစ္ဆာမဟာပဏ္ဍိတနှစ်ပါး၏အနောက်တွင် ရပ်နေသော ရွှေတောင်ပံဂဠုန်က ခေါင်းမော့ကာ လှောင်ပြောင် ရယ်မောလိုက်သည်။

"မင်းတို့လူသားတွေ စုပေါင်းပြီးတော့ ငါတို့မိစ္ဆာတွေကို တောင်တန်းတစ်သောင်းထဲ မောင်းထုတ်တုန်းက ဒီနေ့လိုနေ့မျိုး ရောက်လာမယ်လို့ တွေးဖူးခဲ့ကြလား။"

"မင်းတို့ရဲ့ မဟာတက်လှမ်းခြင်းအဆင့်ကျင့်ကြံသူတွေ ဘယ်ရောက်နေကြလဲ။ ကျွတ် ကျွတ် ကျွတ်... စိတ်ဝိညာဉ်ချီစွမ်းအင်တွေ ခမ်းခြောက်ပြီး အသက်ကြီးလို့သေကုန်ကြပြီလား။"

မိစ္ဆာမဟာပဏ္ဍိတများ၏ ကြောက်မက်ဖွယ်ဖိအားများက လီကျစ်ဖျင်နှင့် ကျန်းမုန့်ချူးတို့ကို မြေကြီးပေါ်တွင် ဖိကပ်ထားရာ သူတို့၏မျက်နှာများမှာ ပြာနှမ်းနေပြီး နှုတ်ခမ်းများမှသွေးများ စီးကျနေသည်။ အခင်းအကျင်း၏ တန်ပြန်မှုက သူတို့၏သွေးကြောများ နှင့် ဒန်တျန်တို့ကို မမြင်မရသော သံကြိုးများကဲ့သို့ ချည်နှောင်ထားပြီး မျက်လုံးများသာလျှင် ဖြစ်ပေါ်နေသောပျက်စီးယိုယွင်းမှုများကို လွတ်လပ်စွာ ကြည့်ရှုခွင့် ရနေတော့သည်။

အဝေးတစ်နေရာတွင်တော့ ပင်မတောင်ထွတ်ကို မိစ္ဆာတပ်ဖွဲ့များက ဝိုင်းရံထားကြပြီ ဖြစ်သည်။ အခင်းအကျင်းအကာအကွယ် မရှိတော့သဖြင့် စန်းပိုပင်မတောင်ထွတ်က အခွံမပါသော လိပ်တစ်ကောင်ကဲ့သို့ ဟင်းလင်းပွင့်နေပြီး မိစ္ဆာများ၏ထိုးစစ်ကို လုံးဝအကာအကွယ်မဲ့စွာ ခံစားရတော့မည် ဖြစ်သည်။

မိစ္ဆာမဟာပဏ္ဍိတငါးပါးသည် တိမ်တိုက်များပေါ်တွင် ရပ်နေကြပြီး အောင်ပွဲခံသည့်ဟန်ဖြင့်သာမက ဆယ်စုနှစ်ပေါင်းများစွာ မျိုသိပ်ထားခဲ့ရသော လက်စားချေလိုမှုများ နောက်ဆုံး၌ ကျေနပ်သွားသည့်အသွင်ဖြင့် အောက်သို့စီးမိုးကြည့်ရှုနေသည်။ သူတို့က ဤလူသားနှစ်ဦးကို တမင်သက်သက် အသက်ချမ်းသာပေးထားခဲ့ခြင်း ဖြစ်သည်။ သူတို့၏ဘဝတစ်ခုလုံး မြှုပ်နှံပြီး တည်ဆောက်ခဲ့ရသမျှအရာအားလုံး ပျက်စီးသွားသည်ကို မျက်မြင်ကိုယ်တွေ့ ခံစားရစေရန် အတင်းအကျပ် ကြည့်ခိုင်းခြင်းပင်။

လီကျစ်ဖျင်၏မျက်လုံးများက မိစ္ဆာဒီရေလှိုင်းလုံးကြီးကို ရောင်ပြန်ဟပ်နေပြီး သူ၏ က်ချောင်းများက မြေကြီးထဲသို့ နက်ရှိုင်းစွာ ကုတ်တွယ်ထားသည်။

"အဟွတ်... တကယ်ပဲ... ဟင်းလင်းပြင်ချောက်နက်ကြီးထဲက စီနီယာတွေ ဝင်မပါတော့ဘူးဆိုတဲ့ သဘောလား။"

မိစ္ဆာမဟာပဏ္ဍိတငါးပါး တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခြင်းက ဟင်းလင်းပြင်ချောက်နက်ကြီးထဲရှိ ရှေးဟောင်းဘီလူးကြီးများအနေဖြင့် သတိမထားမိရန် မဖြစ်နိုင်လောက်အောင် စကြာဝဠာ ဂယက်ရိုက်မှုများကို ဖန်တီးပေးလိမ့်မည်ဖြစ်သည်။ ကောင်းကင်လျှို့ဝှက်ချက်များနှင့် တက်လှမ်းခြင်းအတတ်ကို ရာစုနှစ်ပေါင်းများစွာ အချိန်ယူတွက်ချက်ကာ ကောင်းကင်အတိဒုက္ခများကို အမြဲမပြတ်စောင့်ကြည့်နေကြသော ထိုပုဂ္ဂိုလ်များသည် မိစ္ဆာများ တောင်တန်းတစ်သောင်းမှ ထွက်ခွာလာသည့်အချိန်ကတည်းက သေချာပေါက် သိနေရမည် ဖြစ်သည်။

အကယ်၍ သူတို့က ယခုအချိန်အထိ ဝင်မပါဘူးဆိုလျှင်... မကူညီချင်၍လား။ သို့မဟုတ် ဟင်းလင်းပြင် ချောက်နက်ကြီးထဲမှာပင် သက်တမ်းကုန်ပြီး သေဆုံးသွားကြ၍လား။

ဟင်းလင်းပြင်ချောက်နက်ကြီးထဲမှ မဟာတက်လှမ်းခြင်းအဆင့်ကျွမ်းကျင်သူများ မရှိတော့လျှင်...

ဘိုးဘေးကြီး တစ်ယောက်တည်းသာ ကျန်တော့သည်...

သို့သော် ဘိုးဘေးကြီးသည် မကြာသေးခင်ကမှ မဟာတက်လှမ်းခြင်းအဆင့်ကို ရောက်ထားရာ သူက မိစ္ဆာမဟာပဏ္ဍိတငါးပါးကို ရင်ဆိုင်နိုင်ပါမည်လား။

တောင်ရွှေ့မဟာပဏ္ဍိတက ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူနှစ်ဦးပေါ်သို့ ရက်စက်သော အပြုံးတစ်ခုဖြင့် ငုံ့ကြည့်လိုက်သည်။

"သေချာကြည့်။ ပင်မတောင်ထွတ်က မင်းတို့ လရိပ်ဂိုဏ်းကတပည့်တွေနဲ့ ပြည့်နေတာမဟုတ်လား။"

"ငါတို့မိစ္ဆာတွေက နောက်ဆုံး တစ်ယောက်မကျန်သတ်ပစ်မယ်။ ပြီးရင် စန်းပိုတောင်တန်းကြီးကို ဖြတ်ပြီးတော့ မင်းတို့ဂိုဏ်းကို တိုက်ခိုက်မယ်။"

"လူသားတွေရဲ့ကမ္ဘာပျက်ကိန်းက အခုမှ စတင်ရုံပဲ ရှိသေးတယ်။"

ဝက်ဝံမဟာပဏ္ဍိတက ကိုယ်ပိုင်ဟန်ဖြစ်သော ဟိန်းဟောက်သံကို ထုတ်လွှင့်ရန် ခေါင်းမော့လိုက်ချိန်တွင် ရုတ်တရက်။

ဘုန်း။

ပင်မတောင်ထွတ်မှ မိုးခြိမ်းသံတစ်ခု ပေါက်ကွဲထွက်ပေါ်လာ၏။

တစ်ချိန်တည်းမှာပင် ၎င်း၏ရင်ဘတ်ကို ပေါ့ပေါ့ပါးပါး လက်သီးတစ်ချက် ထိုးခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

လေထုထဲတွင် လောင်ကျွမ်းနေသောအနံ့များ ပြည့်နှက်သွား၏။

၎င်းက မျက်တောင်တဖျတ်ဖျတ်ခတ်ကာ ကြောင်တောင်တောင်ဖြင့် အောက်သို့ ငုံ့ကြည့်လိုက်သောအခါ ၎င်း၏သံချပ်ကာကြားရှိ မြင်နေရသောအမွေးများက အဖြူရောင်အဖြစ်သို့ လောင်ကျွမ်းကာ လိပ်သွားသည်ကို တွေ့လိုက်ရသည်။

တစ်ချိန်တည်းမှာပင် စန်းပိုပင်မတောင်ထွတ်မှ မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာ၏။

"ပစ်ကြ။”

…

All Chapters