အခန်း ၅၀၄
Vol. 51 Ch. 504
အခန်း(၅၀၄) အရေးကြီးသောအခိုက်အတန့်
ထူးဆန်းသော ဟိန်းဟောက်သံက စန်းပိုတောင်တန်းကြီးတစ်လျှောက် ပဲ့တင်ထပ်နေဆဲဖြစ်ကာ ကျောက်ဆောင်များကို တုန်ခါသွားစေပြီး တိမ်တိုက်များကို လှိုင်းထန်သွားစေသည်။
"ဒါက..." တောင်ရွှေ့မဟာပဏ္ဍိတ မျက်မှောင်ကျုံ့လိုက်ပြီး အခြေအနေကို နားမလည်နိုင်ဖြစ်နေသည်။
အခြားမိစ္ဆာမဟာပဏ္ဍိတလေးပါးလည်း ပင်မတောင်ထွတ်ဆီသို့ ရှုပ်ထွေးစွာဖြင့် လှမ်းကြည့်လိုက်သည်။
"ပစ်ကြ"ဆိုသည့် ဒေါသတကြီးအော်ဟစ်သံ မပျောက်ကွယ်သွားခင်မှာပင်။
ဘုန်း ဘုန်း ဘုန်း။
မိုးကြိုးပျားအုံကို သွားနှိုက်မိသကဲ့သို့ မိုးခြိမ်းသံလို ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် သမုဒ္ဒရာလိုပြာလဲ့နေသော စိတ်ဝိညာဉ်ချီစွမ်းအင် အလင်းတန်းများက ပင်မတောင်ထွတ်ထိပ်မှနေ၍ မိစ္ဆာအုပ်ကြီးဆီသို့ အဆက်မပြတ် ရွာသွန်းကျလာသည်။
တောင်ထိပ်မှနေ၍ ပစ်လွှတ်လိုက်သော နတ်လက်နက်များကဲ့သို့ ထိုအလင်းလှံတံများသည် မိစ္ဆာများ အထူထပ်ဆုံး စုဝေးနေသည့်နေရာများကို တိုက်ရိုက်ထိမှန်သွားကြသည်။
အထူးသဖြင့် ဧရာမအလင်းတန်းကြီးတစ်ခု ဖြတ်သန်းသွားသော နေရာတိုင်းရှိ မိစ္ဆာစစ်သည်များကို ချက်ချင်း ချေမှုန်းပစ်လိုက်ပြီး အော်ဟစ်ချိန်ပင်မရလိုက်ဘဲ ဖုန်မှုန့်အဖြစ် ပြောင်းလဲပစ်လိုက်သည်။
မိစ္ဆာစစ်ကြောင်းမှာ ချက်ချင်းပင် ပေတစ်ထောင် အကျယ်ရှိသော ကွက်လပ်ကြီးများ ဖြစ်ပေါ်ကာ ဆွဲဖြဲခံလိုက်ရသည်။
ထိုဧရာမ အလင်းတန်းကြီးများနှင့်အတူ သေးငယ်သော်လည်း အဆက်မပြတ် ပစ်ခတ်နေသော အလင်းတန်းပေါင်းများစွာလည်း ပါဝင်လာ၏။
ထိုအလင်းတန်းများက မိစ္ဆာတပ်ဖွဲ့များကြားထဲသို့ ဂျုံခင်းကို တံစဉ်နှင့်ရိတ်သကဲ့သို့ ဖြတ်သန်းသွားကာ သွေးချောင်းစီးသတ်ဖြတ်မှုများကို ချန်ရစ်ခဲ့ပြီး စစ်ပွဲဇုန်တစ်ခုလုံးကို အလျင်အမြန် ရှင်းလင်းသွားသည်။
မိစ္ဆာမဟာပဏ္ဍိ ငါးပါးက ပင်မတောင်ထွတ်မှ ပေါက်ကွဲထွက်လာသော အလင်းတန်းများကို မှင်တက်စွာ စိုက်ကြည့်နေမိကြသည်။
ပထမတွင် ၎င်းကို မန္တန်အလင်းတန်း သို့မဟုတ် ဓားချီစွမ်းအင်များဟု သူတို့ ထင်မှတ်ခဲ့ကြသည်။
သို့သော် တောင်ထွတ်ပေါ်တွင် ကျင့်ကြံသူသောင်းနှင့်ချီ ရှိနေလျှင်ပင် ဤကဲ့သို့သည်းထန်လှသော ပစ်ခတ်မှုမျိုးမှာ မဖြစ်နိုင်ပေ။
ထို့အပြင်... သူတို့၏ ဝိညာဉ်အာရုံခံစားမှုများက မမှားယွင်းနိုင်ပေ။ ပင်မတောင်ထွတ်ပေါ်တွင် ကျင့်ကြံသူ ရာဂဏန်းသာ ရှိသည်ကို သူတို့ အာရုံခံမိထားသည်။
"ဒါတွေက... ချင်းယွန်အမ်-၄တွေလား။ အမ်-၄သေနတ်တွေနဲ့ တာမီနိတ်တာတွေလား။" လီကျစ်ဖျင်၏ မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် တောက်ပသွားပြီး နှုတ်ခမ်းများက ထိန်းချုပ်မရအောင် ပြုံးယောင်သမ်းသွားသည်။
ကျန်းမုန့်ချူးလည်း ထပ်တူပင် ဆွံ့အသွားပြီး ရေရွတ်လိုက်သည်။ "ဘိုးဘေးကြီးရဲ့ ဖန်တီးမှုတွေက တကယ်ကို ထူးခြားပြောင်မြောက်လွန်းတယ်။"
တကယ်ကို ထူးခြားပြောင်မြောက်လွန်းလှသည်။
မျက်စိတစ်မှိတ်စာ အသက်ရှူချိန်အတွင်း ဖြစ်ပေါ်သွားသော ပျက်စီးယိုယွင်းမှုမှာ ဧရာမအခင်းအကျင်း နှစ်ခု၏စွမ်းအားနှင့် နီးပါးတူညီနေသည်။
သို့တိုင်အောင် ထိုအခင်းအကျင်းများကို သူတို့ကဲ့သို့ ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူများမှသာ အသက်သွင်းနိုင်ခြင်း ဖြစ်သည်။
သို့သော် ဤစက်ယန္တရားပစ္စည်းများကမူ အခြေခံအသိဉာဏ်ရှိသော သာမန်လူတိုင်းက ၎င်းတို့ကို မောင်းနှင်လည်ပတ်နိုင်၏။
အရင်းအမြစ်အသုံးချနိုင်မှုစွမ်းရည်က မည်မျှထိရောက်ကြောင်း သူ့ဘာသာ သက်သေပြနေပြီဖြစ်သည်။
...
မိစ္ဆာမဟာပဏ္ဍိတငါးပါးစလုံး၏ မျက်နှာများမှာ အကျည်းတန် ရုပ်ဆိုးသွားကြသည်။
အကယ်၍ လရိပ်ဂိုဏ်းကသာ ဤအတိုင်းဆက်လုပ်နေမည်ဆိုလျှင် သူတို့၏ မိစ္ဆာတပ်မကြီးတစ်ခုလုံး ဆုံးရှုံးရတော့မည်ဖြစ်သည်။
၎င်းတို့သည် တောင်တန်းတစ်သောင်းရှိ မိစ္ဆာတပ်ဖွဲ့များ၏ အစိတ်အပိုင်းတစ်ခုသာဖြစ်ပြီး မိစ္ဆာများက အလျင်အမြန် မျိုးပွားနိုင်ကြသည် ဆိုသော်ငြားလည်း...
တပ်သားမရှိသော စစ်သူကြီးငါးယောက်အဖြစ် ပြန်သွားရခြင်းက အလွန်ရှက်ဖွယ်ကောင်းလှပေမည်။
အထူးသဖြင့် တုရှန်ယွဲ့က အရိပ်ထဲမှနေ၍ စောင့်ကြည့်နေချိန်တွင် ပို၍ပင် ဆိုးရွားသေးသည်။
ခဏတာစဉ်းစားပြီးနောက် ဂဠုန်မဟာပဏ္ဍိတ၏မျက်လုံးများ တောက်ပသွားကာ အတောင်ပံများကို ဖြန့်ကျက်ပြီး ပင်မတောင်ထွတ်ဆီသို့ ပျံသန်းသွားသည်။
"လရိပ်ဂိုဏ်းက ဘာကောက်ကျစ်တဲ့အကြံအစည်တွေ သုံးနေလဲဆိုတာ ငါ သွားကြည့်လိုက်မယ်။"
၎င်း၏စကား မဆုံးခင်မှာပင် အပြာရောင် အလင်းတန်းအချို့က ၎င်းဆီသို့ စုပြုံကျရောက်လာသည်။
ဂဠုန်မဟာပဏ္ဍိတက ၎င်း၏ရွှေတောင်ပံများကို ခတ်လိုက်ရာ ငှက်ပျောဖက်ပေါ် မိုးရွာကျသကဲ့သို့ သတ္တုချင်းရိုက်ခတ်သံများနှင့်အတူ စိတ်ဝိညာဉ်ချီစွမ်းအင်အလင်းတန်းများကို လွှဲဖယ်ပစ်လိုက်သည်။
"ဒီလောက် သနားစရာကောင်းတဲ့အင်အားလေးနဲ့။" ရွှေတောင်ပံလင်းယုန်က လှောင်ပြောင်လိုက်ပြီး တောင်ထွတ်၏အနောက်ဘက်ရှိ ကျောက်ကမ်းပါးယံတစ်ခုဆီသို့ ထိုးဆင်းသွားသည်။
ထိုကမ်းပါးယံထဲတွင်တော့ လရိပ်ဂိုဏ်းတပည့်များသည် ချင်းယွန်တာမီနိတ်တာများဖြင့် မိစ္ဆာများအပေါ် ပျက်စီးခြင်းမိုးများ ရွာသွန်းနေကြပြီး ချဉ်းကပ်လာနေသော အန္တရာယ်ကို သတိမပြုမိကြပေ။
"အစ်မကျောက်လဲ့၊ သတိထား။" တစ်ယောက်ယောက် အော်ဟစ်လိုက်သော်လည်း နောက်ကျသွားခဲ့ပြီ။
ရွှေတောင်ပံဂဠုန်သည် ရွှေရောင်မိုးကြိုးတစ်စင်းကဲ့သို့ ဆင်းသက်လာသည်။ ၎င်း၏လက်သည်းများက လက်ခတ်တစ်ချက်တည်းဖြင့် တောင်တစ်ဝက်ခန့်ကို ဖြတ်တောက်သွားပြီး နောက်ထပ်တစ်ချက်ဖြင့် ကာကွယ်ရေးအခင်းအကျင်း၏ ဗဟိုချက်ကို ဖျက်ဆီးပစ်လိုက်သည်။
အထဲတွင်ပုန်းကွယ်နေသော လရိပ်ဂိုဏ်းတပည့်များ ပေါ်ထွက်သွားချိန်တွင် မြေကြီးသည်လည်း တုန်လှုပ်သွားသည်။ အားနည်းသောတပည့်များစွာမှာ မိစ္ဆာမဟာပဏ္ဍိတ၏ ဖိနှိပ်ထားသော အငွေ့အသက် အောက်ဘက်တွင် သွေးအန်ကာ တုန်ယင်သွားကြသည်။ မိစ္ဆာက ပေါ့ပေါ့ပါးပါးလက်ဟန်ဖြင့် လေပြင်းတစ်ခုကို ဖန်တီးလိုက်ရာ မိန်းကလေးတပည့်တစ်ဦးမှာ ၎င်း၏လက်ဆုပ်ထဲသို့ ရောက်ရှိသွားသည်။
လက်သည်းများက သူ၏ပခုံးကို ထိုးဖောက်ဝင်ရောက်သွားရာ ထိုတပည့်မလေးမှာ နာကျင်စွာဖြင့် အော်ဟစ်လိုက်ပြီး တာမီနိတ်တာကို ပြုတ်ကျသွားစေခဲ့သည်။ ထိုအခါမှသာ မဟာပဏ္ဍိတငါးပါးစလုံး ၎င်းကို ရှင်းလင်းစွာ မြင်တွေ့ခွင့်ရသွားတော့သည်။
ထိုသို့ မြင်တွေ့ရလျှင်တောင်မှ သူတို့သည် ဤပြောင်းခြောက်ခုပါသောကိရိယာကို နားမလည်နိုင်ကြဘဲ စက်ယန္တရားတစ်ခုအဖြစ်သာ သိမြင်နိုင်ကြသည်။
"ချင်းယွန်ဘုံက လူသားကျင့်ကြံသူတွေ နှစ်ထောင်ပေါင်းများစွာကြာတဲ့အထိ မတိုးတက်လာတာ အံ့ဩစရာ မရှိပါဘူး။ ကလေးကစားစရာတွေနဲ့ အချိန်ကုန်နေကြတာကိုး။" မဟာပဏ္ဍိတများက အချင်းချင်း အကြည့်ချင်းဖလှယ်ကာ ရယ်မောလိုက်ကြသည်။
စက်မှုလက်နက်များကို ရင်ဆိုင်ရခြင်းက နတ်ဘုရားအတတ်များကို ရင်ဆိုင်ရသည်ထက် အများကြီး ပိုကောင်းသည်။
ဤကဲ့သို့ အဆက်မပြတ်ပစ်ခတ်မှုများက သူတို့ကို မကြောက်လန့်စေပေ။ မဟာတက်လှမ်းခြင်းအဆင့် သတ္တဝါများဖြစ်သည့်အလျောက် အပြင်းထန်ဆုံး လင်းတန်းများကပင် သူတို့၏အမွေးများကို အနည်းငယ်သာ ကျွမ်းသွားစေနိုင်သည်။
သူတို့ကို ကြောက်လန့်စေသောအရာမှာ လူသားကျင့်ကြံသူများသည် ထိုသို့သော စွမ်းအားမျိုးကို သူတို့၏အဆင့်အတန်းတွင် အသုံးပြုလာမည်ကိုပင်။
ဤသို့သာဆိုလျှင် မဟာတက်လှမ်းခြင်းအဆင့်ပြိုင်ဘက် ထောင်ပေါင်းများစွာကို ရင်ဆိုင်ရသလို ဖြစ်မနေဘူးလား။
စက်ယန္တရားများကို ဖြေရှင်းရခြင်းက ပိုမို၍ လွယ်ကူရိုးရှင်းပေသည်။
တောင်ထွတ်၏ကာကွယ်ရေးများက ၎င်းတို့အတွက် ဘာမှမဟုတ်။ လက်နက်များကို ဖျက်ဆီးလိုက်ရုံဖြင့် ၎င်းတို့၏မိစ္ဆာတပ်မကြီးသည် လရိပ်ဂိုဏ်းဆီသို့ ဆက်လက်ချီတက်နိုင်ပြီဖြစ်သည်။
ဘုန်း ဘုန်း ဘုန်း။
စွမ်းအင်အလင်းတန်းများ ထပ်မံရောက်ရှိလာသော်လည်း အားလုံးကို ဂဠုန်မဟာပဏ္ဍိတက ကြားဖြတ်ကာကွယ်လိုက်သည်။
ထိရောက်မှုမရှိသောတိုက်ခိုက်မှုများက ၎င်းကို ပို၍သာဒေါသထွက်စေသည်။
၎င်းက ပင်မတောင်ထွတ်ကို ရက်စက်စွာပြုံးကြည့်ရင်း ဧရာမလက်သည်းကြီးများဖြင့် ဒဏ်ရာရနေသော တပည့်လေးကို မြှောက်တင်လိုက်သည်။
"သူ့ကို ကယ်ချင်သား။ ဟီးဟီးဟီး။ ဒါဆိုရင် ငါက မင်းတို့မျက်စိရှေ့မှာတင် သူ့ကို အရှင်လတ်လတ် ဝါးစားပြမယ်။ အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်မယ်။"
ဂဠုန်မဟာပဏ္ဍိတက ၎င်း၏ပါးစပ်ကြီးကိုဟလိုက်ရာ တပည့်မလေး၏ပခုံးမှ သွေးများစီးကျနေစဉ် အပုပ်နံ့ထွက်နေသောအသက်ရှူငွေ့များက ကျောက်လဲ့အပေါ်သို့ လွှမ်းခြုံသွားသည်။
ကျောက်လဲ့ ခန္ဓာကိုယ်တောင့်တင်းသွားပြီး သေမည့်အချိန်ကို စောင့်ဆိုင်းနေသည်ကို မြင်သောအခါ၊ ၎င်းက လှောင်ပြောင်လိုက်သည်။
"ပိုးကောင်စုတ်။ ငါတို့မိစ္ဆာမျိုးနွယ်စုကို ဒူးထောက်ခစားပြီးတော့ သစ္စာခံစမ်း။ ဒါဆိုရင် ငါမင်းကို အသက်ချမ်းသာပေးချင်ပေးမယ်။"
အခြားသောမဟာပဏ္ဍိတများကလည်း ဟားတိုက်ရယ်မောလိုက်ကြသည်။
သို့သော် ကျောက်လဲ့က သံမဏိလိုခိုင်မာသော ဆုံးဖြတ်ချက်များဖြင့် မျက်လုံးများကို ဖွင့်လိုက်သည်။
"ဓားကျောင်းတော်က တပည့်တွေက သေရင်သေသွားပါစေ၊ ဘယ်တော့မှ ဒူးမထောက်ဘူး။ ကျွန်မကို သတ်ချင်သတ်လိုက်။ ဘိုးဘေးကြီးက ကျွန်မအတွက် လက်စားချေပေးလိမ့်မယ်။"
"ဘိုးဘေးကြီး ဟုတ်လား။ ဟီးဟီးဟီး။" ဂဠုန်မဟာပဏ္ဍိတက ဟားတိုက်ရယ်မောလိုက်သည်။ "သူက အဲဒီလောက် စွမ်းနေရင် ဘာလို့ မင်းသေတဲ့အထိ စောင့်နေမှာလဲ။ အခုချက်ချင်း ဘာလို့လာမကယ်တာလဲ။။"
"ဘိုးဘေးက..." ကျောက်လဲ့၏မျက်နှာက မှောင်မိုက်သွားပြီး သွားကိုတင်းတင်းကြိတ်လိုက်သည်။ "သူက တံခါးပိတ်ကျင့်ကြံနေတာ။ ရှင်တို့က ကျွှန်မတို့ရဲ့သံယောဇဉ်ကို ဖြတ်တောက်နိုင်မယ် ထင်နေလား။ ထွီး။"
သွေးစွန်းနေသော တံတွေးတစ်လုတ်က မိစ္ဆာ၏ပါးစပ်ထဲသို့ဝင်သွားရာ ၎င်းကို ထိန်းချုပ်မရအောင် ဒေါသထွက်သွားစေသည်။
ကစားနေရန် အချိန်မရှိတော့။ ဤရိုင်းစိုင်းသော တပည့်ကို သူ အရှင်လတ်လတ် မျိုချပစ်တော့မည်။
ထိုအချိန်မှာပင်။
"ချွမ်။"
ဤဓားသံက သတ္တုချင်းရိုက်ခတ်သံမဟုတ်ဘဲ ကမ္ဘာဦးအမိန့်တော်တစ်ခု နိုးထလာသကဲ့သို့ ဖြစ်သည်။
အသံလှိုင်းက ဟင်းလင်းပြင်ကိုပင် တုန်ခါသွားစေပြီး မဟာပဏ္ဍိတငါးပါးကိုပင် ရပ်တန့်သွားစေသည်။
ဓားသမားတစ်ဦး၏အရိပ်က ဂဠုန်မဟာပဏ္ဍိတဘေးတွင် ပေါ်လာပြီး ဓားအလင်းတန်းတစ်ချက် လက်သွားကာ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။
အလွန်မြန်ဆန်လွန်းသဖြင့် မိစ္ဆာမှာ သွေးများပျံ့နှံ့လာသည်ကို မြင်တွေ့ရမှသာ ၎င်း၏လက်မောင်းမှ နာကျင်မှုကို ခံစားသိရှိလိုက်ရသည်။
တပည့်မကို ဆုပ်ကိုင်ထားဆဲဖြစ်သော ၎င်း၏လက်သည်းကြီးမှာ အောက်ဘက်ရှိ ချောက်နက်ကြီးထဲ ပြုတ်ကျသွားလေသည်။
အခြားအရိပ်တစ်ခုက ၎င်း၏နောက်မှ ထိုးဆင်းသွားပြီး ချောက်နက်ကြီးထဲ ပျောက်ကွယ်သွားသည်။
"ခွက်ကိုမြှောက်လို့ လမင်းကိုဖိတ်ခေါ်မယ်။ အားလုံးပေါင်းတော့ သုံးယောက် ဖြစ်သွားပြီ။"
တည်ငြိမ်သောအသံတစ်ခု ကောင်းကင်ယံမှ ထွက်ပေါ်လာ၏။ အလျင်စလိုမရှိသော်လည်း ဓားအသိများ ပြည့်လျှံနေသည်။
မိစ္ဆာများ အထက်သို့မော့ကြည့်လိုက်သောအခါ၊ တိမ်တိုက်များ ကွဲအက်သွားပြီး ဆင်းသက်လာသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ဆံပင်အဖြူ၊ ဝတ်ရုံအမည်းနှင့် ဖြစ်သည်။
အရက်မူးနေသကဲ့သို့ မျက်လုံးကိုမှိတ်ထားသော်လည်း ကိုယ်ဟန်အမူအရာက တိတ်ဆိတ်ငြိမ်သက်သော ကြီးမြတ်မှုကို ဖြာထွက်နေသည်။
သူ၏ခါးတွင် နဂါးစွမ်းအင်များဖြင့် တဝီဝီမြည်နေသော ကြေးခွံနက်ဓားရှိနေသည်။
သူ၏လက်ထဲတွင် မွှေးကြိုင်သောအရက်နံ့များ ထွက်ပေါ်နေသည့် ဘူးသီးခြောက်အရက်ဘူး တစ်ဘူး ကိုင်ဆောင်ထားသည်။
ထိုသူ အခြားသူ မဟုတ်ပေ...
ဓားကျောင်းတော်၏ ဘိုးဘေးကြီး ချန်ဟွိုက်အန်ပင်။
…