အခန်း ၅၀၅
Vol. 51 Ch. 505
အခန်း(၅၀၅) မဟာပဏ္ဍိတငါးပါးနှင့် ဓားတစ်လက်
ဓားသမားအရိပ်နှစ်ခုက ချန်ဟွိုက်အန်နှင့် ပေါင်းစပ်သွားသည်။
ချန်ဟွိုက်အန်၏ကိုယ်ပေါ်မှ အရက်မူးနေသောပုံစံများ ပျောက်ကွယ်သွားပြီး မျက်လုံးများကို နောက်ဆုံးတွင် ဖွင့်လိုက်သည်။ အေးစက်တောက်ပနေသော ကြယ်ပွင့်ကဲ့သို့ အလင်းတန်းနှစ်ခုက မိစ္ဆာမဟာပဏ္ဍိတငါးပါးကို တိုက်ရိုက်စိုက်ကြည့်လိုက်ကာ ရှင်းလင်းပြတ်သားသော အသံဖြင့် ပြောဆိုလိုက်သည်။ "မင်းတို့ ငါ့ရဲ့လရိပ်ဂိုဏ်းတပည့်တွေကို မထိရဘူး။"
သူက အပြေးအလွှားရောက်ရှိလာခြင်း ဖြစ်ပေသည်။ အကြောင်းမှာ နှစ်မွှာကျင့်ကြံပြီးနောက်တွင် လီချင်းရန်၏ စိတ်ဝိညာဉ်ချီစွမ်းအင်လွှမ်းမိုးမှုအောက်တွင် သူ၏အဓိကခန္ဓာကိုယ် ကျင့်စဉ်အဆင့်မှာ ရွှေရောင်အနှစ်သာရအလယ်ပိုင်းမှ နောက်ဆုံးအဆင့်သို့ ဖောက်ထွက်သွားခဲ့ပြီး ကျင့်စဉ်အဆင့်ကို တည်ငြိမ်စေရန်အတွက် လက်တွေ့သို့ပြန်လာရန် တွန်းအားပေးခံခဲ့ရသောကြောင့်ပင်။
ကံကောင်းထောက်မစွာဖြင့် သူက အချိန်မီ ရောက်ရှိလာခဲ့သည်။
တပည့်တစ်ဦးဦး သေဆုံးသွားခြင်းက သူ့အတွက် လက်ခံနိုင်စရာမရှိသော အရာပင်။ အားလုံးကို မကာကွယ်နိုင်ခဲ့မည့် အခြေအနေမျိုးအတွက် သူ ကြိုတင်ပြင်ဆင်ထားခဲ့ပြီးဖြစ်သော်လည်း၊ ဖြစ်နိုင်မည်ဆိုပါက ထိုနေ့မျိုး လုံးဝမရောက်လာစေရန် သူ မျှော်လင့်ခဲ့သည်။
မည်သို့ပင်ဖြစ်စေ ကျောက်လဲ့ကိုမူ ပင်မတောင်ထွတ်၏ကမ်းပါးယံဆီသို့ ပို့ဆောင်ပေးပြီးဖြစ်သည်။
လင်းရှီးတောင်ကြားမှ မိန်းကလေး ကျင့်ကြံသူနှစ်ဦးက သူ့အား ဆေးတိုက်ကျွေးနေကြသည်။ ကျောက်လဲ့မှာ ယခုအခါတွင် အန္တရာယ်မှ လွတ်မြောက်သွားပြီဖြစ်ပြီး တောက်လောင်နေသောအကြည့်များက မိစ္ဆာမဟာပဏ္ဍိတကြီးငါးပါး၏အရှေ့ လေထဲတွင် မတ်တတ်ရပ်နေသော ပုံရိပ်ထံသို့ တစိုက်မတ်မတ် စူးစိုက်ကြည့်နေသည်။
သူတို့၏ ဓားကျောင်းတော်မှ တည်ထောင်သူ ဘိုးဘေးကြီး အမှန်တကယ်ပင် ရောက်လာခဲ့လေပြီ။
"ငါ သိသားပဲ... ဘိုးဘေးကြီး ရောက်လာမယ်ဆိုတာ ငါ သိပြီးသား။"
ကျောက်လဲ့က မျက်ဝန်းထောင့်မှ မျက်ရည်များကို သုတ်လိုက်သည်။
ဘိုးဘေးကြီးအနေဖြင့် တစ်ဘဝလုံး ဓားလမ်းစဉ်အပေါ်တွင်သာ စွဲလမ်းနေခဲ့ပြီး အချစ်ရေးရာများကို စိတ်မဝင်စားခဲ့ခြင်းက ဝမ်းနည်းစရာပင်။ မဟုတ်ပါက သူ့အနေဖြင့် ဘိုးဘေးကြီး၏ တာအိုလက်တွဲဖော် နေရာအတွက် မည်သို့ပင် ပေးဆပ်ရစေကာမူ တိုက်ပွဲဝင်ခဲ့မည်ဖြစ်သည်။
...
ချန်ဟွိုက်အန်သည် အောက်ဘက်ရှိ မိစ္ဆာမဟာပဏ္ဍိတငါးပါးကို ငုံ့ကြည့်လိုက်ပြီး ခိုင်မာသောမြေပြင်ပေါ် လျှောက်လှမ်းနေသကဲ့သို့ လေထုထဲတွင် ဖြည်းညင်းစွာ ခြေလှမ်းလှမ်းကာ ဆင်းသက်လာသည်။ သူ၏ ခြေလှမ်းတိုင်းက ခြေဖဝါးအောက်ရှိ ဟင်းလင်းပြင်တွင် လှိုင်းတွန့်များကို ဖြစ်ပေါ်စေသည်။
သူ့တွင် ဤမိစ္ဆာမဟာပဏ္ဍိတများကဲ့သို့ ကမ္ဘာမြေကိုတုန်လှုပ်စေသော အငွေ့အသက်ကြီးများ မရှိပေ။
သို့သော်လည်း သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော သိမ်မွေ့၍ ရင်ကိုတုန်လှုပ်စေသော ဖိအားတစ်ခု ရှိနေသည်။ လည်ပင်းသို့ထောက်ထားသော ဓားတစ်လက်ကဲ့သို့ လူများကို မသိလိုက်မသိသာ အသက်ရှူ ရပ်သွားစေနိုင်သည်။
"မင်းက ဘယ်သူလဲ။"
ဂဠုန်မဟာပဏ္ဍိတ၏အမူအရာမှာ တည်တင်းလေးနက်သွား၏။
ပထမဆုံး မဟာတက်လှမ်းခြင်းအဆင့် လူသားကျင့်ကြံသူ ရောက်ရှိလာခဲ့လေပြီ။
ပြန်လည်ရှင်သန်နိုင်စွမ်းအရ လက်မောင်းကို ချက်ချင်းပြန်လည်ဖြစ်ပေါ်စေရမည် ဖြစ်သော်လည်း၊ ထူးဆန်းသော ငွေဖြူရောင် ဓားအသိတစ်ခုက ဒဏ်ရာကိုဖုံးလွှမ်းထားပြီး ၎င်း၏အသားစများကို လုံးဝ ဖိနှိပ်ထားကာ ပြန်လည်ထွက်ပေါ်လာသမျှ အသားစများကို ချက်ချင်းပင် အပိုင်းပိုင်းခုတ်ထစ်ပစ်နေသည်။
ထင်ရှားသည်မှာ၊
ဤမဟာတက်လှမ်းခြင်းအဆင့် ဓားကျင့်ကြံသူမှာ သာမန်ပြိုင်ဘက်တစ်ဦး မဟုတ်ပေ။
"ငါက ဓားကျောင်းတော်ရဲ့ တည်ထောင်သူ ဘိုးဘေးကြီး ချန်ဟွိုက်အန်ပဲ။ ဒါပေမဲ့ အခုတော့ ငါက လရိပ်ဂိုဏ်းရဲ့ဘိုးဘေးပဲ၊။ ဘာလို့လဲဆို ဓားကျောင်းတော်ဆိုတာ လရိပ်ဂိုဏ်းပဲလေ။"
"ဒါဆို မင်းပဲပေါ့။" တောင်ရွှေ့မဟာပဏ္ဍိတ၏မျက်နှာ မည်းမှောင်သွားပြီး ဟိန်းဟောက်လိုက်သည်။ "ငါတို့မိစ္ဆာမျိုးနွယ်စုရဲ့ အဆင့်မြင့်ဝိညာဉ်ကြောကို ခိုးသွားတာ မင်းပေါ့။"
ချန်ဟွိုက်အန်၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးညွတ်သွားလေသည်။ "အဆင့်မြင့် ဝိညာဉ်ကြောတွေဆိုတာ ကောင်းကင်နဲ့မြေကြီးကနေ ဖြစ်ထွန်းလာတာဖြစ်ပြီးတော့ ရှေးခေတ်ကတည်းက တည်ရှိနေခဲ့တာ။ အဲဒါတွေက မင်းးတို့ မွေးဖွားပေးတာလည်း မဟုတ်ဘူး၊ ပြုစုပျိုးထောင်ပေးတာလည်း မဟုတ်ဘူး။ အဲဒီတော့ ဘယ်လိုလုပ်ပြီး မင်းတို့ပိုင်ဆိုင်တာ ဖြစ်ရမှာလဲ။ အဲဒါတွေက မင်းတို့ပိုင် မဟုတ်ဘူးဆိုရင် ဘာလို့ ဒီအရှင်က ယူလို့မရမှာလဲ။"
သူက ဝိညာဉ်ကြောကို ယူဆောင်သွားခဲ့ကြောင်း ငြင်းဆိုခြင်း မရှိပေ။
အဘယ်ကြောင့်ဆိုသော် မည်သို့မျှ ငြင်းဆိုနေ၍ အကျိုးရှိမည်မဟုတ်သောကြောင့်ပင်။
ဤမိစ္ဆာမဟာပဏ္ဍိတများသည် ဝိညာဉ်ကြောကိစ္စနှင့် ပတ်သက်နေသည်ဖြစ်စေ၊ မပတ်သက်နေသည် ဖြစ်စေ လူသားကျင့်ကြံသူများနှင့် စစ်ခင်းကြမည်သာဖြစ်ရာ လရိပ်ဂိုဏ်းကို ချေမှုန်းခြင်းက သူတို့၏ပန်းတိုင် ဖြစ်လာစေမည် ဖြစ်သည်။
သူတို့၏အလုံးစုံထိုးစစ်တွင် အောင်မြင်မှုရရှိထားပြီးဖြစ်၍။
ယခုအခါ လူသားကျင့်ကြံသူများ အားနည်းနေချိန်တွင်။
၎င်းတို့ မိစ္ဆာမျိုးနွယ်စုအနေဖြင့် လက်စားချေရန်နှင့် ချင်းယွန်ဘုံကို ပြန်လည်သိမ်းပိုက်ရန် ဤသည်မှာ အကောင်းဆုံး အခွင့်အရေး မဟုတ်ပေဘူးလား။
"အနည်းဆုံးတော့ မင်းက ရိုးသားတဲ့သူပဲ။ မင်းရဲ့စကားတွေက ရစရာမရှိအောင် ရှက်စရာကောင်းပေမဲ့ အဲဒီလူယောင်ဆောင်ထားတဲ့သူခိုးတွေထက်စာရင်တော့ နည်းနည်း ပိုကောင်းပါတယ်။" ဂဠုန်မဟာပဏ္ဍိတက ချန်ဟွိုက်အန်၏ ကျင့်စဉ်အဆင့်ကို စစ်ဆေးပြီးဖြစ်သည်။ မဟာတက်လှမ်းခြင်းအဆင့်၏ ပထမအကြိမ်မြောက် အသေးစားအတိဒုက္ခ မတိုင်မီ ဖြစ်သည်။
၎င်းနှင့် အခြားမိစ္ဆာမဟာပဏ္ဍိတ လေးပါးမှာမူ ပထမ သို့မဟုတ် ဒုတိယအတိဒုက္ခကျရောက်ပြီးသော မိစ္ဆာမဟာပဏ္ဍိတများ ဖြစ်ကြသည်။
မဟာတက်လှမ်းခြင်းအဆင့် ဓားကျင့်ကြံသူတစ်ဦးတည်းကို ကိုင်တွယ်ရခြင်းမှာ မုန့်စားရသလောက် လွယ်ကူလိမ့်မည်။
ထို့ကြောင့် ၎င်းက ယခုအခါ စိုးရိမ်ပူပန်ခြင်းမရှိတော့ဘဲ တည်ငြိမ်သွားခဲ့သည်။
"စကားတွေများနေတာ တော်လောက်ပြီ။"
ချန်ဟွိုက်အန်က တိုက်ပွဲကိုစတင်လိုက်ပြီး သူ၏လက်ချောင်းများက ကြေးခွံနက်ဓား၏ဓားသွားကို ပေါ့ပါးစွာ ထိတွေ့လိုက်သည်။
"လာစမ်း။ ဒီအရှင်နဲ့ အရင်ဆုံးတိုက်ကြရအောင်။"
သူ၏အသံဆုံးသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိလေထုမှာ တောင့်တင်းသွားသကဲ့သို့ ဖြစ်သွားသည်။ မိစ္ဆာမဟာပဏ္ဍိတငါးပါးသည် အဝေးမှနေ၍ ချန်ဟွိုက်အန်ကို ရင်ဆိုင်နေကြပြီး ၎င်းတို့ကြားတွင် မမြင်ရသော ဓားချီစွမ်းအင်များ စီးဆင်းနေကာ အသက်ရှူကြပ်လောက်သည့် လေထုကို ဖန်တီးနေသည်။
စန်းပိုတောင်တန်းကြီး၏ အရိပ်များထဲတွင်။
တုရှန်ယွဲ့က လေထဲမတ်တတ်ရပ်နေသောပုံရိပ်ကို စိုက်ကြည့်ရင်း ရုတ်တရက် အံ့အားသင့်သွားသည်။
"ဒါ... ဒါ သူလား။"
သူက မျက်လုံးများကို ပွတ်သပ်လိုက်ပြီး သူ မြင်နေရသည်မှာ အမှန်တကယ်ဟုတ်မဟုတ် အတည်ပြုရန် ကြိုးစားလိုက်သည်။
သို့သော် ထိုလူမှာ ထိုနေရာတွင် ဆက်လက်ရှိနေဆဲဖြစ်ပြီး သူ၏အမှတ်တရများထဲမှ အဖြူရောင်ဝတ် ဓားသမားနှင့် လုံးဝတူညီနေသည်။
နှစ်ဦးစလုံးတွင် တူညီသောပုံစံရှိကြပြီး နှစ်ဦးစလုံးမှာ ဓားကျင့်ကြံသူများ ဖြစ်ကြသည်။
သို့သော်လည်း သိမ်မွေ့သော ကွာခြားချက်များ ရှိနေ၏။
သူ၏အရှေ့မှ ဓားကျောင်းတော်ဘိုးဘေးမှာမူ မဟာတက်လှမ်းခြင်းအဆင့်သို့ အသစ်စက်စက် ဝင်ရောက်ထားရုံသာ ရှိသေးသဖြင့် အငွေ့အသက် ပို၍အားနည်းသည်။
ထို့ပြင် အဖြူရောင်ဝတ်ဓားသမားနှင့် နှိုင်းယှဉ်ပါက ကိုယ်တွင် လောကီအငွေ့အသက်အစအနများ ပိုမိုပါရှိနေသည်။
အချိန်အများစုတွင် ခံစားချက်မရှိသော ကျောက်တုံးတစ်တုံးကဲ့သို့ ဖြစ်နေတတ်သည့် အဖြူရောင်ဝတ် ဓားသမားနှင့် မတူပေ။ ရှားရှားပါးပါး ခံစားချက်လှုပ်ရှားမှုများကို ပြသသည့်အချိန်များတွင်ပင် သူ နားမလည်နိုင်သော ရူးသွပ်မှုမျိုးကို မျက်နှာတွင် ပေါ်လွင်စေတတ်သည်။
"ဒီဓားကျောင်းတော်ဘိုးဘေးကြီးက ဓားဖြူနဲ့ ဘယ်လိုပတ်သက်မှု ရှိနေတာလဲ။ သူက... ဓားဖြူရဲ့ ကိုယ်ပွားများ ဖြစ်နေမလား။" တုရှန်ယွဲ့က တိတ်တဆိတ် တွေးတောလိုက်ပြီးနောက် အဆုံးအဖြတ် မချခင် ပိုမိုစောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
တိုက်ပွဲစတင်တော့မည်ကို မြင်သောအခါ သူက မိစ္ဆာမဟာပဏ္ဍိတငါးပါးထံသို့ ချက်ချင်းပင် သတင်းပို့လိုက်သည်။
"ဒီဓားကျောင်းတော်ဘိုးဘေးက ငါ့အတွက် အသုံးဝင်သေးတယ်။ မင်းတို့ရဲ့မိစ္ဆာကွင်းတွေကို မသုံးနဲ့။ သူ့ကို မထိခိုက်စေနဲ့။ အကောင်းဆုံးကတော့ သူ့ကို အရှင်ဖမ်းကြ။"
"ဘာ။" မိစ္ဆာမဟာပဏ္ဍိတငါးပါး အချင်းချင်း အံ့ဩထိတ်လန့်စွာ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
နေပါဦး။ အဲဒီလိုတော့ မလုပ်နဲ့လေ။
ဒါက မဟာတက်လှမ်းခြင်းအဆင့် တိုက်ပွဲတစ်ခုနော်။
အရှင်ဖမ်းတယ်ဆိုတာ သတ်ပစ်တာထက် အများကြီး ပိုခက်ခဲတယ်။
သို့သော် တုရှန်ယွဲ့၏အမိန့်ဖြစ်သောကြောင့် သူတို့က နာခံရန်သာ တတ်နိုင်ကြတော့သည်။
တောင်ရွှေ့မဟာပဏ္ဍိတက အမြန်ဆုံးအဆုံးသတ်ရန် ပြင်ဆင်လိုက်ပြီး သူ့ရင်ဘတ်ကို ရိုက်ခတ်ကာ ဟိန်းဟောက်လိုက်သည်။ "မဟာတက်လှမ်းခြင်းအဆင့် အစောပိုင်း ဓားကျင့်ကြံသူလေးက ငါတို့ မဟာပဏ္ဍိတကြီးငါးပါးကို လာတားးရဲတယ်ပေါ့လေ။"
"ညီအစ်ကိုတို့။ အားလုံး အတူတူဝင်တိုက်ကြစို့။"
၎င်းတို့မိစ္ဆာမျိုးနွယ်စုတွင် လူအင်အားနှင့် အားနည်းသူကို အနိုင်ကျင့်ခြင်းအပေါ် တားမြစ်ထားသော စည်းမျဉ်းများ မရှိပေ။
ထိရောက်မှုက ပထမဆုံးဖြစ်သည်။
ချန်ဟွိုက်အန်က တိတ်ဆိတ်စွာပင် ရှိနေသည်။
ချဉ်းကပ်လာကြသော မိစ္ဆာမဟာပဏ္ဍိတငါးပါးကို ရင်ဆိုင်ရင်း ကြေးခွံနက်ဓားက ချက်ချင်းပင် ဓားအိမ်မှ ထွက်ပေါ်လာသည်။
"တင့်တယ်မတ်စောက်တဲ့ ဓားကျောင်းတော်၊ လူတစ်ဦးက စောင့်ကြပ်၊ လူတစ်သောင်းမထိုးဖောက်နိုင်။"
သူ၏ဓားက လေထဲတွင် အလျားလိုက် ဖြတ်တောက်သွားပြီ၊ သာမန်ဟုထင်ရသော်လည်း နက်နဲသော လျှို့ဝှက်ချက်များ ပါဝင်နေသည်။ ဓားဟန်ချက်မှာ အဆုံးအစမရှိ ပျံ့နှံ့သွားပြီးနောက် ကောင်းကင်နှင့်မြေကြီးကို နှစ်ခြမ်းခွဲပစ်လိုက်သကဲ့သို့ ကောင်းကင်ထိုးဖောက် ဓားကန့်လန့်ကားတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
"မာန်တက်လှချည်လား။ ဒါနဲ့ ငါ့ကိုတားနိုင်မယ် ထင်နေလား။"
ရုပ်သွင်ဖန်ဆင်းမဟာပဏ္ဍိတက ဟိန်းဟောက်လိုက်ပြီး ၎င်း၏ ပုဆိန်ကို ဓားကန့်လန်ကာဆီသို့ ရိုက်ချလိုက်သည်။
ဝုန်း။
ကောင်းကင်နှင့်မြေကြီး ပြင်းထန်စွာ တုန်လှုပ်သွားသည်။
ဓားကန့်လန်ကာမှာ ဧရာမကွက်လပ်ကြီးတစ်ခု ဖြစ်ပေါ်ကာ ကွဲအက်သွားသည်။
ရုပ်သွင်ဖန်ဆင်းမဟာပဏ္ဍိတလည်း တန်ပြန်မှုကြောင့် ခြေလှမ်းတစ်ရာခန့် လွင့်စင်သွားခဲ့ရသည်။
ပုဆိန်ကိုင်ထားသော ၎င်း၏လက်မှာ ယားယံထုံကျင်သွားပြီး ဓားကန့်လန့်ကာမှာ ခဏချင်းအတွင်း လုံးဝပြန်လည်ကောင်းမွန်သွားသည်ကိုသာ တွေ့လိုက်ရသည်။
လက်မခံနိုင်ဖြစ်သွားကာ ၎င်းက အော်ဟစ်လိုက်သည်။
"ထပ်ချမယ်။"
သို့သော် ချန်ဟွိုက်အန်မှာမူ ကြိုးကြာတစ်ကောင်ကဲ့သို့ ကောင်းကင်သို့ပျံတက်သွားပြီး ဖြစ်သည်။
ကြေးခွံနက်ဓားသည် သူ၏လက်ထဲတွင် လှည့်ပတ်သွားသည်။
ငွေဖြူရောင် ဓားကန့်လန်ကာမှာ ဒေါသထွက်နေသော နဂါးတစ်ကောင်ကဲ့သို့ ရွေ့လျားလာပြီး မိစ္ဆာမဟာပဏ္ဍိတငါးပါးစလုံးကို ၎င်း၏ကန့်သတ်နယ်မြေအတွင်း ပိတ်လှောင်လိုက်သည်။
"ပေသုံးထောင် ပျံကျရေတံခွန် ဆင်းသက်စေ။"
ကြေးခွံနက်ဓားသည် သူ၏လက်ထဲတွင် အသိစိတ်ရှိနေသကဲ့သို့ပင်။ တစ်ချက် လွှဲရိုက်လိုက်သည်နှင့် မမြင်ရသော ဓားချီစွမ်းအင်များ ရူးသွပ်စွာ ဖြတ်သန်းသွား၏
"ငွေရောင်မြစ်ကောင်းကင်မှ စီးဆင်းသလို။"
ဒွါဒသမမြောက် ဓားသိုင်း - ကြယ်ဆင်းမြစ်။
ဤဓားသည် ကောင်းကင်ယံမှဆင်းသက်လာကာ အထက်ဟင်းလင်းပြင်ကို လွှမ်းခြုံသွားပြီး ၎င်း၏ အလင်းရောင်များ အဆုံးအစမရှိပြောင်းလဲသွားကာ ဓားချီစွမ်းအင်များမှာ ကြယ်တာရာမြစ်တစ်ခုကဲ့သို့ စီးဆင်းကျလာပြီး မိစ္ဆာမဟာပဏ္ဍိတကြီးငါးပါးကို လုံးဝပတ်လည်ဝိုင်းရံထားသည့် မရေမတွက်နိုင်သော ဓားအရိပ်များအဖြစ် ကွဲထွက်သွားသည်။
ဂဠုန်မဟာပဏ္ဍိတ၏မျက်လုံးများက ရွှေရောင်ဖြင့် တောက်ပသွားသည်။
ဓားအရိပ်ပေါင်းများစွာကြားတွင် ပုန်းကွယ်နေသော ချန်ဟွိုက်အန်၏ အဓိကခန္ဓာကိုယ်ကို ချက်ချင်း ရှာဖွေတွေ့ရှိလိုက်သည်။ ၎င်း၏အတောင်ပံများကို ရုတ်တရက်ကျယ်ကျယ်ဖြန့်လိုက်ရာ အမွေးအတောင်များမှာ မရေမတွက်နိုင်သော ဓားသွားများကဲ့သို့ ပစ်ထွက်သွားပြီး ဟင်းလင်းပြင်ကိုဖြတ်သန်းကာ ချန်ဟွိုက်အန်၏ အဓိကခန္ဓာကိုယ်ဆီသို့ ထိုးဖောက်သွားသည်။
သို့သော်...
"ခြေလှမ်းဆယ်လှမ်းနဲ့ လူတစ်ဦးကို သတ်မယ်၊ မိုင်ထောင်ချီရောက်ရင် အစအနမကျန်စေရဘူး။"
ကောင်းကင်ဘုံစကားလုံးများ ကျဆင်းလာသည်နှင့်။
မိုင်သောင်းချီသော အချင်းဝက်ဧရိယာတစ်ခုလုံး သွေးရောင်များဖြင့် လွှမ်းခြုံသွားသည်။
ကောင်းကင်ယံအထက်တွင် ကြယ်ကျဆင်းသည့် မြစ်တစ်စင်းသာမက မရေမတွက်နိုင်သော ဓားသမား အရိပ်များလည်း ရှိနေသည်။
အချို့က ထိုင်နေကြသည်။ အချို့က လဲလျောင်းနေကြသည်။ အချို့က အရက်သောက်နေကြသည်။ အချို့က ဓားဖြင့် ကခုန်နေကြသည်။
တစ်ခုချင်းစီတွင် မတူညီသောကိုယ်ဟန်များ ရှိကြသော်လည်း တစ်ဦးစီတိုင်းက အဓိကခန္ဓာကိုယ်လို ထင်မှတ်ရသည်။
"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"
ဂဠုန်မဟာပဏ္ဍိတသည် မျက်လုံးများကို ပွတ်သပ်လိုက်သည်။
ထပ်မံ ကြည့်ရှုတော့မည့်ဆဲဆဲတွင်။
ရုတ်တရက် အေးစက်တောက်ပနေသော ကြယ်ပွင့်နှစ်ခုက ၎င်း၏မျက်စိရှေ့တွင် လက်သွားသည်။
ထို့နောက် ပြင်းထန်သော နာကျင်မှုနှင့်အတူ "ဖတ်"ခနဲ အသံနှစ်ချက် ထွက်ပေါ်လာသည်။
၎င်း၏မျက်လုံးအိမ်များမှာ ဘယ်ကမှန်းမသိသောဓားစွမ်းအင်ကြောင့် ဖောက်ခံလိုက်ရပြီဖြစ်သည်။
၎င်းကိုမြင်သောအခါ တောင်ရွှေ့မဟာပဏ္ဍိတက အမျက်ဒေါသထွက်စွာဖြင့် ဟိန်းဟောက်လိုက်ပြီး လက်ဖဝါးများကိုပူးချိတ်လိုက်ရာ စိတ်ကူးယဉ်တောင်ကြီးတစ်ခု လေထဲတွင် ဖြစ်ပေါ်လာပြီး မရေမတွက်နိုင်သော အရိပ်များအပေါ်သို့ ဖိနှိပ်ချလိုက်သည်။ ကောင်းကင်ကိုဖုံးအုပ်ထားသော ဧရာမတောင်ကြီးမှာ ခမ်းနားထည်ဝါပြီး လွှမ်းမိုးနိုင်သော ဖိအားများကို သယ်ဆောင်လာသည်။
ထို့နောက် ကောင်းကင်ယံ ဓားသမားအရိပ်များအားလုံးက တစ်ပြိုင်နက်တည်းပင် ဓားများကို လွှဲရိုက်လိုက်ကြသည်။
အိပ်မက်ဆန်ဆန် အင်မော်တယ်အသံများဖြင့် ရေရွတ်လိုက်ကြသည်။
"တိမ်ပင်လယ်ကြီးများအလယ် တောင်ထွတ်ပေါ် လမင်းထွက်ပေါ်လာ။"
သွေးလမင်းကြီးတစ်ခု မြေပြင်မှ ထွက်ပေါ်လာသည်။
လရောင်က အနောက်တောင်ပေါ်သို့ တောက်ပလာသည်။
လရောင်အောက်တွင် တောင်ရွှေ့မဟာပဏ္ဍိတ၏ စွမ်းရည်မှာ လက်မချင်းအမျှ ပြိုကွဲသွားပြီး ဧရာမတောင်ကြီးမှာ အပိုင်းအစများအဖြစ် ကြေမွသွားသည်။
ထို့နောက် လေနက်မဟာပဏ္ဍိတနှင့် အဆိပ်ရန်သူမဟာပဏ္ဍိတတို့လည်း တိုက်ခိုက်လာကြသည်။
သို့သော် ဓားကျောင်းတော်၏ တည်ထောင်သူ ဘိုးဘေးကြီးက လှုပ်ရှားမှုတိုင်းကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြန်လည်တုံ့ပြန်သည်။
သူတို့ မည်သည့် နတ်ဘုရားစွမ်းရည်များကို အသုံးပြုပါစေ ဘိုးဘေးကြီးတွင် ကျွမ်းကျင်စွာ တုံ့ပြန်ရန် ဓားပညာများ အမြဲတမ်း ရှိနေသည်။ ရှေ့တိုးနောက်ဆုတ်ဖြင့် ငါးဦးနှင့်တစ်ဦး တိုက်ခိုက်နေကြရသော်လည်း သူတို့၏စွမ်းအားက ဘိုးဘေးကြီးထက် သာလွန်နေသော်လည်း သူတို့အနေဖြင့် သူ့ကို လုံးဝမဖိနှိပ်နိုင်ကြပေ။
သူတို့ကို အအံ့သြစေဆုံး ဖြစ်စေသောအရာမှာ။
ဓားကျောင်းတော် ဘိုးဘေးကြီး၏ စစ်မှန်သောအနှစ်သာရ၏ အဆုံးအစမရှိ နက်ရှိုင်းမှုပင်။
ဓားပညာများစွာကို အသုံးပြုပြီးနောက်တွင်ပင် သူ မည်သည့်ပင်ပန်းနွမ်းနယ်သည့် လက္ခဏာမှ မပြပေ။
မိစ္ဆာမျာက ၎င်းတို့၏ ကြောက်မက်ဖွယ်ကောင်းသော ရုပ်ပိုင်းဆိုင်ရာ ခွန်အားများနှင့်အတူ တာရှည်ခံ တိုက်ပွဲများတွင် လူသားကျင့်ကြံသူများကို သဘာဝအလျောက် ကျော်လွန်နေတတ်ကြသည်။
သို့သော် ယခုအခါတွင်မူ... ဤဓားကျောင်းတော် ဘိုးဘေးကြီးက သူတို့ထက်ပင် ပို၍မိစ္ဆာဆန်နေသလို ထင်မှတ်ရသည်။
ဤမျှကြာရှည်သောတိုက်ပွဲကြောင့် အံ့သြထိတ်လန့်မှုနှင့် ရှုပ်ထွေးမှုများသာ ပိုမိုတိုးပွားလာခဲ့သည်။
သို့သော်လည်း တုရှန်ယွဲ့၏အမိန့်ကြောင့်သာ သူတို့အနေဖြင့် သူ့ကို ချက်ချင်းအသတ်မခံရအောင် သိသိသာသာ ချန်လှပ်တိုက်ခိုက်နေခဲ့ကြခြင်းဖြစ်သော်လည်း ၎င်းက သူ့ကို ဖိနှိပ်ခြင်းမှ မတားဆီးနိုင်သင့်ပေ။
"အမှိုက်ကောင်တွေ။"
တုရှန်ယွဲ့သည် မိစ္ဆာမဟာပဏ္ဍိတကြီးငါးပါးမှာ ဓားကျောင်းတော်ဘိုးဘေးတစ်ဦးတည်း၏ လက်ထဲတွင် အရုပ်လိုကစားခံနေရသည်ကို မြင်ရသဖြင့် သတိလစ်မတတ် ဖြစ်သွားသည်။
"နောက်ဆုံးတော့ ငါကိုယ်တိုင် လုပ်ရတော့မှာပေါ့။"
သူ့အနေဖြင့် ဝင်မပါနိုင်ဟု ဆိုလိုခြင်း မဟုတ်ပေ။
သို့သော် သူသာ တစ်ချက်လှုပ်ရှားလိုက်သည်နှင့် ဟင်းလင်းပြင်ချောက်နက်ထဲမှ ထိုဘီလူးအိုကြီးများ နောက်ထပ်ငြိမ်သက်နေလိမ့်မည် မဟုတ်တော့ပေ။
...