အခန်း ၅၀၆
Vol. 51 Ch. 506
အခန်း(၅၀၆) မဟာပဏ္ဍိတငါးပါးက ကွင်းများထုတ်ဖော်ခြင်း
မဟာပဏ္ဍိတကြီးငါးပါးက မိမိကိုယ်ကို ထိန်းချုပ်ထားခြင်းမှာ ဓားကျောင်းတော်၏ဘိုးဘေးကို ဖိနှိပ်ရန် ခက်ခဲစေမည်ဖြစ်ကြောင်း သဘောပေါက်သွားကြသည်။ ထို့ကြောင့် သူတို့သည် တုရှန်ယွဲ့ထံမှ အကူအညီကို ချက်ချင်း တောင်းခံလိုက်ကြသည်။
"သခင်မ။ ကျွန်တော်တို့ရဲ့ မိစ္ဆာကွင်းစွမ်းအားကို အသုံးမပြုရင် ဓားကျောင်းတော်ရဲ့ဘိုးဘေးကို အနိုင်ယူဖို့က မဖြစ်နိုင်လောက်မှာကို စိုးမိပါတယ်။"
လူသားကျင့်ကြံသူများ၏ အသေးစားနယ်ပယ်များနှင့် ဆင်တူစွာပင် မိစ္ဆာကွင်းများဆိုသည်မှာ မိစ္ဆာမဟာပဏ္ဍိတများ ဖြစ်လာပြီးနောက်မှသာ မိစ္ဆာသတ္တဝါများရရှိနိုင်သည့် နတ်ဘုရားစွမ်းရည်တစ်ခု ဖြစ်သည်။ အသေးစား အတိဒုက္ခတစ်ခုချင်းစီကို ကျော်ဖြတ်နိုင်တိုင်းတွင် ၎င်းတို့သည် မိစ္ဆာကွင်း၏ လေးပုံတစ်ပုံကို စုစည်းနိုင်ကြသည်။ ဤကွင်းများသည် ကောင်းကင်အတိဒုက္ခ၏ စွမ်းအားများကို စုပ်ယူကြပြီးနောက် မိစ္ဆာမဟာပဏ္ဍိတများကို ကောင်းကင်တာအို၏စွမ်းအားနှင့် နတ်ဘုရားဆန်သောသဘာဝ အမြည်းအစမ်းကို ပေးစွမ်းသည်။ အသေးစားနယ်ပယ်များနှင့် သိသိသာသာ ကွာခြားသော်လည်း ၎င်းတို့သည် အဆုံးစွန်အားဖြင့် တူညီသောရည်ရွယ်ချက်ကိုသာ ဆောင်ရွက်ကြသည်။ ကွင်းတစ်ခုလုံး အပြည့်အစုံ ဖြစ်ပေါ်လာသောအခါ ၎င်းသည် မိစ္ဆာမဟာပဏ္ဍိတတစ်ပါးအနေဖြင့် အတိဒုက္ခကိုရင်ဆိုင်ကာ မိစ္ဆာအင်မော်တယ်အဖြစ် တက်လှမ်းမည့် အချိန်အခါကို အမှတ်အသားပြုပေသည်။
ဓားကျောင်းတော်ဘိုးဘေးက ဤမျှအထိ စွမ်းဆောင်နိုင်မည်ဟု တုရှန်ယွဲ့က လုံးဝမမျှော်လင့်ထားခဲ့ပေ။ ကွင်းများကိုမထုတ်ဖော်ရသေးသော မိစ္ဆာမဟာပဏ္ဍိတငါးပါးကိုပင် ရင်ဆိုင်ကာ ၎င်း၏ အနေအထားကို တောင့်ခံထားနိုင်ခဲ့သည်။ သို့သော်လည်း ဤဘိုးဘေးသည် ဓားဖြူနှင့် တစ်နည်းနည်းဖြင့် ပတ်သက်နေရမည်ကို စဉ်းစားမိသောအခါ ဤအချက်မှာ သဘာဝကျလှသည်။ ဓားကျောင်းတော် ဘိုးဘေးကြီးတွင် ဓားဖြူ၏စွမ်းအား ဆယ်ပုံတစ်ပုံမျှသာ ရှိလျှင်ပင် ဤမိစ္ဆာမဟာပဏ္ဍိတအားလုံးကို သတ်ဖြတ်ပစ်လိုက်မည်ဆိုပါက သူ အံ့ဩမည် မဟုတ်ပေ။
ပို၍မာကျောသောအကောင်များကို ရင်ဆိုင်ရသည့်အခါတွင် ပို၍ထက်မြက်သော မုဆိုးကိရိယာများ လိုအပ်ရုံသာ ရှိသည်။ "မင်းတို့ရဲ့ ကွင်းတွေကို ထုတ်ဖော်လိုက်ကြ။" တုရှန်ယွဲ့က ခေါင်းညိတ်လိုက်သည်။
"ခီးခီးခီး။ ကျေးဇူးတင်ပါတယ်။ သခင်မ။" တုရှန်ယွဲ့၏ခွင့်ပြုချက်ကို ရရှိလိုက်သည်နှင့် မိစ္ဆာမဟာပဏ္ဍိတ ငါးပါးသည် ကွင်းများကို ချက်ချင်း အသက်သွင်းလိုက်ကြသည်။ ချန်ဟွိုက်အန်ကို လိုက်တိုက်ခိုက်နေသော မဟာပဏ္ဍိတငါးပါးသည် တိုက်ခိုက်မှုကို ရုတ်တရက် ရပ်တန့်လိုက်ကြပြီး အားလုံးက နေရာတွင်ပင် ငြိမ်သက်စွာ ရပ်တန့်နေလိုက်ကြသည်။
တောင်ရွှေ့မဟာပဏ္ဍိတက လေထဲတွင် ပေါ်လောပေါ်နေသော ဓားကျောင်းတော် ဘိုးဘေးကြီးကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး နှာခေါင်းရှုံ့လိုက်သည်။ "ဒီဘုရင်က မင်းကို မကိုင်တွယ်နိုင်ဘူးလို့ တကယ် ထင်နေတာလား။ အရင်က ကစားနေရုံလေးပါ။"
"ကွင်း ထွက်ပေါ်လာစမ်း။" ၎င်းက ဟိန်းဟောက်လိုက်သည်။
မိစ္ဆာမဟာပဏ္ဍိတငါးပါး၏ ကျောဘက်တွင် ပွင့်လင်းမြင်သာသော ကွင်းပုံစံ သင်္ကေတများ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်ကို မြင်လိုက်ရသောအခါ ချန်ဟွိုက်အန် ကြောင်အသွားသည်။ အချို့မှာ လေးပုံတစ်ပုံသာ စုစည်းထားကြပြီး အချို့မှာမူ သုံးပုံတစ်ပုံအထိ ဖြစ်ပေါ်နေသည်။ မိုးကြိုးများ၊ မီးတောက်များ၊ မုန်တိုင်းများနှင့် နှင်းခဲများ တဖျပ်ဖျပ်လက်နေသည့် ကွင်းအရောင်အဝါများက နေ့နှင့်ည ဖလှယ်နေကြကာ ရာသီဥတုလေးပါး စက်ဝန်းလည်ပတ်နေကြသည်။ ၎င်းတို့မှာ အမျိုးမျိုးသော သဘာဝတရားဥပဒေများ၏ ဖော်ပြချက်များဖြစ်ကြောင်း ထင်ရှားပေသည်။
ဝုန်း။
ရုတ်တရက်လွှတ်ထုတ်လိုက်သော ကြောက်မက်ဖွယ်ဖိအားကို မခံနိုင်တော့ဘက်ကဲ့သို့ ဟင်းလင်းပြင်ကြီး တုန်လှုပ်သွားသည်။ မဟာပဏ္ဍိတကြီးငါးပါးထံမှ ဖြာထွက်နေသော မိစ္ဆာစွမ်းအင်များကြောင့် တိမ်တိုက်များ ကွဲအက်သွားကြပြီး မိုးကောင်းကင်တစ်ခွင်တွင် လှိုင်းတွန့်များပျံ့နှံ့သွားကာ အဝေးရှိ တောင်တန်းကြီးများပင် အနည်းငယ် တုန်ခါသွားကြသည်။
"ဝေါင်း။" ၎င်းတို့၏မိစ္ဆာကွင်းများ ပွင့်လာသည်နှင့်အမျှ မဟာပဏ္ဍိတငါးပါး၏ အငွေ့အသက်များ သိသိသာသာ ထိလွှမ်းလာသည်။ ၎င်းတို့၏ပုံရိပ်များမှာ အဆုံးအစမရှိ ပိုမိုမြင့်မားလာသကဲ့သို့ ထင်မှတ်ရသည်။ တစ်ဦးစီ၏ကျောဘက်တွင် ထူးခြားသောလက္ခဏာများနှင့်ကိုက်ညီသော အရိပ်များ အသီးသီး ပေါ်လာသည်။ ရုပ်သွင်ဖန်ဆင်းမဟာပဏ္ဍိတ၏ ကျောဘက်တွင် ကျောက်စိမ်းရောင်ကြံ့တစ်ကောင်၊ တောင်ရွှေ့မဟာပဏ္ဍိတ၏ ကျောဘက်တွင် ကောင်းကင်ထိုးဖောက်ဝက်ဝံကြီးတစ်ကောင်၊ အဆိပ်ရန်သူမဟာပဏ္ဍိတ၏ကျောဘက်တွင် အဆိပ်မြူများအကြားတွင် ပုန်းကွယ်နေသော အနက်ရောင်ကင်းမြီးကောက်တစ်ကောင်၊ ရွှေတောင်ပံဂဠုန်နှင့် လေနက်မဟာပဏ္ဍိတတို့ကမူ ရွှေတောင်ပံဂဠုန်နှင့် ဧရာမကျားနက်ကြီးတစ်ကောင်တို့ကို အသီးသီး ဖော်ပြနေကြသည်။ ထိုအရိပ်များမှာ လူသားကျင့်ကြံသူများ၏ ဓမ္မရုပ်သွင်ဖန်ဆင်းခြင်းများနှင့် အနည်းငယ် ဆင်တူကြသော်လည်း ၎င်းတို့မှာ တိုက်ခိုက်ရေးပုံစံအစစ်အမှန်များ မဟုတ်ဘဲ မိစ္ဆာစွမ်းအင်များ၏ အပေါ်ယံ ပုံရိပ်ဖော်ပြချက်များသာ ဖြစ်ကြသည်။
ရှီး။
လေထုထဲရှိ အသက်ရှူကြပ်လောက်သည့်ဖိအားကို ခံစားလိုက်ရသဖြင့် ချန်ဟွိုက်အန် အခြေအနေ မကောင်းတော့ကြောင်း သိလိုက်သည်။ မဟာပဏ္ဍိတကြီးငါးပါးက မဟာတက်လှမ်းခြင်းအဆင့် မိစ္ဆာများအတွက် အတော်လေး အားနည်းသည်ဟု သူ အစပိုင်းတွင် ထင်မှတ်ထားခဲ့မိသည်။ ယခုအခါတွင်မူ သူ နားလည်သွားပြီ ဖြစ်သည်။ သူတို့က အားနည်းနေခဲ့ခြင်းမဟုတ်ဘဲ စွမ်းအားများကို ချန်လှပ်ထားခဲ့ကြခြင်းသာ။
မဟာပဏ္ဍိတငါးပါးက မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့၏ကွင်းများကို အသက်သွင်းခြင်း ပြီးမြောက်သွားခဲ့သည်။
"ဓားကျောင်းတော်က အဘိုးကြီး၊ အခု ပြန်တိုက်ကြရအောင်။" တောင်ရွှေ့မဟာပဏ္ဍိတသည် ယခင်က စိတ်ပျက်စရာများကိုဖွင့်ထုတ်လိုက်သကဲ့သို့ ဒေါသတကြီး ဟိန်းလိုက်ရာ ထိုအသံကြောင့် မိုင်သောင်းချီသော ငှက်များ လွင့်စင်သွားကြသည်။
မဟာပဏ္ဍိတငါးပါးက မြေကြီးကို တုန်ခါသွားစေလျက် တစ်ပြိုင်နက်တည်း ရှေ့သို့လှမ်းလိုက်ကြသည်။ ကွင်းပွင့်လာသော အခြေအနေတွင် ၎င်းတို့၏စွမ်းအားမှာ ရိုးရိုးပေါင်းထည့်ခြင်းမျိုး မဟုတ်ဘဲ အဆမတန် တိုးပွားလာခဲ့သည်။
"ဘာလို့ ဒီလောက်အော်နေတာလဲ။" ချန်ဟွိုက်အန်က ခြေလှမ်းတစ်ဝက်ခန့် နောက်ဆုတ်လိုက်သည်။
အသက်ရှင်သန်မှုကို အဓိကဦးစားပေးရမည်ဆိုသော သူ၏မူဝါဒအရ ယခုအချိန်သည် ထွက်ပြေးရမည့် အချိန်ပင်။ သို့သော် သူ ထွက်ပြေးနိုင်သော်လည်း ပင်မတောင်ထွတ်ရှိ လရိပ်ဂိုဏ်းတပည့်များမှာ ကမ္ဘာငယ်ထဲ အပြည့်အဝဆုတ်ခွာသွားနိုင်ခြင်း မရှိသေးပေ။ ထွက်ပြေးသွားမည်ဆိုပါက ထိုတပည့်များ ကံကုန်သွားလိမ့်မည်။
မဟာပဏ္ဍိတငါးပါးတွင် သုံးပါးမှာ ကွင်း၏ လေးပုံတစ်ပုံကို ထုတ်ဖော်ထားကြပြီး ကျန်နှစ်ပါးမှာမူ တစ်ဝက်ကို အသက်သွင်းထားကြသည်။ ဤသည်မှာ မဟာတက်လှမ်းခြင်းအဆင့်၏ ပထမအကြိမ်မြောက် အတိဒုက္ခ သုံးဦးနှင့် ဒုတိယအကြိမ်မြောက် အတိဒုက္ခ နှစ်ဦးတို့နှင့် ညီမျှနေသည်။ စွမ်းအားပြည့်နေသော ဤမိစ္ဆာမဟာပဏ္ဍိတ ငါးပါးကို ရင်ဆိုင်တိုက်ခိုက်ရန် သူကိုယ်တိုင်လည်း အနည်းဆုံး ပထမအကြိမ်မြောက် အတိဒုက္ခအဆင့်တွင် ရှိနေရန် လိုအပ်ပေမည်။
"ဟမ့်။ အဘိုးကြီး။ အခုတော့ ကြောက်သွားပြီလား။ ငါတို့ အရင်က ကစားနေရုံလေးပါ။" ရုပ်သွင်ဖန်ဆင်း မဟာပဏ္ဍိတက အလွန်အမင်း ကျေနပ်အားရနေသည့်ဟန်ဖြင့် သူ၏လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ တုရှန်ယွဲ့က ပစ်မှတ်ကို အရှင်လတ်လတ်ဖမ်းဆီးရန် အမိန့်ပေးထားခဲ့သော်လည်း ကိုယ်လက်အင်္ဂါ ချို့ယွင်းသွားအောင် သို့မဟုတ် ဒဏ်ရာအပြင်းးအထန်ရရှိအောင် လုပ်ဆောင်ခြင်းကိုမူ တားမြစ်ထားခြင်း မရှိပေ။
"ကြောက်တယ်ဟုတ်လား။" ချန်ဟွိုက်အန် ပြုံးလိုက်ပြီး ကောင်းကင်ယံသို့ လက်ညှိုးထိုးပြလိုက်သည်။ "စောစောစီးစီး အသည်းအသန် မဖြစ်ကြပါနဲ့ဦးလေ။ ငါ့ကို အတိဒုက္ခတစ်ခု အရင်ဆုံး ခံယူခွင့်ပြုပါဦး။ ပြီးမှ ဆက်ကစားကြတာပေါ့။"
"မင်းက အတိဒုက္ခ ခံယူတော့မလို့လား။" မဟာပဏ္ဍိတငါးပါးက အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။
"အရူးအိုကြီး။ အတိဒုက္ခဆိုတာ ရိုးရိုးလုပ်လို့ရတဲ့ကိစ္စလို့များ ထင်နေတာလား။ မင်းက ငါတို့နဲ့ တိုက်ခိုက်ရင်းနဲ့ စစ်မှန်တဲ့အနှစ်သာရတွေ အများကြီး ကုန်ဆုံးသွားပြီလေ။ အခုမှ ကောင်းကင်အတိဒုက္ခကို ရင်ဆိုင်မယ်ပေါ့။ မင်းရဲ့စွမ်းအင်တွေနည်းနေတာနဲ့တင် ကောင်းကင်ဘုံက သက်ညှာပေးလိမ့်မယ်လို့ မထင်နဲ့။"
မည်သူမျှ အတိဒုက္ခကို ပေါ့ပေါ့ဆဆ မခံယူကြပေ။ မဟာတက်လှမ်းခြင်းအဆင့် အသေးစား အတိဒုက္ခများအတွက်ပင် အပြည့်အစုံပြင်ဆင်မှုများ လိုအပ်လေသည်။ ချန်ဟွိုက်အန်က နံနက်စာစားရင်း စကားပြောနေသကဲ့သို့ ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်ခြင်းကြောင့် မဟာပဏ္ဍိတများမှာ ရယ်စရာတစ်ခုအနေဖြင့် သဘောထားလိုက်ကြသည်။
သူ၏စကားများ မည်မျှရယ်စရာကောင်းကြောင်း ချန်ဟွိုက်အန် သိထားသော်လည်း ဤသည်မှာ သူ၏ တစ်ခုတည်းသော ရွေးချယ်စရာပင်။ ယခင်တစ်ခေါက်က သူသည် ဆရာတော် ဖန်ယဲ့အား အပြင်းအထန် ထိခိုက်စေရန် အတိဒုက္ခကို အသုံးပြုခဲ့ဖူးသည်။ ယခုအခါတွင်လည်း ထိုနည်းဗျူဟာကိုပင် ထပ်မံအသုံးပြုရန် သူ စီစဉ်လိုက်သည်။ ကောင်းကင်အတိဒုက္ခကို ဆွဲဆောင်လိုက်ပြီးနောက် မဟာပဏ္ဍိတငါးပါးအား ထိုအတိဒုက္ခကို ခံစားစေရန် လုပ်ဆောင်မည်။
သူက လေထဲတွင် တင်ပလ္လင်ခွေထိုင်လိုက်ပြီး မဟာတက်လှမ်းခြင်းအဆင့် အစပိုင်း အထွတ်အထိပ် အငွေ့အသက်များကို ကောင်းကင်ဘုံဆီသို့ အပြည့်အဝ ထုတ်လိုက်သည်။ ဤလုပ်ရပ်မှာ ကောင်းကင်တာအို၏ နောက်ကျောကို လာထိုးဆွနေခြင်းနှင့် အတူတူပင်။
မဟာပဏ္ဍိတငါးပါးနှင့် အရိပ်ထဲတွင်ပုန်းကွယ်နေသော တုရှန်ယွဲ့တို့မှာ ဤကဲ့သို့ ရဲတင်းလွန်းသော လှုပ်ရှားမှုကြောင့် မှင်တက်သွားကြသည်။ သာမန်ကျင့်ကြံသူများက တိတ်တဆိတ် စောင့်ဆိုင်းတတ်ကြသည်။ မည်သူက အတိဒုက္ခကို ဤမျှထိုးဇတ်သွင်းကာ ဝင်ရောက်တိုက်ခိုက်ရဲကြမည်နည်း။ သေချင်နေသည်လာ။
စိတ်ဝိညာဉ်ချီစွမ်းအင်လှိုင်းထန်မှုများက ကောင်းကင်ဥပဒေ၏ အာရုံစိုက်မှုကို ဆွဲဆောင်လိုက်သည်နှင့် ချန်ဟွိုက်အန်၏အငွေ့အသက်မှာ မဟာတာအိုနှင့် တဖြည်းဖြည်း ပဲ့တင်ထပ်သွားသည်။
တောင်ရွှေ့မဟာပဏ္ဍိတက မျက်မှောင်ကျုံ့လိုက်သည်။ "ဒီအရူးအိုကြီးက အတိဒုက္ခခံယူဖို့ တကယ်ပဲ စိတ်ပိုင်းဖြတ်ထားတာလား။"
"သူ တကယ်ရူးနေပြီ ဖြစ်ရမယ်။ ဘာပြင်ဆင်မှုမှ မရှိဘူး။ ကြုံရာလေထဲမှာ မျောနေတယ်တဲ့လား။" ရုပ်သွင်ဖန်ဆင်းမဟာပဏ္ဍိတ၏မျက်နှာတွင် မယုံနိုင်စရာအမူအရာတစ်ခု ပေါ်လာသည်။ "သူ သေချင်နေတယ် ဆိုရင်တောင် သေဖို့ အလွယ်ဆုံးနည်းလမ်းတွေ ရှိပါသေးတယ်..."
"ငါတို့တွေ သူ့ကို တားသင့်လား။" အဆိပ်ရန်သူမဟာပဏ္ဍိတ၏ မျက်လုံးများက တောက်ပနေသော ချန်ဟွိုက်အန်၏ပုံစံကို ရက်စက်စွာစိုက်ကြည့်ရင်း အရောင်လက်သွားသည်။
"သူ့ဘာသာ ဆက်လုပ်ပါစေ။" ရုတ်တရက် အသံတစ်သံက မဟာပဏ္ဍိတငါးပါး၏ စိတ်ထဲတွင် ပေါ်လာသည်။ တုရှန်ယွဲ့၏အသံပင်။
"စန်းပိုတောင်တန်းကြီးရဲ့ ပင်မတောင်ထွတ်ကနေ ချက်ချင်းဆုတ်ခွာကြ။ မိုင်တစ်ထောင် ဆုတ်သွား။" သူ၏အေးစက်သောအသံတွင် မည်သည့်ခံစားချက်မှ မပါဝင်ပေ။ "အတိဒုက္ခခံယူနေတဲ့ လူသားကျင့်ကြံသူက ကောင်းကင်တာအိုရဲ့ အကာအကွယ်ကို ရရှိကြတယ်။ တကယ်လို့ မင်းတို့သာ အတိဒုက္ခနယ်ပယ်ထဲမှာ ဆက်ရှိနေမယ်ဆိုရင် ဝင်ရောက်စွက်ဖက်သူလို့ သတ်မှတ်ခံရပြီးတော့ သူ့နဲ့အတူ တပြိုင်နက်တည်း မိုးကြိုးဒဏ် ခံရလိမ့်မယ်။"
"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သခင်မ။" တွန့်ဆုတ်နေခြင်းမရှိဘဲ မဟာပဏ္ဍိတငါးပါးသည် အသက်ကိုလုထွက်ပြေးနေကြသကဲ့သို့ လှည့်ထွက်သွားကြသည်။ မကောင်းမှုများဖြင့် ဖုံးလွှမ်းနေကြသော သူတို့အနေဖြင့် ယခင်ခံစားခဲ့ရသည့် အတိဒုက္ခတိုင်းက သူတို့၏အရေခွံကို ဆုတ်ဖြဲပစ်ခဲ့သည်ချည်း ဖြစ်သည်။ ချန်ဟွိုက်အန်၏အတိဒုက္ခက သူတို့ကို သတ်နိုင်သည်ဖြစ်စေ၊ မသတ်နိုင်သည်ဖြစ်စေ၊ ထိုနာကျင်မှုကို ထပ်မံ၍ ခံစားလိုစိတ် လုံးဝမရှိကြပေ။
"ဘာလဲ။ ဘာလို့ ထွက်ပြေးသွားကြတာလဲ။ ငကြောက်တွေ။" မဟာပဏ္ဍိတငါးပါး ဆုတ်ခွာသွားသည်ကို မြင်သောအခါ ချန်ဟွိုက်အန်က အသက်ရှူမှားမတတ် ဖြစ်သွားသည်။
သူတို့က ဟိုဟာဒီဟာတွေ ပြောပြီးတော့ ဆရာတော် ဖန်ယဲ့ထက်တောင် သတ္တိနည်းနေကြပါလား။
သူတို့နောက်သို့လိုက်ရန် စဉ်းစားနေဆဲအချိန်မှာပင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီးတစ်ခု ရုတ်တရက် ကျဆင်းလာသည်။ ကောင်းကင်လွင်ပြင်ကြီးမှာ ပြောင်းလဲသွားပြီးနောက် ကောင်းကင်တာအို၏ ပဲ့တင်ထပ်မှုကြောင့် စကြာဝဠာစွမ်းအင်များ အရပ်မျက်နှာအားလုံးမှ စုဝေးလာကြသည်။ အသက်သုံးရှိုက်ပင် မပြည့်ခင်တွင် မိုင်တစ်ထောင်အချင်းဝက်ဧရိယာကို ဖုံးလွှမ်းထားသော အတိဒုက္ခတိမ်တိုက်နက်ကြီးများက ကောင်းကင်ယံကို လုံးဝ ဖုံးအုပ်သွားတော့သည်။
"ချီးပဲ။ ဘာလို့ ဒီလောက်မြန်ရတာလဲ။" ချန်ဟွိုက်အန်က မျက်နှာဖြူရော်သွား၏။ ဤအတိဒုက္ခက ယခင်အကြိမ်ထက် အများကြီး ပို၍မြန်ဆန်စွာ ရောက်ရှိလာခဲ့သည်။ ကြိုတင်ပြင်ဆင်ထားသကဲ့သို့ပင်။
ဤသို့ဆိုလျှင် မဖြစ်တော့ပေ။ သူက မည်သည့်ပြင်ဆင်မှုကိုမျှ ပြုလုပ်မထားခဲ့ပေ။ ယခင်အကြိမ်က ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့်သို့ ပြန်ပြောင်းလဲခြင်းက အတိဒုက္ခ၏ချိတ်ဆက်မှုကို ဖျက်ဆီးနိုင်ခဲ့သည်ကို သတိရလိုက်ကာ ကျင့်စဉ်အဆင့်ကို ချက်ချင်းဖိနှိပ်လိုက်သည်။ သို့သော်လည်း ကောင်းကင်ဘုံ၏ ဖိအားက သူ့အပေါ် မှတ်သားထားဆဲ ဖြစ်နေသည်ကို တွေ့ရှိလိုက်ရပြီး အလွန်အမင်း ထိတ်လန့်သွားတော့သည်။
…