← Chapters

အခန်း ၅၀၇

Vol. 51 Ch. 507

အခန်း ၅၀၇

Vol. 51 Ch. 507

အခန်း(၅၀၇) အတိဒုက္ခဖြတ်ကျော်ခြင်း

ဤကိစ္စက ပိုပိုပြီး ခက်ခဲလာလေပြီ။

ရှေးစကားပုံအတိုင်းပင် စစ်ပွဲတွင် မည်သည့်အရာမဆို တရားသည်။ သို့သော်... ကောင်းကင်တာအိုက အလွယ်တကူ လှည့်စားခံရမည့်သူ မဟုတ်ပေ။ လွန်ခဲ့သည့်အကြိမ်က လှည့်စားခဲ့ခြင်းကို ၎င်း မှတ်မိနေပုံရသည်။ ကျင့်စဉ်အဆင့်ကို လျှော့ချလိုက်ပြီးနောက်ပိုင်းတွင်ပင် ကောင်းကင်တာအိုက မည်သည့်တုံ့ဆိုင်းမှုမျှမရှိဘဲ သူ့ကို ကရုဏာကင်းမဲ့စွာဖြင့် မှတ်သားလိုက်သည်။

မုန်တိုင်းတိမ်တိုက်များကြားမှ အောက်သို့ စူးရဲစွာစိုက်ကြည့်နေသော ရွှေရောင် မိုးကြိုးမျက်လုံးကြီးကို မော့ကြည့်လိုက်ရာ ၎င်း၏အကြည့်များထဲတွင် လှောင်ပြောင်နေသော အရိပ်အယောင်တစ်ခု ပါရှိနေသည်ကိုပင် ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် စနစ်၏အသိပေးချက်တစ်ခု သူ့၏အမြင်အာရုံတွင် ပေါ်လာသည်။

[အရေးပေါ်ဗားရှင်းအပ်ဒိတ်။ စနစ်အခွင့်အရေးများကို အသုံးပြု၍ ကျင့်စဉ်အဆင့်ကို အပြည့်အဝ လျှော့ချထားသည့် ကစားသမားများအပေါ် အတိဒုက္ခမိုးကြိုးများက ပြီးပြည့်စုံစွာအသေမှတ်နိုင်ခြင်းမရှိသည့် ချို့ယွင်းချက်များကို ပြင်ဆင်ပြီးပါပြီ။ ကျေးဇူးပြု၍ ဂိမ်းစည်းမျဉ်းများကို လိုက်နာကြပြီး ချို့ယွင်းချက်များနှင့် လိမ်လည်မှုများကို ငြင်းပယ်သည့် တရားမျှတသော ကစားသူတစ်ဦး ဖြစ်လာပါ]

"လခွမ်းတဲ့မှ။" ချန်ဟွိုက်အန်၏မျက်စိရှေ့တွင် အမှောင်ကျသွား၏။

တကယ်ကြီးလား။ ငါကိုယ်တိုင်က လိမ်လည်နေပြီးသားဖြစ်နေချိန်မှာ မျှမျှတတ ကစားခိုင်းနေတာလား။ ကောင်းပြီလေ။ ဒီနေ့ ကောင်းကင်အတိဒုက္ခကို ရှောင်လွှဲလို့ရမှာ မဟုတ်တော့ဘူး။

ပြင်ဆင်မှု မရှိဘူးလား။ ဖြစ်ပါစေတော့။

ချန်ဟွိုက်အန်သည် ရွှေရောင်မိုးကြိုးမျက်လုံးကြီးကိုရွယ်ကာ လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး ညာဘက်လက်က ကြေးခွံနက်ဓား၏လက်ကိုင်ရိုးပေါ်တွင် ပေါ့ပါးစွာ တင်ထားလိုက်သည်။

အခွင့်အရေးများကို ပြင်ဆင်ပိတ်ပင်လိုက်ပြီဆိုပါက သူသည် ဤအတိဒုက္ခကို မှန်ကန်စွာ ရင်ဆိုင်မည်။

ကောင်းကင်ဘုံအထက်တွင် အတိဒုက္ခတိမ်တိုက်ကြီးများမှာ ဒေါသထွက်နေသော ပင်လယ်ပြင်ကဲ့သို့ လှိုင်းထန်နေပြီး မိုင်သောင်းချီ၍ ဖုံးလွှမ်းနေသည်။ တိုက်ကြီးငါးတိုက်ရှိ ကျင့်ကြံသူများမှာ ကောင်းကင်ဘုံ၏ အာဏာစက်ကြောင့် တုန်လှုပ်ခြောက်ခြားနေကြပြီး ခရမ်းနက်ရောင်ရောစပ်နေသော ထိုမိုးကြိုးတိမ်တိုက်များကို စိုက်ကြည့်နေကြသည်။ အတိဒုက္ခတစ်ခုကျရောက်တော့မည်ကို သိရှိလိုက်သဖြင့် ၎င်းတို့က အကျိုးဆက်များကို ရှောင်ရှားရန် အပြေးအလွှား ရှောင်တိမ်းနေကြသည်။

"ဒီကောင်းကင်အတိဒုက္ခကတော့..."

တုရှန်ယွဲ့က ကောင်းကင်ကိုကြည့်ကာ မျက်မှောင်ကျုံ့လိုက်သည်။

ဤမျှကြောက်မက်ဖွယ်ကောင်းသောပမာဏနှင့်ဆို ပထမအကြိမ်မြောက် မဟာတက်လှမ်းခြင်းအဆင့် မိုးကြိုးအတိဒုက္ခသက်သက်မျှသာ ဟုတ်ပါသေးရဲ့လား။ ဖိနှိပ်အားကောင်းလှသော ကောင်းကင်အငွေ့အသက်က ဟင်းလင်းပြင်တစ်လျှောက် တုန်ခါနေပြီး သူ၏ကျောပြင်ပေါ်တွင် အေးစက်သော ချွေးစေးများ စီးကျလာစေ၏။ သူ၏ တတိယအကြိမ်မြောက် အတိဒုက္ခတုန်းကပင် ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းသည်ဟု မခံစားခဲ့ရပေ။

တုရှန်ယွဲ့ပင် ပုံမှန်မဟုတ်ဟုတွေ့ရှိရပါက မိစ္ဆာမဟာပဏ္ဍိတငါးပါးမှာ ပို၍တုန်လှုပ်ခြောက်ခြားနေသည်။ မိုးကြိုးတိမ်တိုက်များ၏ အကွာအဝေးအပြင်ဘက်သို့ ဆုတ်ခွာခဲ့သော်လည်း ကြီးမားသောကောင်းကင်တာအို၏ ဂုဏ်အရှိန်အဝါကြောင့် ၎င်းတို့သည် ပစ်မှတ်ထားခံရခြင်းမရှိဘဲနှင့်ပင် နဂိုရှိရင်းကြောက်ရွံ့မှုကြောင့် ရင်ဘတ်များ တုန်ခါနေကြရသည်။

"ဒီလောက်ကြောက်စရာကောင်းတဲ့ ကောင်းကင်တာအို ဖိအားကြီးပဲ။၊" ရုပ်သွင်ဖန်ဆင်းမဟာပဏ္ဍိတ၏ အသံမှာ တုန်ယင်နေ၏။

"ဒီဓားကျောင်းတော်ဘိုးဘေးက ဘယ်လိုပြောမပြနိုင်လောက်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့လို့လဲ။" တောင်ရွှေ့မဟာပဏ္ဍိတက ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

"ငါ့ရဲ့သတ်ဖြတ်မှုနဲ့ အကုသိုလ်တွေပြည့်နှက်နေတဲ့ ဘဝမှာတောင်မှ ပထမအကြိမ်မြောက် အတိဒုက္ခက ဒီလိုနိမိတ်လက္ခဏာမျိုးကို မပြခဲ့ဘူး။" ဂဠုန်မဟာပဏ္ဍိတက ကောင်းကင်ယံကို ကြောက်လန့်တကြား စိုက်ကြည့်နေသည်။ သူသည် မိစ္ဆာအင်မော်တယ် ဖြစ်လာမည့်မျှော်လင့်ချက်ကို စွန့်လွှတ်ခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ အကြောင်းမှာ အသက်ပေါင်းများစွာကို နုတ်ယူခဲ့မိသောကြောင့်ပင်။ ယခုအခါ ဒုတိယအကြိမ်မြောက် အတိဒုက္ခ၏ အထွတ်အထိပ်တွင် ရှိနေသော်လည်း လောကဥပဒေများက သူ့ကို စောင့်ကြည့်နေသည်ဟု သူ အမြဲတမ်း ခံစားနေရဆဲ ဖြစ်သည်။ သို့သော်လည်း ထိုသတိပေးသည့်အကြည့်ကပင် ထိုမိုးကြိုးမျက်လုံးထံမှ ဖြာထွက်နေသော သတ်ဖြတ်လိုသည့်စိတ်ဆန္ဒနှင့် ယှဉ်လိုက်လျှင် ဘာမှမဟုတ်တော့ပေ။

"ဓားကျောင်းတော် ဘိုးဘေးကြီးတော့ သေချာပေါက် ကံကုန်ပြီပဲ။" အဆိပ်ရန်သူမဟာပဏ္ဍိတက ခေါင်းခါလိုက်သည်။ "ပထမဆုံးမိုးကြိုးပစ်ချက်ကိုတောင် မလွတ်လောက်ဘူး။"

"ဒါဆိုရင် ငါတို့ရဲ့အမိန့်တွေကရော ဘယ်လိုလုပ်မလဲ။" လေနက်မဟာပဏ္ဍိတ၏မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ "သခင်မက သူ့ကို ဖမ်းဆီးခိုင်းခဲ့တာလေ။ တကယ်လို့ သူသာ ပြာပုံဘဝရောက်သွားခဲ့ရင် ငါတို့က သူ့ရဲ့အရိုးကြွင်းအရိုးစများကို ကောက်ယူရမှာလား။"

"သခင်မက အကြောင်းမဲ့သက်သက် အနိုင်ကျင့်တတ်တဲ့သူ မဟုတ်ပါဘူး။" တောင်ရွှေ့မဟာပဏ္ဍိတက မျက်လုံးလှန်လိုက်သည်။ "တကယ်လို့ အတိဒုက္ခက သူ့ကို သတ်လိုက်မယ်ဆိုရင်တော့ ဒါက ကံတရားပဲ။ ကောင်းကင်တာအိုရဲ့ ပြစ်ဒဏ်ကနေ သူ့ကိုကယ်တင်ရမှာလား။ ငါတို့ပါ မိုးကြိုးဒဏ် ခံရလိမ့်မယ်။"

ရုပ်သွင်ဖန်ဆင်းမဟာပဏ္ဍိတက အေးစက်စက် ဖြတ်ပြောလိုက်သည်။ "တော်လိုက်တော့။ ဟိုမှာ စနေပြီ။"

ဝုန်း။

တိမ်တိုက်များကြားတွင် ဧရာမမိုးကြိုးနဂါးကိုးကောင် လှည့်ပတ်သွားလာနေကြပြီး တစ်ကောင်ချင်းစီမှာ အလျားပေရာပေါင်းများစွာရှိကာ ခရမ်းရွှေရောင် ကြေးခွံများဖြင့် အဖျက်စွမ်းအားကြီးမားသော မိုးကြိုးများကို တဖျပ်ဖျပ်လက်စေလျက် ရှိသည်။ ၎င်းတို့၏ဟိန်းသံများက မိုးကောင်းကင်ကို တုန်လှုပ်စေပြီး မိုင်တစ်ထောင် အချင်းဝက်အတွင်းရှိတောင်များကို ကွဲအက်စေကာ မြေကြီးကိုတုန်ခါသွားစေသည်။

စန်းပိုတောင်တန်းကြီး၏ ငြိမ်သက်နေသောပင်လယ်ပြင်များမှာ ယခုအခါတွင် မိစ္ဆာလှိုင်းကြီးများဖြင့် လှိုင်းထန်နေသည်။ အဝေးရှိ လရိပ်ဂိုဏ်းခန်းမဆောင်များပင် တုန်ခါသွားပြီး အမိုးပြားများ ပြိုကျလာကြသည်။

မုန်တိုင်း၏ဗဟိုချက်တွင် ချန်ဟွိုက်အန်က တရားထိုင်လျက်ရှိနေပြီး ကောင်းကင်နှင့်မြေကြီးကြားရှိ တစ်ခုတည်းသော အာရုံစိုက်ရာပုံရိပ် ဖြစ်နေလေသည်။ ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်ချီစွမ်းအင်များကို မိုးကြိုးတိမ်တိုက်များက စုပ်ယူသွားကြပြီး ပို၍ပင် အပြင်းအထန်ကြမ်းတမ်းသော အတိဒုက္ခစွမ်းအားအဖြစ်သို့ ပြန်လည် ဖန်တီးလိုက်ကြသည်။

ဗြတ်….

ရုတ်တရက် ကောင်းကင်ယံကြီးမှာ အလျားပေရာပေါင်းများစွာရှိသော အပေါက်ကြီးတစ်ခုဖြင့် အတင်းအကျပ် ဆွဲဖြဲခံလိုက်ရသကဲ့သို့ ကွဲအက်သွားသည်။ ထိုဖရိုဖရဲ စ်နေသော ဟင်းလင်းပြင်ထဲမှ ရွှေရောင် မိုးကြိုးမျက်လုံးကြီးတစ်ခုက အောက်သို့ လျစ်လျူရှုသောအကြည့်ဖြင့် စိုက်ကြည့်နေသည်။

ချန်ဟွိုက်အန်၏ရင်ဘတ် တင်းကျပ်သွား၏။ အတိဒုက္ခ စတင်နေပြီ ဖြစ်သည်။

[အတိဒုက္ခခံယူနေသောကစားသူကို တွေ့ရှိပါသည်။ အထောက်အကူပြုပက်ကေ့ချ်များ ရရှိနိုင်ပါသည်]

(၁) ကောင်းကင်ကိုတိုက်ခိုက်ခြင်းက အဆုံးမရှိတဲ့ ပျော်ရွှင်မှုပဲ။ ငွေကုန်ကြေးကျမရှိဘူး။ အပြည့်အဝ တိုက်ခိုက်မယ်။

(၂) အထူး အထောက်အကူ။ အတိဒုက္ခစွမ်းအားကို လျှော့ချရန်။ ကုန်ကျစရိတ် - ထိပ်တန်းအဆင့် အဆင့်မြင့်ဝိညာဉ်ကျောက်စိမ်း ၉၉၉ခု။

(၃) ပုံစံမျိုးစုံအထောက်အကူ။ ကောင်းကင်တာအို၏အကာအကွယ်ကို ရယူရန်။ ကုန်ကျစရိတ် - ထိပ်တန်းအဆင့် အဆင့်မြင့်ဝိညာဉ်ကျောက်စိမ်း ၁၉၉၉ခု။

(၄) အမြင့်ဆုံးအထောက်အကူ - ရယ်မောရင်း မုန်တိုင်းကို ဖျောက်ဖျက်ပစ်ပါ။ ကုန်ကျစရိတ် - ထိပ်တန်းအဆင့် အဆင့်မြင့်ဝိညာဉ်ကျောက်စိမ်း ၁၉၉၉၉ ခု။

"ဟမ်။" ချန်ဟွိုက်အန်မှာ ထိုရွေးချယ်စရာများကြောင့် အံ့ဩမှင်တက်သွားသည်။

မယုံနိုင်စရာပင်။

ချင်းယွန်ဘုံ၏ ကောင်းကင်တာအိုနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟူသော စနစ်၏ပြောဆိုချက်များကို သူက လုံးဝ မယုံကြည်ခဲ့ပေ။ ယခုအချိန်အထိပင်။

အတိဒုက္ခများပင် နောက်ပေါက်မှ တိတ်တဆိတ်လုပ်ဆောင်မှုများ ရှိနေမည်ဆိုပါက မည်သည့်အရာကို ဝယ်ယူ၍ မရနိုင်တော့မည်နည်း။

သို့သော်...

"ငါ့ရဲ့ ကိုယ်ပိုင်အတိဒုက္ခကို ကျော်ဖြတ်ဖို့အတွက် ဖြတ်လမ်းတွေကိုသုံးရမယ်ဆိုရင် အင်မော်တယ် ဖြစ်အောင် ကျင့်ကြံတာက ဘာအဓိပ္ပာယ်ရှိတော့မှာလဲ။" ချန်ဟွိုက်အန်က ကြောက်မက်ဖွယ်ကောင်းသော တိမ်တိုက်များကို စူးရဲစွာစိုက်ကြည့်လိုက်သည်။

ငွေသုံး၍အနိုင်ယူသည့်စနစ်ကို အသုံးပြုကာ မဟာတက်လှမ်းခြင်းအဆင့်သို့ ရောက်ရှိခဲ့ခြင်းမှာ လိုအပ်ချက်တစ်ခု ဖြစ်ခဲ့သည်။ လရိပ်ဂိုဏ်းတပည့်များနှင့် လီချင်းရန်ကို ကာကွယ်ရန်အတွက်ပင်။

သို့သော် ဤအတိဒုက္ခကမူ သူ့အတွက်သီးသန့် ဖြစ်သည်။

အကယ်၍ အတိဒုက္ခစံနှုန်းများအားလုံးနှင့် ကိုက်ညီနေသော ဤကိုယ်ပွားသာ စနစ်အကူအညီမပါဘဲ အရှင်လတ်လတ် မလွတ်မြောက်နိုင်ပါက ကမ္ဘာမြေ၏ အနာဂတ်အတိဒုက္ခများကို သူ မည်သို့ ရင်ဆိုင်ရမည်နည်း။ စနစ်က ချင်းယွန်ဘုံ၏ ကောင်းကင်တာအိုနှင့်သာ ပူးပေါင်းခြင်းဖြစ်ပြီး ကမ္ဘာမြေနှင့် မဟုတ်ပေ။

ဤတိုက်ပွဲသည် သူ၏ တစ်ဦးတည်းသောတိုက်ပွဲ ဖြစ်သည်။

ကောင်းကင်ဘုံကို တိုက်ခိုက်ခြင်းက အဆုံးမရှိသောပျော်ရွှင်မှု ဖြစ်သည်။ ကျင့်ကြံသူတစ်ဦး၏ မာန်မာနထောင်လွှားသော ကိုယ့်ကိုယ်ကိုယ်လှောင်ပြောင်မှုတစ်ခု ဖြစ်သကဲ့သို့ တာအိုအပေါ်တွင် ထားရှိသည့် ၎င်းတို့၏ အခြေခံသဘောထားလည်း ဖြစ်ပေသည်။

ချန်ဟွိုက်အန်၏စိတ်နေသဘောထားမှာ အခြေခံအားဖြင့် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ငွေသုံး၍အနိုင်ယူသည့် အခေါင်းပေါက်သက်သက် မဟုတ်တော့ဘဲ သူ၏ကိုယ်ပိုင် ခံယူချက်များကို တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်သည်။

"လာခဲ့စမ်းပါ။"

ရွေးချယ်စရာ(၁)ကို ရွေးချယ်လိုက်ပြီးနောက် ချန်ဟွိုက်အန်က ဓားကိုင်လျက် မတ်တပ်ရပ်လိုက်သည်။

[သတိပေးချက် - အလွန်အမင်းပြင်းထန်သော အတိဒုက္ခအန္တရာယ်။ ထပ်မံအတည်ပြုပါ]

"စိတ်ရှုပ်လိုက်တာ။" သူ မျက်မှောင်ကျုံ့လိုက်ပြီး အတည်ပြုလိုက်သည်။

မျက်နှာပြင် ပျောက်ကွယ်သွားသည့် ခဏချင်းတွင်ပင်။

ဝုန်း။

အချိန်ကိုက်လုပ်ဆောင်ထားသကဲ့သို့ပင် စည်ပိုင်းတစ်လုံးစာမျှ ငွေရောင်မိုးကြိုးတန်းကြီးတစ်ခုသည် ဒေါသထွက်နေသော နဂါးကြီးတစ်ကောင်ကဲ့သို့ ဟိန်းဟောက်ကာ အောက်သို့ဝင်ရောက်လာသည်။

"ကောင်းပြီလေ။" ရှောင်တိမ်းမည့်အစား၊ ချန်ဟွိုက်အန်သည် ၎င်းကိုရင်ဆိုင်ရန်အတွက် အပေါ်သို့ တဟုန်ထိုး ပျံတက်သွားသည်။

"ငါ့ရဲ့ ရိုင်းစိုင်းတဲ့ဘဝက နောက်ဆုံးပျော်ရွှင်မှုတွေကို ဖိတ်စင်စေတယ်။ ငါ့ရဲ့ ရဲစွမ်းသတ္တိတစ်ဝက်က ဓားရဲ့နှင်းခဲထဲကို ရောက်သွားပြီ။"

ကမ္ဘာကြီးတစ်ခုလုံး အဖြူရောင်ပြောင်းသွားသည်။ မိုးကြိုးဆီသို့တိုးဝင်သွားသည့် ပုံရိပ်တစ်ခုသာလျှင် အရောင်အသွေး ဆက်လက်၍ ရှိနေခဲ့သည်။ လေပြင်းများက သူ၏နားထင်စပ်မှ မီးခိုးရောင်ဆံပင်များကို လွင့်ပျံစေပြီး ကျဆင်းလာသော မိုးကြိုးများကို ပူပြင်းသောနေစကြာများကဲ့သို့ ထင်ဟပ်နေသည့် ကြယ်စင်ကဲ့သို့ မျက်လုံးများကို ထင်ရှားစေသည်။

ရွှမ်း။

ဓားစွမ်းအင်က ကောင်းကင်ကိုထိုးဖောက်သွားစဉ် အဖြူရောင်မြွေတစ်ကောင်ကဲ့သို့ ကောင်းကင်ယံကို နှစ်ခြမ်းခွဲပစ်လိုက်သည်။

မိုးကြိုးနှင့်ဓားစွမ်းအင်တို့ တိုက်မိခြင်းကြောင့် မြေကြီးတုန်လှုပ်ဖွယ် ပေါက်ကွဲမှုများ ဖြစ်ပေါ်လာကာ ကျောက်စွန်းများကွဲအက်ရင်း ဖုန်မုန်တိုင်းများ ပေါက်ကွဲထွက်လာသဖြင့် စန်းပိုတောင်တန်းကြီး တုန်ခါသွား၏။

ချန်ဟွိုက်အန် ယိုင်နဲ့နဲ့ ဖြစ်သွားပြီး သွေးများ လည်ချောင်းထဲသို့ဆန်တက်လာကာ အတင်းအကျပ် မျိုချလိုက်ရသည်။ ထိုတိုက်ခိုက်မှု၏ရိုက်ခတ်မှုကြောင့် သူက ပေတစ်ရာခန့် အောက်သို့လွင့်စင်ကျသွားခဲ့သည်။

"ပထမတစ်ချက်တည်းနဲ့..." ရင်ထဲအေးစက်သွားသော်လည်း အဓိဋ္ဌာန်စိတ်က ပိုတောက်လောင်လာ၏။

ဒုတိယနှင့် တတိယမြောက် အတိဒုက္ခမိုးကြိုးပစ်ချက်များက တစ်ခုပြီးတစ်ခု အလျင်အမြန် ဆက်တိုက် ကျရောက်လာပြီး တစ်ခုနှင့်တစ်ခု ပို၍ပင် အပြင်းအထန် ကြမ်းတမ်းလာခဲ့လေသည်။ သူ၏ ကြာစိမ်းဓားသိုင်းက တစ်စိတ်တစ်ပိုင်းကို လမ်းလွဲစေခဲ့သော်လည်း ကြွင်းကျန်နေသေးသောမိုးကြိုးဓာတ်များက သူ၏ကိုယ်ခန္ဓာကို ဆက်လက်ရိုက်ခတ်နေဆဲ ဖြစ်သည်။

ကောင်းကင်တာအို၏ရိုက်ချက် ငါးကြိမ်အပြီးတွင် ချန်ဟွိုက်အန်သည် မိုးပေါ်မှ စန်းပိုတောင်တန်း၏ ပင်မတောင်ထွတ်သို့ အပြင်းအထန် ရိုက်ချခံလိုက်ရသည်။

စန်းပိုကျောက်စွန်းထိပ်တွင်ရပ်နေရင်း သူ၏ကိုယ်ခန္ဓာမှာ မီးလောင်မည်းနေပြီ ဖြစ်သည်။ မိုးကြိုးကြောင့် သူ၏ဝတ်ရုံများ စုတ်ပြဲသွားပြီး ဖောင်းကြွနေသောအကြောများနှင့်အတူ မီးလောင်ထားသော ရင်ဘတ်ကို ထင်ရှားစေကာ လျှပ်စစ်စွမ်းအင်များကြောင့် သွေးများပင် ပွက်ပွက်ဆူလာမတတ် ဖြစ်နေ၏

"မိုးကြိုးငါးချက်..."

တုရှန်ယွဲ့က တောင်ထွတ်ပေါ်ရှိပုံရိပ်ကို ကြည့်ရင်း တိုးတိုးလေး ညည်းတွားလိုက်သည်။

ပထမအကြိမ်မြောက် မဟာတက်လှမ်းခြင်း အတိဒုက္ခတွင် မိုးကြိုးပစ်ချက် ကိုးချက် ပါဝင်လေသည်။ ငါးချက်ကို ကျော်ဖြတ်နိုင်ရုံဖြင့် အောင်မြင်မည်ဟု အာမခံချက်မရှိပေ။ နောက်ပိုင်း မိုးကြိုးပစ်ချက်များမှာ အဆမတန် ပို၍ကြီးမားလာကြပြီး အထူးသဖြင့် နောက်ဆုံးတစ်ချက်က ပိုဆိုးပေသည်။

မိမိ၏ အတိဒုက္ခကြုံတွေ့ခဲ့ရမှုကို ပြန်ပြောင်းစဉ်းစားမိရင်း သူက မသိစိတ်ဖြင့် တုန်ယင်သွားသည်။ သမိုင်းတစ်လျှောက် ချင်းယွန်ဘုံ၏ မဟာတက်လှမ်းခြင်းကျင့်ကြံသူအများစုမှာ ကိုးခုမြောက်မိုးကြိုးပစ်ချက်တွင် အသက်ဆုံးပါးခဲ့ကြရသည်။ ၎င်း၏ သေစေနိုင်စွမ်းကို သက်သေပြနေ၏။

"သူ တကယ်ပဲ ဒါကို ခံနိုင်ပါ့မလား..."

ဓားကျောင်းတော်ဘိုးဘေးက ထိုလူနှင့် အလွန်အမင်း ဆင်တူနေသောကြောင့် ဖြစ်ပေမည်...

တုရှန်ယွဲ့က နီမြန်းသောနှုတ်ခမ်းများကို အလိုလိုကိုက်ခဲလိုက်မိရင်း ရင်ထဲတွင် တင်းကျပ်လာမှုကို ခံစားလိုက်ရ၏။

…

All Chapters